ပန်းချီစကားပြောရရင် မူလအရောင်မတူကွဲပြားခြားနားသည့် အရောင်နှစ်မျိုးကို ပေါင်းစပ်ရေးဖွဲ့လိုက်ရင် မူလအစအရောင်များနှင့်ကွဲပြားခြားနားသည့် အရောင်သစ်တစ်မျိုးဖြစ်ပေါ်လာရသလိုမျိုး မတူညီသောဘဝနှစ်ခုပေါင်းစပ်ရေးဖွဲ့လိုက်ရင် လုံးဝကွဲပြားခြားနားသည့် ဘဝအသစ်တစ်ခုဖြစ်လာရတော့၏။ ထို့နေ့က ဆောင်းအကုန်နွေအကူး ကံ့ကော်တွေလည်းဖူးနေကြသည်။လက်ပံပွင့်တို့သည်လည်း အပြာရောင်မိုးကောင်ကင်းကြီးကိုနောက်ခံထားလျက်နေမင်းကိုအံတု နေသည့်အလား ရဲရဲနီနီ ပင်လုံးကျွတ်ပွင့်ဝေနေကြသည်။ ထိုနေ့က Kenbo 110 ဆိုင်ကယ်လေးတစ်စီးသည် ဘဝနှစ်ခုကို တင်ဆောင်ကာ စစ်တောင်းမြစ်ဘေးက ရွာကလေးဆီ မငြီးမညူ ထမ်းပိုးသယ်ဆောင်သွား၏။ ထိုနေ့က ကျေးငှက်သရကာတို့အနက် ဥဩငှက်ကလေးတစ်ကောင်သာ တေးဆို၍ အားပေး၏။ ထိုနေ့က မိသားစုထမင်းဝိုင်တွင် တစ်ယောက်ရော့နေသောကြောင့် အဖေကအစ အမေအဆုံး လက်ဆေးဇလုံကို ငြင်းပယ်ကာ ငူငိုင်နေကြသည်ဆို၏။ ထိုနေ့က ခါတိုင်းလိုပင် ကမ္ဘာတစ်ဘက်၌ နေသာနေ၍ ကျန်တစ်ဖက်၌ မှောင်မိုက်နေ၏။ ထိုနေ့က လောကရုပ်ရှင်ရုံတွင် ဓာတ်မတည့်မှုှုဇာတ်ကားသစ်ရုံတင်နေ၏။ ထိုနေ့က လက်တစ်စုံတို့သည် မြဲမြံအောင်တွဲချိတ်၍ အမှောင်ထဲသို့ တိုးဝေ့နေ၏။ ထိုနေ့က အနုပညာရသမြောက်သော […]