ဆောင်းရေခြုံတဲ့ အိပ်မက်များ
အိပ်မက် (၁)
အဲဒီနေ့က ပညာရှိကဏန်းကြီးနဲ့ တွေ့တော့ သူက ပြောတယ်။
“ရှေ့က သွားတဲ့ နွားက ဖြောင့်ဖြောင့်သွားမှ
နောက်က လိုက်တဲ့ နွားက ဖြောင့်ဖြောင့်လိုက်မှာကွ”
“အော .. ဟုတ်ကဲ့ဗျ”
“လမ်းလျှောက်တဲ့ အခါ တည့်တည့်မတ်မတ်လျှောက်ရမယ်
ဘေးဘီဝဲယာကို သိပ်မကြည့်နဲ့
ကိုယ့်ဦးတည်ရာကိုသာ သေချာကြည့် ကြားလား”
“ဗျာ .. ဟုတ် .. ကြားပါတယ် ကိုကဏန်း”
ကျွန်တော့်ကို ပညာရှိကဏန်းကြီးက သင်ပေးသွားပြီး ထပြန်သွားတယ်။ သူ လမ်းလျှောက်တဲ့ ပုံစံကို ကျွန်တော် နောက်က ကြည့်ပြီး အတုယူလိုက်တယ်။
အပြန်မှာ ကျွန်တော် အိမ်ပြန်တော့ ခြေနှစ်ချောင်းကို ကွကွကြီးလုပ်ပြီး ဟိုဘက်ရမ်း ဒီဘက်ရမ်း ကဏန်းတစ်ကောင်လို လျှောက်ပြန်ခဲ့တယ်။
အိပ်မက် (၂)
“ဒီလိုဗျ”
“ဘယ်လိုလဲ ..”
ကျွန်တော်နဲ့ ကြက်တူရွေးပညာရှိကြီး ညောင်ပင်အောက်မှာ စကားပြောဖြစ်ကြတယ်။ ဟိုတစ်နေ့က ချာတိတ်တစ်ယောက်က ကျွန်တော့်ကို ဆဲသွားတဲ့ အကြောင်း သူ့ကိုပြောပြနေတာပါ။
“ပညာရှိကြီး စဉ်းစားကြည့်ဗျာ
ကျွန်တော်လည်း ဘာမှ လုပ်တာ မဟုတ် ဘလိုင်းကြီး ဆဲသွားတာ
ကောင်လေးကြည့်တော့လည်း ငယ်ပါသေးတယ်ဗျာ”
“ဟ”
ပညာရှိကြီးက ကျွန်တော့်စကားကို ဖြတ်ပြောတယ်။
“ငယ်သေးပါတယ် လုပ်ပါကွာ
ငယ်ပါသေးတယ် မဟုတ်ပါဘူး”
“အွန် … ဘာကွာလို့လဲဗျ ပညာရှိကြီးရဲ့”
ပညာရှိကြီးက စာနဲ့ ချရေးပြတယ်။
ငယ်သေး ပါတယ်။
ငယ်ပါ သေးတယ်။
ကျွန်တော်လည်း တော်တော်စဉ်းစားပြီးမှ သဘောပေါက်သွားတယ်ဗျာ။
အပြန်မှာ ကျွန်တော် ငယ်သေး ပါတယ်လို့ တွေးလိုက်တယ်။
အိပ်မက် (၃)
“ဘာသာစကားဗေဒဆိုတာ ရှိတယ်ကွဲ့”
“ဟုတ်ကဲ့”
“စကားလုံးဆိုတာ စိတ်ကို ကိုယ်စားပြုတယ်လို့ မင်းက ထင်နေလို့လား”
“ဗျာ…မဟုတ်ဘူးလား”
“ဘယ်ကသာကွာ …”
“စိတ်ကို စကားလုံးတွေက ကိုယ်စားမပြုဘူး
အမူအရာ… စကားလုံး … လေသံ .. ဘာနဲ့မှ ကိုယ်စားမပြုဘူး”
ကျွန်တော် တွေဝေသွားပါတယ်။ ပညာရှိ ခွေးကြီးက သူအမြီးကို သူ့ဘာသာ လျှာနဲ့ လျက်ပြီး စကားဆက်လိုက်တယ်။
“ငါတို့ ခွေးတွေမှာ အသံမတူတာ ဘယ်လောက်ရှိမယ်ထင်လဲ
အသံပေါင်း သုံးသောင်းကျော်တယ် ငါ့ကောင်”
“ဟင် … ဟုတ်ရဲ့လား ပညာရှိကြီးရဲ့”
“အေး … မင်းနားလည်အောင် ပြောရရင် …
ငါတို့ခွေးတွေက တစ်ခုခုကို မကြိုက်တော့ရင် ဒေါသထွက်ရင် ခြိမ်းခြောက်တော့မယ်ဆိုရင်
ဟောင်တဲ့ အသံက မင်းတို့ ဒရမ်တီးသလိုမျိုးကွ ..”
“ဟင် .. ဒရမ်တီးသလို … ဟုတ်လား”
“အေး” ဆိုပြီး ပညာရှိကြီးက ဆက်ပြောတယ်။
“ဒါပေမယ့် ဒေါသတော့ ထွက်တယ် .. ဒါပေမယ့် ကြောက်လည်း ကြောက်နေရင် ဟောင်လိုက်တဲ့ အသံက လိဒ်ဂစ်တာသံလိုပေါ့ကွာ ….”
ပညာရှိကြီးက ခဏနားပြီး ဆက်ပြောတယ်။
“နောက် ငါတို့ချင်း အချက်ပေးတဲ့ အခါ ဟောင်လိုက်တဲ့ အသံက ဘေ့စ့်ဂစ်တာသံနဲ့ တူမယ် …
နောက် .. ခွေးပေါက်လေးတွေ ဆော့ပြီဆို ့ဂစ်တာကို ပလက်ကင်တီးသလိုပေါ့….
ရှိသေးတယ် .. ငါတို့ ငြီးငွေ့ရင် ဟောင်တဲ့ အသံက တယောထိုးသလိုပေါ့ …”
“ကျေးဇူးဗျာ … ပညာရှိကြီးပြောသွားတာ များစွာ ပညာရပါတယ် ….
စိတ်ကို စကားလုံးက ကိုယ်စားမပြုတာ … ဟုတ်ပြီဗျာ”
အိပ်မက် (၃) နောက်ဆက်တွဲ။
နောက်ရက်တော့ ကျွန်တော် ဂီတပွဲတော်တစ်ခုကို ရောက်သွားခဲ့ပါတယ်။ ဒရမ်သမားက စတင်ခြိမ်းခြောက်လိုက်တယ်။ နောက် လိဒ်သမားက ကြောက်ကြောက်ရွံ့ရွံ့ဖြစ်သွားချိန်မှာ ဘေ့စ်သမားက အန္တရာယ်ရှိနေကြောင်း အချက်ပေးလိုက်တယ်။ ဒါကို ဘာမှ မသိတဲ့ အဆိုတော်က ပလက်ကင်လေးတီးပြီး သီချင်းဆိုနေလိုက်သေး။ ကျွန်တော်ကတော့ တယောထိုးပြီး အိမ်ပြန်လာလိုက်တယ်။
အိပ်မက် (၄)
“မင်းစဉ်းစားကြည့်လေကွာ”
“ဟုတ်”
“လှပမှုကို သဘာဝတရားက ဖန်ဆင်းတာလောက် ကျန်တာဘာနဲ့ဖန်ဆင်း ဖန်ဆင်း မလှနိုင်ဘူး”
“ဟုတ်တာပေါ့ဗျာ … ကျွန်တော် ထောက်ခံတယ် ပညာရှိကြီး”
ဒီတစ်ခါ တွေ့ရတာက ကျားပညာရှိကြီးပါ။ သူက ဆက်ပြောပါတယ်။
“တကယ်လို့သာ ငါတို့ ကျားသတ္တဝါတွေက သတ်သတ်လွတ်စားတဲ့ သတ္တဝါတွေသာဆို ဒီလို ခန့်ညားပြီး ကြောက်စရာကောင်းတော့မှာ မဟုတ်ဘူး … ကျားဆိုတာဟာ ယုံတစ်ကောင်လို ဖြစ်နေရင် ကြည့်ကောင်းပါ့မလားကွ”
“အဲ …. အင်းပေါ့ဗျာ”
ကျွန်တော်က ထောက်ခံလိုက်တယ်။
“အေး … လိပ်ပြာတွေဆိုပါစို့
ဒီကောင်တွေက တော်တော်သန့်ရှင်းတဲ့ ကောင်တွေ အဖြစ် သိထားတယ်မလား”
“ဟုတ်တာပေါ့… ဆိုစမ်းပါဦး ပညာရှိကြီးရဲ့”
“အင်း.. လိပ်ပြာတွေသာ ညစ်တီးညစ်ပတ်နေကြတဲ့ ကောင်တွေဆို ဘာဖြစ်မယ်ထင်မလဲ”
ပညာရှိကျားကြီးက အဲလို ကျွန်တော့်ကို မေးပါတယ်။
“ဗျာ … ဝမ်းရောဂါဖြစ်မှာလားဟင်”
“ဟာ.. ကွာ … မင်းကလည်း မဆိုင်လိုက်တာ
လိပ်ပြာတွေသာ ညစ်ပတ်ရင် မင်းတို့ လူတွေ အမြတ်တနိုးထားတဲ့ ပန်းတွေဆိုတာလည်း ညစ်ပတ်ကုန်မှာပေါ့ကွ …”
“ဟာ .. အင်း….. ဟုတ်တာပေါ့ဗျာ”
အဲဒီနေ့က သဘာဝတရားကြီးနဲ့ ကျွန်တော် ချစ်သူ ဘယ်သူလှမလဲ စဉ်းစားနေမိခဲ့တယ်။
အိပ်မက် (၅)
“မင်းတို့ လူတွေခက်ပါတယ်ကွာ”
ပညာရှိနွားကြီးနဲ့ တွေ့တော့ သူက ပြောပြန်တယ်။
“မင်းတို့လူတွေ ဆင်းရဲတာလည်း မပြောနဲ့ …
နေ့ဖို့ ညစာမှ မချန်တာကွ”
“ဗျာ … ဟုတ် .. ဘယ်လိုချန်ရမလဲဟင်”
“ဟ …ငါတို့ နွားတွေဆို စားလုတ်ထဲမှာ အမြဲ အစာတွေချန်ထားတယ် ..
ညသန်းခေါင် ဗိုက်ဆာရင် .. အဲဒါနဲ့ စားတယ်ကွ
မင်းတို့လည်း အဲလိုလုပ်လေကွာ”
“အော် … ဟုတ်ကဲ့… ဟုတ်တာပေါ့ ကိုနွားကြီးရယ်”
မိုးလင်း။
ပညာရှိများနဲ့ တွေ့ရတဲ့ အိပ်မက်မက်ပြီး ကျွန်တော် လန့်နို်းလာတော့ ကျွန်တော် ပညာရှိမဖြစ်ခဲ့ပါ။ အိပ်မက်က ဘာအဓိပ္ပါယ်နဲ့ မက်လည်းဆိုတာ လူပညာရှိကြီးဆီ သွားမေးဖို့ ဆုံးဖြတ်လိုက်တယ်။
မွန်းတည့်။
“စိတ်ရဲ့ နယ်လွန်ခြင်းဆိုတာ ရှိတယ်”
“ဟုတ်”
“စိတ်ရဲ့ အစွန်အဖျားဆိုတာလည်း ရှိတယ်”
“ဟုတ်”
“ဘာကွာမယ်ထင်လဲ”
“ဗျာ …” ကျွန်တော်မသိပါ။ မသိကြောင်း လူပညာရှိကြီးကို ကျွန်တော် ခေါင်းခါပြတော့ သူက ဆက်ရှင်းပါတယ်။
“အိပ်မက်တွေမှာ စိတ်ရဲ့ နယ်လွန်ခြင်းနဲ့ မက်တာ ရှိသလို
စိတ်အတွင်းကပဲ စိတ်ရဲ့ အစွန်း နှစ်ခု … တစ်ခုခုကနေ မက်လာတာလည်း ရှိတယ်”
“ဟုတ် …”
“မင်း အိပ်မက်တွေက ဒီနှစ်မျိုးလုံးနဲ့ ဆိုင်နေတယ်”
“ဗျာ .. ဟုတ်လားဗျ”
ကျွန်တော် တော်တော် စိတ်ဝင်စားသွားပါတယ်။ ပညာရှိကြီးက ဆက်ပြောပြန်တယ်။
“အိပ်မက် (၁) နဲ့ အိပ်မက် (၄) က မင်း စိတ်အတွင်းက မက်တာ .. အဲ အိပ်မက် (၅)ကလည်း မင်းစိတ်အတွင်းက မက်တာ”
ကျွန်တော် သေချာ လိုက်မှတ်ထားလိုက်တယ်။
“အိပ်မက် (၂) နဲ့ အိပ်မက် (၃) ကတော့ စိတ်ရဲ့ နယ်လွန်ခြင်းနဲ့ မက်တာကွ …
နေဦးကွ ….တစ်ခုတော့ ရှိတယ် ….အင်း …” ဆိုပြီး ပညာရှိကြီး တစ်ခုခုကို စဉ်းစားနေပါတယ်။ သူက ခေါင်းတွေ ကုတ်လိုက် ခေါင်းတွေ ခါလိုက်လုပ်လို့။ ပြီးတော့ ချွေးတွေလည်း ထွက်လို့။ ခဏကြာမှ သူက ခေါင်းကို ခါပြီး ပြောတယ်။
“အိပ်မက် (၃) နောက်ဆက်တွဲက အိပ်မက်ကော ဟုတ်ရဲ့လားကွ”
ကျွန်တော်ပြန်မဖြေခဲ့ပါဘူး။ လူပညာရှိကြီးဆီက ပြန်လာခဲ့တယ်။ အပြန်လမ်းက ကျွန်တော့်ကို ထမ်းပိုးထားလိုက်ချိန်မှာ “အော် .. လူပညာရှိကြီး ခင်ဗျား ငယ်ပါသေးတယ်ကွာ” ..လို့ ..။ “အဲ.. မဟုတ်ဘူး .. ငယ်သေးပါတယ်ကွာ” လို့ တွေးလိုက်မိပါတယ်။
ရင်နင့်အောင်
3 comments
kai
February 6, 2012 at 3:21 pm
ငယ်ပါ..ဆိုတာ.. ငယ်ငယ်ကတည်းကပါလာတဲ့ဟာတဲ့..
အင်း…
မဟုတ်ဖူး..
မွေးကတည်းကပါလာတာ…။
သေးသေးလေးပဲ..
နောက်မှကြီးလာတာ..
သေတော့လည်း အရိုးတောင်မကျန်ပါဘူး..
ဘယ်ကျန်မလည်း.. အရိုးမှမရှိတာ… 🙂
အလိုမလိုက်နဲ့..
ကြားလား..
အရိုးမရှိတဲ့.. ခေါင်းထဲကဟာကို..
ဦးနှောက်…။
နေဝန်းနီ
February 6, 2012 at 6:58 pm
အော်..ဟော် သူကြီးရယ် ကျွန်တော်ကြားဖူးတာက သူကြီးပထမ ပြောတာရယ်… လျှာရယ်ပဲ ကြားဖူးတာ ဘယ်လိုလုပ် ဦးနှောက်က ပါလာပါလိမ့်……….။
အတိသဉ္ဇာ နာဂရ ချစ်သူ
February 6, 2012 at 6:54 pm
ငယ်သေး ပါတယ်။
ငယ်ပါ သေးတယ်။
ဟီးး သူကြီးနော် မနှောက်ပါနဲ ့ဗျာ။အလိုမလိုက်ဘူး။
သူ ့ဘာသာလိုက်သွားတာဗျ။ကျနော်က သိတောင်
မသိလိုက်ပါဘူး။