“အိသဒ္ဓါမိုး… ရယ်…” ဖြတ်သန်းသွားတဲ့ လေနုအေးတွေထဲမှာ အဲ့ဒီနာမည်လေးက ဖူးပွင့်လွင့်မျောသွားပါရဲ့။ တကယ်ဆို ရင်ခုန်သံတစ်ခုကို အလွယ်တကူ ပြုပြင်ဖာထေးဖို့ ငါမတတ်နိုင်ခဲ့တာအမှန်ပါ။ နင်နဲ့ ပတ်သက်တဲ့အကြောင်းအချက်တစ်ခုခုကို ပြန်တွေးမိတိုင်း ငါ့ရင်တွေဟာ လှိုင်မောပြိုစီးနေတတ်တယ်။ တိုးတိုးတိတ်တိတ်ကြေကွဲဖို့ပဲ ငါအခါခါ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ရပါဘူး။ နင်က ဆူညံပေါက်ကွဲနေတဲ့ ငါ့ရဲ့မီးတောင်ငယ်လေးတစ်ခု မဟုတ်လား…။ ဘာပဲဖြစ်ဖြစ် အိသဒ္ဓါမိုး ရယ်…. နင့်ဆန္ဒအမှန်ကို ရိုးဖြောင့်စွာ ပြောပြတဲ့အတွက်ရော၊ နင့်အသံစူးစူးလေးတွေနဲ့ တောင်းပန်တဲ့အတွက်ရော… မလိုအပ်ပေမယ့် နင့်ကိုငါကျေးဇူးတင်ပါတယ်။ ငါတို့နှစ်ယောက်ကြားမှာရှိတဲ့ သူငယ်ချင်း နံရံကြီးကို အခါအားလျော်စွာ ငါကကျော်ဖြတ်ဖို့ လွန်မြောက်ချင်နေခဲ့မိတာ….။ ကဗျာလေးတွေကို ချစ်တတ်ပေမယ့် ကဗျာရေးတဲ့ကောင်ကို ချစ်ဖို့ နင်မကြိုးစားနိုင်ခဲ့ဘူး။ ဆေးရုံအနံ့ကို မနှစ်သက် မုန်းတီးပေမယ့် ဆေးကျောင်းသားဆိုတဲ့ ကောင်ကို ချစ်ဖို့တော့ နင်ကကြိုးစားခဲ့တယ်။ ရပါတယ်… အိသဒ္ဓါမိုး ရယ်…။။ […]