“တော့ ကိုဖိုးအေး…ထတော့လေရှင်…တော်ကလဲ အအိပ်ကြီးပါ့။ ကျုပ်မှာဖြင့် ရွာဦးကျောင်းက မနက် တုုံးမောင်း မခေါက်ခင်ကတည်းကထပြီး နွားစာကျွေး၊ ထမင်းဟင်းချက်ပြုတ်နေရတာ..။ စာရင်းငှားတွေတောင် ယာထဲသွားနေကြပြီ..။ ကဲ..ထတော့ မျက်နှာမြန်မြန်သစ်ပြီး ယာထဲကို ယာထဲကိုလိုက်သွား…။ ကျူပ်ထမင်းကြမ်း လာပို့ပေးမယ်။ ” မလှပုံ၏ မရပ်မနားစကားသံကြောင့် အိပ်ယာထက်မှာ အသာကွေးနေသည့် ကိုဖိုးအေး တစ်ယောက် ဆတ်ကနဲခေါင်းထောင်ထသွားပါတော့၏။ “ဪ..အေးအေး..။ လှပုံရယ် ဖြည်းဖြည်းနိုးပါဟ..။ ဒီနေ့ယာထဲမှာ မြေပဲကြဲမယ့်ရက်ဆိုတာ ငါသိပါတယ်။ ညက နွားစာတွေပြီးအောင် စဉ်းနေရလို့ အိပ်တာနောက်ကျသွားပြီး မနိုးတာပါဟ။ ဒါဆို မျက်နှာသစ်ပြီး ငါယာထဲလိုက်သွားတော့မယ်..။ ကလေးတွေကို ရွာဦးကျောင်းမှာ စာသင်ဖို့သေချာ သေချာလုပ်ပေးပြီးသွားရင် အဆာခံစာ စားဖို့ လာပို့လှည့် လှပုံ..။ ကဲ ငါသွားပြီ..။” “ဟုတ်ကဲ့ပါ..ကိုဖိုးအေးရယ်..။ ကျုပ်သိပါတယ်..။ ဟိုဖက်ရွာက အရီးစိန်တို့က သူတို့စိုက်ဖို့ […]