ယိုင်နဲ့နဲ့အိမ်အိုလေး အဖေ့ချွေးနဲ့တည်ဆောက်ခဲ့တယ် ကျွန်တော်တို့ဘဝတွေ အဖေ့သွေးနဲ့ဖန်တီးပေးခဲ့တယ် အဖေတည်ဆောက်သမျှ ကျွန်တော်တို့ဘဝ လှပခဲ့ပါတယ်  … ။ အခု .. ကျွန်တော်တို့တည်ဆောက်တဲ့အလှည့်မှာ အဖေ့ဘဝ မလှပတာကို သား …. စိတ်မကောင်းဘူးအဖေ .. ။ အဖေခင်းခဲ့တဲ့လမ်းကို ဖြောင့်တန်းအောင် သားမလျှောက်နိုင်ခဲ့ဘူးအဖေ အခုတော့ အဖေနဲ့ဝေနေတဲ့ဘဝမှာ သား .. နေသားကျအောင်ကြိုးစားနေပြီအဖေ အိမ်ရှေ့က စာဗူးတောင်းငှက်ကလေးတွေ အိမ်ပြန်ချိန်မှာ သားကိုကြိုနေဆဲပဲလားဟင် .. မနက်နဲ့ည မကွဲပြားပဲအသက်ဆက်နေရတဲ့ဘဝမှာ တစ်ခါတစ်လေ အဖေ့စကားသံတွေကြားယောင်မိတယ် `………………………………´ လျှပ်လက်တာကို တိမ်ခွပ်တယ်လို့သုံးနှုန်းတတ်တဲ့ ကျွန်တော်တို့ဒေသလေး အေးချမ်းဆဲပဲလားအဖေ … ။ ဒီချိန်ဆိုရင် မိုးအေးအေးနဲ့ သားလေ … ကလေးလေးဖြစ်ချင်လိုက်တာ အဖေရယ် …. ။     ။


အမေ … ကျွန်တော့ဘဝရဲ့တမ်းမှုတွေဆိုတာ အမေကိုလွမ်းတဲ့စိတ်က ဖြစ်တည်ခဲ့တာပါ အမေ … ။ ကြင်နာမှုဆိုတာကို နာကြင်မှုနဲ့ရောထွေးယူငင်ခဲ့ရတဲ့ မေတ္တာငတ်သားတစ်ယောက် လူ့ဘဝက မပျောက်သေးပါဘူး အမေ .. ။ ခံစားခဲ့ရသမျှ ကြေကွဲမှုဆိုတာ ခွဲခွါခြင်းတံခါးဝမှာ အစပြုခဲ့တာပါ အမေ … ။ ကိုငှက်ကြီးသီချင်းထဲကလို အိမ်ပြန်ချင်တယ်  ကြုံးကြုံးအော်ရင်း အလင်းမဲ့နေ့တွေ အမှောင်တွေကိုကြောက်လှပြီ အမေ .. ။     ။


ဘယ်သူတွေစခဲ့မှန်းမသိတဲ့ တစ်ထောင့်တစ်ညပုံပြင်တွေ ကြယ်စင်တွေကိုသက်သေပြု တစ်မင်းတစ်ခု ပုံတူထုနေကြမလားပဲ … ။ ဓူဝံကြယ်ကိုမြင်ပါရက်နဲ့ တောင်ဘက်အရပ်ကို လမ်းညွှန်နေတဲ့ကွန်ပါတ်စ်နောက် ကောက်ကောက်ပါအောင်လိုက်မိတဲ့ငါ တစ်ခါတစ်ခါ ငါလျှောက်တာလမ်းမှန်ထင်မိရဲ့ … ။ ငါသိမ်းထုတ်သမျှ ငါ့ဘဝအတွေ့အကြုံတွေက လူတောမတိုးရဲတဲ့ အနုတ်စုတ်ဂုတ်စုတ် ရင်ခုန်သံခပ်ညံ့ညံ့တွေဖြစ်လို့နေခဲ့ … ။ ထွက်မသွားပါနဲ့ တားဆီးခဲ့တဲ့စကားသံတွေက အလွမ်းခြေရာဖြစ်နေခဲ့ပြီ ခါးသီးမှုဆုလဒ်ဆိုတာ ငါ့ရဲ့ကိုးကွယ်ရာဖြစ်လို့နေခဲ့ …. ။      ။


`အိမ်ဝေးညများ´ အိပ်မက်တွေ အရေခွံဆုတ်ပစ်ခဲ့သမျှ ငါ့ခန္ဓာကိုယ်မှာ ဖွာလန်ကျဲလို့ … ။ တေးသွားတွေ ဝိုင်းရံသွားခဲ့သမျှ ငါ့ခန္ဓာကိုယ်မှာ ဂစ်တာကြိုးတွေ ပြတ်ရှလို့ … ။ လေညှင်းတွေ တိုက်ခတ်သွားသမျှ ငါ့ရင်နှစ်ခြမ်း အလွမ်းနှင်းတွေ တစစ်စစ်နဲ့ဝင်ရောက် ဂီတမူးညတွေ လမ်းပျောက်ပေါင်းလဲမနည်းတော့ဘူး …. ။     ။