မသေသော မြို့တော် (၄) နိဂုံး

ဦး ဂ်စ္November 10, 20111min1866

ဂေါတမမြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်စံသောနှစ်တွင်  မာဂဓပြည့်ရှင်  အဇာတသတ်မင်း သည်
ပသျှုစတုရူပကိန်းအရ သက္ကရာဇ်ဖြို၏ ။ဓညဝတီရခိုင်ပြည်တွင်လည်း စန္ဒသူရိယမင်းကြီး သည်
ဇီဝကကိန်းအရ   သက္ကရာဇ်ဖြို၏ ။  ထိုုမှစ၍  ကောဇာနှင့်  သာသနာသက္ကရာဇ်ကို  ထပ်တူပြု၍
ရေတွက်လာခဲ့သည် ။
ကောဇာနှင့် သာသနာသက္ကရာဇ် ( ၂၃၅ ) ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီး သည် တတိယ
သင်္ဂ ါယနာ  တင်တော်မူ၏ ။ သင်္ဂ ါယနာတင်ပြီးသောအခါ  ကိုးတိုင်းကိုးဋ္ဌာနသို့  သာသနာပြု
စေလွှတ်၏ ။
သုဝဏ္ဏဘူမိသို့  သာသနာပြု ကြွရောက်သော  အရှင်သာဏ နှင့် ဥတ္တရမထေရ်   နှစ်ပါးသည်
လမ်းခရီးဖြစ်သော  ဒွါရာဝတီ  သံတွဲမြို့တော်သို့  ဝင်ရောက်ပြီးလျှင်   သံတွဲမြို့စား   ဓမ္မသူရ
အမတ်ကြီးအား   ဂေါတမမြတ်စွာဘုရားသခင်၏   ဓာတ်တော် သုံးဆူ  ကို တစ်ပြိုင်နက်  ပြီးစီး
အောင်တည်ထားလေသည် ။
ဒွါရာဝတီမြို့သည် ထိုင်းနိုင်ငံတွင်လည်းရှိ၏ ။ ယ္ခုတင်ပြထားသော ဒွါရာဝတီမှာ ရခိုင်ဒွါရာဝတီ
ဖြစ်ကြောင်း အထောက်အထားများစွာ ရှိပါသည် ။  ဒါွရာဝတီသံတွဲမြို့အား  စာဆိုတော်များ၏
အနုပညာခံစားမှုဖြင့် ရေးသားဖွဲ့ဆိုသီကုုံးထားသည်များကို ဖေါ်ပြပါမည် ။
အင်းဝ  နရပတိမင်းကြီး (၈၀၄-၈၃၀) နှင့် မင်းပြိုင်အုပ်ချုပ်သော  မြောက်ဦးမြို့  အလီခင်မင်း
(၇၉၇-၈၂၀) သိမ်းယူသည့် သံတွဲဘုရင်မ စေယဉ်မိ ၏ ရတုတွင်…
“ မင်းစောဒသ ၊  ဘာတိကတို့ ၊  ဒီပဇမ္ဗူ ၊  လုံးလုံးချု၍ ၊  ခွန်ယူသိမ်းမြန်း ၊  ထီးနန်းတည်ရာ ၊
မယ်တို့ရွာလည်း၊ဒွါရာဝတီ ၊သိင်္ဂ ီရောင်လျှံ ၊မြို့ရှင်ပျံဝယ်၊ပတ်ရံသုံးတောင် ၊သုံးဆူနောင်လည်း
ရှုသောင်ရှုသာ ၊ အာကာထက်လင်း ၊ ဘဝဂ်ချင်းမှာ ၊ ခပင်းနတ်လူ ၊ ကိုးရာမူသား ”   
ဟူ၍ ဖွဲ့
ဆို၏ ။
ကဝိလက္ခဏသတ်ပုံကျမ်း၌….
“ ဒါွရ ပူရံ ၊ မိုးသို့ပျံ ၊ သံနှင့်ချိတ်ကာတွဲ ”  ဟူ၍ လည်းကောင်း ။
စွယ်စုံကျော်ထင်ကျမ်း၌….
“ အာကာတိယံ ၊ မိုးသို့ပျံ ၊ နာမံခေါ်မြဲ ၊ ဘယ်မြို့လဲ  ”  ဟုကျည်းကန်ရှင်ကြီး နန္ဒဓဇ ၏ အမေး
ကို ကျီးသဲလေးထပ် ဆရာတော်မှ….
“ အာကာတိမ်ယံ ၊ မိုးသို့ပျံ ၊ သံနှင့်ချိတ်တွဲ ၊ မြို့သံတွဲ ”  ဟု ဃတပဏ္ဍိတဇာတကဖြင့် ရခိုင်
ဒွါရာဝတီဟု အကျယ်တဝင့် ရေးသားဖေါ်ပြထား၏ ။
လက်ဝဲသုန္ဒရ၏ မြတ်ပန်းဝေဆာချီ ကျေးစေရတု ဒုတ်ိယ ပိုဒ်တွင်…
“ ကောင်းကင်တိမ်မိုး ၊ ပျံမည်စိုး၍ ၊ သံကြိုးရစ်သည် ၊ ဆိုင်းဖူးသည်ဟု ၊ မြို့စည်သံတွဲ ” ဟူ၍
တစ်ဖုံ ရေးသားဖွဲ့ဆိုထားသည်ကို တွေ့ရှိမှတ်သားရပါသည် ။
ရခိုင်ခေတ်ဦး  ဒွါရာဝတီမြို့ပျက်မှသည်  စ၍  ရခိုင်ခေတ်နှောင်းပိုင်း  မြောက်ဦးခေတ်အထိ
ဒွါရာဝတီသည်  မင်းနေပြည်တော်တစ်ခု ပြန်လည် ဖြစ်မလာခဲ့သော်လည်း   “ဒွါရာဝတီမြို့”
ဟူသော အမည်မှာ ဘယ်သောအခါမှ မပျောက်ခဲ့ပါ ။
ဒွါရာဝတီနှင့် သံတွဲကို ယှဉ်တွဲ၍ ခေါ်ဝေါ် ရေးသားသုံးစွဲခဲ့ကြပါသည် ။ ကဿပမြတ်စွာဘုရား
သာသနာတွင်းမှ ယ္ခုခေတ် ကာလတိုင်အောင်  “ ဒွါ ရာ ဝ တီ ”  ဟူသော အမည်မှာ  ရှင်သန်
နုပျို ဆဲရှိနေပါသည် ။
ဒွါရာဝတီ သံတွဲမြို့၏ ပထဝီအနေအထားကို ကြည့်လျှင် တစ်ဘက်တွင် တောင်တန်းများ
ကာရံနေ၍ တစ်ဘက်တွင် ပင်လယ်ကမ်းခြေ တည်ရှိနေပါသည် ။
ဃဋပဏ္ဍိတ ဇတ်တော် ဘုရားဟောစာပေ ကျမ်းဂန် ၌ ဖေါ်ပြပါရှိသော ဒွါရာဝတီမြို့၏ ပထဝီ
အနေအထားမှာ  ယ္ခုလက်ရှိ  သံတွဲမြို့ နှင့် ထပ်တူရှိနေကြောင်း  သုတဗောဓိ၏  ဆောင်းပါး
တံခါးမြို့တော်၌ ထောက်ခံရေးသားချက်များ ရှိခဲ့ပါသည် ။

သို့ဖြစ်၍ စာရေးသူ၏  ဒွါရာဝတီ သံတွဲမြို့ သည် ယ္ခုခေတ်ထိအောင်ပင် ပထဝီအနေအထား
မပြောင်းလဲဘဲ  ရှင်သန်နုပျို  နေသကဲ့သို့   “ ဒွါ ရာ ဝ တီ ”    ဟူသော   အမည်သည်လည်း
ယ္ခုတိုင် ရှင်သန်နုပျိုနေပါသောကြောင့်  “ မ သေ သော မြို့ တော် ”  ဟု ရေးသားဖေါ်ပြရခြင်း
ဖြစ်ပါတော့သည် ။
စာရေးသူတို့မြို့မှာ ဒွါရာဝတီမြို့ ၊ သံတွဲမြို့ ၊ တံခါးမြို့တော် ၊ မသေသောမြို့ဟူ၍ လေးမည်ရ
မြို့တော်ဟု တင်စားချင်ပါသည် ။
မသေသောမြို့တော်  ဒွါရာဝတီမြို့သည်   စေတီသုံးဆူ ၊  တောင်သုံးလုံး  တို့၏  အလယ်၌
အေးချမ်းသာယာ၍ ရှင်သန်နုပျိုလျက် ရှိနေပါပေတော့သတည်း ။ ။

အ ရှင် ကော သ လ္လ ( ဂ ဝေ သီ )  သံတွဲမြို့ ၏ ရေးသားသော ဒွါရာဝတီသမိုင်း အကြောင်းကို
ဆရာတော်၏ ခွင့်ပြုချက်ဖြင့် လေးစားရပါသော ရွာသူရွာသားများ သိရှိပါစေရန် တစ်ဆင့်
တင်ပြ ရေးသားရခြင်းဖြစ်ပါကြောင်း….။

6 comments

  • koyinmaung

    November 10, 2011 at 3:13 pm

    ခုလိုသံတွဲသမိုင်းပြည့်ပြည့်စုံစုံဖတ်ရလို့
    gipsy ကိုကျေးဇူးတင်ပါတယ်….
    ခွင့်ပြုတော်မူသောဆရာတော် အရှင်ကောသလ္လ ကိုလဲ
    ကျေးဇူးအထူးတင်ပါတယ်ဘုရား…..

  • Gipsy

    November 10, 2011 at 3:27 pm

    ဟုတ်ကဲ့ပါ ကိုရင်မောင်ခင်ဗျာ …၊
    စိတ်ဝင်တစား အားပေးလို့ ကျေးဇူးတင်ရှိကြောင်းပါဗျ….။
    အရှင်ကောသလ္လ ကလဲ သူ့ရေးသားချက်တွေကို တင်ပြခွင့်ရလို့
    မန်းဂေဇက်ကြီးကိုလဲ ကျေးဇူးတင်ပါကြောင်း မိန့်ဆိုပါတယ်ခင်ဗျာ…။

  • ကြောင်ကြီး

    November 11, 2011 at 12:21 pm

    ဓညဝတီဆိုတာ ရခိုင်တိုင်းအမည်ကို ပြောတာမဟုတ်လား။
    ပိဋကတ်ကျမ်းများမှာ အခုပို့စ်ထဲကလို ဘုရားနဲ့ ဆိုင်တဲ့အကြောင်းအရာကို ပြထားလား။ မဟာမြတ်မုနိဘုရားကြီးလို အငြင်းပွားစရာများရှိတယ်ဆိုရင် ဆရာတော့် အမြင်လေးပါ ရေးပေးပါအုံးလို့။။။

    • Gipsy

      November 11, 2011 at 8:42 pm

      ဟုတ်… ကိုကြောင်ကြီးခင်ဗျာ…. ဆရာတော့်ကိုမေးပေးပါ့မယ်…
      အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်….။

  • Shwe Ei

    November 11, 2011 at 2:55 pm

    သံတွဲမြို့ရဲ့ရာဇဝင်ကတော့ အံ့မခန်းပါဘဲ။ ဒီလိုတင်ပေးမှ ဖတ်ရသိရတဲ့ ကျမတို့လိုလူတွေအတွက် အဖိုးတန်ပါတယ်။ ဂျစ်ပစီကို ကျေးဇူးပါ။

  • ကြောင်လတ်

    November 11, 2011 at 4:04 pm

    သံတွဲအကြောင်းလေးစုံအောင်သိလိုက်ရပါပြီ

Leave a Reply