မရှိခိုးနိုး……………. မလှစုန်းရိုး…………

yaungchikhaDecember 28, 20111min39118

အဖြစ်အပျက်လေးက ကြားခဲ့ပါပြီ ဒါပေမယ့် တိုက်ဆိုင်မှု့ရှိတိုင်း အဲ့ဒီအဖြစ်အပျက်လေးကို သတိရမိနေပါတယ်၊
လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကို အဲ့ဒီလူတစ်ယောက်မလုပ်ပဲ အထင်နဲ့ မှားမိကြတာတွေရှိပါတယ် ဒါပေမယ့် အဲ့ဒီအထင်ဟာ မှန်တာလဲ ရှိသလို မှားပြီးထင်မိတာတွေလည်း ရှိတတ်တယ်ဆိုတာ ကျမအတွက်တော့ အဲ့ဒီအဖြစ်အပျက်လေးက သင်ခန်းစာယူစရာ ဖြစ်ခဲ့ပါတယ်…… ရွာသူားတွေရဲ့ အမြင်လေးတွေကိုလည်း ချပြပေးကြပါဦးနော်…….

မနက်ခြောက်နာရီခွဲ အချိန်ဆိုရင် ကျမအိမ်ရှေ့ကို လာကြိုတဲ့ကားရောက်လာပါတယ်၊ ကျမ ကွန်ပျူတာ သွားသင်ရမယ့် အိမ်ကလာကြိုတာပါ၊ ကားမောင်းတဲ့သူကတော့ ကျမထက် ငယ်ပါတယ်၊ သူက အဝေးသင်တက္ကသိုလ်တက်နေရင်းနဲ့ သူ့အဖေရဲ့ ဆရာ ကျမ ကွန်ပျူတာ သွားသင်ရတဲ့ အရာရှိအိမ်မှာ ကားမောင်းပေးရတာပါ၊ တရက်ကျတော့ ကားမောင်းတဲ့လူနေရာပြောင်းနေပါတယ်၊ အဲ့ဒါနဲ့ ကျမလည်း အဲ့ဒီကောင်လေး ခွင့်ယူထားတယ်ထင်တာပေါ့၊ ကျမလည်း ကွန်ပျူတာသင်ရမယ့်အိမ်ရောက်တော့ ကျမသင်တဲ့ သင်တန်းသူရဲ့ အမေက ပြောပါတယ်၊ ဆရာမ ကျမတို့အိမ်ဖောက်ထွင်းခံရတယ်တဲ့၊ အဲ့ဒါနဲ့ ကျမလည်း ဟုတ်လား၊ ဘယ်ရက်က ဖြစ်သွားတာလဲလို့ပြောတော့ တနင်္ဂနွေနေ့ကလို့ပြောပါတယ်၊ စနေ၊ တနင်္ဂနွေ နှစ်ရက် ကျမသင်တန်းပိတ်ထားတဲ့ရက်ပါ၊ အဲ့ဒီရက်က ကျမသင်တန်းသူတို့ မိသားစုအားလုံး ခရီးသွားကြပါတယ်၊ အဲ့ဒီအချိန်မှာ ကျမကို လာကြိုပေးတဲ့ ကောင်လေးကို အိမ်စောင့်ထားခဲ့ပါတယ်တဲ့၊ အိမ်ကိုဖောက်ထွင်းခံရတာက နေ့လည် ၂ နာရီလောက်ပါ၊ အဲ့ဒီအချိန် ကောင်လေးက လက်ဖက်ရည်သွား သောက်နေပါတယ်တဲ့၊ ကျမသင်တန်းသူတို့ မိသားစုက တကယ့်ကို သဘောထားပြည့်ဝပါတယ်၊ အလုပ်သမားတွေကိုလည်း ခွဲခြားမဆက်ဆံပါဘူး၊ ဒါပေမယ့် ဘယ်လိုပဲ သဘောထားပြည့်ဝတဲ့သူဖြစ်ပါစေ၊ မိမိ ဥစ္စာပစ္စည်း သူတပါးခိုးသွားတဲ့အခါ ဖြစ်နိုင်ခြေတွေကို လိုက်စဉ်းစားပြီး ကျမကိုပြောပြပါတယ်၊ ကျမသင်တန်သူရဲ့ အမေကပြောပါတယ်၊ ဆရာမ ကျမတို့အိမ်ဖောက်ထွင်ခံရတာ အတွင်းလူပါလို့ပါတဲ့၊ ကျမတို့ အိမ်ထဲမှာ ပစ္စည်းထားတဲ့နေရာကို အတတ်သိလို့လို့ပြောပါတယ်၊ ကျမ ကွန်ပျူတာ သင်တန်း သင်တဲ့အခန်းကိုတော့ သူခိုးက ဝင်မသွားပါဘူးတဲ့၊ ပစ္စည်းသိမ်းတဲ့နေရာကို အတိအကျသိလိုု့ တန်းဝင်သွားပါတယ်လို့ပြောပါတယ်၊ ပြီးတော့ အိမ်ကိုအစောင့်ထားတဲ့ကောင်လေးက သူခိုးဝင်တဲ့အချိန်မှ လက်ဖက်ရည်ဆိုင်သွားတယ်လို့ပြောပါတယ်တဲ့၊ သူနဲ့သူခိုးပေါင်းခိုးတာပဲ ဖြစ်မှာပါလို့ပြောလာပါတယ်၊ အဲ့လိုနဲ့ ပါသွားတဲ့ပစ္စည်းတွေကလည်း တစ်သက်လုံး ဝန်းထမ်းလုပ်ရင်းနဲ့ သူများတွေလို လာဒ်မစားပဲ ရတာလေးကို စုဆောင်းထားတာဆိုတော့ နှမျောတာပေါ့လို့ပြောပြပါတယ်၊ ကျမလည်း စိတ်မကောင်းဖြစ်ရတာပေါ့၊ ခိုးသွားတဲ့လူကိုလည်း မြန်မြန်မိစေချင်ပါတယ်၊ သူခိုးကိုလည်း မမိသေးပါဘူး၊ အဲ့လိုနဲ့ ကျမသင်တဲ့ သင်တန်းလည်း ပြီးသွားပါတယ်၊
တရက် ကျမဆီကို ဖုန်းဆက်လာပါတယ်၊ ဆရာမ စပီကာက အသံမထွက်တော့လို့ လာကြည့်ပေးပါတဲ့ ၊ ကားလွှတ်ပေးလိုက်ပါ့မယ်လို့ပြောပါတယ်၊ အဲ့ဒါနဲ့ ကျမလည်း အိမ်ရှေ့က ထွက်စောင့်နေဖြစ်ပါတယ်၊ လာကြိုတဲ့သူက သူခိုးနဲ့ပေါင်းကြံတယ်ဆိုပြီး ပြောခံရတဲ့ ကောင်လေးဖြစ်နေပါတယ်၊ ကျမလည်း အံ့ဩသွားပါတယ်၊ ဒါပေမယ့် ကျမ မမေးကြည့်ဖြစ်ပဲ စိတ်ထဲမှာတော့ သိချင်စိတ်တွေနဲ့ပါ၊ အဲ့လိုနဲ့ ကျမသင်တန်းသူလေးအိမ်ရောက်တော့ အသံမရတာလေး လုပ်ပေးပြီး ဖောက်ထွင်းခံရတဲ့ အကြောင်းမေးကြည့်လိုက်ပါတယ်၊ အဲ့ဒီမှာပဲ ဖောက်သွားတဲ့သူကို မိပြီဆိုတဲ့အကြောင်းသိရပါတယ်၊ ကျမတို့အိမ်ကို ဖောက်သွားတဲ့သူခိုးက ဓားတစ်ချောင်းထဲနဲ့ ဖောက်သွားတာလို့ပြောပါတယ်၊ အရာရှိအိမ်တွေဆိုတော့ ပုံနရိတ်စည်းတန်းလေးတွေပါ၊ ဟိုဘက်အိမ်ဒီဘက်အိမ် အလွယ်တကူကူးလို့ရပါတယ်၊ နေ့လည်ခင်း သူခိုးက အဲ့ဒီနားကဖြတ်သွားတဲ့အချိန် သော့ခတ်ထားတဲ့အိမ်နဲ့ ဘေးအိမ်က တံခါးပွင့်နေတာကိုတွေ့တော့ ဘေးအိမ်ရဲ့တခါးပေါက်ကနေ ပုံနရိပ်စည်းကိုကျော်ပြီး တဖက်အိမ်ထဲကို ဝင်ပါတယ်၊ ပြီးတော့ နောက်ဖေးကနေ အခြေအနေကြည့်တော့ မီးသွေးခုတ်တဲ့ ဓားကိုတွေ့ပါတယ်၊ အဲ့ဒီမှာ သူခိုးက မီးသွေးခုတ်တဲ့ဓားနဲ့ပဲ နောက်ဖေးတံခါးက သော့ကိုဖျက်ပြီး မီးဖိုချောင်ကတဆင့် အထဲကိုဝင်ပါတယ်၊ ပြီးတော့ ကျမတို့ သင်တန်းသင်တဲ့အခန်းကိုဝင်ကြည့်ပါတယ်တဲ့ သူခိုးရဲ့ အတွေ့အကြုံကလည်း မနည်းလောက်ဘူးဆိုတော့ ရှိနိုင်မရှိနိုင် ခန့်မှန်းနိုင်လို့ထင်ပါတယ်၊ ဝင်ကြည့်ပြီး တဖက်ခန်းကိုကူးပါတယ်၊ အဲ့ဒီတစ်ဘက်ခန်းမှာတော့ ပိုက်ဆံ၊ ဟန်းဖုန်းနဲ့ လက်ဝတ်လက်စား ထားတဲ့သေတ္တာကို ဖျက်ယူပါတယ်၊ ပြီးတော့မှ ဝင်ခဲ့တဲ့အပေါက်က ပြန်ထွက်သွားပါတယ်လို့ပြောပါတယ်၊ သူကတော့ အေးအေးဆေးဆေးလုပ်ပြီး ယူသွားတာပါ၊ ဟိုကောင်လေးကလည်း အဲ့ဒီအချိန် လူငယ်ဆိုတော့ လက်ဖက်ရည်ဆိုင်ခဏသွားထိုင်မယ်ဆိုပြီး လက်ဖက်ရည်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ စကားပြောရင်း အချိန်ကြာသွားပါတယ်တဲ့၊ အဲ့ဒီအချိန်မှာ ကောင်လေးနဲ့ပေါင်းကြံတယ်လို့ထင်သွားတာပေါ့၊ ဖောက်ထွင်းတဲ့သူခိုးကလည်း ကျမသင်တဲ့အိမ်ကို ခိုးပြီး မကြာခင်မှာပဲ နောက်ထပ် ဟိုတယ်တစ်ခုကိုလည်း ဖောက်ထွင်းပြန်ပါတယ်၊ သိန်းနှစ်ထောင်ဖိုးလောက်ပါတယ်လို့ပြောပါတယ်၊ အစကတော့ ကျမသင်တန်းအိမ် တစ်အိမ်ထဲခိုးတော့ ရဲတွေက လာမေးလိုက်စစ်လိုက်နဲ့ အမှု့က မပေါ်နိုင်ဘူးဖြစ်နေပါတယ်၊ အဲ့ဒီနားက ဟိုတယ်ကို သိန်းနှစ်ထောင်ဖိုး ပါသွားတော့ သေချာလိုက်ရပါတော့တယ်၊ မမိရင် စခန်းတစ်ခုလုံးပြုတ်ဆိုပြီး အထက်က အမိန့်ချလိုက်ပါတယ်တဲ့၊ အဲ့လိုနဲ့ ဖောက်ထွင်းတဲ့သူကို ရှာကြတော့ မိသွားပါတယ်၊ ဖောက်ထွင်းသူခိုးက သူနေတဲ့ ရပ်ကွက်ကိုလည်း အဲ့ဒီပိုက်ဆံနဲ့ လမ်းခင်းပေးတယ်လို့သိရပါတယ်၊ ဆိုက်ကားသမားနဲ့ ရဲနဲ့ပေါင်းပြီး ဖော်ထုတ်တဲ့အတွက် အဲ့ဒီဖောက်ထွင်းတဲ့ သူခိုးကိုမိသွားတာပါလို့ အန်တီက ပြောပြတော့ ကျမလည်း တော်သေးတာပေါ့နော် လို့ပြောမိပါတယ်၊ သူခိုးမိပြီဆိုတော့ ယူသွားတဲ့ ပစ္စည်းတွေပြန်ရလားလို့မေးတော့ မရတော့ပါဘူးတဲ့၊ မိသွားတာပဲ ရှိတာပါတဲ့ ပစ္စည်းတော့ ပြန်မရပါဘူးတဲ့၊ ဟိုတယ်ကပျောက်သွားတာတော့ နဲနဲပြန်ရမယ်ထင်ပါတယ်လို့ပြောပြပါတယ်၊ အဲ့ဒီအကြောင်းလည်း မှု့ခင်းဂျာနယ်မှာ ပါတယ်လို့ပြောပြပါတယ်၊ အဲ့လိုနဲ့ ကျမလည်း လုပ်စရာရှိတဲ့အလုပ်လည်းပြီး၊ သိချင်တဲ့အကြောင်းအရာလေးလည်း သိခဲ့ပြီး ပြန်မယ်ဆိုတော့ ခုနကကောင်လေးပဲ ပြန်လိုက်ပို့ပေးပါတယ်၊ အဲ့ဒီမှာ ကျမက အဲ့ဒီကောင်လေးကို စကားပြောဖြစ်ပါတယ်၊ သူခိုးမိသွားတော့ တော်သေးတာပေါ့နော်လို့ပြောတော့ ဟုတ်ပါတယ် ဆရာမရယ်တဲ့ ကျနော့်အဖြစ်က ကျနော်မယူတာကို သက်သေပြလို့လည်းမရ၊ ကျနော်လက်ဖက်ရည်ဆိုင် ထိုင်တဲ့အချိန်မှာ ဖြစ်သွားတာဆိုတော့ ကျနော့်ကို ထင်ကြတာပေါ့၊ အဲ့ဒီအချိန်ကဆို ကျနော်မှာ နေစရာမရှိပဲ ကိုယ့်ကိုကို သိမ်ငယ်မှု့တွေနဲ့ ကျနော်မဟုတ်ပါဘူး၊ ကျနော်မလုပ်ပါဘူးဆိုတာကို ဘုရားပဲသိပါတယ်၊ အဲ့ဒီအချိန်က ကျနော့်ခံစားမှု့က ပြောမပြတတ်အောင်ပါပဲဗျာတဲ့၊ လူတွေရဲ့ မျက်နှာကိုတောင် ကျနော်ရဲရဲမကြည့်ဝံ့ပါဘူးတဲ့ အဲ့ဒါကြောင့် အဖေ့ရွာမှာ သွားနေတာ၊ ကျောင်းလည်း ခဏနားထားပါတယ်တဲ့ ရွာဦးကျောင်းက စေတီမှာ နေ့တိုင်း ပုတီးစိတ်ပြီး ဘုရားကို နေ့တိုင်း အမှု့မှန်ပေါ်ဖို့ကိုပဲ ဆုတောင်းနေမိပါတယ်ဗျာလို့ပြောပါတယ်၊ ဆရာမရယ် ကျနော်တို့လို မရှိဆင်းရဲတဲ့လူတွေမှာ မရှိခိုးနိုး………….. မလှစုန်းရိုး………… ဆိုတဲ့စကားပုံလိုပေါ့ဗျာလို့ပြောပါတယ် ……….. အမှု့မှန်ပေါ်သွားတာ ကျနော့်ကို ဘုရားမတာပါပဲလို့ ပြောပြရင်း……. ကျမအိမ်ရှေ့ကို ကားက ရောက်နေပါပြီ၊ ကျမလည်း ကားပေါ်ကဆင်းရင်း သူပြောသွာတဲ့ ကိုယ်မလုပ်ပဲနဲ့ ……. အမှု့မှန်မပေါ်ပဲ ……. သူများအထင်သေးခံနေရတဲ့ လူတွေ၊ အထင်လွဲပြီး အပြစ်ပေးခံရတဲ့လူတွေ ဘယ်နှစ်ယောက်များ ခံနေကြရပြီးလဲလို့ အတွေးတွေပွားရင်း ခြေလှမ်းတွေလေးလံပြီး သက်ပြင်းခါခါချလို့ ……………………..

တစ်ချိန်က တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးပါ………………………..

18 comments

  • Harumoto

    December 28, 2011 at 2:28 pm

    စာလုံးပေါင်းများ မှားသလားလို့.. မလှ စုန်းယိုး…ဖြစ်မယ်ထင်ပါတယ်.။
    ယိုးစွပ်=စွပ်စွဲ…..ဆိုတာဖြစ်မယ်ထင်တယ်နော်..မှားရင်တော့ ခွင့်လွှတ်ပါ။

  • MaMa

    December 28, 2011 at 3:55 pm

    သင်ခန်းစာ ယူစရာလေးပါပဲ။ ဒါမျိုးက ဖြစ်တတ်ပါတယ်။ မဟုတ်ပဲ ယိုးစွပ်ခံရတဲ့ကောင်လေးကတော့ သနားစရာပေ့ါ။ အဲဒါကြောင့်လည်း ပစ္စည်းပျောက် ငရဲရောက်ဆိုတဲ့ စကားပုံ ပေါ်လာတာဖြစ်မယ်။ 🙁

  • ဆူး

    December 28, 2011 at 5:39 pm

    အဲလို အဖြစ်မျိုး ဆူး တို့ ရပ်ကွပ်က လုံခြုံရေး ဝန်ထမ်း ဖြစ်ဖူးတယ်။
    အိမ်တအိမ်က ကားဘီးနဲ့ ဘာတွေလည်း မသိဘူး ပျောက်တာ မေ့တောင် မေ့နေပြီ.. သိပ်တော့ မများလှဘူး။ ပျောက်သွားလို့ နောက်ဆုံး တရားခံလို့ အထင်ခံရတာ လုံခြုံရေး ဝန်ထမ်း ခိုးတာထင်ပြီး ရဲကို တိုင်တယ် ဖမ်းခိုင်းတယ်။
    နောက်တော့ စစ်ရင်း စစ်ရင်းနဲ့ တရားခံ ပြန်မိတယ် အဲဒီ အိမ်က ကားဒရိုင်ဘာ ခိုးတာ ဖြစ်နေတယ်။ အဲဒီ လုံခြုံရေး သမား လည်း ဖူးရောင်ပြီး ပြန်လာတယ် ထမင်းတောင် မဝါးနိုင်ဘူး ဆိုလား ပြောသံကြားတယ်။ ရပ်ကွက်ကပဲ စာနာသနားကြေး ဆိုပြီး ဝိုင်းပြီး ပိုက်ဆံ ပေးလိုက်ကြတယ်။ သူလည်း ဒီအလုပ်ကို စိတ်ကုန်လို့ မလုပ်တော့ဘူး ဆိုပြီး ထွက်သွားတယ်။ အဲဒီ လုံခြုံရေး လုပ်တဲ့ လူ နဲ့ တကွ သူ့မိသားစုတွေ အဲဒီ စွပ်စွဲခံရတဲ့ စိတ်ဘယ်လောက် ညစ်မလဲ ဆိုတာ သူတို့ရဲ့ ခံစားချက်တွေကို ဘာတွေနဲ့ ပေးလျှော်ကြမလဲ..

  • Khin Latt

    December 28, 2011 at 6:47 pm

    ကျွန်မ တွေးမိတာပြောရရင် တော့ –
    ကောင်လေး က အိမ်စောင့် ထားခဲ့တာကို ကောင်းကောင်း အိမ်မစောင့် မိတဲ့ တာဝန်ပေါ့မိတာ ကြောင့် အတော်ကြီး တဲ့ ပြဿနာ ဖြစ်ရပါတယ်။
    သူ့ကို အပြစ်ပြောတာမဟုတ်ပါဘူး။ ပြဿနာရဲ့ အစ ကိုတွေးမိလို့ပါ။
    လောကကြီးမှာ ဟာကွက်တွေ ကိုကြည့်ပြီး အမြတ်ထုတ်ချင်သူတွေ အများသား မဟုတ်လား။
    ဒီတော့ ကိုယ့်တာ ကိုယ်လုံအောင် စောင့်ဖို့ ဟာ ကိုယ့်တာဝန်ပါဘဲ။

    ကျွန်မတို့ လဲ ဒီကနေ သင်ခန်းစာ ယူနိုင်ပါရဲ့။
    ဒီလို Post အတွက် ကျေးဇူးပါ။

  • thit min

    December 28, 2011 at 8:36 pm

    မဟုတ်ဘဲနဲ့ စွပ်စွဲအဖမ်းခံ(ရမယ်ထင်တာပါဘဲ)လိုက်ရတဲ့သူအတွက် နစ်နာကြေးရသင့်ပါတယ်။
    အဲဒီလိုမျိုး ဥပဒေမရှိရင်တော့ လက်ညှိုးထိုးတိုင်းအချုပ်ခံနေရတော့မှာပါဘဲ။
    “တရားဥပဒေ” ဆိုတာမရှိရင်တောတွင်းနဲ့ ဘာမှမခြားသောမြို့ပြကြီးဖြစ်မှာပါ။မျှော်လင့်လျှက်ပါ။

    • Khin Latt

      December 28, 2011 at 9:12 pm

      ဆရာသစ် ရေ – ဥပဒေအကြောင်း ကိုမသိပေမဲ့ နဲနဲ ဝင် လျှာရှည် ကြည့်ချင်ပါတယ်။
      ဥပမာ – တစ်ဖက်တိုက်အိမ်ကြီး က ပစ္စည်းပျောက်တာ ကို အိမ်နီးချင်း ဆင်းရဲသား အိမ်ကို စွပ်စွဲတာ၊ ကားပေါ်မှာ ခါးပိုက်နှိုက်ခံရတာကို အနီးမှာရှိတဲ့ နွမ်းပါးပုံ ရတဲ့ သူကို သွားစွပ်စွဲတာ တို့ ဆိုရင်တော့ ဒါဟာ စွပ်စွဲသူ အလွန်ပါ။ မဆိုင် ဘဲ အသရေ ဖျက်မှု နဲ့ တရားစွဲ လျှော်ကြေးတောင်းသင့်ပါတယ်။

      အခုဟာက ဒီခလေး မှာလဲ တာဝန်ရှိတာဘဲ မဟုတ်လား။ သူက ဒီအိမ်မှာ ကျန်ခဲ့သူ ဆိုတော့ ရဲ က ပထဆုံး စစ်ဆေး ရမှာ သူပါဘဲ။
      သူပါလို့ မစွပ်စွဲရင်တောင် သံသယ ဖြစ်ခံရမှာ လဲ သဘာဝ ကျပါတယ်။
      ဒါပေမဲ့ အမှန်တရား ကို ကောင်းကောင်း ဖော်ထုတ် ပေးနိုင်တဲ့ ဥပဒေကောင်း ရှိဖို့သာလိုပါတယ်။
      ဒီကိစ္စမှာ – ထန်းသီးကြွေခိုက်၊ ကျီးနင်းခိုက် လို့ ဆိုချင်ပါတယ်။
      ပြီးတော့ အဲဒီခလေး ကို အိမ်ရှင်တွေ က အလုပ်ပေးထားဆဲ ဘဲ ဆိုတော့လဲ အိမ်ရှင်တွေက သဘောမဆိုးလှဘူး ထင်ပါရဲ့။
      တစ်ခြား ရှုဒေါင့် က ကြည့်မိတာလေးပါ။ 🙂

  • TTNU

    December 28, 2011 at 9:39 pm

    (၉)တန်းတုန်းကသင်ခဲ့ရဖူးတဲ့ အင်္ဂလိပ်စာပုံနှိပ်စာအုပ်ထဲက
    God sees the truth but waits. ဆိုတဲ့ ဇာတ်လမ်းလေးသတိရမိတယ်။
    သီချင်းတောင်ရှိသေးလေ… ” အမှန်တရားတွက်ဘုရားသခင်ရှိတယ်၊ ကံကိုငါမယုံဘူး”…

    မလတ်ပြောတဲ့ (ထန်းသီးကြွေခိုက်၊ ကျီးနင်းခိုက်) ဆိုတာမျိုးက ဟုတ်တယ်။ ဖြစ်လာရင်
    ဖြေရှင်းဖို့ အချိန်ယူပေတော့ … ဖြစ်စဉ်ပါပဲ။

  • thit min

    December 28, 2011 at 9:42 pm

    တကဲ့ ဥပဒေ မှာ သံသယအကျိုးကို တရားခံက ခံစားခွင့်ရှိပါတယ်။
    ဆိုလိုတာက လူသတ်မှုမှာ သေသူအနီးမှာ ရှိနေတဲ့သူကိုတောင် သက်သေမခိုင်လုံဘဲ
    အပြစ်မပေးနိုင်ဘူးပေါ့ဗျာ။
    အဲဒါကတပိုင်းပါ။
    ခုဟာက အိမ်ရှင်က စွပ်စွဲလိုက်တာနဲ့ ရဲကအဲဒီကလေးကို ဖမ်းပြီး “ထု” မှာ အသေအချာပါဘဲ။
    အဲဒီ နစ်နာကြေးအပြင် လူ့ဂုဏ်သိတ်ခါပါ။
    သူ့ရပ်ကွက်ထဲမှာ၊ဒါမှမဟုတ် သူ့ကောင်မလေးအသိုင်းအဝိုင်းမှာ ခိုးမှုနဲ့ အချုပ်ခံဘူးတယ် ဆိုတဲ့အမဲစက်
    ဘယ်လိုဖျက်မလဲ။သနားစရာပါ။
    ကျနော်မြန်မာပြည်မှာနေတုန်းက မသင်ကာလို့ဆိုပြီးကျနော်တို့အိမ်မှာ မနက်လာညပြန် လာအလုပ်လုပ်ပေး
    နေတဲ့ လူတယောက်ကို လမ်းမှာဖမ်းသွားပါတယ်။
    တိုင်တာကဘေးအိမ်ကပါ။ သူ့အိမ်အဖောက်ခံရလို့တဲ့။
    အဲဒီ လူ အရိုက်ခံရတယ်။ ရဲစခန်းမှာ ။ နောက်တော့ သူမဟုတ်ဘူး။သူနဲ့ ဘာမှမဆိုင်ဘူး။
    အရိုက်ခံရတဲ့ လူ က အမေကိုလုပ်ကြွေးနေတဲ့သူ။ သူ့ကိုချုပ်ထားတဲ့ တစ်ပါတ်အတွင်း သူ့အမေကထမင်းမစား
    နိုင်ဘူး။ သူ့သားလွတ်လာတော့ နောက်တရက်မှာဘဲ သားလက်ပေါ်မှာဆုံးသွားတယ်။
    အဲဒီလူကိုယ်တိုင်လဲအရိုက်ခံရတဲ့ ဒဏ်ကြောင့်အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ဘူး။အတွင်းကြေ။
    “တရားဥပဒေ” ဆိုတာ ဘာလဲ???????????
    အာဏာရှိရင် ငွေရှိရင် နင်းပြားကို ကြိုက်သလိုလုပ်လို့ရလားလို့ အဲဒီ အချိန် (မဆလခေတ်)
    ဆယ်ကျော်သက်ကျနော် တွေးမိခဲ့တယ်။

    • pooch

      December 28, 2011 at 10:06 pm

      ကိုသစ်မင်းရေ အဲ့ဒီလို ရိုက်နှက်တဲ့ ကိစ္စကြီးက ဒီလို ခေတ်မှာ မရှိသင့်တော့ပါဘူး …လူ့အခွင့်အရေးလေ ခုဒါကို ရှေ့တန်းတင်နေကြပြီမဟုတ်လား……

      လူတယောက်ကိုု သက်သေ မခိုင်လုံ မသေချာပဲ နဲ့ ကျွဲရိုက်နွားရိုက် ရိုက်တာကြီးက လူ့အခွင့်အရေး ချိုးဖောက်နေတာပဲလေ….

      နောက်ရိုက်ခဲ့မိရင်တော့ လျော်ကြေားပေးရမဲ့ ဥပဒေမျိုး ရှိသင့်နေပြီ…
      လူသားချင်းစာနာရမယ် ဆိုတာ ဒီလိုကိစ္စက အစ လုပ်ရမှာ…

      ဖြစ်သင့်တာ ပြောရရင်တော့ အဲ့ဒီရဲဆိုတဲ့ တာဝန်ရှိသူများကို လူ့အခွင့်အရေးဆိုတော ဘာလဲလို့ သေသေချာချာ သင်တန်းပေးပြီး ဆောင်ရန်ရှောင်ရန် တွေဆိုတာမျိုး ဥပဒေထုတ်သင့်နေပြီ…..

      အခုလက်ရှိရဲများကတော့ ညှင်းပန်းနှိပ်စက်တာကို သူတို့ တာဝန် ၊ပေးရင်ယူတယ် ၊မပေးရင်ညှစ်မယ်ဆိုတာ သူတို့တာဝန် လို့ မှတ်ယူထားပြီး တခါတခါ ပေါင်းစားတာတွေတောင်ရှိတယ်……. ငွေပေးလို့ကတော့ မဲတာကိုတောင် ဖြူအောင်လုပ်ပေးနိုင်တယ်…

      အင်း…. သူတို့ ရဲများကိုလည်း အပြစ်တော့ မဆိုသာဘူး ဘာလို့လဲ ဆို သူတို့ကို အထက်က ကိုယ့်ဘာသာကိုယ် ရှာစားခိုင်းထားတာကိုး …… ဘာထောက်ပံ့မှုမှ မရတော့ သူတို့လည်း ဒီလိုမှ ရှာမစားရင် ငတ်တော့မှာလေ…..နောက်ဆုံးတော့လည်း ဒီဘူတာပဲ ဆိုက်တာပဲနော်…

      စစ်မှန်တဲ့ ပြည်သူ့ရဲဖြစ်အောင် စစ်မှန်တဲ့ စိတ်ဓာတ်တွေနဲ့ နိုင်ငံတော်က လစာပေးပြီး ဝမ်းဝအောင် ထောက်ပံ့ထားရင် တော့ တကယ့်ပြည်သူ့ရဲတွေ ဆိုတာ ပေါ်လာနိုင်ကောင်းပါတယ်….

  • htoosan

    December 28, 2011 at 9:43 pm

    မဟုတ်ဘဲ အစွပ်စွဲခံရတာ ၊အစစ်ခံရတာတော့ ဟိုတယ်က ပြင်ထိန်းတို့ ၊ Housekeeping ဝန်ထမ်း တို့က ထိပ်ဆုံးကဘဲ။
    ဧည့်သည် ပစ္စည်း သူ့ဟာသူ ဘယ်နားပျောက်မှန်းမသိ ဘယ်နားကျမှန်းမသိဘဲ အခန်းထဲပျောက်ပါတယ် ပြောလို့ ကတော့ အဲ့ဒီ့ အခန်းထဲ ဝင်လုပ်ရတဲ့သူ အားလုံးတန်းစီ အစစ်ခံရတော့တာဘဲ။ ပြီးတော့မှ ဧည့်သည်က ဘယ်မှာ အထားမှားမိလို့ ဘယ်မှာ ပြန်တွေ့လို့ဆိုတာလည်း ခဏ ခဏ ဘဲ။ လောလောဆယ်တော့ ဝန်ထမ်းတွေ ကတော့ ခေါ် အစစ်ခံ အရှာ ခံရတော့တာ.. ရှေးဝဋ်လားတော့ မသိ။

  • ကျနော်သာဆိုရင် အဲဒီအိမ်မှဆက်အလုပ်မလုပ်မှာကတော %ပြည့်ပါဘဲ။
    အဲလောက်မှ ကိုယ့်အပေါ်မှာယုံကြည်မူ့မရှိတဲ့နေရာမှာဆက်မနေဘူးဗျာ။

  • Khin Latt

    December 29, 2011 at 5:10 am

    ဒီကိစ္စကို ကျွန်မတို့ ပွဲကြည့်သူများ သားရေပွဲ လို့ သတ်မှတ်လိုက်ရအောင်လား။ 🙂
    အလုပ်သမား လေး ကလဲ တာဝန် ပေါ့သလို ဖြစ်ခဲ့တယ်။
    အိမ်ရှင် တွေကလဲ ကိုယ့်လူ ကို မယုံကြည် မိဘဲ စွပ်စွဲ ခဲ့တယ်။
    ဒါမျိုး ရင်နာစရာတွေ နောက်ထပ်ထပ်ပြီး မဖြစ်စေအောင် မတရား ခံရသူ တွေ အတွက် တရားအမှန်ကို ဖြစ်စေမဲ့ ဥပဒေကောင်း ကျွန်မတို့ တိုင်းပြည်မှာ မကြာခင် ဖြစ်ပေါ်လာပါစေ လို့ ဆုတောင်းပါတယ်။

  • yaungchikha

    December 29, 2011 at 8:27 am

    Harmo ပြောတာဟုတ်ပါတယ်၊ စာလုံးပေါင်းမှားသွားပါတယ်၊ အခုလိုပြောပြပေးလို့ ကျေးဇူးပါနော်…….
    မမရဲ့ အမြင်လေး နဲ့ ဆူးရဲ့ အတွေ့အကြုံလေးတွေပြောပြလို့ ကျေးဇူးပါနော်……… 🙂
    မခင်လတ်ပြောတာမှန်ပါတယ်၊ ကားမောင်းတဲ့ ကောင်လေးရဲ့ မိမိကိုတာဝန်ပေးထားခြင်းကို ပေါ့လျော့မိတဲ့အတွက် ဖြစ်သွားတာပါ ……. 🙂
    ဆရာကိုသစ်မင်းစဉ်းစားခဲ့သလို ကျမလည်း စဉ်းစားခဲ့ဘူးပါတယ် ဆရာသစ်လို ဆယ်ကျော်သက် အရွယ် ကတော့ မဟုတ်ဘူးပေါ့နော် ………
    “တရားဥပဒေ” ဆိုတာ ဘာလဲ???????????
    အာဏာရှိရင် ငွေရှိရင် နင်းပြားကို ကြိုက်သလိုလုပ်လို့ရလားလို့ အဲဒီ အချိန် (မဆလခေတ်)
    ဆယ်ကျော်သက်ကျနော် တွေးမိခဲ့တယ်။
    Pooch ပြောသလိုပါပဲ ကျမတို့ နိုင်ငံမှာ လူတယောက်ကိုု သက်သေ မခိုင်လုံ မသေချာပဲ နဲ့ ကျွဲရိုက်နွားရိုက် ရိုက်တာကြီးက မရှိသင့်တော့ပါဘူးနော်………………
    ကိုထူးဆန်းနဲ့ ကိုပေါက်ကိုလည်း ကျေးဇူးတင်ပါတယ်ရှင် …………………..

  • Thel Nu Aye

    December 29, 2011 at 8:57 am

    စိတ်မကောင်းစရာပါ။ ဖြစ်တတ်ပါတယ်။

  • ကြောင်ကြီး

    December 29, 2011 at 12:26 pm

    မြန်မာပြည်မှာ ဆင်းရဲသားနင်းပြားတယောက် ရဲအချုပ်ခံရပြီဆိုရင်တော့ ခံဖို့သာပြင်ပေတော့။ စခန်းကရဲတွေလုပ်တတ်တာ ရိုက်စစ်ဖို့လောက်ပဲသိတယ်။ ရှစ်ဆယ်ရာနှုန်းအထက်လောက်ကလည်း တကယ်ဟုတ်နေတော့ စုံထောက်ဦးစံရှားလို့ ဥနှောက်သုံးဖို့ မစဉ်းစားတော့ဘူးပေါ့။ နောက်ပြီးတော့ အစွတ်အစွဲခံရသူက ဆင်းရဲသားဆိုရင် မသေသ၍၊ ကိုယ်လက်အင်္ဂါမပျက်စီးသ၍ ပြသနာမရှိဘူး။ ရိုက်စစ်ပြီးအမှုမပေါ်လို့ရှိလည်း တလတန်သည် နှစ်လတန်သည် ဆက်ချုပ်ပြီး အနာကျက်အောင် အချုပ်ထဲထည့်ထားလိုက်ရုံပဲ။ ရဲအချုပ်ထဲမှာ ရှုပ်တယ်ဆိုရင် ထောင်ကြီးချုပ်ကို ရမန်ယူပို့လိုက်၊ ပြီးရင် တမြို့နယ် ရမာန်ကြီးတပတ် (၁၄ရက်) လှည့်ပတ်ယူပြီး ချုပ်ထားပေတော့။ မြန်မာပြည်မှာ တရားဥပဒေစိုးမိုးဖို့ အတော်လုပ်ယူရအုံးမယ်။

  • yaungchikha

    December 29, 2011 at 12:35 pm

    ဆရာမကြီး တီတီနု၊ မသဲနုအေးနဲ့ ဦးကြောင်ကြီး တို့ကို ကျေးဇူးတင်ပါတယ်……….

  • windtalker

    December 31, 2011 at 2:36 pm

    မဟုတ်ဘဲနဲ ့အစွတ်စွဲ ခံရတာမျိုး ကို
    လူတိုင်းနီးပါးလိုလို ကြုံခဲ့ဖူးကြမှာပါ
    မေ့နေကြတာမို ့ ပြန်စဉ်းစားကြည့်ဘာ

  • htet way

    December 31, 2011 at 8:02 pm

    အချုပ်ခံရပြီဆိုရင် ပထမဆုံးတန်းစီးက စရိုက်တော့တာပဲ ပါတာတွေလည်းယူတာပေါ့
    တောကလူတယောက် အချုပ်ထဲရောက်တာလေးပြောပြပါတယ်။တန်းစီးက ငွေ ၉၅၀၀
    ကိုနိုက်ယူတဲ့ အပြင် ထိုးထားတာဖူးယောင်နေတာပါပဲ။ဖားခုန်ခုန်ခိုင်းတာလည်းဒူးတွေ
    ပြဲနေတာပဲ။တကယ်တော့ စနစ်ဟောင်းက စရိုက်တွေပါ တန်းစီးဆိုတာ အချုပ်ခံရတဲ့
    သူတွေကိုထိန်းသိမ်းပြီးသတင်းပို့တာဝန်ပဲ ရိုက်ဖို့ မဟုတ်ပါဘူး။ရဲတွေကလည်းမပြောဘူးလေ။
    ဒါသေချာရေးပြီးတိုင်လို့ရပါတယ်။
    နောက် သံသယတွေဘာတွေလုပ်မနေနဲ့ ခိုးတယ်တာပြောငွေတော့ပေးရမှာပေါ့လေ
    လောေလောဆယ်သေပြီသာပြင်ထား။စနစ်ပြောပါတယ်အမူဖွင့်လည်း ငွေပါရင်မစပါ ဘရားသားရေဇေပါတယ်ပဲပေါ့ဗျာ။တရားရုံးလား ၎င်းအတိုင်းပါပဲကွယ်တို့ စွပ်စွဲမခံရအောင်
    ကျင့်ကြံအားထုတ်၊ဆုတောင်းကြပါကွယ်တို့

Leave a Reply