မြန်မာသက္ကရာဇ် ၁၃၈ဝ မှ ၁၃၈၁ သို့ နှစ်ပြောင်းဦးမည်။သင်္ကြန်ဆိုသည် သင်္ကန္တ၊ အဟောင်းမှ အသစ်သို့ ကူးပြောင်းခြင်း အဓိပ္ပါယ်ဖြစ်သည်။ အမေရိကပြည်ထောင် အရှေ့အနောက်ကမ်းရိုးတန်းဒေသနေမြန်မာဇာတိနွယ်အများစုတို့ တနှစ်၃ခါ သင်္ကြန်ကျလေသည်။ ခရစ်သက္ကရာဇ်အပြောင်းတခါ၊ ချိုင်းနီးစ်နှစ်သစ်တွင်တခါနှင့် မြန်မာနှစ်သစ်တွင်တခါပါ။ ကံကောင်းလှတည်း၊ တခါပြောင်းတိုင်း အသက်တနှစ်ကြီးရပါမူ ဖိုးသက်တော်ရှည်မြန်မာ-အမေရိကန်များပါပေ။ မြန်မာနိုင်ငံမွေးဖွားကြီးပြင်းသူတိုင်း သင်္ကြန်ကျတော့မည်ဆိုလျှင် စိတ်တို့ လှုပ်ရှားလာတတ်သည်။ သင်္ကြန်ပိုးလေးများ ရွထိုးလာတတ်သည်။ အဘယ့်ကြောင့်နည်း? နှစ်ကူးပိတ်ရက်ကြောင့်လော၊ သင်္ကန္တ ကူးပြောင်းခြင်းခံစားချက်ကြောင့်လော၊ ရေပက်ကစားခြင်းပွဲတော်ကြောင့်လော၊ ငယ်မူငယ်သွေး ငယ်အရေးများကြောင့်လော၊ ဤခံစားမှုတို့ အမေရိကားရောက်လျှင်လျော့ပါး ပြောက်ရလွှင့်ပါးရပါသည်။ သင်္ကြန်ကို နှစ်ကူး သင်္ကြန်ပွဲတော်ရက်တို့တွင် မကျင်းပမူပဲ ရက်လွှဲကာ ကျင်းပကြရသည်က တကြောင်းဖြစ်သည်။ အမေရိကား၏ရာသီဥတုသည် အေးပါရကား ဧပြီလ၏ ပျမ်းမျှအပူချိန်သည် လော့စ်အိန်ဂျလိစ့် 60°F၊ ဆန်ဖရန်စစ္စကို 52°F ၊ နယူးယောက် […]