ယနေ့ ဂါတ်ရုံးကင်းဂျူတီ မောင်တူးအလှည့် ကျပြန်၍ ကင်းမှူးသည်လည်း ရဲကြပ် အောင်သိန်းဖြစ်ရကား ဂါတ်တဲ ကင်းရုံးလေးတွေ ကင်းစစ်လာရင်း ဆုံကြပြန်လေသည်။ “မောင်တူးရေ” “ဗျာ…ကိုအောင်သိန်း” “ မင်းကင်းကျပြန်ပြီဆိုတော့ ဒီတစ်ခါ ငါတို့ပြေးရမယ့် အလှည့်မဟုတ်လောက်သေးပါဘူးနော့” “တောက်တီးတောက်တဲ့ ကိုအောင်သိန်းရာ ဒါထက် ကျွန်တော်တို့ ရာဇဝတ်အုပ်မင်းက နည်းနည်းများ နွဲ့နေသလားလို့ ဗျ” ထိုအခါ ကိုအောင်သိန်းမျက်လုံးတွေ ကျီးကန်းတောင်မှောက်ဖြစ်သွားပြီး “မီးခြစ်ပေးပါဦးဟ” သည်တစ်ကြိမ် ပြောင်းဖူးဖက်ဆေးလိပ်တိုကို မီးညှိခြင်း ဖြစ်၍ မောင်တူး ဆေးလိပ်တောင်းမသောက်တော့ပဲ… “ဒီတစ်ခေါက် ရာဇဝတ်အုပ်ကအသစ် အရေးပိုင်ဆီသွားတဲ့ ကိစ္စကိုယ့်ဆရာမပါဘူးနဲ့တူတယ်” “မပါတာမဟုတ်ဘူး မလိုက်ရဲတာ” “ဗျာ…! ဘာဖြစ်လို့လဲ” “ဟာ….ငါတို့ ဦးတုတ်က ဘူးထုပ်ကွ၊ ငါ့ကို ပတ်ချွဲနှပ်ချွဲ နဲ့ စကားပြောပြီး ဟိုနှိုက် ဒီနှိုက် လုပ်နေလို့” “ဟမ်! […]