ဖယောင်းတိုင်နှင့်တူသော ယောက်ျားများ အပိုင်း (၂)

koyin sithuDecember 4, 20111min37814

ထို့နောက် မင်္ဂလာဆောင်ရန်အတွက် ဖိတ်စာများပင် ပေးလိုက်ပြီ ဖြစ်၏။ တင်တင်သည် ကိုအုန်းသာ၊ ကိုညို၊ ကိုပါလစ်၊ ကိုသောင်းရေ့တို့အား… “တင်တင်မင်္ဂလာဆောင်ကို လာဖြစ်အောင် လာရမယ်နော” ဟု ပြော၍ ဖိတ်စာများ ပေးလိုက်ပြီဖြစ်၏။ ဖိတ်စာရသောနေ့တွင် အခါတိုင်း၌ ထမင်းနှစ်ပန်းကန် စားလေ့ရှိသော ကိုသောင်းရွှေသည် ထမင်းတစ်ပန်းကန်ပင် ကုန်အောင် မစားနိုင်ဘဲ ပြန်သွားရှာလေ၏။ ဗေဒင်ဆရာ ကိုပါလစ်ကမူ တင်တင့်အား…“ဟိုထောင့်က စားပွဲမှာ နေ့တိုင်း ထမင်းစားတဲလူကို ဖိတ်စာမပေးဘူးလား” ဟု မေးလိုက်လေ၏။ “ပေးရမှာပေါ့ ကိုပါလစ်ရဲ့ ဒါပေမယ့် သူ့နာမည်ကို တင်တင်မှ မသိ ဘဲနဲ့” ဟု တင်တင်က ပြန်၍ ပြောလေ၏။ “ဒီလိုဆိုရင် ဖိတ်စာအလွတ်တစ်ခု ကျုပ်ကို ပေးထား၊ သူလာတော့ နာမည်မေးပြီး ဖိတ်စာ ပေါ်မှာ ရေးပြီး ပေးလိုက်မယ်” ဟု ကိုပါလစ်က ပြောလိုက်ရာ တင်တင်က သဘောတူသဖြင့် ဖိတ်စာအလွတ်တစ်ခု ပေးလိုက်လေ၏။

များမကြာမီ၌ပင် ထိုသူသည် ထမင်းဆိုင်အတွင်းသို့ ဝင်ရောက်လာလေတော့၏။ ထိုအခါ ကိုပါလစ်က ထိုသူအား… “မိတ်ဆွေနာမည် ဘယ်လိုခေါ်သလဲ” ဟု မေးလိုက်လေ၏။ “ခင်ဗျားက ဘာလုပ်မလို့တုန်း” ဟု ထိုသူက ပြန်၍မေးလေ၏။ “မင်္ဂလာဆောင် ဖိတ်ချင်လို့ပါ” ဟု ကိုပါလစ်က ပြန်၍ပြောလျှင် ထိုသူက.. “ခင်ဗျားဟာ အသက်ကြီးမှ မင်္ဂလာဆောင်ဦးမလို့လား” ဟု ပြန်၍ မေးလိုက်လေ၏။ “မင်္ဂလာဆောင်မှာ ကျုပ်မဟုတ်ပါဘူး၊ တင်တင်ဆောင်မှာပါ” ဟု ကိုပါလစ်က ပြောလေ၏။ “တင်တင်ဆိုတာ ဘယ်တူတုန်း၊ ကျုပ်မှ မသိဘဲ” ဟု ထိုသူက ပြန်၍ ပြောလေ၏။ “ဒီဆိုင်ရှင် မိန်းကလေးလေ၊ ဟိုမှာ ထိုင်နေတာလေ၊ ခင်ဗျားလဲ ဘာမှ မသိပါလား” ဟု ကိုပါလစ်က ပြန်၍ပြောလိုုက်လေ၏။

ထိုအခါ သူက.. “အဲဒီမိန်းကလေး လင်ယူတာတော့ ဟုတ်ပါပြီ၊ လင်ယူပြီးရင် ထမင်းဆိုင်မဖွင့်တော့ဘူးလား၊ ထမင်းဆိုင်ပိတ်မယ်ဆိုရင်လဲ စောစောပြော၊ ထမင်းဆိုင်ပြောင်းရမယ်” ဟု ပြောလေ၏။ “ဆိုင်မပိတ်ပါဘူး၊ ဆက်ပြီး ရောင်းမှာပါ၊ ခင်ဗျားကတေ့ာ တင်တင့် မင်္ဂလာသတင်းကိုကြားပြီး မတုန်လှုပ်ဘူးလား၊ ကိုသောင်းရွှေဆိုတဲ့ လူကတော့ ထမင်းတောင် မစားနိုင်တာ့ဘဲ ပြန်သွားရှာတယ်” ဟု ကိုပါလစ်က ပြောလိုက်လေ၏။ “အဲဒီလူ ဘာဖြစ်လို့ ထမင်းမစားနိုင်တာလဲ၊ နေမကောင်းဘူးလား၊ နေမကောင်းရင်တော့ ထမင်းမစားဘဲ နေတာ အကောင်းဆုံးပဲ ကော်ဖီလေး ဘာလေး သောက်နေဖို့ အကြံပေးလိုက်စမ်းပါ” ဟု ထိုသူက ပြောလိုက်ရာ ကိုပါလစ်သည် ခေါင်းကို ကုတ်လိုက်လေ၏။ “မဟုတ်ဘူးဗျ၊ ကိုသောင်းရွှေကလဲ တင်တင့်ကို စိတ်ဝင်စားနေတာ” ဟု ကိုပါလစ်က ထိုသူနားကပ်၍ တီးတိုးပြောလိုကလေ၏။

ထိုအခါကျမှပင် ထိုသူက.. “ဪ.. ဒိလိုလား” ဟု ပြန်၍ ပြောလေ၏။ ထိုအခါ ကိုပါလစ်က…“အမှန်ကတော့ ကိုသောင်းရွှေ တစ်ယောက်တည်း မဟုတ်ဘူးဗျ၊ ဒီဆိုင်မှာ ထမင်းလခ ပေးစားတဲ့သူတိုင်း တင်တင့်ကို စိတ်ဝင်စားကြတာပဲ၊ မိတ်ဆွေကြီး ခင်ဗျားကော စိတ်မဝင်စားဘူးလား” ဟု ပြော၍ အကဲစမ်းလိုက်လေ၏။ ထိုအခါ ထိုသူက ခေါင်းကို ရမ်းလိုက်၏။ “ကျုပ် ဒီကောင်မလေးကို စိတ်မဝင်စားပါဘူး၊ ကျုပ်ဒီဆိုင်မှာ စိတ်အဝင်စားဆုံးကတော့ ဝက်သားဟင်းချက်တဲ့သူပဲ” ဟု ထိုသူကပြောလိုက်ရာ ကိုပါလစ်က ရယ်လေတော့၏။ “ဝက်သားဟင်းချက်တာ တင်တင့်အဒေါ် အဘွားကြီးဗျ၊ အဲဒီမိန်းမကြီးကို ခင်ဗျားက လို်ချင်လို့လား” ဟု ကိုပါလစ်က မေးလိုက်လေ၏။ “ကျုပ်ပြောတဲ့ စိတ်ဝင်စားတယ်ဆိုတာ ယူဖို့ပြောတာ မဟုတ်ဘူး၊ စိတ်ဝင်စားလို့ စိတ်ဝင်စားတယ်လို့ ပြောတာ၊ မလွဲသာလို့ ဆိုရင်တော့ ကောင်မလေးကို ယူပြီး သူ့အဒေါ်ကို ဝက်သားဟင်း ချက်ခိုင်းရမှာပေါ့၊ ဒါမှလဲ သဘာဝကျတော့မှာပေါ့၊ ကောင်မလေးကို မယူဘဲ ဒီဆိုင်မှာ ထမင်းစားလို့ ဖြစ်သေးတယ် ဆိုရင်တော့ ဒီအတိုင်းပဲ ပိုက်ဆံပေးစားတာ ကောင်းပါတယ်” ဟု ထိုသူက ပြောလိုက်လေ၏။

“ကောင်းမလေးကို မယူဘဲနဲ့လဲ ဒီဆိုင်မျာ ထမင်းစားနိုင်ခွင့်ရှိပါတယ်၊ ကောင်မလေးကို မယူချင်လဲ မယူပါနဲ့” ဟု ကိုပါလစ်က ခပ်ငေါ့ငေါ့ ပြောလိုက်လေ၏။ “ဒီလိုဆိုလဲ ပြီးရောပေါ့၊ ဒါဖြင့် ခင်ဗျား သွားတော့” ဟု ထိုသူက ပြောလိုက်လေ၏။ ကိုပါလစ်လည်း ထိုနေရာမှ ရွှေ့မည်လုပ်ပြီးမှ.. “နေဦးလေး၊ မိတ်ဆွေနာမည် ပြောဦးလေ” ဟု မေးလိုက်လေ၏။ “ကျုပ်နာမည် မောင်မောင်လို့ ခေါ်တယ်” ဟု ထိုသူကပြန်ပြောလိုက်လေ၏။ “ကိုမောင်မောင် ဘာလုပ်ငန်းလုပ်ပါသလဲ” ဟု ကိုပါလစ်က ထပ်၍မေးလိုုက်လေ၏။ “ကျုပ်က လက်မှုပညာကျောင်းမှာ လက်သမား ပညာသင်တဲ့ ဆရာလဲလုပ်တယ်၊ ကျုပ်ကိုယ်တိုင်လဲ ရွှေတီဂုံဘက်မှာ ပရိဘောဂ ဆိုင်ဖွင့်ထားတယ်” ဟု ထိုသူက ဖြေလိုက်လ၏။ ထိုအခါကြမှပင် ကိုပါလစ်လဲ တင်တင်ပေးထားသော ဖိတ်စာပေါ်တွင် ကိုမောင်မောင် ပရိဘောဆိုင်ပိုင်ရှင်ဟု ရေးလိုက်လေ၏။ ပြီးလျှင် ကိုမောင်မောင်လည်း ဖိတ်စာကိုယူ၍ ဘေးသို့ ချထားလိုက်ပြီးလျှင် ကိုပါလစ်အား..“သတို့သမီးလောင်းကို ပြောလိုက်ပါ၊ မင်္ဂလာဆောင်ကိုတော့ ကျုပ် မလာနိုင်ဘူး၊ တော်ကြာကျရင် ခုတင်တစ်လုံးတေ့ လက်ဖွဲ့အဖြစ် ပို့လိုက်မယ်” ဟု ပြောလိုက်လေ၏။

“သတို့သားဘယ်သူလဲဆိုတာ သိရအောင် ဖတ်ကြည့်ဦးလေ” ဟု ကိုပါလစ်က ပြောလိုက်လေ၏။ “သတိုးသားက ခင်ဗျား မဟုတ်လား” ဟု ကိုမောင်မောင်က ပြန်၍ မေးလိုက်လေ၏။ “ဘယ့်နှယ်ကြောင့် ကျုပ်နဲ့ချည်း ပေးစားနေရတာတုန်း ဆန်နီဆိုတဲ့လူနဲ့ယူမှာဗျ” ဟု ကိုပါလစ်က ပြောလိုက်လေ၏။ “ခင်ဗျားပြောတဲ့ ဆန်နီကို ကျုုပ်မသိဘူး” ဟု မောင်မောင်က ပြန်၍ ပြောလိုက်လေ၏။ “ဒီဆိုင်ကို ဘော်းဘီဝတ်နဲ့ အမြဲလာနေတဲ့သူဟာလေ၊ ခင်ဗျား မသိဘူးလား” ဟု ကိုပါလစ်က မေးလိုက်လေ၏။ “ဪ.. ဟုတ်ပြီ..ဟုတ်ပြီ၊ ကျုပ် သတိထားမိပြီ” ဟု ကိုမောင်မောင်က ပြောလျှင် ကိုပါလစ်က.. “ခင်ဗျားအနေနဲ့ ဒီတစ်ခါတော့ သတိထားဖော် ရသေးတာကိုး” ဟု ခနဲ့တဲ့တဲ့ လေသံဖြင့် ပြောလိုက်လေ၏။ “ကျုပ် သေသေချာချာ သတိထားမိပါတယ်၊ သူလဲ ကျုပ်တို့လိုပဲ ဒီမှာ ထမင်းလခ ပေးစားတဲ့လူ မဟုတ်လား၊ ဖြူဖပ်ဖြူရော်နဲ့ မိန်းမလျှာလေးပဲလေ၊ သူ့မျက်နှာကလဲ အင်္ဂလိပ်လိုလို မြန်မာလိုလိုနဲ့ သိပ်ပြီး မျိုးစစ်ပုံမရဘူး၊ အဲဒီလို မျိုးမစစ်တဲ့ မိန်းမရှာလို ကောင်လေးကို ဒီမိန်းကလေးက ဘာဖြစ်လို့ ယူရတာတုန်း၊ ဒီဆိုင်မှာ ယောက်ျားတွေ အများကြီးရှိတာပဲ၊ တကယ်ဆို ခင်ဗျားကို ယူတယ်ဆိုရင်တောင် ဟုတ်သေးတယ်” ဟု ကိုမောင်မောင်က ပြောလိုက်ရာ ကိုပါလစ်ကြီးက.. “အလို မိတ်ဆွေရဲ့ မျက်စိထဲမျာ တင်တင်နဲ့ ကျုပ်နဲ့ ထိုက်တန်နေတယ်ပေါ့” ဟု ပြန်၍ မေးလိုက်လေ၏။

“ဘယ့်နှယ်ကြောင့် မထိုက်တန်ရမှာတုန်း၊ ခင်ဗျားဟာ ယောက်ျားတစ်ယောက်နဲ့တူတယ်၊ ပြီးတော့ မြန်မာစစ်စစ်တစ်ယောက်နဲ့လဲ တူတယ်၊ ကျုပ်ဟာ အဲဒီမိန်းကလေးရဲ့ အုပ်ထိန်းသူဆိုရင် ဟိုမိ်န်းမရှာကောင်နဲ့ မပေးစားဘူး၊ ခင်ဗျားနဲ့ ပေးစားလိုက်မယ်” ဟု ကိုမောင်မောင်က ပြောလိုက်ရာ ကိုပါလစ်က.. “မိတ်ဆွေ ဝက်သားဟင်းတစ်ပွဲ ထပ်စားပါဦး၊ ကျုပ်ကျွေးပါရစေ” ဟု ပြောလိုက်လေ၏။ ထို့နောက် ကိုမောင်မောင်သည် ထမင်းစားပြီးလျှင် ပြန်သွားလေ၏။ များမကြာမီ၌ ချယ်ကာရီကားကြီး တစ်စီးဖြင့် တင်တင်၏ ဆိုင်သို့ ခုတင်ကြီ းတစ်လုံး ရောက်လာလေတော့၏။ ထိုခုတင်မှာ တင်တင်တို့ မင်္ဂလာဆောင်အတွက် ကိုမောင်မောင် လက်ဖွဲ့လိုက်သော ခုတင်ဖြစ်လေသည်။ တင်တင်လည်း ကိုမောင်မောင်အား လွန်စွာကျေးဇူးတင်လေ၏။ ထို့ပြင် ကိုမောင်မောင်ဆိုသူအား စကားပြောရာ၌ ကြွတ် ဆတ်ဆတ်နိုင်သော်လည်း စိတ်သဘောထားမှာ မဆိုးဟု မှတ်ချက်ချလေ၏။

နောက်တစ်နေ့ထမင်းစားချိန်တွင် ကိုမောင်မောင်ရောက် ရှိလာသောအခါ၌ တင်တင်သည် ငိုယို၍ အလုပ်ရှုပ်နေ၏။ ဆိုင်တွင်းမှ ထမင်းစားနေသူများမှာလည်း ထိုင်ရမလို ထရမလို ဖြစ်နေ၏။ ကိုမောင်မောင်သည် ထုံးစံအတို်င်း ထောင့်ဆုံးစားပွဲသို့ သွားကာ ဝက်သားဟင်းနှင့် ထမင်းကို မှာလိုက်လေ၏။ ဗေဒင်ဆရာ ကိုပါလစ်သည် ကိုမောင်မောင်စားပွဲသို့ ရောက်လာပြီးလျှင်.. “ခက်တော့ကုန်ပြီဗျို့” ဟု ပြောလိုက်လေ၏။ “ဘာတွေခက်နေတာလဲ” ဟု ကိုမောင်မောင်က ပြန်၍မေးလိုက်ရာ ကိုပါလစ်က.. “တင်တင့်အတွက် ခက်တယ်ပြောတာ” ဟု ပြန်၍ ပြောလေ၏။ “တင်တင်က လင်ယူမှာ မဟုတ်လား၊ လင်ယူတာ မခက်ပါဘူး၊ ကျုပ် မနေ့က ခုတင်တစ်လုံး ပို့လိုက်တယ်” ဟု ကိုမောင်မောင်သည် မိမိပြောလိုသော စကားကို ဆက်တိုက် ပြောပြလိုက်လေ၏။

ထိုအခါ ကိုပါလစ်က.. “ခင်ဗျား ဘာတွေ လျှောက်ပြောနေတာလဲ ဖြစ်တာက ဒီလိုဗျ၊ ဆန်နီတစ်ယောက် မနေ့ကပဲ ပဲခူးကို ပျော်ပွဲစားထွက်တာ မင်္ဂလာဒုံမျာ ကားမှောက်လို့တဲ့ ဒဏ်ရာက တော်တော်များတယ်၊ သေဖို့ဘက် များတယ်ဆိုပဲ” ဟု ပြောလိုက်ရာ ကိုမောင်မောင်က..“ ဟာ.. သနားစရာပဲ၊ ဖိတ်စာတွေလဲ ရိုက်ပြီးကုန်ပြီ၊ ဟိုကောင်လေးများ သေသွားရင်တော့ ကောင်မလေးခမျာမှာ အပျိုစစ်စစ်ကနေ မုဆိုးမ ဖြစ်ဦးမယ်” ဟု ပြောလိုက်လေ၏။ ထိုအချိန်၌ တင်တင်သည် ဆေးရုံးသို့ တစ်ခေါက် ထပ်၍ လိုက်သွား၏။ များမကြာမီ၌ပင် ဆိုင်အလုပ်သမားလေး တစ်ဦး ဆေးရုံကပြန်လာပြီး ဒေါ်ပုကြီးအား… “ကြီးဒေါပု၊ ကိုဆန်နီတော့ သေပြီဗျ” ဟု ပြောလိုက်လေ၏။ ထိုအသံကို တစ်ဆိုင်လုံး ကြားလိုက်ရ၏။

ထိုအချိန်၌ ကိုသောင်းရွှေသည် ထမင်းစားနေသည်ဖြစ်ရာ ထမင်းတစ်ပန်းကန် ကုန်သွားသဖြင့် နောက်တစ်ပန်းကန် ထပ်ထည့်လိုက်လေ၏။ ထိုသို့ ထမင်းထပ်၍ထည့်သည်ကို ကိုပါလစ်က မြင်၍ သွားလေ၏။ “ဟိုမှာ မြင်လား၊ ကိုသောင်းရွှေကြီး ထမင်းတွေ ထပ်ထည့်နေတာ” ဟု ကိုပါလစ်က ပြောလိုက်လေ၏။ များမကြာမီ၌ တင်တင်လည်း ရှိုက်ကြီးတငင် ငိုကြွေး၍ ဆိုင်သို့ပြန်လည် ရောက်ရှိလာ၏။ ထိုကြောင့် ရွှေညာသူ တင်တင်နှင့် ဆန်နီဘတူတို့၏ မင်္ဂလာဆောင်သည် ကံတရား၏ ဖျက်ဆီးခြင်းကို ခံလိုက်ရလေတော့၏။

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး ခြောက်လခန့် ကြာသောအခါ ဗေဒင်ဆရာ ကိုပါလစ်သည် ကိုမောင်မောင် ထမင်းစားနေသော နေရာသို့ ရောက်ရှိလာပြီးလျှင်.. “ကိုမောင်မောင်ရေ အခက်ကြုံပြန်ပြီဗျို့” ဟု ပြောလေ၏။ “ဘာတွေ ခက်နေတာလဲ ဗေဒင်ဆရာ ကိုပါလစ်ရဲ့ ခင်ဗျား လက်ပေါ်ကို ရာဟုစီးနေပြီလား” ဟု ကိုမောင်မောင်က ပြန်၍မေးလိုက်လေ၏။ “မဟုတ်ဘူးဗျ၊ ကိုသောင်းရွှေဆိုတဲ့ကောင်က တင်တင့်ကို အတင်းကပ်နေတယ်၊ နက်ဖြန်ခါကို မှော်ဘီဘက် ပျော်ပွဲစားထွက်ဖို့တောင် စီစဉ်နေတယ်၊ တင်တင်ကလဲ လိုက်မလို့” ဟု ကိုပါလစ်က ပြောလိုက်လေ၏။ “ခင်ဗျား အခုပြောတဲ့အထိတော့ ခက်တာတစ်ခုမှမပါဘူး” ဟု ကိုမောင်မောင်က ပြန်၍ ပြောလိုက်ရာ ကိုပါလစ်သည် ခေါင်းကို ကုတ်လျက်.. “သောင်းရွှေက ပျော်ပွဲစားထွက်မယ်လို့ ညာပြီးခေါ်တာဗျ၊ ဘယ်သူမှာ မပါဘူး၊ သူတို့နှစ်ယောက်တည်းရယ်” ဟု ပြောလိုုက်လေ၏။

“ကြံပါစေဗျာ၊ အဲဒီလို ကြံလို့များ ရသွားရင်တော့ ကျုပ်က သူတို့ မင်္ဂလာဆောင် အတွက် ဗီရိုကြီးတစ်လုံး လက်ဖွဲ့လိုက်ဦးမယ်” ဟု ကိုမောင်မောင်က ပြန်၍ ပြောလေ၏။ “ကျုပ်ကတော့ အဲဒီလို မဖြစ်စေချင်ူဘး ကိုမောင်မောင်ရဲ့၊ သောင်းရွှေဆိုတဲ့ကောင် လူပျိုမဟုတ်ဘူး၊ သူ့မိန်းမက မအူပင်မှာရှိတယ်၊ နာမည်နဲ့တကွ သိတယ်၊ ဒီကောင်က တင်တင့်ကို လူပျိုဆိုပြီး လှိမ့်ထားတာ၊ ပြီးတော့ နက်ဖြန်သွားမယ့် မှော်ဘီဆိုတာကလဲ ဟိုးမြို့ အစွန် ပေါ်တော်မူဘုရားနားမှာဗျ၊ ဘယ်အိမ်ကို သွားမယ်ဆိုတာ ကျုပ် ကောင်းကောင်းသိတယ်၊ ကောင်မလေးကတော့ ရေတိမ်နစ်ပါပြီဗျာ၊ အဲဒီအိမ်က စာရေးဆရာတစ်ယောက်ရဲ့ အိမ်ဗျ၊ အဲဒီစာရေးဆရာက အသက် ငါးဆယ်ပြည့်ရင် ရသေ့ဝတ်ပြီး ရသေ့ကျောင်းအဖြစ် အသုံးပြုဖို့ ဝယ်ထားတဲ့ အိမ်ကလေးဗျ၊ ဒီလူကလဲ တစ်နှစ်နေလို့ အဲဒီအိမ်ကို တစ်ခေါက်ရောက်တာ မဟုတ်ဘူး၊ သူက ရန်ကုန်မှာ နေတာ၊သူနဲ့သိတဲ့လူတိုင်းက ပျော်ပွဲစားထွက်မယ်ဆိုပြီး သော့သွားတောင်ရင် သူက ပေးလိုက်တာပဲ၊ အဲဒီမှာ တချို့က သူ့ဆီက သော့ယူပြီး မှော်ဘီက သူ့အိမ်ကလေးမှာ ချိန်းပြီ ဖဲရိုက်တာရှိတယ်၊ သမီးရည်းစား ချိန်းတွေ့တာရှိတယ်၊ လင်မယားနဲ့ နောက်မီးလင်းတဲ့ ကောင်တွေလဲ ပါတယ်” ဟု ပြောလိုက်လေ၏။

ထိုအခါ ကိုမောင်မောင်က.. “ခင်ဗျားပြောတဲ့ စာရေးဆရာက ဘယ်သူတုန်း” ဟု မေးလိုက်ရာ ကိုပါလစ်က ကိုမောင်မောင်၏ နားအနီးသို့ ကပ်ကာ စာရေးဆရာဘယ်သူဟု ပြောလိုက်လေ၏။ ထို့ကြောင့် ကိုမောင်မောင် က “ဪ.. သိတယ်၊ သိတယ်၊ သူ့စာတွေ ကျုပ် အများကြီး ဖတ်ဖူးတယ်၊ ကျုပ်နဲ့လည်း နည်းနည်းပါးပါး ရင်းနှီးပါတယ်၊ ကျုပ်ဆီမှာ ဘုရားစင်တစ်ခု အပ်ဖူးတယ်ဗျ” ဟု ပြောလိုက်လေ၏။ ထို့နောက် ကိုမောင်မောင်သည် ကိုပါလစ်အား လက်ဖက်ရည်တိုက်ဦးမည်ဟု ဆိုကာ ရွှေဂုံတိုင်ဘက်သို့ ခေါ်သွားလေတော့၏။ နောက်တစ်နေ့ နံနက် ရှစ်နာရီထိုးလောက်တွင် မှော်ဘီမြို့အထွက် ပေါ်တော်မူဘုရားသို့ သွားသော မြေနီလမ်းကလေးပေါ်တွင် ကားအနက်ကလေး တစ်စီး မောင်းနှင်၍ နေလေ၏။ ထိုကားပေါ်တွင်ကား ယောက်ျားတစ်ဦး၊ ၎င်း၏ ဘေးတွင် မိန်းကလေးတစ်ဦး လိုက်ပါလာလေ၏။

ထိုယောက်ျားနှင့် မိန်းမမှာ ကိုသောင်းရွှေနှင့် တင်တင်ဖြစ်သည်ဟု ဖော်ပြရန် လိုမည်မထင်တော့ပါ။ “ကိုသောင်းရွှေ ချောင်ကျလှချည်လား တင်တင်တော့ မလိုက်ရဲဘူး” ဟု တင်တင်က ပြောလိုုက်လ၏။ “ဟိုမှာ အဖော်တွေ ရောက်နှင့်နေပါပြီ ဘာမှ မကြောက်ပါနဲ့” ဟု ဆိုကာ ကိုသောင်းရွှေသည် ကားကို ဆက်လက် မောင်းနှင်လာခဲ့ရာ ခြံနံပါတ်(….) သို့ရောက်လျှင် ခြံတွင်းသို့ ကားကိုမောင်းဝင်လိုက်လေ၏။ ခြံမှာ ဝါးပင်များ၊ သရက်ပင်များရှိ၏။ ခြံလယ်တွင် ပျဉ်ထောင်အိမ် ကလေးတစ်လုံး ဆောက်ထားကာ ခြံ၏ နောက်ဘက်တွင် ဝါးမောင်းတံကို အသုံးပြုရသော အုတ်ရေတွင်းတစ်ခု ရှိ၏။ ခြံတွင်း၌ လူသူတစ် စုံတစ်ယောက်ကိုမျှ မတွေ့ရသဖြင့် တင်တင်က.. “ဘယ်မှာလဲလူတွေ၊ တစ်ယောက်မှလဲ မတွေ့ပါလား” ဟု ပြောလိုက်ရာ ကိုသောင်းရွှေက.. “သူတို့နောက်ကျ နေကြတယ်ထင်တယ်၊ ကိုယ်မလိမ်ပါဘူး တင်တင်ရယ်၊ လာပါ။ အိမ်ပေါ်တက်ပြီး စောင့်ရအောင် လူမြင်လို့ မတော်ပါဘူး” ဟု ဆိုကာ အိမ်တံခါးကို ဖွင့်၍ တင်တင့်အား အိမ်ပေးသို့ အတင်းခေါ်လေ၏။

တင်တင်လည်း အိမ်ပေါ်သို့ လိုက်၍ တက်သွားရ၏။ ထိုအခါ ကိုသောင်းရွှေက အိမ်တံခါးကို ပိတ်လိုက်လေ၏။ ပြီးလျှင် တင်တင်အား အတင်းသိုင်းဖက်လေတော့၏။ တင်တင်က ရုန်း၏။ ကိုသောင်းရွှေက တင်တင်အား ခြေချင်းချိတိ်၍ ကြမ်းပြင်ပေါ်သို့ လှဲချလိုက်၏။ တင်တင်က အော်၏။ ကိုသောင်းရွှေက ပါးစပ်ကို ပိတ်ထား၏။ တင်တင်က လုံချည်ကို ကိုင်ရင်း.. “ခွေးမျိုး၊လူယုတ်မာ” ဟုဆဲ၏။ ကိုသေားရွှေက တင်တင့်ကိုယ်ဘေးသို့ ကို့ရိုးကားယားကြီး အိပ်လိုက်လေ၏။ ထိုအချိန်၌မှာပင် ကိုသောင်းရွှေ၏ နောက်ကျောဆီမှ…“ဟေ့ကောင် ဒီမှာကြည့်စမ်း” ဟူသော အသံတစ်သံ ထွက်ပေါ်လာသဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ တင်တင်၏ ရွှေညာသူ ထမင်းဆိုင်ထောင့်ကလေးတွင် မည်သူနှင့်မျှ အရောတဝင် မလုပ်ဘဲ မှုန်တေတေ ဖြင့် ထမင်းစားနေလေ ့ရှိသောသူ ဖြစ်ကြောင်းကို ကိုသောင်းရွှေ ကောင်းစွာမှတ်မိသွားလေ၏။ ထိုသူ၏ လက်ထဲတွင် ၃၈ ဗို့ ခြောက်လုံးပြူးတစ်လက် ကိုင်ထားသည်ကိုလည်း တွေ့ရလေ၏။

ကိုသောင်းရွှေသည် ကြောက်ကြောက်လန့်လန့်ဖြင့်.. “ခင်ဗျား..ခင်ဗျား” ဟု ပြောလိုက်လေ၏။ တင်တင်မှာမူ ရှက်လွန်းသဖြင့် ငိုကြွေးနေလေ၏။ ထိုအခါ မှုန်တေတေ လူက.. “မင်းဟာ လူယုတ်မာပဲ၊ မင်းမှာ သားကြီး မယားကြီး ရှိရဲ့သားနဲ့ ဒီမိန်းကလေးကို ဘာဖြစ်လို့ ကြံစည်ရတာတုန်း” ဟု ပြောလိုက်စဉ်မှာပင် အိမ်ပေါ်သို့ နောက်ဖေးပေါက်မှ နောက်တစ်ယောက်တက်လာပြန်၏။ ထိုသူမှာ ဗေဒင်ဆရာ ကိုပါလစ်ဖြစ်၏။ ကိုပါလစ်ကို မြင်လျှင် တင်တင်က..“ ဟင်…ကိုပါလစ်ကြီး တင်တင့်ကို ကယ်ပါဦး” ဟု ပြောလိုက်ရာ ကိုပါလစ်က.. “နင့်ကိုကယ်ဖို့ ဟောဒီ ကိုဟောဒီ ကိုမောင်မောင်ကို ငါက သတင်းပေးလိုက်တာ၊ ငါ့အလုပ်က ကယ်ဖို့ မဟုတ်ဘူး၊ ဟိုကောင့်ကို ကန်ဖို့ အလုပ်ပဲရှိတာ” ဟု ဆိုကာ ကိုသောင်းရွှေ၏ ရင်ဝကို ခြေထောင်ဖြင့် ဆောင့်ကန်လိုက်လေ၏။

ထို့နောက် ကိုမောင်ေမောင်သည် သောင်းရွှေထံမှ မော်တော်ကားသော့ကို ယူ၍.. “တင်တင် လာ၊ ဘာမှ ရှက်လဲ မရှက်နဲ့၊ ကြောက်လဲ မကြောက်နဲ့၊ ကားပေါ်တက်” ဟု ဆိုကာ၎င်းက မော်တော်ကားကို မောင်းလေ၏။ ကိုပါလစ်ကြီးလည်း အိမ်ပေါ်မှ ပြေးဆင်းလာပြီးလျှင် နောက်မှ တက်လေ၏။ မော်တော်ကားလေးသည် လာလမ်းအတိုင်းပြန်၍ မောင်းထွက်သွားလေ၏။ “အချိန်မီ အစ်ကိုကြီး ရောက်လာပေလို့ပဲ” ဟု တင်တင်က ပြောလိုက်လေ၏။ “အချိန်မီ ရောက်လာတာ မဟုတ်ဘူး၊ မနေ့ညကတည်းက ကျုပ်တို့ နှစ်ယောက်က ရောက်နှင့်တာ၊ ကိုသောင်းရွှေဆိုတာ ဘယ်လိုလူစားဆိုတာ တင်တင်ကိုယ်တိုင် သိရအောင် ခဏလေး စောင့်တာ၊ ကျုပ်တို့နှစ်ယောက်စလုံး အတွင်းခန်းထဲမှာ ရှိတယ်” ဟု ကိုမောင်မောင်က ပြောလိုက်လေ၏။

ထိုအခါ ကိုပါလစ်ကြီးက …“သူ့မိန်းမကိုလဲ မနေ့က သံကြိုးရိုက်လိုက်ပြီ ညသင်္ဘောနဲ့ လိုက်လာရင် ရန်ကုန်ကို ရောကနေလောက်ပြီ၊လိုက်လာဖို့လိပ်စာကိုလဲ တင့်တင့်ဆိုင်လိပ်စာပဲ ကျုပ်က ပေးလိုက်တယ်” ဟု ပြောလိုုက်လေ၏။ “ဒါနဲ့ နေစမ်းပါဦး ကိုပါလစ်ကြီးရဲ့ သောင်းရွှေကို ဘယ်လိုလုပ်ပြီး ထားပစ်ခဲ့သလဲ” ဟု ကိုမောင်မောင်က မေးလိုကု်ရာ.. “ခင်ဗျားတို့နှစ်ယောက်လဲ အိမ်ပေါ်က ဆင်းသွားရော ကျုုပ်လဲ သူ့ကို ခြေထောက်နဲ့ နှစ်ချက်ဆက်ပြီး ကန်သေးတယ်၊ အဲဒီမှာ သူက ကုန်းပြီး ထလာမယ်အလုပ်မှာ ပါးချိတ်ကို လက်သီးနဲ့ တစ်ချက်ထိုးလိုက်တာ အရုပ်ကြိုးပြတ် လဲကျပြီး ငြိမ်သွားလေရဲ့” ဟု ကိုပါလစ်ကြီးက ပြောလေ၏။ “ကားစက်နှိုးတုန်း ဝုးန်ခနဲ့ ကြားတဲ့အသံဟာ ဒီကောင်လဲကျသွားတဲ့အသံ ကိုး” ဟု ကိုမောင်မောင်က ပြောလေ၏။

“ဒီကောင် တော်တော်အသည်းငယ်တဲ့ကောင်ပဲ၊ တစ်ခါတည်းမေ့သားတော့တာပဲ၊ ဒါနဲ့ ကျုပ်လဲ သူ့အိတ်ထဲက ပိုက်ဆံအိတ်ကို နှိုက်လာခဲ့တယ်၊ ဒီကောင်မှာ ပိုက်ဆံတစ်ပြားမှ မရှိတော့ဘူး၊ အဲဒီပိုက်ဆံက တော့ ယယြာဖိုးအဖြစ် ကျုပ် ယူလိုက်ပြီ” ဟု ကိုပါလစ်ကြီးက ပြောလိုက်လေ၏။ ထိုအခါ ကိုမောင်မောင်က မရယ်စဖူး အသံထွက်အောင် ရယ်လိုက်လေ၏။ ထို့နောက်..“ခင်ဗျားက လူကိုလဲ လက်သီးနဲ့ထိုး၊ ပိုက်ဆံအိတ်ကိုလဲ နှိုက်လာခဲ့သေးတာ ကိုး” ဟု ပြောလိုက်လေ၏။ “ဒီကောင့်ကိုတော့ ဒီလိုလုပ်မှ တန်တာကျမှာ” ဟု ကိုပါလစ်က ပြန်၍ ပြောလိုက်လေ၏။

ထိုအခါ ကိုမောင်မောင်က.. “ဒီကောင်လုပ်တဲ့ဌာနက စက်ပစ္စည်းတွေ သံထည်ပစ္စည်းတွေနဲ့ ပတ်သက်တယ်ဗျ၊ အဲဒါ ဒီကောင်က ကြက်တန်းက ကုလားပွဲစားတစ်ယောက်နဲ့ ပေါင်းပြီး တော်တော်များများ အရောင်းအဝယ် လုပ်ထားတယ်၊ အဲဒီကိစ္စက ကျုပ်မှာ သက်သေ အထောက်အထား ပြည့်ပြည့်စုံစုံ ရှိတယ်၊ အဲဒါနဲ့ မနေ့က ကျုပ်လဲ သက်ဆိုင်ရာကို သတင်းပေးလိုုက်ပြီ သက်ဆိုက်ရာက ဒီနေ့ ဒီကောင့်ကို ဖမ်းမယ့်နေ့ပဲ” ဟု ပြောလိုက်လေ၏။ ၎င်းတို့၏ ကားကလေးသည် မှော်ဘီမှ ထောက်ကြံ့၊ ထောက်ကြံ့မှ မင်္ဂလာဒုံ၊ မင်္ဂလာဒုံမှ ရန်ကုန်သို့ တရွေ့ရွေ့ ရောက်ရှိလာလေတော့၏။ ရန်ကုန်သို့ ရောက်သောအခါ၌ ကိုမောင်မောင်သည် ရွှေတိဂုံဘက်သို့ မမောင်းဘဲ ဘားလမ်းဘက်သို့ မောင်းလာသဖြင့် တင်တင်က… “အစ်ကိုကြီး၊ ဘယ်ကိုမောင်းမလို့တုန်း” ဟု မေးလိုက်၏။ “ရုံးကို မောင်းမလို့” ဟု ကိုမောင်မောင်က ပြန်၍ ဖြေလိုက်လေ၏။ “ရုံးမှာ ဘာကိစ္စရှိလိုတုန်း” ဟု တင်တင်က မေးလိုုက်ရာ ကိုမောင်မောင်က.. “တင်တင့်ကို ဒီလိုထားလို့ မဖြစ်ဘူး၊ အန္တရာယ်ရှိတယ်၊ မကြာခဏဆိုသလို ဒုုက္ခပေးမယ့် ကောင်တွေနဲ့ တွေ့လိမ့်မယ်၊ အဲဒီတော့ တင်တင့်ကို ကျုပ်ယူလိုက်မှ ဖြစ်မယ်၊ ဟောဒီမှာ စာချုပ်နှစ်စောင်၊ ကျုပ် အသင့်ရေးလာခဲ့တာ၊ ကျေနပ်ရဲ့လား” ဟု ပြောလိုက်လေ၏။ တင်တင်က ငြိမ်၍ နေလေ၏။ ထိုသို့ ငြိမ်နေခြင်းမှာ ကိုမောင်မောင်၏ စကားကို ငြင်းပယ်ခြင်း မရှိကြောင်း ဖော်ပြခြင်းပင် ဖြစ်၏။

ထို့နောက်တွင်ကား ကိုပါလစ်အား သက်သေအရာထား၍ တင်တင်နှင့် ကိုမောင်မောင်သည် လက်ထပ်လိုက်ကြလေတော့၏။ လက်ထပ်ပြီး၍ ပြန်လာသောအခါ၌ ဗေဒင်ဆရာ ကိုပါလစ်က.. “ကိုမောင်မောင်တို့ လုပ်လိုက်ပုံကတော့ ပိုင်တယ်ဗျာ” ဟု ပြောလိုက်လေ၏။ ထိုအခါ ကိုမောင်မောင်က… “ကျုပ်က မပိုင်သေးရင် ခြင်ထောင်ထဲ ဝင်နေတဲ့ ခြင်ကိုတောင်ထပြီး ရိုက်တဲ့လူမျိုး မဟုတ်ဘူး၊ ပိုင်မှ လုပ်လေ့ရှိတယ်” ဟု ပြောလိုက်ရာ တင်တင်က ကိုမောင်ေမောင်၏ ဗိုက်ခေါက်ကို သူ၏ လက်ကလေးဖြင့် ဆွဲလိမ်လိုက်လေ၏။ ဆိုင်သို့ ပြန်၍ ရောက်လာသောအခါ ဒေါ်ပုက… “ဟယ်.. သွားတုန်းက တစ်ယောက်နဲ့ ပြန်လာတော့ တစ်ယောက်နဲ့ပါလား၊ ဘယ်လိုဖြစ်တာလဲ မိတင်တင်ရယ်” ဟု မေးလိုက်ရာ တင်တင်က ၎င်း၏ အဖြစ်အပျက်အလုံးစုံကို ဒေါ်ပုအား ပြောပြလေ၏။ ဒေါ်ပုလည်း ငြိမ်၍ နားထောင်နေ၏။

တင်တင်၏ စကားဆုံးသွားသောအခါ… “ငါပြောတယ်မဟုတ်လား၊ ဒီကောင်က တစ်ထုပ်မှာမှ ခြောက်တိုင်တည်းပါတဲ့ ကျောက်ဖယောင်းတိုင်လိုဟာမျိုး၊ ကျောက်ဖယောင်းတိုင်များ တခြားဖယောင်းတိုင်နဲ့ မတူဘူး၊ သိပ်ပြီး သပ်ရပ်ပါလား၊ ဟိုမှာထိုင်နေတာ သောင်းရွှေမယားပေါ့” ဟု ဒေါ်ပုက ပြောလိုက်လေ၏။ ထိုနေ့မှစ၍ ကျောက်ဖယောင်းတိုင်နှင့် တူသော ကိုမောင်မောင်နှင့် ရွှေညာသူ တင်တင်တို့သည် အကြင်လင်မယားဖြစ်၍ သွားသည်ဖြစ်ရာ ကိုမောင်မောင် လက်ဖွဲ့ခဲ့သော ခုတင်ကြီးမှာလည်း ကိုမောင်မောင်နှင့် တင်တင်အဖို့ မင်္ဂလာခန်းဝင်ပစ္စည်းဖြစ်၍သွားလေတော့၏။ ထိုကြောင့် ကိုပါလစ်က “ကိုမောင်မောင်တိုအား ပိုင်တယ်ဗျာ၊ သူ့မင်္ဂလာဆောင်အတွက် သူကိုယ်တိုင် ခုတင်ကြီးတစ်လုံး ကြိုပြီး လက်ဖွဲ့ထားတယ်” ဟု မကြာခဏ နောက်ပြောင်လေ့ရှိသည်ဟူ၏။ တင်တင်တို့ မင်္ဂလာဆောင်ပြီး များမကြာမီ၌ပင် ကိုသောင်းရွှေ ထောင်ကျသွားလေ၏။ ကိုသောင်းရွှေ ထောင်ကျပြီး များမကြာမီ၌ပင် ဗေဒင်ဆရာ ကိုပါလစ်ကြီးသည် ဟင်းချက်ကောင်းသော အဒေါ်ပုကြီးအား ခိုးပြေးသွားသည်ဖြစ်ရာ တင်တင်၏ ရွှေညာသူ ထမင်းဆိုင်သည် အပြီးအပိုင် ပိတ်လိုက်ရလေတော့သတည်း။

— ပြီးပါပြီ —-

14 comments

  • ကိုရင်စည်သူ

    December 4, 2011 at 10:06 am

    အဘဆရာရဲ့ စာမူလက်ရာတွေကို ယခုထက်ထိ
    မမေ့သေးဘဲ ဖတ်ရှူ့ပေးနေကြတဲ့ ရွာသူားများရော၊
    အဘရဲ့ တောက်တိုမယ်ရ အညံ့ဆုံး
    တပည့်လေး ကိုရင်စည်
    ရေးသမျှကို
    အားပေးဖတ်ရှူ့ကြသော ရွာသူားများကို
    ကျေးဇူးတင်ပါတယ်ဗျာ။ ဖယောင်းတိုင် ဇာတ်သိမ်းလေးတော့
    ကျေနပ်ကြမယ်ထင်ပါတယ်…. 😳 😳

  • E.T

    December 4, 2011 at 11:03 am

    ဒါ့ကြောင့် ကရင်စည်သွပ်က ကျောက်ဖယောင်းတိုင်ကြီးနဲ ့ တူတယ်လို ့ နီကီလေးကို စွတ်လွှတ်နေတာကိုး။ မင်္ဂလာဆောင်ရင်ပြော ကျောက်ကုတင်ကြီး လက်ဖွဲ ့မယ် 😛

    • ကြောင်ကြီး

      December 4, 2011 at 12:18 pm

      ကျုပ်က ဟိုတယ်အခန်း လက်ဖွဲ့မယ်။ ဗျူးကောင်းမှကောင်း……. 😎
      ကိုရင်စည်သူရေ…
      မြေလျောက်ဝိဇ္ဇာ ကိုမြသာ ဇာတ်လမ်းသည် ဆရာကြီးရဲ့ ဂန္ဓာရီအတွေ့အကြုံများကို မှတ်တမ်းတင် ရေးဖွဲ့ထားတယ်ဆိုတာ ဟုတ်ပါသလား။။။ အဲဒီစာအုပ်အတွဲမှာ ဂန္ဓာရီကျင့်စဉ်များ အတော်လေး ပြည့်ပြည့်စုံစုံ ရေးထားပေးလို့ပါ။။။။။ ဆက်လက်ရေးသား ဖော်ထုတ်ပါအုံး…။ အားပေးနေပါသည်။ 🙂

      • ကိုရင်စည်သူ

        December 5, 2011 at 7:25 pm

        ကိုကြောင်ကြီး လက်ဖွဲ့မယ့်အခန်းကိုတော့
        ခုထဲက မျှော်နေမယ်နော့… 😎 😎
        မြေလျှောက်ဝိဇ္ဇာရွှေမြသာ ဇာတ်လမ်းမှာ အဘဆရာကြီးရဲ့
        အတွေ့အကြုံအစစ်ကို အခြေခံရေးထားတာပါ။
        *အကျဉ်းထောင်ထဲမှ ရခဲ့သော ဂန္ဓာရီကျင့်စဉ်* အခန်းသည်
        အဘဆရာ ထောင်ကျနေစဉ်ကာလအတွင်း တားရော့ခ်ပညာဖြင့်
        ထွက်ရပ်ပေါက်ကျင့်စဉ်တစ်ခုဖြစ်ပါသည်။
        ကကြောင်ကြီး အားပေးတာကို တိုင်းကယူးဘဲရီးမတ်စ် ပါနော်… 😳 😳

        • MaMa

          December 5, 2011 at 7:48 pm

          ကစည်သူတော့ ကြောင်ကြီးရဲ့ လှည့်ကွက်မှာ ကွိနေပါရော့လား 😆

    • manawphyulay

      December 4, 2011 at 2:21 pm

      ဘာလဲ ကိုယ့်အတွက် ကျောက်ကုတင်ကို အရင်ပို့ထားသလို ဖြစ်နေမယ်နော်… အကြံပိုင်ချက်ကတော့ မပြောချင်ပါဘူး။ 😛

  • ပေါက်ဖော်

    December 4, 2011 at 12:25 pm

    အဘ တပည့်လေးကလဲ..အဘလိုပဲ…ပေါ့သေးသေး မဟုတ်ဘူးဂျ..
    မယုံရင် တံခါးစောင့်ကြီးမေးကြည့်…
    🙄

  • hmee

    December 4, 2011 at 12:47 pm

    ဇတ်သိမ်းလေးလဲကောင်းပါတယ်။ မနေ့ကတည်းက တနေကုန် ခဏခဏဝင်ကြည့်နေတာ အပိုင်း(၂) ဖတ်ချင်လို့။

  • amatmin

    December 4, 2011 at 1:55 pm

    ကိုရင်စည်ရေ..
    အားပေးတယ်ဗျို့.. ဂလိုမျိုးလေးတွေ ဆက်ရေးပါဦးဗျ..
    ှဆရာကြီး လက်ရာတွေထဲ မှာ အကြိုက်ဆုံးကတော့ မတထောင်တကောင်ဘွား ပဲဗျ…

  • မှော်ဆရာ

    December 4, 2011 at 3:01 pm

    ကျွန်တော်ကတော့ သူကြီးဆန္ဒအရ မတူတဲ့ဘက်က ရေးမယ်ဗျိုး …
    ဆန်နီဘတူသေတာ ရိုးကော ရိုးရဲ့လား
    ကိုမောင်မောင် က အစတဲက တင်တင်ကို ကြံနေပုံရတယ် …။
    မပိုင်ရင် ခြင်တောင် ထရိုက်တဲ့ လူမဟုတ်ဘူးဆိုတော့ သံသယ ဖြစ်စရာတွေ ရှိတယ် …။
    ပုံ
    အိုင်ပီ မှော်ဆရာ ..

    • ကိုရင်စည်သူ

      December 5, 2011 at 7:36 pm

      အိုင်ပီ စကြာမင်းကတော့လုပ်ပြီ…
      ကိုမောင်မောင်ဆိုတာ စည့်လိုပဲလေ.. ညှဲညှဲ..
      ပိုင်မှ လုပ်တဲ့ အကွက်ကို လှစ်ပြထားတဲ့သဘောပါ။
      ဆန်နီသေတာ သွေးရိုးသားရိုးပါဗျာ..
      ကိုရင်စည်မောင်မောင် 😆 😆 😆

  • windtalker

    December 4, 2011 at 3:15 pm

    သမိန်ပေါသွပ်ပုံပြောင်းပြီး ဖင်ပိတ်ငြင်းတတ်သော ကိုရင်စည်သူ အား
    အဘယ်ကြောင့် ဖင်ပိတ်ပြီးမှ ငြင်းရသနည်း ဟု မေးခွန်းထုတ်ပါ၏
    တွံ ကိုရင်စည်သူ ဖြေပါ

  • captainamerica

    December 4, 2011 at 9:30 pm

    မှော်ဆရာရဲ.ဉာဏ်ကိုတော့လေးစားတယ်ဗျို.။ ကျုုပ်လည်းဒီဝထ္ထုဖတ်ဖူးတာ
    ကြာပေါ့။မှော်ဆရာတွေးမိသလိုတစ်ခါမှမတွေးမိဝူး။ဖြစ်နိုင်တာပဲ။
    လူအများတွေးသလိုမတွေးဘဲဖောက်ထွက်ပီးတွေးတဲ.မှော်ဆရာကိုလေးစားပါတယ်။

  • Paganini

    December 5, 2011 at 8:17 pm

    ဝတ္ထုပါ အကြောင်းအရာတော့ မန့်တော့ဘူးဗျာ ….
    ဒါနဲ့
    ဆားပုလင်းနှင်းမောင် ကို ဆက်အသက်သွင်းပါလား ကိုရင်ရာ…
    ကျုပ်သိပ်ကြိုက်ရတဲ့ စနေမောင်မောင်ကောပေါ့…
    ဆြာခ …လည်း သည်ဇာတ်ကောင်တွေကို ရှင်သန်စေချင်ဦးမှာပဲထင်တယ်နော်..
    သူ စိတ်ချယုံကြည ်တဲ့ သားတပည့်တွေ လက်ရာမွန် အသစ်တွေ နဲ့ ဆိုရင်ပေါ့….
    ကျုပ်တို့ ပရိတ်သတ်တွေကလည်း…

Leave a Reply