သာဓု သာဓု သာဓု

Mg OggaJuly 3, 20101min520

ကျွန်တော်မှာ ပုံပြင်တွေပြောတတ်တဲ့ မိတ်ဆွေကြီးတစ်ယောက်ရှိပါတယ်။ ဒီမိတ်ဆွေကြီးက မြန်မာရိုးရာပုံပြင် တွေစု တွေသမျှလူလိုက်ပြောလေရဲ့ ကျွန်တော်လည်း ဒီကောင်ကို ပြောစရာပုံပြင်တစ်ပုဒ်ရှိတယ်။ မြန်မာရိုးရာပုံပြင် တစ်ခုပါပဲ။ ကျွန်တော်ရဟန်းဘဝမှာ နေတုန်းကကြားဖူးခဲ့တဲ့ပုံပြင်လေးပါ။

တခါကရွာတစ်ရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဝါဆိုတော်မှုတဲ့ ရဟန်းတစ်ပါးရှိလေရဲ့ ထိုရဟန်းက ရဟန်းတို့ နေစဉ်လုပ်ငန်းစဉ်တိုင်း အိမ်စဉ်လှည့် ဆွမ်းခံထွက်ရပါတယ်။ အိမ်တွေနဲ့က မရင်းနီုးသေးတော့ အိမ်ရှေ့မှာပဲ ရပ်ပြီးဆွမ်းခံရတာပေါ့ နောက်ကြာလာတော့ အိမ်ထဲမှာ ဆွမ်းပင့်တာခံရတာပေါ့။ ဒီရဟန်းတော်ကို ထူးထူးခြားခြား ကြည်ညိုတဲ့ ဒကာကြီးတစ်ယောက်ရှိလေရဲ့။

သူက ဒီရဟန်းတော်လာတိုင်း သူရဲ့ လူမှုရေးကိစ္စတွေကို ပြောလေ့ရှိတယ်။ ဥပမာ လယ်ကစပါးဘယ်လောက် ထွက်တဲ့အကြောင်း သူသားကိုအိမ်ထောင်ချပေးမဲ့ အကြောင်းစုံကို ရဟန်းတော်ကို ပြောဆိုလျှောက်ထား လေ့ရှိပါတယ်။ ရဟန်းတော်ကလည်း သူဘာပဲပြောပြော သာဓု သာဓု သာဓု လို့သာပြောလေ့ရှိပါတယ်။

တနေ့ သူအိမ်က နွားမျိုးကောင်းမျိုးသန့်ကြီးတစ်ကောင် ရောဂါဖြစ်ပြီး သေဆုံးသွားပါတယ်။ နွားကြီးက တကယ်ကို မျိုးကောင်းမျိုးသန့်ကြီးဖြစ်လေတော့ သူကလည်းနှမျောမိတယ်။ ဖြေသိမ့်စရာတစ်ခုခုရမလားလို့ ရဟန်းတော်ကို ဒီအကြောင်း လျှောက်တင်မိလေတယ်။ ရဟန်းတော်ကပြန်ပြောတာက သာဓုသာဓုသာဓုတဲ့။ ဒီလိုပြောတာကို ဒီဒကာကမကျေနပ်လှဘူး ဒါပေမယ်လည်း ဘာမှပြန်မပြောပဲနေလိုက်တယ်။

နောက် သူ့ရဲ့သားက လယ်တောကနေ ရွာကိုပြန်တဲ့ လမ်းမှာချောက်ထဲကျပြီး ခြေတစ်ဖက်ကျိုးသွားပါတယ်။ ဒီအကြောင်းကို သူက ရဟန်းတော်ကိုလျှောက်ထားပြန်တယ်။ ဒီတော့ ရဟန်းတော်က ထုံစံအတိုင်းပဲ သာဓုသာဓုသာဓုတဲ့။ ဒီအခါမှာတော့သူက မကျေနပ်ဖြစ်လာတာပေါ့ ဖြေသိမ့်ပေးမလားလို့ လျှောက်တင်မိတာ သူက သာဓု(ကောင်းတယ်)ချည်းပြောနေတော့ခွကျတာပေါ့။ သူလုံးဝသည်းမခံနိုင်တော့ ဒီရဟန်းတော်ကို ချောင်းရိုက်မယ်လို့ ကြံစည်တယ်။

ရဟန်းတော် ဆွမ်းခံကြွတဲ့ လမ်းမှာသူက တုတ်တစ်ကြောင်းကိုင်ပြီးစောင့်နေတာပေါ့။ ရဟန်းတော်ဆွမ်းခံ ကြွလည်း ကြွလာပြီး သူနားရောက်လာအချိန်မှာ ရဟန်းတော်ရဲ့ မြေသပိတ်ဟာ လွှတ်ကျပြီး ကွဲသွားပါတယ်။ ဒီတော့ ရဟန်းတော်က ထုံးစံအတိုင်းပဲသာဓု သာဓုသာဓုလို ပြောနေတယ်။ ဒီအချိန်မှာ တုတ်ကိုင်ပြီးပုန်းနေတဲ့ ဒကာက ထွက်လာပြီး ရဟန်းတော်ကိုလျှောက်တယ်။ အရှင်ဘုရား တပည့်တော်နွားကြီးသေတော့ အရှင်ဘုရားက သာဓု(ကောင်းတယ်)လို့ပြောတယ်။ တပည့်တော်သား ခြေကျိုးတော့ လည်းသာဓုလို့ ပြောတယ်။ အခုလည်း အရှင်ဘုရားသပိတ်ကွဲသွားတော့ သာဓုလိုပြောပြန်တယ်။ မကောင်းတာတွေဖြစ် နေတာကို အရှင်ဘုရားက ဘာကြောင့် သာဓု(ကောင်းတယ်)ချည်းပြောနေရတာလဲတဲ့။

ရဟန်းတော်က ကပြန်ဖြေပုံက မှတ်သားစရာ အတူယူစရာကောင်းလှပါတယ်။ အော် ဒကာ နွားသေတာ လူသေတာထက်စာရင် ကောင်းတာပေါ့၊ ဒကာ့သားခြေကျိုးတာ သေသွားတာထက်စာရင်ကောင်းတာပေါ့။

ငါ့သပိတ်ကွဲသွားတာ ခေါင်းကွဲတာထက်စာရင် ကောင်းတာပေါ့တဲ့လေ။

ဒီတော့မှာ ဒီဒကာကြီးက ရဟန်းတော်ကို ပြစ်မှားမိသမျှဝန်ချတောင်းပန်လိုက်ပါတယ်။

ပုံပြင်လေးရတော့ ဒီလောက်ပါပဲ။

ကျွန်တော်လည်း လူငယ်သင်တန်းက တစ်လ၊ ရဟန်းဘဝမှာ တစ်လ နှစ်လလောက် အင်တာနက်နဲ့ ဝေးနေတယ်။ ရဟန်းဘဝက လူထွက်လာတော့ အင်တာနက်ကို အားရပါးရသုံးမယ်။ ကျွန်တော် ဘလော့လေးကို အားရပါးရရေးမယ်ဆိုပြီး အားခဲကာ ကျွန်တော်ဘလော့လေးကို ဖွင့်လိုက်တော့ အနီရောက်စာတန်းလေးပေါ်လာတယ် Access Denied တဲ့ ကျွန်တော်နှုတ်က လွတ်ခနဲ ထွက်သွားတာက သာဓု သာဓု သာဓု တဲ့