အသစ်အသစ်သော…………………..
“အသစ်အသစ်သော…………”
တစ်ရက်မှာတော့ ကိုကြီးဆီက ဖုန်းဝင်လာပါတယ်။
မေမေကြီးကို မြို့တော်ဆေးရုံ မှာတင်ထားရတယ်ဆိုတာကိုလှမ်းပြောတာပါ။
ကျမကိုလာပါလို့ ကိုကြီးက မခေါ်ပေမယ့် စကားပြောတဲ့လေသံကိုကြည့်ရတာလာစေချင်သလိုပါဘဲ။
ကိုကြီးနဲ့ပြောနေတုန်း “ကိုကို ပြီးရင်လင်းပြောမယ်နော်”ဆိုတဲ့အသံလေးကြားရတော့ ကျမ ရင်တွေခုန်သွားပါတယ်။
ကိုကြီးကို “အလုပ်တွေဖြတ်ပြီးဆင်းလာခဲ့မယ်”လို့ပြောလိုက်တော့မှ
“မေမေကြီးက သမီးငယ်လို့ ပါးစပ်လှုပ်ပြီးနင့်ကိုတနေတာဟ”လို့ကိုကြီးကပြောလိုက်တော့
ရင်ထဲမှာလှိုက်ကနဲဖြစ်သွားပြီး မျက်ရည်တွေတောင်လည်လာပါတယ်။
ခဏနေတော့ “ပိုပို ညည်းနွေးသီးလေးရဲ့အသံနားထောင်လိုက်အုံး”လို့လင်းလင်းပြောတဲ့အသံ
အဆုံးမှာ “မေပို မေပို”လို့ခေါ်လိုက်တဲ့ချစ်စရာ့အသံလေးကြားလိုက်ရပါတယ်။
နောက်မှ “လင်းကရော မေမေကြီးကရော ပိုပိုဓါတ်ပုံကိုပြပြီး မေပိုခေါ်ရမယ်လို့သင်ပေးထားတာလေ”
လို့ပြောသံလဲကြားရော ကျမရှိုက်ကြီးတငင်ငိုမိပါတယ်။
ဝမ်းလဲသာတယ် ဝမ်းလည်းနည်းတယ်။
“လင်းရေ နက်ဖြန်ဆင်းလာမယ်”လို့ပြောလိုက်တဲ့ကျမရဲ့ငိုသံပါကြီးကို ဟိုဘက်ကနားထောင်ရတဲ့သူ့အဖို့ဘလုံးဗထွေးနဲ့ ုဖြစ်နေမှာအမှန်ပါဘဲ။
ဒါနဲ့ဘဲကျမ မိသားစုနဲ့တိုင်ပင်ရပါတယ်။
တိုင်ပင်တယ်ဆိုတာထက်အသိပေးတယ်ဆိုရင်ပိုမှန်ပါမယ်။
ကျမတာဝန်ယူထားတဲ့အလုပ်တွေကိုလွှဲသင့်တာလွှဲမှာသင့်တာမှာပေါ့။
မေမေကတော့ကျမကို ဟိုမှာသုံးဘို့ပိုက်ဆံလုံလောက်အောင်ယူသွားဘို့မှာပါတယ်။
မေမေက “သမီးမေမေကြီးနေကောင်းရင်တော့ပြန်လာခဲ့နော်”လို့မှာပါတယ်။
“ပြန်လာမှပေါ့ မေမေရယ် ဒီကအိမ်ကမှ ပိုပိုအိမ်အစစ်လေ” ပြန်ဖြေတော့ မေ့မေ့မျက်နှာ
ဝင်းပသွားသလိုပါဘဲ။
ညကျတော့ မနက်ယူသွားမယ့် အကျင်္ီတွေကို ထည့်နေသိမ်းဆည်းနေတာနဲ့အိပ်ရာဝင်တာ
နောက်ကျရော။
အဲတော့ မျက်စေ့တွေကြောင်သွားပါတယ်။
သုံးနှစ်လောက်ခွဲခွာထားတဲ့ နေရာလေးကို ပြန်သွားရမယ်ဆိုတော့ စိတ်ထဲမှာပျော်သလိုလို။
စိုးရိမ်သလိုလို။
အိပ်မပျော်လေတော့ စိတ်တွေက အတိတ်ကို ပျံသွားပါတယ်။
&&&&&& &&&&&& &&&&&& &&&&&& &&&&&& &&&&&&
အိမ်ပြန်ရောက်လာချိန်မှာ ကျမစိတ်တွေဆောက်တည်ရာ မရခဲ့တာတော့အမှန်။
အခုပြန်တွေးကြည့်တော့ မှ ကျမမိသားစုကို အရမ်းကျေးဇူးတင်မိပါတယ်။ ကျမအဆင်မပြေလို့ပြန်လာတယ်ဆိုတာအားလုံးသိနေပေမယ့် “ဘာဖြစ်လာသလဲ “လို့ တစ်ခွန်းမှ မမေးခဲ့ကြတာကြောင့်ပါဘဲ။
တကယ်လို့ မေးများမေးခဲ့ရင် ဘာကြောင့်လို့ဆိုတာကို အဖြေခက်မှာတော့ အမှန်ပါဘဲ။
ကျမအိမ်ပြန်ရောက်တယ်ဆိုတာသိတော့ အိ်မ်နီးနားချင်းတွေ ဆွေမျိုးတွေကလာလာတွေ့ကြတော့
သိပ်တော့လဲအထီးမကျန်ပါဘူး။
နောက်ပုံမှန်အတိုင်းပြန်ဖြစ်သွားတော့ အိမ်အလုပ်ကို တစ်ဒေါင့်တစ်နေရာနေတာဝန်ယူဘိုု့
ညီမတွေနဲ့တိုင်ပင်ရပါတယ်။
အိမ်ကညီမတွေကတော့ ကျမကို ဆိုင်ဘဲထိုင်ပြီး စာရင်းတွေလုပ်စေချင်ပါတယ်။
နောက်တော့ လဲ တစ်နေ့တစ်နေ့ရောင်းလိုက်ဝယ်လိုက်နဲ့ အချိန်ကုန်မှန်းမသိကုန်သွားတာများပါတယ်။
ဒါပေမယ့် မန်းလေးမြို့ကြီးလိုတော့ တစ်နေကုန်မနားတမ်းရောင်းကောင်းတယ်လို့တော့ မဆိုနို်င်ပါဘူး။
ဈေးနေ့တွေဆိုရင်တော့ ပိုရောင်းကောင်းတာပေါ့။
ကျန်တဲ့နေ့တွေက တော့ တစ်ဖျောက်ဖျောက်နဲ့ တစ်နေကုန်ရောင်းပေါ့။
နေ့မှာ အလုပ်လုပ်နေလို့ မသိသာပေမယ့် ညအိမ်ပြန်ရောက်ရင်တော့ မန်းလေးကို သတိရပါတယ်။
“ကိုကြီးတစ်ယောက်ထဲ အလုပ်တွေမနိုင်မနင်းဖြစ်နေလား”၊
”မေမေကြီးတို့ ဘဘတို့ရောနေမှကောင်းပါမလား”
“တစ်ယောက်လျော့သွားတော့ ဘဘကိုယ်တိုင်အလုပ်တွေပြန်လုပ်နေရပြီလား”
“နွေးသီးလေးရော ည ကောင်းကောင်းမှအိပ်ပါမလား ငါ့ကိုများရှာနေမလား”
“လင်းလင်းတစ်ယောက်ရော ကလေးတစ်ဖက်နဲ့ချက်ရေးပြုတ်ရေးတွေနိုင်ပါ့မလား “
ဆိုတဲ့မေးခွန်းတွေက တစ်ယောက်ထဲနေရချိန်တွေမှာ ခေါင်းထဲရောက်လာလို့တွေးမိရင်
ဖယ်ထုတ်လို့မတတ်နိုင်သလို ဆက်မတွေးဘဲမနေနိုင်သလို့ ရပ်တန့်လို့လဲမရခဲ့ပါဘူး။
နောက်ဆုံးတော့ ငိုချလိုက်လို့မျက်ရည်ကုန်မှဘဲ နေသာသလိုရှိသွားပါတယ်။
ကျမအိမ်ပြန်ရောက်တာ တစ်လနီးပါးလောက်ရှိတဲ့တစ်နေ့မှာတော့ မေမေကြီးဆီက ဖုန်းလာပါတယ်။
“သမီးငယ်ဘယ်တော့ပြန်လာမလဲ မေမေကြီးတို့ နွေးသီးတို့ကတော့ လွမ်းနေပြီ”လို့ပြောတော့၊
ကျမမှာဘာဖြေရမှန်းမသိပါဘူး။
ကျမ အပြီးပြန်တယ်ဆိုတာကို မေမေကြီးကိုဘယ်လိုမှပြောမထွက်လို့ အိမ်ကခေါ်လို့ပြန်ရတယ်ဆိုတဲ့
သဘောမျိုးနဲ့ပြန်ခဲ့တာကိုး။
တကယ်လို့များ ကျမက အပြီးပြန်မယ်ပြောပြန်ရင်လဲ ဘာကြောင့်ဆိုတာကို ပြောရတော့မယ်။
အမှန်အတိုင်းမပြောဘဲ ဖုံးကွယ်ပြီးပြောမယ်ဆိုပြန်ရင်လဲ မမှန်ကန်တဲ့အကြောင်းပြချက်ဆိုတာ
ရေရှည်မတည့်တံ့တော့ တစ်ရက်မဟုတ်တစ်ရက်ကတော့ ပေါ်မှာအမှန်ပါဘဲ။
အမှန်အတိုင်းပြောရမယ်ဆိုပြန်ရင်လဲ လင်းလင်း ကို အားနာမိပါတယ်။
အဲတော့လဲ အခုလိုမြွေမသေတုတ်မကျုးိဇာတ်ခင်းခဲ့တာအကောင်းဆုံးလို့လဲထင်မိပါတယ်။
မေမေကြီးကိုတော့ အိမ်မှ အဖေတို့အလုပ်မနိုင်လို့ ဆိုတာကိုအကြောင်းပြပြီး
ဒီမှာကြာကြာနေရအုံးမယ်ဆိုတာကိုပြောပြလိုက်ပါတယ်။
နောက်တော့ နွေးသီးလေးအကြောင်း မန်းလေးအိမ်အကြောင်းတွေကို မေမေကြီးနဲ့ပြောနေရလို့
အလွမ်းပြေသလိုရှိပေမယ့် ရင်ထဲမှာတော့ သတိရလွမ်းဆွတ်စိတ်တွေဝေလာတော့ ပြောရင်းငိုမိပါတယ်။
ကျမငိုတော့ မေမေကြီးလဲ ဘယ်နေနိုင်ပါ့မလဲငိုတာပေါ့။
“သမီးငယ်မြန်မြန်ပြန်လာနော်”လို့ပြောပြီးဖုန်းချသွားပါတယ်။
ကျမဖုန်းပြောအပြီး ခုံပေါ်မှာခြေပစ်လက်ပစ်ထိုင်နေမိပါတယ်။
အဲဒီအခါမှာ မေမေ က ကျမနားလေးကိုအသာလေးဝင်ထိုင်
ကျမခေါင်းလေးကို အသာအယာပွတ်ရင်း
“ပိုပို သမီး မန်းလေးမှာ ဘာဖြစ်လာတယ်ဆိုတာ မေမေတို့ကို ပြောပြသင့်ပြီ၊
သမီးတစ်ယောက်ထဲကျိတ်ခံစားနေတာထက်စာရင်မေမေတို့လဲဝိုင်းစဉ်းစားပေးလို့ရတာပေါ့”
လို့ပြောမှ မေမေ့ရင်ခွင်ထဲတိုးဝင် ရှိုက်ကြီးတငင်ငိုရင်း ဇာတ်ကြောင်းပြန်မိပါတယ်။
&&&&&& &&&&&& &&&&&& &&&&&& &&&&&& &&&&&&
အောင်ပန်းအိမ်ကိုကျမပြန်ရောက်စကတော့ ခပ်စိမ်းစိမ်း။
တစိမ်းအိမ်မှာနေရသလိုအထာမကျ။
နောက်တော့လဲညီမတွေရဲ့နေရာပေးမူ့ကြောင့် လုပ်ငန်းထဲမှာဝင်ဆန့်လို့လာပါတယ်။
ကျမရောက်ပြီး လေးငါးခြောက်လလောက်အကြာမှာတော့ လုပ်ငန်းအပြောင်းအလဲဖြစ်ဘို့ဖန်လာပါတယ်။
ကျမရဲ့အကြံပေးမူ့တွေလဲ ပါတယ်ဆိုရင်မမှားပါဘူး။
အဖေကလဲအသက်ကြီးပြီဆိုတော့ စိုက်ခင်းထဲကိုမသွားစေချင်တော့ဘူး။
လူငှားနဲ့လုပ်တယ်ဆိုပေမယ့် လဲ တစ်သက်လုံးလုပ်လာခဲ့တဲ့အလုပ်ဆိုတော့ အမြင်မတော်တိုင်းဝင်လုပ်တော့
ပန်းတာပေါ့။
အဲတော့ ကိုယ်တိုင်မလုပ်ဘဲသူများကို အငှားချလိုက်။
တစ်ချို့ကိုတော့ ရောင်းလိုက်ပေါ့။
ကျမက နောက်ထပ်တစ်ဆိုင်ခွဲမယ် “ဆီ”ရောင်းမယ်ပေါ့။
အဖေတို့ကတော့ တစ်သက်လုံးလုပ်ကိုင်စားတဲ့မြေတွေဆိုတော့ နှမျောတာပေါ့။
နောက်တော့လဲ ကျမပြောသလိုပါဘဲ ဖေဖေနဲ့ မမကြီးက တစ်ဆိုင်
ကျမနဲ့အငယ်မက တစ်ဆိုင်ခွဲဖွင့်ကြပါတယ်။
အစကတော့ ယိုးဒယားကလာတဲ့စားအုန်းဆီပုန်းဝါကြီးတွေပေါ့။
နောက်တော့လဲ လာဝယ်တဲ့သူတွေကဘဲ “ပဲဆီ”၊
“နှမ်းဆီ”၊“ပန်းနှမ်းဆီ”တစ်ခုပြီးတစ်ခုမရှိဘူးလားမေးတော့ တစ်ခုပြီးတစ်ခု
ထပ်ထပ်တိုးရတာပေါ့။
ဈေးဝယ်က ဟိုဟာမရှိဘူးလာဆိုရှာတင် ဒီဟာမရှိဘူးလားဆိုဝယ်တင်နဲ့ ပစ္စည်းအမယ်တွေ
အများကြီးဖြစ်သွားပါတယ်။
ဈေးဝယ်တဲ့သူကလည်း တစ်နေရာထဲမှာအကုန်ရတော့ အချိန်ကုန်သက်သာတော့ပိုအဆင်ပြေပါတယ်။
ပစ္စည်းစုံတော့ဖောက်သည်လဲပိုများများလာပါတယ်။
ကိုယ်ဖောက်သည်က သူများဆိုင်ထက်ဈေးကြီးတယ်လို့ပြောလာရင် ဘယ်မှာက ပိုပြီးဈေးသက်သလဲဆိုတာကိုစုံစမ်းရပါတော့တယ်။
သူများတွေနဲ့ယှဉ်ပြီးရောင်းရတယ်ဆိုတော့ ဝယ်ဈေးသက်သာမှယှဉ်ရောင်းနိုင်တာကိုး။
ဆီကို အစပိုင်း က တောင်ကြီးက နေဝယ်ပါတယ်။
နောက်တော့လည်း ဈေးပိုသက်သာတဲ့ မြင်းခြံဘက်က ဆီကိုဝယ်သုံးဖြစ်ပါတယ်။
နောက်မန်းလေးဘက်လဲမှာ မြင်းခြံဘက်ကိုလဲမှာနဲ့ဆီဈေးကွက်ကပိုကျယ်ပြန့်လာပါတယ်။
တစ်ရက်တစ်ရက် ဆိုင်အတွက်ဘဲလုံးပန်းနေတော့လဲ လူမအား စိတ်မအား။
ဒီတော့လဲအတိတ်က အနာတရတွေကို မေ့ထားနိုင်ပြန်ပါတယ်။
တစ်ခါတစ်လေ တော့ ဖျပ်ကနဲသတိရမိပါတယ်။
တစ်ခါတစ်လေ မေမေကြီးဆီက ဖုန်းလာတဲ့နေ့များဆိုရင်တော့ အရမ်းကိုသတိရလို့ငိုချင်မိပါတယ်။
အမြဲတမ်းပုံသေမရှိနိုင်တဲ့ လောကကြီးထဲက တစ်ယောက်ဖြစ်တဲ့ကျမဘဝမှာလဲအပြောင်းအလဲတွေကြုံလိို့လာပါတယ်။
ကျမဆီယူနေကျ မြင်းခြံကို ကျမအလည်သွားတဲ့တစ်ရက် ကျမရဲ့ စိတ်ကလေး လှုပ်ခတ်သွားအောင်ပြုနိုင်သူနဲ့ဆုံဆည်းခဲ့ရပါတယ်။
ကျမတို့မြင်းခြံက အပြန်မှာ ကျမတို့ဝယ်နေတဲ့ဆီစက်က မိသားစုကလဲ ကျမတို့မြိုကိုလိုက်လာပါတယ်။
မှတ်မှတ်ရရ တန်ဆောင်တိုင် မတိုင်ခင်လေးမှာပါ။
အဲဒီကျမတို့အပြန်မိတ္ထီလာအဝင်မှာ မြစ်သားမှာနေတဲ့မိတ်ဆွေဆီက ဖုန်းဝင်လာပါတယ်။
သူတို့မြို့တန်ဆောင်တိုင်ပွဲတော်ကိုလာခဲ့ဘို့ပေါ့။
မြစ်သားမြို့တန်ဆောင်တိုင်ဆိုတာ နယ်လုံးဆိုင်ရာပွဲတော်ဆိုတော့ အရမ်းစည်ကားတယ်လို့ပြောပါတယ်။
အဲဒါနဲ့ ကားကလေးက မြစ်သားဘက်ကိုဦးလှည့်လို့သွားခဲ့ပါတော့တယ်။
မြစ်သားကထိန်က တကယ်လဲစည်ကား တကယ်လဲပျော်ခဲ့ရပါတယ်။
ညမှစတိတ်ရှိုးတွေ ဇာတ်တွေနဲ့ပွဲခင်းကြီး။
ရွာနီးချုပ်စပ်က လူမှန်သမျှအကုန်လာ။
အဝေးရောက်နေတဲ့မြစ်သားသူ မြစ်သားသား မှန်သမျှ ဒီအချိန်မှာအကုန်အိမ်ပြန်လာ။
ကျမတို့လို အဝေးကဧည့်သည်တွေကလဲလာ တစ်မြို့လုံးကို ပျားပန်းခပ်လှုပ်ယှားတက်ကြွ။
တန်ဆောင်တိုင်နေ့မှာတော့ ရွှေမုဋ္ဌောဘုရားထဲမှာ မဲနှိုက်။
မဲနိူက်ပြီးပြီဆိုတာနဲ့ ကိုယ်မဲပေါက်တဲ့ကျောင်းဆီကိုလှူဒါန်း ထားတဲ့ပဒေသာပင်တွေကို ကားပေါ်တင်လို့
အတီးအမူတ်အကအခုန်တွေနဲ့သွားပို့ကြ။
တစ်မြို့လုံးရဲ့ တစ်ခုတည်းသောလမ်းမတမ်းဝဲယာကနေပြီး ပဒေသာပင်လှည့်တာကိုကြည့်ကြ
ရှိရှိသမျှလက်ဖက်ရည်ဆိုင်တွေမှာလူအပြည့် စားသောက်ဆိုင်တွေမှာလဲအပြည့်
ကာရာအိုကေဆိုင်မှာလဲအပြည့် လမ်းပေါ်မှာလဲအပြည့် ဓါတ်ပုံဆိုင် အလှပြင်ဆိုင်မှာလဲလူအပြည့်
တစ်မြို့လုံးအပြည့် အပျော်တွေနဲ့ပြည့်နေတဲ့အခါသမယပါဘဲ။
အဲဒီပွဲကို သွားရင်းက မြို့အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျမတို့မိတ်ဆွေကိုးကွယ်တဲ့ ဘုန်းတော်ကြီးကျောင်းကိုရောက်သွားပါတယ်။
အဲဒီကျောင်းမှာ “ကိုအောင်ဆွေ”နဲ့တွေ့ခဲ့ရတာပါဘဲ။
သူကတော့ မြစ်သားမြို့ခံ။
မန်းလေးမှာကျောင်းတက် ကြက်သွန်နဲ့ငရုတ်ပွဲစား။
ကိုယ်ပိုင်ကုန်ကားထောင်ကိုယ်တိုင်မောင်း။
ရုပ်ရည်သန့်ပြန့် ကျမတို့နဲ့တစ်နှစ်ထဲကျောင်းပြီးသူတစ်ယောက်။
အဲဒီမှာ ငယ်စဉ်ကတက်ခဲ့ရတဲ့ တက္ကသိုလ်ကို စားမြုံ့ပြန်ကြရင်း စကားတွေဖောင်ဖွဲ့။
ညနေပိုင်း သူ့အိမ်မှာကျမတို့ကိုထမင်းဖိတ်ကြွေး။
အဲဒီကစလို့မိတ်ဆွေဖြစ် သူအောင်ပန်းရောက်ရင် လက်ဆောင်တွေနဲ့အိမ်ကိုဝင်။
ကျမတို့ကလဲသူရောက်တယ်ဆိုရင်အိမ်မှာဘဲထမင်းစားခိုင်း။
နောက်တော့ ကျမမိဘတွေနဲ့ပါ ရင်းနှီးကျွမ်းဝင်လာသလို။
ကျမကလဲ သံယောဇဉ်တွေဖြစ်။
ကျမတို့တွေ့ပြီးလို့တစ်နှစ်ကျော်လောက်မှာ သူကချစ်ခွင့်ပန်တော့ ကျမကလဲလက်ခံ။
လာမယ့် သင်္ကြန်မတိုင်ခင်မှာလက်ထပ်မယ်လို့ဆုံးဖြတ်ပြီးသား။
ဒီအချိန်မှာမှ မေမေကြီးသတင်းကဝင်လာပါတယ်။
&&&& &&&& &&&& &&&& &&&& &&&&&&&& &&&& &&&& &&&&
နောက်နေ့ညနေမှာတော့ တောင်ကြီးကဆင်းလာတဲ့ အိပ်စပရက်နဲ့ ကျမမန်းလေးကိုဆင်းလာပါတယ်။
လမ်းမှာကားကတလှုပ်လှုပ် လူက ငုတ်တုတ်။
ဒီအထဲမှာ မှန်အလုံပိတ်ထားတဲ့ ကားရဲ့ အဲကွန်းက အစွမ်းတွေပြတော့ အိပ်မရပါဘူး။
မကြာခင်မှာတွေ့ရတော့ မယ့် ခွဲခွာတာကြာပြီဖြစ်နေပေမယ့် ခံစားမူ့တွေက ပူနွေးဆဲရှိနေတဲ့မိသားစုနဲ့
ပြန်လည်တွေ့ဆုံပွဲလေးက ဘယ်လိုနေမလဲဆိုတာကို တွေးနေမိပါတယ်။
နွေးသီးလေးကရော မြင်ရင်မှတ်မိပါ့မလား။
မေမေကြီးကရော စိတ်ခုနေမလား။
လင်းလင်းကရော ကိုယ့်အပေါ်မှာ ဘယ်လိုသဘောထားအုံးမလဲပေါ့။
ဒီလိုတွေးနေရင်းကမှေးကနဲအိပ်ပျော်သွားချိန် ဖုန်းမြည်သံလေးကြောင့်လန့်နိုးသွားပါတယ်။
အိပ်ချင်မူးတူးနဲ့ ဖုန်းဖွင့်နားထောင်မိတော့
“ပိုပို”အခုဘယ်နားရောက်နေပြီလဲ။အခုငါတို့ ကျွဲဆည်ကန်ကားဝင်းထဲရောက်နေပြီ။
လာကြိုနေတာလေ”လို့ပြောလိုက်တဲ့အသံရှင်က“လင်းလင်း”။
အံ့ဩစိတ်တွေနဲ့နာရီကိုကြည့်မိတော့ လေးနာရီမတ်တင်း။
အပြင်ကိုလှမ်းကြည့်တော့ တံတားသစ်ကြီးပေါ်မှာကားကဝေါဝေါ။
ဘယ်ရောက်နေပြီလဲလို့မေးလိုက်တော့ မြစ်ငယ်တံတားပေါ်မှာပါတဲ့။
ကျမရောက်နေတဲ့နေရာကိုလှမ်းပြောလိုက်တော့
“လင်းလင်းတို့စောင့်နေမယ်နော်ယောင်းမရေ”ဆိုတဲ့အသံက
ဒီမနက်ခင်းရဲ့ချိုမြိန်လှတဲ့ဂီတလေးပါဘဲ။
ခဏနေတော့ ကျမတို့ကားက ကားဝင်းထဲဝင်ပါတယ်။
ကျမကလဲကားပေါ်က သူတို့ကိုလှမ်းအရှာ
ကျမကားပေါ်ကဆင်းလာတာလဲမြင်ရော ပြေးဖက်လာတာက လင်းလင်း။
ပါးစပ်ကလဲပိုပို ညည်းအရင်အတိုင်းပဲနော်လို့ပြောနေတဲ့သူ့မျက်ဝန်းမှာမျက်ရည်ကြည်တွေလဲ့လို့။
အလွမ်းသည်နေတဲ့ကျမတို့နှစ်ယောက်ကိုကြည့်နေတဲ့ကိုကြီး မျက်နှာမှာ အပြုံးရိပ်တွေစွန်းလို့ပေါ့။
အဲဒါနဲ့ပဲအထုပ်အပိုးတွေယူ ကားပေါ်တက်။
ကျွဲဆည်ကန်က မန်းမြိုတော်ကိုဝင် မစားရတာကြာပြီဖြစ်တဲ့ မန်းမြို့တော်ပေါက်စီကိုအားပါးတရစား။
နှစ်ယောက်သားစကားတွေအလုအယက်ပြောကြတော့။
ကိုကြီး မျက်ဝန်းမှာတောင် မျက်ရည်လဲ့နေသလို။
ဒါနဲ့ဘဲ အိမ်မသွားသေးဘူး မေမေကြီးဆီအရင်ပို့ခိုင်းပါတယ်။
အဲဒါနဲ့သိပ္ပံလမ်းကဝင် ပြီး မေမေကြီးရှိတဲ့ဆေးရုံကို သွားကြပါတယ်။
ကျမတို့ရောက်တော့ မေမေကြီးက အိပ်နေဆဲ။
အဲဒါနဲ့အစောင့်ဆရာမလေးကိုဘေးဖယ်ခို်င်းပြီး မေမေကြီးလက်ကလေးပေါ်မှာကျမခေါင်းတင်ပြီး အိပ်နေမိပါတယ်။
ဘယ်လိုမှ သိမ်းဆည်းမတဲ့ ခံစားမူ့ကြောင့် တသိမ့်သိမ့်ရှိုက်ငိုမိပါတယ်။
ကျမ ကြောင့် မေမေကြီး နိုးသွားတယ်ထင်ပါတယ်။
ကျမခေါင်းလေးကို အသာအယာပွတ်ပေးနေရင်း “သမီးငယ်”လို့မေမေကြီးရဲ့ခေါ်သံလေးက
ကျမရဲ့ဝမ်းနည်းမူ့တွေကိုအဆုံးသတ်စေလိုက်ပါတယ်။
“မေကြီးရဲ့သမီးငယ်လာမယ်ဆိုတာမေကြီး စိတ်ထဲမှာယုံကြည်ပြီးသားပါ”လို့ပြောတဲ့မေကြီးအသံကချိုမြမြ။
မျက်နှာမှာလဲအပြုံးပန်းတွေက လှလှပပ။
မေမေကြီးနားမှာနေမယ်ဆိုတာကို လက်မခံပါဘူး။
ကျမကိုအိမ်ခဏပြန်နား နေ့လည်ထမင်းစားရေမိုးချိုးပြီးမှပြန်လာခဲ့လို့ပြောပါတယ်။
ဒါနဲ့ကျမတို့လဲမေမေကြီးစီမံတဲ့အတိုင်းအိမ်ပြန်ရပါတယ်။
အိမ်ရောက်တော့ အိမ်အဝမှ ချောမောပြီးကြည်လင်တဲ့မျက်နှာနဲ့ကလေးလေး ကိုတွေ့တော့ နွေးသီးမှန်းကျမသိလိုက်ပါတယ်။
ကျမကို စူးစမ်းတဲ့အကြည့်နဲ့လှမ်းကြည့်နေတုန်း လင်းလင်းက
” သား သူဘယ်သူလဲဆိုတာသိလား”
လို့မေးတော့ ခဏစဉ်းစားသလိုလုပ်နေရင်းက အဖြေရသွားတဲ့မျက်နှာလေးက ဝင်းပ။
“မေပို”လို့ဖြေလိုက်တဲ့အသံလေးက နားထဲမှာ ပျားရည်မြစ်ကလေးတစ်စင်း စီးသွားသလိုချိုမြ။
ကျမပြန်ရောက်တဲ့နေ့ကစလို့ မေမေကြီးလဲ ပိုပြီး အားအင်ပြည့်လာလန်းဆန်းလို့လာပါတယ်။
ကျမက မေကြီးဆေးရုံတက်နေတဲ့ရက်အိမ်ကိုခဏပြန်တာလောက်ကလွဲရင်မေကြီးအနားမှာနေပါတယ်။
ဝေးကွာသွားတဲ့ရက်များကအကြောင်းတွေကို ပြောမကုန်နိုင်အောင်။
ကျမအိမ်ထောင်ပြုမယ်အကြောင်းကိုလဲခွင့်တောင်းရင်း အိမ်ထောင်ဘက်ဖြစ်မယ့်လူအကြောင်းကိုလဲပြောပြရတာပေါ့။
လင်းလင်းတို့ထမင်းလာပို့ချိန်မှာတော့နွေးသီးလေးကို ရင်ခွင်ထဲထားရင်းလင်းလင်းနဲ့ပြောမဝ။
ဒီလိုနဲ့ဘဲကျမရောက်ပြီး ခြောက်ရက်အကြာ မေကြီး ဆေးရုံကဆင်းပါတယ်။
မေကြီးကကျမကိုမပြန်စေချင်သေးပါဘူး။
ကျမကလဲ ဒီအိမ်ရဲ့ မေတ္တာတွေနဲ့ရစ်ပတ်ထားတဲ့ဘဝကို ခံစားလို့မဝသေးပါဘူး။
တစ်ညမှာတော့ လင်းလင်း ကျမအခန်းထဲကိုဝင်လာပါတယ်။
ကျမဘေးမှာလှဲအိပ်ရင်းကျမကို ဖက်ထားရင်းက သူခန္ဓာကိုယ်က တသိမ့်သိမ့်နဲ့လှုပ်လာတာမြင်မှသူငိုနေတယ်ဆိုတာကို
သိရပါတယ်။
ကျမဘက်ဆွဲလှည့်လိုက်တော့ မျက်ရည်အရွှဲသားနဲ့။
“လင်းကိုခွင့်လွှတ်ပါ ပိုပိုရယ် လင်းအများကြီးမှားခဲ့တယ်”လို့ဗလုံးဘထွေးနဲ့ပြောသံကြားမိတော့
စကတည်းက ခွင့်လွှတ်ပြီးသားဖြစ်တဲ့အကြောင်း ပြောရင်း နှစ်ယောက်သားငိုမိပါတယ်။
ခဏနေတော့ မေမေ မေပို လို့ခေါ်တဲ့နွေးသီးလေးအသံကြားမှ နှစ်ယောက်သားအလွမ်းသယ်တာရပ်ကြပါတယ်။
ဆယ်ရက်မြောက်တဲ့နေ့မှာ ကျမပြန်ဘို့ပြင်ရပါပြီ။
အိမ်ကညီမတော်ကလဲ မေမေကြီးနေကောင်းရင်ပြန်ခဲ့တော့ အလုပ်တွေမနိုင်တော့ဘူးလို့ပြောပါတယ။်
မပြန်ခင်ရက်များမှာတော့ ကိုကြီး ကျမ လင်းလင်း နွေးသီး နဲ့မေကြီးဘုရားတွေဖူးကြပါတယ်။
အားလုံးကို စိတ်ဖြတ်လို့ တရားစခန်းမှာဘဲနေတော့ တယ် ဘဘကြီး ကိုတော့ သွားကန်တော့ကြပါတယ်။
ပြန်မယ့်နေ့ညမှာထမင်းစားအပြီး မေမေကြီးအခန်းထဲမှာ စကားပြောနေတုန်းလင်းလင်းတို့လင်မယားဝင်လာပါတယ်။
လင်းလင်းလက်ထဲမှာဗူးလေးတစ်ဘူး။
မေမေကြီးက လင်းလင်းဆီက ယူပြီး ကျမလက်ထဲထည့်ပါတယ်။
လင်းလင်းကအဲဒါ ပိုပိုပစ္စည်းတွေလေ ဖွင့်ကြည့်လိုက်လေဆိုလို့ ဖွင့်ကြည့်မိတဲ့အခါ
ကျမမေမေကြီးတို့နဲ့အတူနေစဉ်က ကျမကိုမေမေကြီးဆင်ပေးထားခဲ့တဲ့လက်ဝတ်လက်စားတွေ။
အောက်ဆုံးမှာတော့ ဘဏ်စာအုပ်လေးတစ်အုပ်။
ကိုကြီးနဲ့ ကျမတို့မောင်နှမနှစ်ယောက်နာမယ်နဲ့လုပ်ပေးထားတဲ့စာအုပ်လေး။
ဖွင့်ကြည့်လိုက်လေဆိုတော့ မြင်ရတဲ့ ကိန်းဂဏန်းက ရာပေါင်းများစွာ။
လက်ဝတ်လက်စားက သမီးအတွက် ဘဏ်ထဲကငွေကလဲ သမီးတို့မောင်နှမအတွက် ဆိုတဲ့အသံကြားမိတော့
တားမရတဲ့မျက်ရည်တွေက ကျလာပြန်ပါတယ်။
လင်းလင်းကလဲ အနားမှာပြုံးပြုံးလေးနဲ့ရပ်ကြည့်လို့နေပါတယ်။
ဒီအချိန်မှာ ကျမစိတ်ထဲတွေးမိတာလေးကတော့ ရီစရာကောင်းနေမယ်ထင်ပါတယ်။
အတိတ်ဆိုတာ ပြန်လည်ပြင်ဆင်လို့မရတော့ တဲ့ပန်းချီကားတစ်ချပ်ဆိုရင်။
အနာဂါတ်ဆိုတာ လှပသော ပန်းချီကားအသစ်သစ်တွေကိုခြယ်မူန်းရေးဆွဲပိုင်ခွင့်က
ကျမတို့လက်ထဲမှာ အသေအချာရှိနေတယ်ဆိုတာကိုပါဘဲ။
ကိုပေါက်လက်ဆောင် အဆွေးပါးပါးလေး
(8-11-2011)
18 comments
koyinmaung
November 8, 2011 at 9:45 am
နွေသီးလေးရဲ့ဇာတ်သိမ်းကတော့
ကြည်နူးစရာပါဘဲ ဆရာပေါက်ရေ……
အားပေးသွားပါတယ်….
ပေါက်ဖော်
November 8, 2011 at 10:23 am
နွေးသီးလေးရဲ့ အဆက်ကိုး….
ဖတ်ကောင်းလိုက်တာ..၄ပေါက်ရာ..
ဒီတိုင်းဆို..လှပတဲ့ အနာဂတ်..ပန်းချီကား တစ်ချပ်ကို စိတ်ကြိုက် ချယ်သ နိုင်ဘီပေါ့နော့်..
အင်း..
ကျနော့်အထင်ပြောရရင် ကိုအောင်ဆွေကြီးက ကုန်ကားလဲမောင်းသေးတာဆိုတော့..
ရုပ်ရည်တော့ ထင်သလောက်…သန် ့ပြန် ့မယ်မထင်ဘူးဗျ.. ဒါလေး သတိထားမိလို ့ပါနော့်..
၄ပေါက်လို..အရေးကောင်းအောင် ကြိုးစားဦးမယ်ဗျာ..
😀
MaMa
November 8, 2011 at 10:25 am
Happy ending လေး ပေးသွားတဲ့ ကိုပေါက်ရေ-ဒီလိုဆိုတော့လည်း သဘာဝကြီးက တရားမျှတသား။ စေတနာ မှန်သော ကံတရား ဆိုပေမယ့် တခါတလေကျတော့လည်း အမှန်တရားက သေသည်ထိတောင် ပေါ်ချင်မှပေါ်တတ်တာမျိုး ဖြစ်နေသလားလို့။
pooch
November 8, 2011 at 11:55 am
လှပတဲ့ ပန်းချီကားလေး ဖြစ်သွားတဲ့ အတွက် ဝမ်းသာပါတယ်..
windtalker
November 8, 2011 at 12:03 pm
ပိုပို ရဲ ့လက်ဝတ်ပစ္စည်းတွေ ထုခွဲချင်သပ ဆိုရင် ၊ ဝန်ဆောင်ခ ဒစ်စကောင့်ချပေးပါမယ် လို ့ပြောပေးပါနော် ကိုပေါက်
forever
November 8, 2011 at 12:51 pm
ဘယ်ထုခွဲတော.မှာလဲ ကိုတော်ကာရေ …ဂွင်မမိနိင်တော.ဘူး
( အောက်ဆုံးမှာတော့ ဘဏ်စာအုပ်လေးတစ်အုပ်။
ကိုကြီးနဲ့ ကျမတို့မောင်နှမနှစ်ယောက်နာမယ်နဲ့လုပ်ပေးထားတဲ့စာအုပ်လေး။
ဖွင့်ကြည့်လိုက်လေဆိုတော့ မြင်ရတဲ့ ကိန်းဂဏန်းက ရာပေါင်းများစွာ )
chitlay
November 8, 2011 at 1:09 pm
အဆုံးသတ်က ဒီလိုမျိုးလေးဆိုတော့ ကောင်းတာပေါ့ … လင်းလင်းကလည်း အမြင်မှန်ရလာတယ်ဆိုတဲ့ သဘောလေးပဲ … နောက်ဆုံး ကိုယ့်စေတနာကိုယ့်ကို ပြန်အကျိုးပေးသွားတာပေါ့နော် … ဖတ်လို့အရမ်းကောင်းတယ်လေးပေါက်ရေ ဆက်ရေးပါအုံးနော် ….
etone
November 8, 2011 at 3:17 pm
အဟီး မိုက်တယ် .. နောက်ဆုံးမှာ အမွေရလိုက်လို့ … ။ 😀
နီလေး
November 8, 2011 at 3:34 pm
လေးပေါက်ရေအားပေးသွားပါတယ်နော် အဆုံးသတ်ကောင်းတော့ စာဖတ်သူတွေလဲ ကျေနပ်ကြမှာပါ
Diamond Key
November 8, 2011 at 4:07 pm
နှစ်သက်စွာနဲ့ အားပေးသွားပါကြောင်း ဆရာပေါက် သိစေအပ်ပါသည်။
ကိုပေါက်(မန္တလေး)
November 8, 2011 at 5:57 pm
တစ်ခါတစ်လေမြင်ရကြားရဖတ်ရတာတွေက နားမချမ်းသာ များတော့
ဖတ်တဲ့သူများ စိတ်ချမ်းသာသွားမလို့။
ပေါက်ပေါက်ဖော်ဖော်ရေ
အဆိုတော်နာမယ်ကြီး စိုင်းဆိုင်မောဝ် ကုန်ကားမောင်းတာကွဲ့။
ချောလိုက်တာမှ မင်းသားရှုံး။
ဒီလောက်ဆိုသဘောပေါက်။
မင်းသားနေအောင် အရင်ကသူလဲကားမောင်းတာဘဲကွယ်။
ဒန် ဒန့် ဒန်
alinsett
November 8, 2011 at 6:52 pm
သိပ်ကောင်းတဲ ့ပို ့စ်ပါပဲ.။
အနာဂတ်..ဆိုတာကို …..ကိုယ် ကြိုက်သလို ရေးခြယ်…ခွင့်ရှိတယ်..ဆိုကို
အတွေးပေး..လို ့ သိပ်ကျေးဇုူးတင်ပါတယ်…ကိုပေါက်ရေ..။
alinsett
November 8, 2011 at 6:52 pm
သိပ်ကောင်းတဲ ့ပို ့စ်ပါပဲ.။
အနာဂတ်..ဆိုတာကို …..ကိုယ် ကြိုက်သလို ရေးခြယ်…ခွင့်ရှိတယ်..ဆိုတဲ့……..
….အတွေးကို..ပေး..လို ့ သိပ်ကျေးဇုူးတင်ပါတယ်…ကိုပေါက်ရေ..။
ကိုပေါက်(မန္တလေး)
November 8, 2011 at 9:59 pm
ဒီအတွေးလေးကို ပေးသူက pooch ကမူပိုင်ပါ အလင်းဆက် ရေ
ကြောင်ကြီး
November 9, 2011 at 12:49 pm
ပုရှ်ရဲ့ မူပိုင်က ကြောင်ကြီးပါ။။။။ 😳
နွေးသီး
တွေးပြီး
ဈေးကြီးနေလို့
ဆစ်တဲ့အခါ
ယောင်ယမ်း
ထူးလိုက်ပုံက
အောင်ဆွေ
မောင်ရေတဲ့။။။။။ (ဖြစ်နေဒါ ဖြစ်နေဒါ 😉 )
ကိုပေါက်(မန္တလေး)
November 9, 2011 at 3:23 pm
ကြောင်ကြီးရေ မင်းကြောင့်ရွာထဲကိုအပျိုတွေလာရဲမှာ မဟုတ်တော့ ဘူးဟ။
Yin Nyine Nway
November 13, 2011 at 2:59 pm
ကြောင်ကြီးက
မောင်ကြီးခေါ်ခံချင်တော့
တောင်ကြီးက
နွေးသီးကလဲ ခေါ်လိုက်မယ်
မှောင်ရေ ….
ကိုပေါက်(မန္တလေး)
November 13, 2011 at 6:43 pm
နွေးသီးရဲ့မှောင်
မျက်နှာပြောင်
တူတော်မောင်
ငရှုပ်ဆိုးမို့
တိုးချစ်ရသမောင်