ဗိုလ်ချုပ်အတော်နေထိုင်မကောင်းဖြစ်ပြီဆိုတော့ ထုံးစံအတိုင်း ဆေးရုံအုပ်ကြီးကို ဖုန်းဆက်ပြီပေါ့။ နေမကောင်းတာက အမှန်ကတော့ ဝမ်းချုပ်တာပါ။ ဒီတော့ ဖျားလည်းဖျားတော့တာပေါ့။ ဆေးရုံအုပ်ကြီးဒေါက်တာဘသန်းဟာ ဒီသတင်းကိုရတာနဲ့ သူနာပြုဆရာမတစ်ဦးကို ဗိုလ်ချုပ်ကိုပြုစုဖို့လွှတ်လိုက်ပါတယ်။ သိပ်မကြာပါဘူး၊ သူနာပြုဆရာမလေးဟာ ရှိုက်ကြီးတငင်ငိုပြီးပြန်လာပါတယ်။ သူ့အပြောကတော့ ဗိုလ်ချုပ်က ဆဲလွှတ်လိုက်တယ်ပြောပါတယ်။ နောက်ဘယ်လိုချော့မော့ လွှတ်လွှတ် မသွားတော့ပါဘူး။ ဒီအချိန်မှာ ဒေါက်တာဘသန်းဟာ သူနာပြုတာဝန်ထမ်းဆောင်နေတဲ့ ဒေါ်ခင်ကြည်ကို ရွေးချယ်ပြီးလွှတ်လိုက်ပါတယ်။ အဆင်ပြေသလားမပြေသလားတော့မသိဘူး၊ တော်တော်နဲ့ကို ပြန်မလွှတ်တော့ပါဘူး။ ဒီလိုနဲ့ပဲ ဒေါ်ခင်ကြည်ဟာ နေ့စဉ်သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒေါ်ခင်ကြည်မသွားတဲ့နေ့ဆိုရင်တောင် တယ်လီဖုန်း ဆက်ပြီး လှမ်းခေါ်တဲ့အဆင့်ကိုရောက်လာပါတယ်။ နေကောင်းသွားတဲ့အချိန်မှာ ယခင်က မှုံကုတ်နေတဲ့ ဗိုလ်ချုပ်ရဲ့ မျက်နှာဟာရွင်လန်းအသက်ဝင်လာပါတယ်။ တစ်ခါမှ မလာဖူးတဲ့ ဆေးရုံကြီးဘက်ကို လမ်းလျှောက်လို့ လာပါတော့တယ်။ ဒီဆေးရုံကြီးမှာက ဒေါ်ခင်ကြည်နဲ့ ဒေါ်ခင်ရီညီအစ်မနှစ်ဦးစလုံးသူနာပြုအလုပ်လုပ်ကြပါတယ်။ သူတို့ဟာ မြစ်ဝကျွန်းပေါ်ဖက်ကဖြစ်ပါတယ်။ ရန်ကုန်ရောက်ခါစမှာတော့ ဗဟန်းမှာ အခန်းငှားပြီးနေပါတယ်။ […]