Moe Ma HarOctober 26, 20141min21715
ပိန်ပိန်ပါးပါးမိန်းမတစ်ယောက်ကို ယောက်ကျားရင့်မာစစ်ဗိုလ်ကြီးတွေ ဝိုင်းကြောက်တဲ့နိုင်ငံကိုမြင်ဖူးချင်ပါသလား။ လာခဲ့မြန်မာနိုင်ငံမှာရှိတယ်။ နိုင်ငံ့သစ်တောခုတ်ပြည်သူ့အရင်းပြုတ်အောင် လုပ်ဆောင်နေတဲ့သူကို အခမ်းအနားနဲ့ပြည်သူ့အကျိုးဆောင်ဆုပေးတဲ့ နိုင်ငံကိုမြင်ဖူးချင်ပါသလား။ လာခဲ့မြန်မာနိုင်ငံမှာရှိတယ်။ အမှန်တရားအတွက်ထောင်နန်းစံနေရတဲ့ ပြည်သူတွေကိုမြင်ဖူးပါသလား လာခဲ့မြန်မာနိုင်ငံမှာရှိတယ်။ နိူင်ငံရဲ့အသက်သွေးကြောမြစ်ကြီးကို တရူတ်ထုတ်မီးပန်းနဲ့လဲတဲ့ အစိုးရကိုမြင်ဖူးချင်ပါသလား။ လာခဲ့မြန်မာနိုင်ငံမှာရှိတယ်။ ဒီမိုကရေစီလို့ကြွေးကြော်ပြီး အစိမ်းရောင်လူသားများလွှတ်တော်ထဲ ၂၅%နေရာယူထားတဲ့နိုင်ငံကိုမြင်ဖူးချင်ပါသလား။ လာခဲ့မြန်မာနိုင်ငံမှာရှိတယ်။ ဒါတင်မကသေးဘူး ဟာသလူရွှင်တော်များပါ မြန်မာနိုင်ငံရဲ့လွှတ်တော်တွေထဲမှာရှိတယ် မယုံလာကြည့်။


Moe Ma HarOctober 26, 20141min911
သက်မဲ့စာတစ်ကြောင်းသည်သက်ရှိလူသားတစ်ဦး၏အပြုအမူအပြောအဆိုအနေအထိုင်ဘဝတစ်ခုကိုပြောင်းလဲနိုင်သည်ဟုသင့်အားပြောပါကသင်လက်ခံနိုင်ပါမည်လား။လက်မခံဟုသင်ပြောမည်ဆိုလျှင်ကျွန်တော်ကသင့်အားလက်ခံလိုက်ပါဟုတိုက်တွန်းရပေလိမ့်မည်။ဘာကြောင့်လဲ။စာတစ်ကြောင်းကလူူတစ်ယောက်ဘဝကိုပြောင်းလဲနိုင်ပါသည်။ဘယ်သူ့ဘဝလဲ။ကျွန်တော့်ဘဝပါ။ကျွန်တော်ငယ်ငယ်ကစာဖတ်ခြင်းဝါသနာမပါခဲ့ပါ။ဘဝ၏အဓိပ္ပယ်နားမလည်။ရှင်သန်ခြင်းအဓိပ္ပာယ်ဘာမှန်းမသိ။စိတ်ဓာတ်ခွန်အားဆိုတာဝေလာဝေး။ကျွန်တော်သိသည်ကသူငယ်ချင်းများနှင့်လက်ဖက်ရည်ဆိုင်ထိုင်ခြင်းနှင့်လျှောက်လည်ခြင်းပင်။အဲဒီအချိန်ကကျွန်တော့်ဘဝကတကယ့်ဝါးလုံးခေါင်းလေးပါ။ဝါးလုံးခေါင်းထဲလသာခဲ့တဲ့လူတစ်ယောက်ပေါ့။တစ်နေ့ကျွန်တော်လက်ဖက်ရည်ဆိုင်ထိုင်ဖို့သူငယ်ချင်းကိုသွားခေါ်ခဲ့တယ်။သူငယ်ချင်းအိမ်ရောက်တော့သူငယ်ချင်းအဝတ်လဲတာစောင့်နေရင်းပျင်းပျင်းရှိတာနဲ့ရှေ့နားမှာတွေ့တဲ့စာအုပ်တစ်အုပ်ကောက်လှန်လိုက်မိတယ်။သူငယ်ချင်းအဖေရဲ့စာအုပ်ပါ။စာအုပ်ရဲ့ရှေ့ဆုံးစာမျက်နှာမှာတွေ့လိုက်မိတာကသူငယ်ချင်းအဖေလက်ရေးနဲ့စာရေးဆရာတစ်ယောက်ရဲ့စာပိုဒ်တစ်ပိုဒ်ကူးထားတာလေးပါ။ စာဖတ်လို့ဘာတွေဖြစ်လာမှာလဲလို့တချို့ကထင်ကြတယ်။ဟုတ်ပါတယ်။ဘာမှဖြစ်မလာပါဘူးဒါပေမဲ့လူ”အ”ဘဝကလွတ်သွားတာပေါ့။ ဆရာအောင်သင်း အဲဒီစာပိုဒ်ဖတ်လိုက်ရုံနဲ့ကျွန်တော့်ခေါင်းထဲအတွေးတစ်ခုဝင်မိခဲ့တယ်။ငါစာမဖတ်ခဲ့ဘူး။ဒါဆိုငါလူ”အ”ပေါ့။ဟုတ်တယ်ဒါဆိုငါလူ”အ”ပဲ။ငါသိတာဘာမှမရှိတာလူ”အ”ပေါ့။ဒါဆိုငါဘာလုပ်သင့်လဲ။စာဖတ်သင့်တယ်။ဒီအတွေးတစ်ခုကကျွန်တော့်ဘဝကိုပြောင်းလဲပေးခဲ့တယ်။အဲ့နေ့ကစပီးစာကိုတတ်နိုင်သလောက်ဖတ်ခဲ့တယ်။သူငယ်ချင်းနဲ့လက်ဖက်ရည်ဆိုင်ထိုင်ချိန်တွေလျော့ခဲ့တယ်။လက်ဖက်ရည်ဖိုးကတော့စာအုပ်ဖိုးပြောင်းသွားတာပေါ့။ဒီလိုနဲ့ကျွန်တော့်ကိုယ်ပိုင်အချိန်တွေတန်ဖိုးရှိလာတယ်။စိတ်ဓာတ်ခွန်အားလဲတိုးလာခဲ့တယ်။လူ့တန်ဖိုးဆိုတာလည်းစာအုပ်တွေထဲကသင်ယူနားလည်ခဲ့တယ်။ကျွန်တော်လှည့်မကြည့်ခဲ့တဲ့အမေ့ဈေးဆိုင်ပေါ်ကဈေးရောင်းသူဟာကျွန်တော်ဖြစ်သွားခဲ့တယ်။အကြီးမားဆုံးပြောင်းလဲမှုကတော့၁ဝတန်း၂နှစ်မဖြေခဲ့တဲ့ကျွန်တော်၁ဝတန်းပြန်ဖြေပြီးနည်းပညာတက္ကသိုလ်ဝင်ခွင့်ရခဲ့တာပါပဲ။အဲ့ဒါကြောင့်ကျွန်တော်ပတ်ဝန်းကျင်ကညီငယ်ညီမငယ်များကိုစာများများဖတ်ဖို့အမြဲတိုက်တွန်းခဲ့တယ်။ ဥပမာတစ်ခုနဲ့ပေါ့ ဆရာအောင်သင်းရဲ့စာတစ်ပိုဒ်နဲ့ကျွန်တော့်ဘဝတစ်ခုဥပမာနဲ့ပေါ့။ ဤဆောင်းပါးဖြင့်၂၅.၁၀.၂၀၁၄ရက်မနက်၁၁နာရီခန့်ကကွယ်လွန်ခဲ့သောဆရာအောင်သင်းအားရှိခိုးပူဇော်လိုက်ပါသည်။ဆရာကောင်းရာသုဂတိလားပါစေ။ မိုးမဟာ~~~~~~~~