ဖားအောက်တောရမှာ ၉ ရက်တာ (၂)

weiweiNovember 14, 20111min28914

သူငယ်ချင်းရေ …
မနက်ကရေးထားတာလေး ဆက်အုန်းမယ် … ရိပ်သာမှာ စကားမပြောတာအကောင်းဆုံးပဲလို့ ဆရာတော်ကြီးက ပြောထားလို့ ငါလဲ စပ်စုချင်တာတွေ မစပ်စုခဲ့ရဘူး။ မြင်သလောက်နဲ့ ထင်သလောက်ပဲ ပြောပြတော့မယ်။ ငါ့မျက်စိထဲမှာ သတိအပြုမိဆုံးတစ်ယောက်က ကိုရီးယားမယ်သီလရှင်တစ်ပါးပဲ။ အသက် ၄ဝ နဲ့ ၅ဝ ကြားရှိမယ်လို့ ခန့်မန်းရတာပဲ။ ကြည်ညိုစရာကောင်းလွန်းတဲ့ အသွင်အပြင် အမူအယာရှိတယ်။ ငါအကြိုက်ဆုံးကတော့ သူဝတ်ထားတဲ့ဝတ်စုံပဲ။ အတွင်းက မီးခိုးရောင်အကျီနဲ့ဘောင်းဘီအပွခဲရောင်ဝတ်ပြီး အပေါ်ကနေ အညိုရောင်ဝတ်ရုံခြုံထားတယ်။ ရှောင်လင်ဘုန်းကြီးတွေနဲ့ခပ်ဆင်ဆင်ပေမယ့် အရောင်ကတည်ငြိမ်တယ်။ အမူအယာက လေးလေးနက်နက်ရှိပြီး တရားထိုင်တာ ငြိမ်သက်နေတာပဲ။ ဘယ်သူနဲ့မှ စကားပြောတာမတွေ့ခဲ့ရဘူး။ သူ့ကိုမြင်လိုက်တိုင်း အေးချမ်းလွန်းလို့ မကြည့်ပဲမနေနိုင်ဘူး။ နောက်တစ်ပါးက ခပ်ငယ်ငယ်သီလရှင်လေး … သူကတော့ မီးခိုးရောင်ဝမ်းဆက်ဝတ်တယ်။ အသက် ၂ဝ ဝန်းကျင်လောက်ပဲရှိပြီး ရုပ်ရည်က အရမ်းချစ်စရာကောင်းပြီး အပြစ်ကင်းတဲ့အပြုံးနဲ့ တွေ့သမျှယောဂီကို ပြုံးပြနှုတ်ဆက်လေ့ရှိတယ်။ သူတရားထိုင်တာ ငြိမ်သက်မှုသိပ်မရှိပေမယ့် အတိုင်းအတာတစ်ခုအထိတော့ တရားအားထုတ်နိုင်တာ အားကျစရာကောင်းတယ်။ ဘယ်နိုင်ငံကလဲမသိပေမယ့် တရုတ်လို့ထင်ရတာပဲ။ နောက်ထပ်နှစ်ပါးက မြန်မာသီလရှင်ဝတ်စုံအညိုရောင်ဝတ်ထားလို့ အားလုံးနဲ့သိပ်မကွဲပေမယ့် အိန္ဒြေနဲ့ အမူအယာကိုသေချာကြည့်ရင် အလွန်တည်ငြိမ်ကြတာ တွေ့ရတယ်။ သူတို့ ၄ ပါးက ထိပ်ဆုံးမှာတရားထိုင်လေ့ရှိလို့ အမြဲတမ်းသတိထားမိတယ်။ မြန်မာသီလရှင်တွေထဲမှာ အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တဲ့ ဆရာလေးတွေက နိုင်ငံခြားသားယောဂီနဲ့ သီလရှင်တွေကို ဘာသာပြန်လုပ်ပေးတာလဲ တွေ့မိတယ်။ တရုတ်စကားပြောသံကြားမိလို့ ငါတောင် ခေါင်းထောင်သွားမိသေးတယ်။ ဒါပေမယ့် ယောဂီအနေနဲ့တရားထိုင်နေတာမို့ စိတ်လျော့ပြီး မကြားချင်ယောင်ပဲ ဆောင်နေလိုက်ပါတယ်။

သံဃာတော်တွေထဲမှာလဲ နိုင်ငံခြားသားသံဃာတွေရှိပေမယ့် သေချာမမြင်ရဘူး။ ဓမ္မာရုံက အမျိုးသားနဲ့ အမျိုးသမီး သီးသန့်ဆိုတော့ မမြင်ရဘူးပေါ့။ (အဲဒါလဲကောင်းတာပါပဲ) တရားထိုင်ချိန်က တစ်နာရီခွဲဆိုတော့ ငါ့အတွက်သိပ်အဆင်မပြေလှဘူး။ ငါက တစ်နာရီလောက်တောင် အနိုင်နိုင်ရယ်။ ဒါပေမယ့် အတတ်နိုင်ဆုံးကြိုးစားခဲ့ပါတယ်။ တရားရှုမှတ်နည်းက လွယ်လွယ်လေးလို့ထင်ရတယ်နော် … နှာသီးဖျားထိပ်မှာ စိတ်ကိုတင်ထားလိုက်ပြီး အသက်ရှူတဲ့လေကလေးဝင်လာရင် ဝင်လေ .. ထွက်သွားရင် ထွက်လေ လို့မှတ်ပြီး ငြိမ်ငြိမ်လေး ထိုင်ကြည့်နေရုံပဲလေ။ ဒါပေမယ့် အပြောလွယ်သလောက် အလွန်အလုပ်ခက်မှန်း တကယ်လုပ်ကြည့်မှ သိမှာနော် .. အဲဒီအလုပ်က နင်အကြိုက်ဆုံးအလုပ်ဆိုတာ သိခဲ့ရဖူးလို့ တရားထိုင်ရင်းနဲ့ နင့်ကိုသတိရပြီး ချီးကျူးမိပါသေးတယ်။ ငါက တရားထိုင်တဲ့အလုပ်ကို ငယ်ငယ်ကထဲကလုပ်ဖူးပေမယ့် တစ်နာရီကျော်အောင် တစ်ခါမှ မထိုင်ခဲ့ဖူးဘူး။ ငါထိုင်ခဲ့သမျှတရားထိုင်ပုံတွေက ဝိပသနာနည်းလမ်းတွေဆိုတော့ သမထကိုအဓိကလေ့ကျင့်တဲ့ ဖားအောက်မှာထိုင်ရတာ ၂ ရက်လောက် ယောင်လည်လည်ဖြစ်ခဲ့တယ်။

ညနေ ၅ နာရီခွဲမှာ အားလုံးစုပေါင်းပြီး သံပြိုင်ဘုရားရှိခိုးကြရတယ်။ ၁၅ မိနစ်လောက်ကြာတဲ့ ဘုရားရှိခိုးချိန်ကလဲ ကြည်နူးဖို့တော်တော်ကောင်းတယ်နော်။ သပ္ပာယ်လွန်းတဲ့ ဘုးရားဆင်းတုတော်ရှေ့မှာ အားလုံးညီညီညာညာ ဆရာတော်ကြီးရဲ့အသံနဲ့အတူ ဘုရားရှိခိုးရတာ အရမ်းအရသာရှိတယ်။ မနက်က အိမ်မှာတစ်ယောက်ထဲ အဲဒီမှာရွတ်တဲ့အတိုင်းရွတ်ကြည့်တာ ပေါ့တော့တော့ဖြစ်ပြီး ဘယ်လိုကြီးမှန်းမသိဘူး။ အလုပ်ချင်းတူပေမယ့် နေရာထိုင်ခင်းကြောင့်လဲ စိတ်ဓါတ်တွေကွာနိုင်ကြောင်း သတိထားမိသွားတယ်။ ညပိုင်း ရ နာရီခွဲကနေ ၈ နာရီခွဲအထိ တစ်နာရီစာ ဆရာတော်ကြီးတရားခွေဖွင့်ပြီး အားလုံးတရားနာကြရတယ်။ ငါအကြိုက်ဆုံးအချိန်ပေါ့။ တရားတော်တွေက ပါဌိတွေပါလို့ နားလည်ဖို့နဲနဲခက်တယ်။ အဖွားကြီးတွေ တော်တော်များများ အိပ်ငိုက်ကြတာတွေ့ရတယ်။ အဖွားကြီးတွေဆိုလို့ ပြောရအုန်းမယ်။ အဲဒီမှာ တရားအားထုတ်နေတဲ့အထဲမှာ အဖွားကြီးတွေ အများကြီးပဲ။ စာရင်းကိုကြည့်မိတော့ အမျိုးသမီးယောဂီ ၅၄ ယောက်တဲ့။ ငါ့ဟာငါ အသက်တွေခန့်မှန်းကြည့်တာတော့ ၆ဝ ကျော်က အယောက် ၄ဝ လောက်ရှိလိမ့်မယ်။ ငါနဲ့ရွယ်တူတောင် မတွေ့မိသလိုပဲ။ ခပ်ငယ်ငယ်ကောင်မလေး (၂ဝ အောက်) ၅ ယောက်လောက် ကျောင်းပိတ်နေလို့ လာပြီးတရားထိုင်တာတွေ့တယ်။ ဘာပဲတန်းစီစီ ငါ့က နောက်ဆုံးနားမှာပဲ စီနေရလို့ ရင်ထဲမှာတစ်မျိုးပဲ။ ငါ့လိုအသက်မငယ်တော့တဲ့သူတောင်မှ အဲဒီမှာ အငယ်ဆုံးနီးပါးဖြစ်နေတာဆိုတော့ တရားအားထုတ်တဲ့သူ အလွန်နဲနေတဲ့သဘောမဟုတ်လား။ ငါတို့အရွယ်တွေက တရားအလုပ်မလုပ်ကြပါလားလို့ သတိထားမိသွားတယ်။ အသက် ၆ဝ ကျော် ပင်စင်ယူပြီးမှ အိမ်မှာလူပိုဖြစ်နေမှ ရိပ်သာမှာ တရားလာဝင်ပြီးနေကြတာဆိုတော့ သူတို့က တကယ့်တရားအစစ်ကိုတွေ့ဖို့ ဉာဏ်ရည်နောက်ကျနေကြပြီ။ ကောင်းတာလုပ်နေကြလို့ ကုသိုလ်ရပေမယ့် တကယ်တရားတက်ဖို့ ခက်နေတာတော့ သေချာတယ်လေ။
ဆရာတော်ကြီးတရားထဲမှာတောင်ပါသေးတယ်။ နံမည်တွေတော့ သေချာမမှတ်မိတော့ဘူး။ ကုဋေရှစ်ဆယ်ကြွယ်ဝတဲ့သူဌေးနဲ့ သူဌေးမ အိမ်ထောင်ကျတော့ ကုဋေ ၁၆ဝ တောင် ချမ်းသာခဲ့ကြတာ။ သုံးဖြုန်းပစ်လိုက်ပြီး နောက်ဆုံးအိုလာတော့ သူတောင်းစားဘဝအထိရောက်ပြီး ဘုရားရှင်ကိုဆွမ်းကပ်တဲ့မဏ္ဍပ်ရှေ့မှာ စားကြွင်းစားကျန်တောင်းနေတာမြင်တော့ ဘုရားရှင်က ဉာဏ်တော်နဲ့ဆင်ခြင်ကြည့်လိုက်တော့ .. သူတို့မှာ အတိတ်ဘဝက ပါရမီကံတွေပါလာတာကို တွေ့ရတယ်တဲ့။ တကယ်လို့များ ပထမအရွယ်မှာ လူ့လောကကိုငြီးငွေ့လို့ တရားအားထုတ်မယ်ဆိုရင် အမျိုးသားက ရဟန္တာ၊ အမျိုးသမီးက အနာဂါမ်ဖြစ်နိုင်တယ်တဲ့။ အဲဒါကိုလွန်သွားလို့ ဒုတိယအရွယ်မှာ တရားအားထုတ်အုန်းမယ်ဆိုရင်လဲ အမျိုးသားက အနာဂါမ်၊ အမျိုးသမီးက သဂဒါဂါမ်အထိ ဖြစ်နိုင်ပါသေးတယ်တဲ့။ အဲဒါကိုလွန်ပြန်လို့ တတိယအရွယ်မှာ တရားအားထုတ်မယ်ဆိုရင်လဲ အမျိုးသားက သဂဒါဂါမ်နဲ့ အမျိုးသမီးက သောတပန်အထိ ဖြစ်နိုင်သေးတယ်တဲ့။ အခုတော့ အရွယ်သုံးပါးလို့ကျော်လွန်ပြီး ဦးနှောက်တွေလဲကျုံ့ကုန်ပြီမို့ တရားဟောလို့မရနိုင်တော့ပါဘူးတဲ့။ အရွယ်အားလုံးလွန်သွားပြီမို့ အဲဒီလို ပုဂ္ဂိုလ်တွေကို ဘုရားရှင်က ကိုယ့်ကိုကိုယ် တူးဖြိုပစ်သူများလို့ ပြောတယ်။ အဲဒီတရားတော်ကိုနာရတာ ငါ့စိတ်ထဲကို တော်တော်လေးထိပါတယ်။ ငါတို့တောင်မှာ အခုဆို ဒုတိယအရွယ်ရောက်နေပြီလေ။ ပထမအရွယ်တုန်းက တရားအားထုတ်သလောက် ဉာဏ်ရည်မကောင်းတော့တာ ကိုယ်တွေ့ပဲ။ ဒီနေ့တောင်မှ အလုပ်ထဲက အသက် ၅၅ နှစ်အရွယ်ရှိတဲ့ တစ်ယောက်က ငါတရားထိုင်ခဲ့တယ်ဆိုလို့ လာပြောတယ်။ သူလဲ ပင်စင်ယူပြီးရင် ရိပ်သာမှာပဲနေချင်ပါတော့တယ်တဲ့ (သူကအပျိုကြီးလေ) .. အခုထိတော့ တရားတွေပဲနာနေပြီး တရားအားမထုတ်ဖြစ်သေးဘူး။ ငါကတော့ ငါမှမပြောလိုက်ပါဘူး။ ဟုတ်ကဲ့ ကောင်းပါတယ်လို့ပဲပြန်ပြောလိုက်ပေမယ့် စိတ်ထဲမှာတော့ အဲဒီအရွယ်မှာမှ ရိပ်သာကိုစဝင်ပြီး တစ်သက်လုံးနေမယ်ဆိုတာ မဖြစ်နိုင်ဘူးလို့တွေးမိတယ်။ တရားနဲ့မွေ့လျော်ဖို့ ငယ်စဉ်ကထဲက လေ့ကျင့်ထားရမယ်။

ရေးကောင်းကောင်းနဲ့ တော်တော်ရှည်သွားပြီထင်တယ် … နောက်မှ ထပ်ရေးတော့မယ် ..

14 comments

  • koyinmaung

    November 14, 2011 at 7:32 pm

    မဝေရေ….တရားအားထုတ်တာအသက်အရွယ်နဲ့ဆိုင်တယ်ဆိုတာ
    လက်ခံပါတယ်.. ကျနော်တို့လဲတရားစခန်းဝင်ခဲ့ဘူးပါတယ်
    လယ်ဒီမူ အနာဂမ်ဆရာသက်ကြီးနည်း ဆရာကြီးဦသန်းတရားစခန်းမှာပါ
    ၃ရက်နဲ့သမာဓိထူထောင်နိုင်ပါတယ်၄ရက်မြောက်တဲ့နေမှာငယ်ထိပ်စလို့
    ခန္တာကိုယ်ကိုတစိုက်မတ်မတ်ရှု့လို့ရခဲ့ပါတယ်
    ဒါကိုအားကျလို့အသက်၆ဝကျော်လူကြီးတွေကိုဆရားစခန်းဝင်ပို့လိုက်တွန်း
    ခဲ့ဘူးပါတယ်..
    ဒါပေမဲ့တရားစခန်းကပြန်လာလို့မေးကြည့်လိုက်တဲ့အခါ ကိုယ်ထင်သလို
    သူတို့သမာဓိမထူထောင်နိုင်ဘူးဆိုတာသိလိုက်ရပါတယ်..
    ဒါကြောင့်တရားအားထုတ်တာအသက်နဲ့လဲဆိုင်တယ်လို့ထင်တာပါ…

    • ကိုရင်စည်သူ

      November 14, 2011 at 8:27 pm

      တရားအားထုတ်တာ အိမ်ထောင်မရှိ၊ သံယောဇဉ်အတွယ်အတာ
      မရှိတဲ့သူတွေ အားထုတ်ရင် ပိုပြီး သမာဓိကို မြန်မြန်တည်ဆောက်နိုင်တယ်
      လို့ ကျွန်တော် မြင်မိပါတယ်…
      အမှန်ဝန်ခံရရင် တရားစခန်းတော့ ကျနော် တခါမှမဝင်ဖူးပါဘူး..
      လူအများကြီးနဲ့ တူတူထိုင်ပြီး တရားမမှတ်တတ်လို့ပါ…
      ဆိတ်ငြိမ်တဲ့အရပ်မှာ တရားမှတ်ရတာ ကျနော် အရမ်းကြိုက်လို့ပါ…
      ကိုယ့်ဟာကိုယ် စေတီတစ်ခုခုနဲ့ လူရှင်းတဲ့ ရွာနီးစပ်တွေမှာတော့
      တရားထိုင်ဘူးပါတယ်… (ကျနော် တရားစခန်း မဝင်ဘူးပေမဲ့ တရားစခန်းဝင်တဲ့လူတွေကို လေးစားပါတယ်ဗျာ)
      အန်တီဝေ ဒီလိုမျိုး တရားစခန်းဝင်ခဲ့တဲ့ အတွေ့အကြုံရှင်းပြပေးလို့
      ကျေးဇူးပါနော့…

  • MaMa

    November 14, 2011 at 7:53 pm

    (တရုတ်စကားပြောသံကြားမိလို့ ငါတောင် ခေါင်းထောင်သွားမိသေးတယ်။) ဆိုတော့ ဝေဝေရေ- တတ်သည့်ပညာ မနေသာဆိုသလိုပေါ့နော်။ တရားစခန်းတွေမှာ ဘာသာပြန်လုပ်ပေးတာလည်း အင်မတန် ကောင်းတဲ့ ကုသိုလ်တမျိုးပဲ။ လူတိုင်းလုပ်လို့မရတဲ့ ကုသိုလ်မျိုးပေ့ါ။
    နောက်ပြီး ကျောင်းကိုရောက်တော့ ကျောင်းစိတ်ဆိုသလို စိတ်ညွတ်တာ အရမ်းကို ကွာခြားပါတယ်။ ကုသိုလ်စိတ်ဖြစ်တာချင်းတူတူ ကျောင်းမှာဆိုတော့ အိမ်မှာထက် ပိုအားကောင်းတယ်။ (သဒ္ဒါတရား ပိုထက်သန်တာပေ့ါ။)
    အချို့ကိစ္စတွေက အရွယ် ၃ပါးလုံးလုပ်လို့ မသင့်တော်ဘူး လို့ ကြားဖူးတယ်။
    ဥပမာ- အဝတ်အစား၊ အပြင်အဆင်၊ အစားအသောက်တွေဟာ သူ့အသက်အရွယ်နဲ့သူ သင့်တော်တာကို ရွေးချယ်သုံးဆောင်ရတယ်တဲ့။
    သီလဆောက်တည်တာ၊ တရားရှု့မှတ်တာကတော့ ဘယ်အသက်အရွယ်မှာပဲ ဖြစ်ဖြစ် ကျင့်သုံးသင့် ကျင့်သုံးအပ်တယ်တဲ့။ ပထမအရွယ်မှာ ကျင့်သုံးရင်လည်း ငယ်ငယ်လေးနဲ့ ကျင့်သုံးတယ်လို့ လူမကဲ့ရဲ့ဘူး။ ဒုတိယအရွယ်၊ တတိယအရွယ်တွေမှာ ကျင့်သုံးရင်လည်း မလိုက်ဖက်ဘူးလို့ မပြောကြဘူး။ အဲဒါကြောင့် တရားကျင့်သုံးတာဟာ အရွယ်မရွေး သင့်တော်လိုက်ဖက်တယ်တဲ့။
    ဒါပေမယ့် ဝေဝေပြောသလို အသက်ငယ်တုန်းမှာ အလေ့အကျင့်ရှိထားရင်တော့ ပိုကောင်းတာပေ့ါ။

    • weiwei

      November 14, 2011 at 8:36 pm

      အမှန်က စည်းကမ်းကို လိုက်နာလိုက်တာလဲပါပါတယ် … စည်းကမ်းထဲမှာ နိုင်ငံခြားသားယောဂီနဲ့ စကားမပြောရလို့ ပါထားတယ် … နောက်ပြီး တရားအကြောင်းကို ဘာသာပြန်ပေးရလောက်အောင်လဲ မစွမ်းသေးဘူးလေ … တရုတ်စကားကို သာမန်လောက်ပဲ ပြောတတ်တာ … အခုတောင် တော်တော်မေ့နေပြီ ..

    • ကြောင်ကြီး

      November 15, 2011 at 9:42 am

      အန်တီမမရေ……..တရားဖက်တယ်ဆိုတဲ့အစား မိမိစိတ်ကိုယ် မိမိလေ့ကျင့်တယ်လို့ မြင်ပေးတာ ပိုသင့်တော်မယ်ထင်ပါတယ်။ တရားလို့ပြောလိုက်ရင် လောကနဲ့ မအပ်စပ်တော့လို့ ထင်သွားတတ်လို့ပါ။ ကိုယ့်စိတ်ကိုယ် ထိန်းကျောင်းနေတယ်ဆိုတော့ လက်တွေ့ကျတယ်၊ ပစ္စုပ္ပန်အတွက်လည်း အကျိုးရှိကြောင်း အသုံးအနှုန်းမှာတင် သိသာတယ်။ ကျန်းမာသန်စွမ်းတုန်းမှ အလေ့အကျင့်မလုပ်ရင် အိုတဲ့အခါ သမာဓိ တည်ဆောက်ဖို့ အလွန်ခက်သွားပါတယ်။ သမာဓိမရှိရင် ပညာမဖြစ်ဘူး။ သီလလည်း မလုံဘူး။ စိတ်ဆန္ဒတွေ နဲသွားပေမဲ့ အတိတ်ဖြစ်ရပ် လွှမ်းမိုးမှုများကို မတွန်းလှန်နိုင်တော့ဘူး။ ရုပ်ပိုင်းချို့ယွင်းမှု ဝေဒနာများ ဖိစီးလာပါပြီ။ တခုရှိတာ လောကဓမ္မတာ ရေများရေနိုင် မီးများမီးနိုင်ဖြစ်လို့ လောဘ၊ ဒေါသ အားကောင်းတဲ့ ခေတ်ကြီးမှာ အတ္တကြီးမှ အောင်မြင်ကြီးပွားတာဆိုတော့လည်း အမှန်မြင်ဖို့ခက်ပါတယ်။ အရာရာကို ငါနဲ့နှိုင်းယှဉ်မြင်ရတာ အဟုတ်ထင်နေတော့ စိတ်ပိုင်းဆိုင်ရာ ငြိမ်းအေးမှု အကျိုးကျေးဇူးက ပတ္တမြားနွံနစ်သလို ဖြစ်နေတာပေါ့။
      အန်တီဝေရေ….
      လောကမှာ အရာရာသည် ဓမ္မသဘောနဲ့ မြင်လို့ရပါတယ်။ ဘာလုပ်လုပ် ပညတ်တင်လုပ်ရင် သမထ၊ ပရမတ်ကိုရှုရင် ဝိပဿနာပါ။ အာနာပါနလည်း ဒီသဘောပဲ။ သမထလုပ်ရင် သမထ၊ ဝိပဿာနာလုပ်ရင် ဝိပဿနာဖြစ်တယ်။ စိတ်ကလေးပြောင်းတတ်ဖို့ပဲလိုတယ်။ အန်တီဝေ ဖားအောက်အာနာပါနကိုးရက် ကျေးဇူးနဲ့ သမာဓိကောင်းလာခဲ့ရင် အဲဒီ ဝင်လေထွက်လေ အာနာပါနကို ဘာလုပ်လုပ် တတ်နိုင်သလောက် ထိန်းထားပါ။ တရားမှတ်တဲ့အခါလည်း အာနာပါနခိုပြီး လုပ်ပေါ့။ အကျိုးကျေးဇူးက ဝေဒနာကို ခံနိုင်ရည် ရှိလာတယ်၊ သမာဓိကနေ ပညာဖြစ်တယ်။ 🙂

      • weiwei

        November 15, 2011 at 10:25 am

        လောလောဆယ်တော့ အဆင်ပြေနေသေးတယ် … အမှတ်နဲနဲကျန်နေတယ် … ကုသိုလ်စိတ်လဲ ကျန်နေသေးတာပေါ့ … ကျွန်မ အရင်တုန်းက တရားမှတ်နည်းက ဘာကိုမဆို ပစ္စပ္ပန်မှာ ဖြစ်ပျက်နေတာကို အာရုံပြုပြီး မှတ်တဲ့အကျင့်ရှိပါတယ် … သွားနေရင် သွားနေတဲ့စိတ်ကို သတိနဲ့ … မြင်ရင် ကြားရင် ဒေါသစိတ်ဖြစ်ရင် သိပြီးသတိနဲ့နေတဲ့အကျင့်ပေါ့ … အခု သမာဓိထူထောင်ဖို့ ဝင်လေ ထွက်လေကိုပဲ အမြဲမပြတ်စောင့်ကြည့်တဲ့အခါ ပျင်းတာတယ် … အကြာကြီးထိုင်ဖို့ ပိုခက်လာတယ် … ဒါပေမယ့် ဘာဝနာစိတ်ကို ခပ်ကြာကြာလေး ထားနိုင်တဲ့အခါမှာတော့ ခံစားမှုက အရင်ကထိုင်တာတွေထက် ပိုကောင်းတာ တွေ့ရပါတယ် …

        အသက်ကြီးတဲ့သူတွေ တရားမှတ်ဖို့ အလွန်ခက်ပါတယ် … ခန္ဓာက မလိုက်နိုင်သလို ဉာဏ်ရည်ကလဲ မမှီနိုင်တော့ တရားမတက်ပါဘူး … ဆရာတော်ဆူတာကို နေ့တိုင်းခံနေကြရတယ် … တော်တော်အဆင်မပြေရင်တော့ အိမ်ပြန်လွှတ်တဲ့အထိပါပဲ …
        နောက်အပိုင်းတွေမှာ အသေးစိတ် ထပ်ရေးပါအုန်းမယ် …

  • pooch

    November 14, 2011 at 11:41 pm

    မဝေရေ ကျမ တရားစခန်းကို ပထမဆုံး စရောက်တာ့ အသက် ၂၂ နှစ်. ပထမနှစ်ဝင်ပြီး နောက် ၁ နှစ်လောက်နေမှ ပြန်ဝင်တာ ….ခုတော့ ၅ ကြိမ် …..၅ နှစ်လောက်တော့ရှိပြီ ၁ နှစ်ကို တခါ အခါတွင်း ၁ဝ ရက်ပဲ ဝင်နိုင်တယ် တခြားအချိန်ဆို အဆင်မပြေတာနဲ့ မဝင်ရဘူး…

    ရိပ်သာ က ပြန်လာပြီး ခံစားမိတဲ့ ပထမဆုံးခံစားချက် က လူတွေရော ပတ်ဝန်းကျင်ရော အရမ်းဆူတယ်လို့ခံစားရပြီး စကားသိပ်မပြောချင်တာပဲ .. ဒါပေမဲ့ နောက်ရက်လောက်ဆိုရင် တော့ လူက အရင်လို ပုံမှန် ပြန်ဖြစ်သွားတာပါပဲ

    တခါသွားပြီးရင် သူ့ရဲ့ အရသာကို သိသွားတဲ့သူက နောက်တခါ သွားဖို့ အမြဲကြိုးစားနေတတ်တယ်..မယုံရင်ကြည့် မဝေလည်း အားရင်သွားဖို့ စိတ်ညွှတ်နေလိမ့်မယ်…. ကျမအတွက်ကတော့ တရားရတာမရတာထက် စိတ်ကတော့ အတော်လေးကို အေးဆေးသွားတယ် …
    ခုထိလည်း လူက မောဟတွေ အကုသိုလ်တွေ ကြီးလွန်းလို့နေမှာ ဘာတရားမှ ဟုတ်တိပတ်တိ မသိပါဘူး….

    စိတ်အေးချမ်းပြီး သီလဆောက်တည်နို်င်တာလေးကိုပဲ ကျေနပ်နေရပါတယ်.. မဝေခုချိန်သွားနို်င်တာ အားကျတယ်….

    • weiwei

      November 15, 2011 at 10:15 am

      ကျွန်မ တရားစခန်းကို ပထမဆုံး ၁၅ ရက် စဝင်ဖြစ်တုန်းက အသက် ၁၈ နှစ်ပါ … ဉာဏ်ကောင်းပြီး တက်ကြွတဲ့အချိန်ပေါ့ … အကုသိုလ်ကံတွေလဲ နဲသေးတဲ့အချိန်ဆိုတော့ တရားထိုင်ရတာ အရမ်းကောင်းတယ် … အလုပ်ဝင်ပြီးတဲ့နောက်ပိုင်း တစ်ခါပဲ ၁၅ ရက် စခန်းထပ်ဝင်ဖြစ်တော့တယ် (သင်တန်းလွှတ်လိုက်တာကို သင်တန်းမသွားပဲ ရိပ်သာမှာ သွားနေလိုက်တာ 😛 ) … အခုဆို ရက်ကပိုတောင်နဲသွားတယ် … ၉ ရက်တောင် ခွင့်ရဖို့ တော်တော်ခက်ပါတယ် … 🙁

  • Moe Z

    November 15, 2011 at 10:36 am

    မမဝေရေ မိုးစက်တု့ိဝန်ထမ်းတွေက သင်္ကြန်ပိတ်ရက်ပဲရက်ရှည်ရတာဆိုတော့
    တစ်နှစ်မှတစ်ခါပဲဝင်နိုင်တယ် အိမ်ပြန်ရာက်တော့ အရှိန်လေးနည်းနည်းရပြီး
    ဆက်လုပ်နိုင်သေးတယ် နောက်တော့လည်း ဒုံရင်းပြန်ဖြစ်သွားတယ် 🙁
    ပထမဆုံးစဝင်တုန်းကဆို သမာဓိထူထောင်ဖို့ကို တော်တော်ကြိုးစားရတယ်
    စိတ်ရဲ့အမြန်နှုန်းကို အဲဒီတော့မှသိတော့တယ်
    ကလေးဘဝကိုလည်း စက္ကန့်ပိုင်းနဲ့ရောက်သွားတယ် 🙂

  • ဆူး

    November 15, 2011 at 11:16 am

    ဝိပဿနာ ဉာဏ် အတွက်သာ အရွယ်ကြီးရင် ဉာဏ်မထက်ဘူးလို့ ဆိုလိုတာပါ။
    မလုပ်တာထက်စာရင်တော့ လုပ်တာ အမြတ်ပါပဲ။
    တရားထိုင်တာမျိုး စိတ်ငြိမ်အောင် လေ့ကျင့်ထားခြင်း မရှိတဲ့ အဘိုးအဘွားများကတော့ လွယ်လွယ်ကူကူ သူငယ်ပြန်နိုင်သလို စိတ်ကျ ရောဂါစတဲ့ လူကြီးရောဂါတွေ ဖြစ်လွယ်ပါတယ်။ တရားအားထုတ်ခြင်းကလည်း တခြားသော ဆီးချို သွေးတိုး နှလုံး စတဲ့ ရောဂါ ကင်ဆာ ရောဂါ သမားတွေလည်း တရားထိုင်ပြီး သက်သာမှုနဲ့ တချို့ ပျောက်ကင်းမှုတွေ ရှိတဲ့ အထိ အထောက်အပံ့ဖြစ်ပါတယ်။
    ဝိပဿနာ ဉာဏ် မရနိုင်ပေမဲ့ ယခုဘဝ အားထုတ်မှုက အကျိုးမယုတ်ပါဘူး လတ်တလော အနေနဲ့ လူကြီးတွေ အတွက် စိတ်တည်ငြိမ်မှုနဲ့ သေခြင်းတရားက လတ်တလှမ်းအကွာမှာ ရှိနေတာမို့ မျက်စိမှိတ်တဲ့ အချိန်လေး တစ်ဘဝလုံးမှာ ပြုလုပ်ထားတဲ့ အကုသိုလ်တွေ လွယ်လွယ်ကူကူ လွမ်းမိုးပြီး ဂတိုက်ဂရိုက်နဲ့ ယောက်ယက်ခတ်နေတာမျိုး မဖြစ်တော့ဘူးပေါ့။ တချို့သော လူပုဂ္ဂိုလ်များဆိုရင် လေဖြတ်ပြီး လုံးဝ မလှုပ်နိုင်လျှင်တောင်မှ သေခါနီး လူးလိမ့်ပြီး ဆိုးဝါးတဲ့ အသံနက်ကြီးတွေနဲ့ အော်ဟစ် ကန်ကြောက် ရုန်းကန်ပြီး သေသွားတဲ့ လူတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့ လူတွေ အဖို့ကတော့ တည်ငြိမ်စွာနဲ့ နောက်ဆုံးရက်များ ဖြတ်သန်းနိုင်ခြင်းသည် အဓိက ကျလှပါသည်။
    သံသရာ အတွက်ဆိုရင်တော့ ပါရမီမြောက်တဲ့ ကုသိုလ်ဖြစ်ပါတယ်။

  • winkyawaung

    November 15, 2011 at 11:21 am

    တရားထိုင်တာကိုလည်း အားကျပါတယ်။ အတွေ့အကြုံလေးကို တင်ပြပေးတာလည်း ကောင်းပါတယ်။ ဆက်ရေးပါ။ စောင့်ဖတ်နေပါတယ်။

  • nozomi

    November 15, 2011 at 11:58 am

    အန်တီဝေ ကြီး ပို့စ် ကိုဖတ်ပြီးမှ ကိုယ်တိုင် ဝင်ဖူးတာလေးတွေ ပြန်သတိရလာတယ်
    မိုးကုတ်တို့ ရွှေဥမင် တို့မှာ ဝင်တုန်းက ဝင်လေ ထွက်လေ မှတ်ရတယ် ၊ ချမ်းမြေ့ ဝင်တော့ ပိန် ဖောင် မှတ် ရတယ် ၊ စ ထိုင်ကာစတော့ အဟုတ်ပဲ မှတ်နေရင်းနဲ့ စိတ်က ဘယ်အချိန် ဘယ်ကိုရောက်သွားမှန်း မသိတော့ဘူး သတိပြန်ထားမိတဲ့အချိန် ပြန် ဝင်လေ ထွက်လေ မှတ် ခဏနေ တခြားပြန်ရောက်သွားတာပဲ အပြင် ရောက်မှာစိုးလို့ စိတ် ကို သတိထားလေ ပိုရောက်လေပဲ ၊ ရောက်ချင်တာ ရောက်ကွာ ဘယ် ရောက်နေတာလဲ ဆိုတာကိုပဲ သတိလေးနဲ့ စောင့်ကြည့်တော့မယ် ဆို မှ နဲနဲငြိမ်သွားတယ်၊ စိတ်ကို စောင့်ကြည့် ရတာ တော်တော် မလွယ်တာပဲ ဗျ ၊ ဒီအချိန် သွားဝင် ရရင်တော့ ပို့စ် တွေအကြောင်း ရွာအကြောင်း ကို သေချာပေါက် ရောက်သွားမှာပဲ ၊ စိတ်ကူးနဲ့တောင် ပို့စ် ကို ရေးဖြစ်နေဦးမယ်ထင်တယ်

    အန်တီဝေ ကြီးလဲ ရွာ အကြောင်း စိတ် မရောက်ဘူးလား ?
    အလုပ်တွေ သံယောဇဉ်တွေ တာဝန်တွေကို ဥပေက္ခာပြုဘို့ လူပင်ပန်း စိတ်ပင်ပန်း ခံပြီး တရားစခန်းဝင်ဘို့ဆိုတာ လွယ်တာ မဟုတ်ဘူး အန်တီဝေကြီးကို ချီးလဲ ချီးကျူး သာဓုလဲ ခေါ်ပါတယ်နော

    ကောင်းတာက အသက်ငယ်တုန်း သံယောဇဉ်တွေ တာဝန်တွေ နဲတုန်း တရားစခန်း ဝင်တာ ပိုကောင်းမယ်ထင်တယ် ၊ ကျွန်တော် နောက်ဆုံး တစ်ခေါက် ဝင်ဘို့ ကြိုးစားတော့ မဟေသီ က
    “ ရှင်ကတော့ တရားစခန်း ဝင် ငြိမ်းချမ်း လို့ ကျွန်မ မှာတော့ မျောက်နှစ်ကောင်နဲ့ ဖတ်ဖတ်ကို မောလို့ ” ဆိုတာနဲ့ အဲဒီနှစ်က မဝင် ဖြစ်လိုက်ရဘူး ၊ ဟုတ်တော့လဲ ဟုတ်ပါတယ် သူတို့ဘက်က တွက်ကြည့်တော့လဲ အိမ်ကိစ္စ ကလေး ထိန်း ရ နဲ့ မလွယ်ဘူး၊ ဒီ နှစ် စည်းရုံးကြည့်လို့ အဆင်ပြေရင်တော့ ထပ် ဝင်လိုက်ဦးမယ် ( ဒီလို တွေးမိအောင် ပို့စ် တင်ပေးတဲ့ အန်တီဝေ ကြီး ကျေးဇူးနော်….)

    • weiwei

      November 15, 2011 at 12:16 pm

      ရွာသူားတွေကို စိတ်ရောက်လို့ စိတ်နဲ့ပို့စ်တွေရေးဖြစ်သေးတယ် … 😛
      စိတ်ဆိုတာ တော်တော်မကောင်းမှန်း ပိုသိသွားတယ် … ထိန်းရအခက်ဆုံးပဲ …

  • aungnng87

    November 15, 2011 at 12:37 pm

    ဟုတ်တယ်မဝေရေ…။စိတ်ဟာတော်တော်ထိန်းရခက်တယ်ဆိုတာ။ ကိုယ်တွေအကြောက်ဆုံးအလုပ်ကတရားထိုင်ရတဲ့အလုပ်ဘဲ။ ဒါကြောင့်အခုအချိန်ထိတရားစခန်းတခါမှမဝင်ဖြစ်သေးဘူး။ ဝင်မယ်ဆိုတဲ့စိတ်ကတော့ရှိတယ်။ ပြီးတော့ဘုန်းကြီးတွေကညရောက်ရင်တရားပြန်စစ်ဆေးတယ်ဆိုလို့။အဲဒါလည်းကြောက်တယ်။သူတို့စစ်ဆေးလို့ကိုယ်ကဘာမှမမြင်ဘူးဆိုရင်ရှက်စရာကြီးဆိုပြီး။အဲဒါမျိုးတွေတွေးပြီးအခုထိအလုပ်မဖြစ်သေးဘူး။

Leave a Reply