ကြက်မတစ်ကောင်ရဲ့ခံစားချက်(ဇာတ်သိမ်း)
မာယာများတဲ့ ကျားရဲတောကိုပဲ
ယုံသူငယ်မလေး ခြေဦးပြန်လှည့်ရပြန်ပြီပေါ့။
ကျမ မြို့ပေါ်က ကေတီဗွီဆိုင်ကို တစ်ခေါက်ထပ်ရောက်ရပြန်ပါပြီ။
အရင်က လုပ်ခဲ့တဲ့ဆိုင်တော့မဟုတ်ပါဘူး၊ အခြားဆိုင်တစ်ဆိုင်ပါ။
အရင်အတွေ့အကြုံရှိထားသူမို့ ဒီတစ်ခါတော့ အခက်အခဲသိပ်မရှိတော့ပါဘူး။
ဟိုဆိုင်မှာလုပ်ခဲ့တုန်းကဖောက်သည်တွေကလည်း သတင်းကြားတော့ ရောက်လာကြပါတယ်။
ကျမ အရင်ဆိုင်မှာလုပ်ခဲ့တုန်းကလို လူတစ်ယောက်နဲ့ ထပ်ဆုံရပါတယ်။ ကျမရဲ့ ဘိုင်ကိုကိုပေါ့။
အစတော့ ရိုးရိုး နောက်တော့ တမျိုးတိုးလို့ ချစ်ပြန်ဆိုပဲ ဆိုပဲ……. ဆိုတဲ့ သီချင်းထဲ ကလိုပေါ့၊
တပတ်တစ်ခါလောက်ရောက်လာတတ်ပြီး ကျမကို အပျော့ဆွဲ ဆွဲပါတယ်။
ကျမကလည်းနပ်နေပြီလေ၊ ဒါမျိုးဆို လာထား၊ အာဘွားလေးပေးပြီး
စပိုင်များများသောက် ၊မုန့်ဘိုးများများတောင်းလိုက်တာပေါ့။
စပိုင် ဝိုင်ဆိုတာသိတယ်မလား၊ ခဏပဲမူးတယ်၊အလေ့အကျင့်ရှိရင် ၄၅ မိနစ်
တဆက်ရှင်တစ်လုံးလောက် သောက်နိုင်တယ်၊ အဲ့လူမျိုးက ၃ ချိန်လောက်နေတာ။
စပိုင်တစ်လုံးကို အပြင်ဆိုင်မှာ ထောင့်ငါးရာလောက်ပဲရှိတာ။ ကေတီဗွီမှာ နှစ်ထောင့်
ငါးရာရိုက်လိုက်တယ်၊ ကျမက တစ်လုံးကို ငါးရာရတယ်လေ၊မပိုင်လား၊ ဟဲဟဲ။
ကျမ သူ့အလိုကိုမလိုက်ပါဘူး၊ ရသလောက် ယူလိုက်တာပေါ့။
မတင့်သီချင်းလေးသိတယ်မလား၊ ပါလာတာအားလုံးကုန် ဆိုတာလိုဖြစ်သွားမယ်..ဟင်းဟင်း….။
ဒါပေမဲ့ လည်လွန်းတဲ့ဘီး ချီးသင့်ဆိုတဲ့စကားပုံလို ကျားကိုမှ ကျမ သွားကစားမိခဲ့တယ်လေ။
ဒါတွေ နောက်မှ ကျမပြန်သိခဲ့ရတာပါ။ သိတဲ့အချိန်မှာတော့ ကျမဟာ ဘဝမှာ
အဖတ်ဆယ်လို့မရတော့တဲ့အခြေ ကိုရောက်ခဲ့ပါပြီ။ ဒီအကြောင်းလေးကိုကျမ ဆက်ပြောပြပါမယ်။
ကျမတို့ ကေတီဗွီမှာ အသက် (၃၀)လောက်ရှိတဲ့ လူတစ်ယောက် ရှိပါတယ်၊
သူက ဒီဆိုင်ရဲ့ ရှယ်ရာဝင်တစ်ယောက်၊ မန္တလေးကလာတာလို့ပြောပါတယ်။
အရပ်မြင့်မြင့်၊အသားဖြူဖြူ ရုပ်ဖြောင့်ဖြောင့် တိုင်းရင်းသားတစ်ယောက်ပါ။
ဆိုင်ကကောင်မတွေကတော့ သူ့အကြောင်းပဲပြောနေကြတာပေါ့။
ခပ် ကဲကဲ ကောင်မတွေက သူနဲ့သာဆိုရင် …. တွေ ဘာတွေလုပ်လို့…။
ကိုကြီး …ကိုကြီး ဆိုပြီးအတင်းလိုက် ရောကြတဲ့သူတွကရှိသေး။
အဲဒီအထဲမှာ ခပ်မှန်မှန်နေတဲ့ ကျမကိုသူသတိထားမိသွားတယ်ထင်တယ်။
တောသူဆိုတော့ အရပ်မြင့်မြင့် ဖွံ့ဖွံ့ထွားထွား အသားက ညို ညို၊ ကိုကိုတွေအကြိုက်ပေါ့။
မျက်နှာပေါက်က ကုလားဆင်၊ ဆံပင်ကရှည်ရှည်၊ သီချင်းတွေလည်းအဆိုကောင်းတယ်လေ။
ဧည့်သည်ပါးတဲ့အချိန်မှာဆို မကြာမကြာ ကျမကိုသူနဲ့အတူခေါ်ပြီးသီချင်းဆိုပါတယ်။
ကြာလာတော့ ကျမ သူ့ရဲ့ အပြုအစု အယုအယမှာနစ်မျောလာပါတယ်၊၊
သူကမခေါ်ရင်တောင် ကျမက သူနဲ့အတူနေချင်စိတ်ဝင်လာတဲ့အခါ သူ့ဆီကိုသွားပါတယ်။
လူတကာစိတ်ဝင်စားနေတဲ့သူတစ်ယောက်လည်းဖြစ်၊ ကျမကိုယ်တိုင်က
တစ်စိမ်းယောက်ျားဆိုတဲ့ ဖိုသတ္တဝါတွေရဲ့ အထိအတွေ့ကြားမှာ
ထိမ်းချုပ်ထားရတာတွေလည်းများလာတော့ လွှတ်ပေးချင်မိတာပေါ့။
ကျမလည်း သွေးသားဆူဖြိုးစ အပျိုအရွယ်ဆိုတာရှင်တို့သိပါတယ်လေ။
ရှင်တို့ ကိုယ်ချင်းစာနိုင်ကြမှာပါ။ သူ့ကို ဆိုင်ရှင်ဆိုတဲ့ စိတ်နဲ့ လုံးတာမျိုးတော့မဟုတ်ပါဘူး။
သူ့ကို တကယ်ချစ်မိသွားတာပါ။ ဒီလိုနဲ့ သူဟာကျမရဲ့ အချော့တော် တစ်ယောက်ဖြစ်ခဲ့ပါတယ်။
သူကတော့ ထင်မှာပေါ့၊ ကျမဟာ သူ့ရဲ့ ပျော်တော်ဆက်တစ်ယောက်လို့လေ။
ကျမထက်အရင်ရောက်နေတဲ့ သူငယ်ချင်းတစ်ယောက်ကတော့ သတိပေးပါတယ်၊
နင်အရမ်းမယုံနဲ့တဲ့။ သူက ဒီဆိုင်မှာလုပ်တာကြာနေပြီလေ။
ဒါပေမဲ့မရတော့ပါဘူး၊ ကျမ သူ့ ရင်ခွင်ထဲမှာ ပျော်ရွှင်ရင်းကုန်လွန်ခဲ့ရတဲ့ ညတွေ ဟာ
ကျမ ရဲ့ မွန်းကြပ်မှုတွေကိုပြေပျောက်စေခဲ့ပါတယ်၊ မိသားစုအတွက် ပူပင်နေတဲ့
သောကတွေကိုလည်းမေ့ပျောက်စေခဲ့ပါတယ်။ ဘာနဲ့မှမတူတဲ့ သာယာမှုတစ်ခုရဲ့
ညှို့ငင် ဆွဲဆောင်မှုအောက်မှာ စိတ်ညစ်စရာ အရာအားလုံးဟာမေ့ပျောက်နေပြီး
ပျော်ရွှင်စရာအတိကို ဖန်တီးပေးနိုင်စွမ်းတဲ့ သူ့ ကို ကျမ အစွဲလမ်းကြီးစွဲလမ်းခဲ့ပါတယ်။
တနေ့ကျရင် ဆိုင်ခွဲတစ်ခုဖွင့်ပြီး ကျမကို ကြီးကြပ်စေမယ်ဆိုတဲ့ စကားဟာလည်း
ကျမ ရှေ့လျှောက်ရမဲ့ဘဝခရီးအတွက် မျှော်လင့်ချက်ရောင်ခြည်တစ်ခုပေါ့။
တနေ့တော့၊ တပတ်လောက်ခရီးသွားနေရာကပြန်ရောက်လာတဲ့
ကျမရဲ့ကိုကို က စကားတစ်ခွန်းပြောပါတယ်။
ရှေ့လကျရင် မြို့လေးတစ်မြို့မှာ ဆိုင်ခွဲသွားဖွင့်ဖို့အားလုံးစီစဉ်ထားတယ်တဲ့။
အဲဒီမှာကျမကို ကောင်တာထိုင်ခိုင်းမယ်လို့ပြောပါတယ်။
ကျမလည်း အားတက်သွားတာပေါ့။ ဒါပေမဲ့ အဲဒီမြို့မှာ ဆိုင်ဖွင့်လို့ရဖို့ အရေးပါတဲ့သူတစ်ယောက်
ကိုဧည့်ခံပေးရမယ်တဲ့၊ သူကလည်း ကျမ ကိုပဲ သဘောကျနေတော့ ကျမကိုဧည့်ခံပေးဖို့ပြောပါတယ်။
ကျမပထမတော့ အရမ်းအံ့ဩသွားတယ်။ ကိုကိုကအကျိုးအကြောင်းလှည့်ပတ်ပြောပြီးနားချပါတယ်။
ဆိုင်ဖွင့်ဖို့အတွက်ကလည်း နေရာတွေ အဆင်သင့် ငှားထားပြီးပြီ ၊
ပစ္စည်းတွေတောင်စုပြီးသွားပြီဆိုတော့ ကျမ ရှေ့ရေးအတွက်စဉ်းစားပြီးလက်ခံလိုက်ပါတယ်။
သူကတော့ အထက်ကကျမပြောခဲ့တဲ့ ကျမရဲ့ ဘိုင် ကိုကိုပါပဲ။ အို ဘယ်လိုတွေဖြစ်ကုန်ပါလိမ့်၊
နောက်ဆုတ်လို့တော့မရတော့ဘူးလေ၊ ကျမ မချစ်တဲ့ယောက်ျားတယောက်ရဲ့ ရင်ခွင်ကို
ပထမဆုံးဝင်ခဲ့ရတဲ့ ညပေါ့။
ဒီလိုနဲ့ တပတ်တစ်ခါလောက်နဲ့ နောက်ထပ်နှစ်ခါ သူ့အလိုကိုလိုက်ခဲ့ရပါတယ်။
နောက်တော့ ကျမတို့ ဆိုင်သစ်ဖွင့်မဲ့ မြို့လေးကိုရောက်ခဲ့ပါတယ်။
ကောင်မလေးအသစ်လေးတွေလည်းအများကြီးထပ်ခေါ်တာပေါ့။
ဟိုလူက မကြာမကြာရောက်လာတတ်ပြီး၊ အစရှိအနောင် နောင် ဆိုသလို
သူနဲ့ ပါလာတဲ့ သူတွေကိုလည်း ကျမဧည့်ခံရပြန်ပါတယ်။ ကျမရဲ့ ကိုကိုကတော့
အသစ်ရောက်လာတဲ့ကောင်မလေးထဲ က ခပ်ချောချောကောင်မလေးနားကိုပဲ ကပ်နေပါတယ်၊
ကျမဆီကိုသိပ်မကပ်တော့ပဲ ကျမခေါ်လွန်းမက ခေါ်တော့မှ လာပါတယ်။
တနေ့တော့ ကျမ ကိုကို့ ကို လိုက်ရှာတော့ အခန်းတစ်ခုထဲမှာ ဟိုကောင်မ အသစ်နဲ့အတူ ဖက်ပြီး
သီချင်းဆိုနေတာတွေ့လိုက်ရပါတယ်။ ကျမလေ မျက်လုံးတွေ ပြာဝေပြီး
ခေါင်းထဲမှာ မူးကနဲ မိုက်ကနဲ ဖြစ်သွားပါတယ်။ ရည်းစားလူ လု၊ အူနုကျွဲခတ်၊
မျက်စပ်ပိုးဝင်၊ ဆံတပင်တင်း၊ ချစ်ခြင်းမယား၊ အဲဒါယောက်ျားတွေ အတွက်ပဲဆိုင်သလား၊
မိန်းမတွေနဲ့ကောဆိုင်သလား၊ မိန်းမတွေအတွက်သပ်သပ်ရှိသလားဆိုတာတော့ မသိ၊
ဒီစာထဲကအတိုင်းခံစားရပါတယ်။ ညကျတော့ ကိုကို့ ကိုဒီအကြောင်းမေးတဲ့အခါကျတော့
မင်းနဲ့ ငါက တရားဝင်လက်ထပ်ထားသလားတဲ့၊ မင်းက ငါ့ဆိုင်က အလုပ်သမားပဲ တဲ့၊
ဒီကိစ္စတွေ မင်းပြောပိုင်ခွင့်မရှိပါဘူးတဲ့လေ။ ကျမနားထဲ မှာရထားဆယ်စင်းလောက်
ပြိုင်တူဖြတ်မောင်းသွား သလိုခံစားရပြီး၊ လူကလည်း မတ်တပ်ရပ်နေပေမဲ့
လေထဲမှာမြောက်တက်နေသလို ဆောက်တည်ရာမရဖြစ်ခဲ့ရပါတယ်။ အသည်းနှလုံးတွေဟာလည်း
ဆုပ်ခြေ ဖြစ်ညှစ်ခံရသလို တဆစ်ဆစ် နဲ့ နာကျင်လာပါတယ်။ စိတ်ဆိုးဒေါသထွက်တာမျိုးတွေမရှိခဲ့ပဲ
အံ့ဩမှင်သက်တဲ့အကြည့်နဲ့ ကိုကို့မျက်နှာကို စိုက်ကြည့်ရင်းမျက်ရေတွေ ဟာ ပါးပြင်ပေါ်ကနေ
တလိမ့်ခြင်းလိမ့်ဆင်းလာပါတယ်။ မင်းကိုကောင်တာမှာထိုင်ခိုင်းထားတယ်၊
မင်းအလုပ်ကိုမင်းလုပ်ပါ၊ အရေးကြီးတဲ့ ဧည့်သည်တွေလာရင်
ဧည့်ခံဖို့အဆင်သင့်လုပ်ထားပါလို့ပြောပြီး အခန်းပြင်ထွက်သွားပါတယ်။
ကျမရဲ့ပါးပြင်ပေါ်က လိမ့်ဆင်းကျလာတဲ့မျက်ရေတွေဟာ
ဂျင်းဘောင်းဘီအတိုပြတ်လေးဝတ်ထားတဲ့ကျမရဲ့ပေါင်တံသွယ်သွယ်ပေါ်ကိုကျခဲ့ပါတယ်။
တချိန်က ကိုကိုစွဲစွဲမက်မက် ခေါင်းအုံးအိပ်ခဲ့တဲ့ ဒီပေါင်ပေါ်မှာ အခုတော့ ကိုကို့ကြောင့်
ကျတဲ့မျက်ရည်တွေက နေရာယူ ခဲ့ပါပြီ။ ကျမ တာဝန်ယူထားတဲ့ကောင်တာခုံ ကိုလည်း
ဟိုကောင်မလေးက တစ်စတစ် နေရာယူခဲ့ပါတယ်။
အရင်က ကျမရဲ့ စွင့်ကားတဲ့ တင်ပါးနဲ့ အပြည့်အုပ်စိုးထားခဲ့တဲ့ ကောင်တာစာပွဲနောက်က
ထိုင်ခုံအရှည်ဟာ အခုတော့ လုံးကျစ်တဲ့တင်ပါးပိုင်ရှင် သူ့သခင်မအသစ်လေးကို
ထမ်းပိုးသယ်မရတဲ့တာဝန်ကို ပြောင်းလဲထမ်းဆောင်သွားပါပြီ။
ကျမကတော့ နောက်ဖေးကအခန်းလေးထဲမှာ
အသံမဲ့ ငိုရှိုက်မှုများနဲ့အတူ အထီးကျန်(တကယ်တော့အမကျန်တာပါ) စွာ ငေးငိုင်နေခဲ့ရပါပြီ။
အဲဒီအချိန်မှာသူငယ်ချင်းရောက်လာပြီး သိပ်ခံစားမနေပါနဲ့ သူငယ်ချင်းရယ်၊
မင်းကိုငါသတိပေးခဲ့တယ်မလား၊ ဒါတွေဟာ သူတို့လုပ်နေကျအလုပ်တွေပါတဲ့၊
တချိန်က မင်းလိုငါခံစားခဲ့ဖူးပါတယ်၊ အခုမင်းအလှည့်ပေါ့တဲ့ ၊
နောင် မင်းနေရာကိုယူမဲ့သူကတော့ အခုအသစ်ရောက်လာတဲ့ကောင်မလေးပဲတဲ့။
အို ဒီစကားကိုကြားလိုက်ရတော့ ကျမရဲ့နားထဲမှာ ရထားဆယ်စင်းဖြတ်မောင်းတာထက်ဆိုးပြီး
မိုးကြိုးအကြိမ်တစ်ရာပစ်တာလောက်ခံစားရပါတယ်၊ ကျမနှလုံးသားကို ဖြစ်ညှစ်ရုံတင်မက
ရင်ထဲက ဆွဲထုတ်သွားသလို ခံစားလိုက်ရပါတယ်။
သူငယ်ချင်းရယ် နင်ဘာကြောင့် စောစောက အဲလိုပွင့်ပွင့်လင်းလင်းမပြောခဲ့သလဲဆိုတော့
ငါစောစောကပြောလည်း နင်လက်ခံမှာမဟုတ်ဘူး၊ နင်က ချစ်ဆိပ် တက်နေတယ်လေ တဲ့၊
နင့်ကို ငါ အတင်းအကြပ်ပြောလိုက်ရင် နင်နဲ့ ငါ အမုန်းပွားသွားမှာပေါ့၊
အဲဒါဆို နင်အခုလို အားငယ်နေတဲ့အချိန်မှာ နင့်ကို ငါ့လို ဘယ်သူက လာအားပေးမှာလဲတဲ့။
ငါ့တုန်းက ငါ့ရှေ့က အခုအလုပ်ထွက်သွားတဲ့အမက သတိပေးခဲ့တယ်၊
ငါက သူပြောတာကိုလက်မခံလို့ စိတ်ဆိုးပြီး အဆင်မပြေဖြစ်ခဲ့တော့ ငါ နင့်လို ခံစားရတဲ့အချိန်မှာ
အခုလိုအားပေးမဲ့သူ မရှိခဲ့ဘူး၊ ငါတို့ က ဘဝတူတွေချင်းမို့ နင့်ကို ကိုယ်ချင်းစာပါတယ်တဲ့။
ကျမ သူ့ကိုဘာပြန်ပြောရမှန်းမသိခဲ့ဘူး၊ အခုတော့ အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးခဲ့ပြီလေ။
ကျမရဲ့ ဘဝဟာလည်း တစတစ ပိုပြီးကျေမွခဲ့ရပါပြီ။ ဟိုအရေးပါတယ်ဆိုတဲ့လူဟာလဲ တကယ်တော့
ဘာမှ မဟုတ်ပဲ ကျမကိုချဉ်းကပ်လို့ မရလို့ သူတို့အချင်းချင်းညှိပြီး ဆိုင်ရှင်ကိုယ်တိုင်
အကွက်ဆိုလိုက်တယ်ဆိုတာလည်း သိခဲ့ရပါတယ်။ ဒါပေမဲ့ ကျမကိုကို့ကို စိတ်မနာနိုင်ခဲ့ပါဘူး။
သူနဲ့အတူတူ ပျော်ရွှင်ခဲ့ရတဲ့ ကာလတွေကို ပြန်လည် တမ်းတနေခဲ့မိပေမဲ့
ကျမရဲ့ ကိုကို ဟာကျမဆီကို ပြန်ရောက်မလာတော့ပါဘူး။
ကျမကတော့ သူ့ရဲ့ရင်ခွင်ကို မျှော်လင့်နေဆဲပါ။
ယောက်ျားတကာရဲ့ ရင်ခွင်မှာ နေရတဲ့ကျမက၊ ယောက်ျားတစ်ရောက် ရဲ့ရင်ခွင်ကို
တခုတ်တရ မျှော်လင့်နေပါတယ်ဆိုတာကို ရှင်တို့ ရုံကြည်နိုင်ပါ့မလား။
အဲဒီယောက်ျားတွေဟာ ကျမကို တစ်ကယ်ချစ်တယ်ဆိုစေဦးတော့၊
ကျမကို မချစ်ပေမဲ့ ကျမကချစ်နေရတဲ့ ကိုကို့ ရဲ့ရင်ခွင်လောက်
ကျမ မမက်မောဘူးဆိုရင်ကော ရှင်တို့ ရုံကြမှာလားဟင်။
မရုံတဲ့အပြင် ကျမကို လှောင်ပြောင်ချင် နေကြမှာပါ၊ ကျမသိပါတယ်။
ကျမပြောပြလို့ ရုံမှာမဟုတ်တဲ့ရှင်တို့ကို ဘာမှမပြောတော့ပါဘူး။
ရင်ထဲမှာတင်းကြပ်နေတဲ့ ကျမရဲ့ခံစားချက်တွေကို အနည်းငယ်ပြေပျောက်ဖို့အတွက်၊
ကျမကို မလှောင်ပြောင်မဲ့ ဟောဒီအခန်းနံရံကိုပဲ ပြောပြလိုက်ပါတော့တယ်။
ကြက်မမှာလည်း အသဲနဲ့ပါရှင်။
ခင်မင်လေးစားလျှက်
ကြောင်လတ်။ ။
8 comments
windtalker
December 11, 2011 at 1:21 pm
ကိုကြောင်လတ် ရဲ ့ကြက်မလေး နာမည် က “ခိုင်” တဲ့လား…
မနေ ့ကမှ ကဗျာတစ်ပုဒ်ထဲမှာ “ခိုင်” ့ကို သတိရကြောင်း ဖတ်ခဲ့ရသေးတယ်နော်
ဟီဟိ
small cat
December 11, 2011 at 1:37 pm
ကိုကြောင်လတ် ၏ ကိုယ်တွေ့ဖြစ်ရပ်များလို့ နာမည်လေးလိုက်ဖို့ကောင်းတယ်။
ကြက်လေးနေရာကခံစားပြီးရေးထားတာဖတ်လို့တော့ကောင်းပါတယ်။
ဖြစ်ရပ်မှန်ကနဲနဲ အစာသွပ်ပြီး အတင်းကြီးဇာတ်နာအောင်ရေးထားသလားလို့။
ကြောင်လတ်
December 11, 2011 at 1:58 pm
ကြောင်လေးရေ ငါက မင်းလို အူကြောင်ကြောင်တွေ တွေးပြီး
အူကြောင်ကြောင်တွေ မရေးတတ်ဘူးကွ။
naywoonni
December 11, 2011 at 5:27 pm
ဟိုသီချင်းလေးလိုလေ………” ပြောပေါင်းများလို့ ရိုးနေပါပြီ….။” ဆိုတာလေ…။ နောက်ရှိသေးတယ်…။ “တို့ မယုံဘူး” တဲ့…။ အဲသဟာလေးတွေနဲ့ ပါတ်သက်လို့ 1974 လောက်က ကဗျာဆရာ(ကြီး) တစ်ယောက် ရေးခဲ့ဖူးတဲ့ ကဗျာလေး ပြန်သတိရတယ်…။ ရှေ့မှာ ရေးခဲ့ဖူးပေမဲ့ အလတ်ကြောင် ကတွေ့ဖူးချင်မှတွေ့ဖူးမယ်…။ အဲဒိကဗျာခေါင်စဉ်ကတော့ ” သိနားလည်သူတို့၏ ကစားနည်း” တဲ့…။
ဘဝအဆိုးအကြောင်း
တိုးတိုး တိုးတိုးနဲ့
ရိုးရိုးလေး နားထဲဝင်လာရဲ့….။
” သိပါရစေကွယ်” ပေါ့လေ
ကယ်တင်ရှင်လေသံနဲ့
ငါ့ရဲ့ စပ်စုမှုကြောင့်ပေါ့ ။
ပြီးတော့လည်း
တစ်ခြားသူတွေလိုပါဘဲ
အိပ်လိုက်တာပါဘဲ ။
“အဝင်း” ဆိုတဲ့ -ာ-ည်မလေးကို
အဲသလိုစော်ကားမိပါတယ်…။
အောင်ချိမ့်( သစ်ရွက်အသေများပေါ်မှ ရက်စက်သောဂီတ -ကဗျာစာအုပ်မှ ) 1974-စက်တင်ဘာ
pasi
December 12, 2011 at 12:52 pm
ကိုယ်တွေ့ဖြစ်ရပ်များလားမသိ ဖတ်ရသူ့ရင်ကို အရမ်းလှိုက်မောစေပါတယ်
ကြောင်လတ်
December 12, 2011 at 10:04 pm
ကိုယ်တွေ့ဖြစ်ရပ် မဟုတ်ပါဘူး ပါစီရယ်၊ ကိုသိဖြစ်ရပ်ကလေးပါ။
ဆိုင်သစ်ဖွင့်တာကစပြီးမှ နောက်ပိုင်းလေးက အမှန်ပါ။
ရှေ့ပိုင်းကတော့ ဖွဲ့ယူထားတာဖြစ်ပါတယ်။
kotun winlatt
December 12, 2011 at 10:11 pm
ဟူးးးးးးးး ဘဝတွေ…ဘဝတွေ…
ကြက်မမှာလည်းးအသည်းနဲ့ပါတဲ့လားးးးး
small cat
December 13, 2011 at 4:39 am
ကြက်မမှာလည်းးအသည်းနဲ့ပါတဲ့လားးးးး
ဟုတ်တယ်ဗျို့၊ ဒါကြောင့် ကြက်အသည်းအမြစ်ဆိုပြီးရောင်းလို့ရတာပေါ့။
ဈေးလည်းတယ်ကောင်းဗျာ။