ဒီနေ့အဖို့ ကျနော်တို့ ရွာမှာ အသုံးတွင်ကျယ်တဲ့ စကားလေးတွေ အကြောင်းကို ပြောချင်ပါတယ်။ စကားက နှစ်မျိုးရှိတယ်ဗျ။ တစ်မျိုးက လူတိုင်း နားလည်တဲ့ စကားမျိုး။ တစ်မျိုးက လူငယ်တွေပဲ နားလည်တဲ့ စကားမျိုး။ အဲ … ပထမ အမျိုးအစားက မခက်ပေမယ့် လူငယ်တွေပဲ နားလည်တဲ့ စကားကတော့ နည်းနည်းလေးတော့ ရှုပ်တယ်။ ရှုပ်မှ လူကြီးတွေ မသိမှာကိုးဗျ … နော့ ။

ရွာမှာ လူအများစု သုံးနေတဲ့ စကားလုံး အချို့ကတော့ … ကိုယ့်မျက်စိထဲ သိပ်ပြီး ဘဝင်မကျတဲ့ လူတစ်ယောက်ကို ပြောတဲ့အခါ … “ဒီကောင်က အယိုင် ပါကွာ” လို့ သုံးပါတယ်။ အယိုင် … အယိုင်ကြီး ပါကွာလို့ ပြောကြတယ်ဗျ။ နောက်တစ်မျိုးကလည်း အယိုင်နဲ့ တူတူပဲ။ ဒီကောင်က “အယိုင်ကြီး” ၊ “အခြေပြုတ်ကြီး” … အဲလို သုံးတာပါ။

လူလတ်ပိုင်းတွေက လူငယ်တွေကို ပြောတဲ့အခါ … မနုဿ် လို့ သုံးတယ်ဗျ။ ” အဲဒီ မနုဿ် က ဟိုကောင်မလေးကို ကြိုက်နေတာကွ …” ။ ဘာကွ။ ညာကွ ပေါ့ဗျာ… ။ ဒါလေးတွေကတော့ တော်တော်ကြီးကို အသုံးတွင်ကျယ်တဲ့ စကားလုံး အချို့ပါပဲ။

လူငယ်တွေကြား သုံးတဲ့ စကားကတော့ နည်းနည်း ရှုပ်တယ်လို့ ပြောခဲ့တယ်နော်။ သို့ပေသိ တတ်လွယ်ပါတယ်။ ရှုပ်တယ်ဆိုတာကလည်း လူကြီးတွေအဖို့ နားရှုပ်တာကို ပြောတာပါ။ ကဲ .. ထားပါ။ နမူနာတစ်ခု ပြောပြမယ်။ တစ်ခုသော ညနေခင်း တစ်ခုမှာပေါ့။ အလုပ်တွေကတော့ အကုန်ပြီးသွားပြီ။ ရေတွေ ဘာတွေလည်း ချိုးပြီးသွားပြီ။ အဲဒီအချိန်မှာ ကျနော့် ဘော်ဒါက အိမ်ကို ရောက်ချလာတယ်။ သူလာတာက ထန်းရည် သွားကစ်ဖို့ လာခေါ်တာ။ အဖေတို့၊ အမေတို့ကလည်း ရှိနေတော့ “ဟေ့ကောင် ထန်းရည် သွားသောက်ကြရအောင်” ဆိုပြီး ခေါ်လို့ မရဘူးလေ။ အဲလို ခေါ်လိုက်ရင် ကျနော် တွယ်ခံရမှာပေါ့။

ဒါနဲ့ ဒီငတိ (ငတိ ဆိုတာကလည်း လူတစ်ယောက်ကို သုံးနှုန်းတဲ့ အသုံးအနှုန်း တစ်ခုပါ) က ကျုပ်ကို လှမ်းပြောတယ်။ “ဟေ့ကောင်ရေ … ထူးရန်း ရူးရေ သူးရွား သူးရောက် ရူးရ အူးရောင်” ။ အဓိပ္ပါယ်ကတော့ “ထန်းရည်သွားသောက်ရအောင်” ပေါ့။ ဒါက နမူနာပါ။

ဒီရွာထဲက နာမည်အချို့ကို ကျနော်တို့ ဘာသာစကားနဲ့ နည်းနည်း ပြောကြည့်ပါမယ် …. ။ နမူနာထဲ ပါတဲ့လူတွေကတော့ ကျနော့်ကို စိတ်ဆိုးနဲ့နော် … :D

ကျနော့နာမည် အံစာတုံး ကို ပြောမယ်ဆိုရင် “အူးရန် ဇူးရာ တူးရုံး” လို့ ပြောပါတယ်။
စိန်ပေါက်ပေါက် ဆိုရင် “စူးရိန် ပူးရောက် ပူးရောက်” လို့ ပြောတယ်။
ဖရဲသီး ဆိုရင် “ဖရူးရဲ သရူးရီး” ပေါ့။
ကြီးမိုက် ဆိုရင် “ကျူးရီး မူးရိုက်” ပေါ့ဗျာ။
ကိုပေ ဆိုရင် “ကူးရို ပူးရေ” ပေါ့။
ကိုဂီ ဆိုရင် ကူးရို ဂူးရီ …..
ဦးဘလက် ဆိုရင် အူးရူး ဘလူးရက် …
လေးပေါက် ဆိုရင် လူးရေး ပူးရောက် ….
သဂျီး ဆိုရင် သဂျူးရီ ….
ဦးကြောင်ကြီး ဆိုရင် အူးရူး ကြူးရောင် ကြူးရီး ….
မအိတုံ ဆိုရင် မအူးရိ တူးရုံ ….
အရီးလတ် ဆိုရင် အရူးရီး လူးရက် ……
( နမူနာ ပြောပြတာ ဖြစ်တဲ့အတွက် ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ပါတယ်နော် … )
စသည်ဖြင့် စသည်ဖြင့် သုံးကြတာပေါ့ဗျာ …….. ။ ဒီနေရာမှာ ရကောက် တွေကို ရကောက် အတိုင်း အသံဒဲ့မထွက်ပါဘူး။ စာထဲမှာဆိုတော့ ကျနော်လည်း ထွက်ပြလို့ ရဘူးဗျာ။ အနီးစပ်ဆုံး ပြောရရင် ပါဠိသံလိုလို၊ ရခိုင်သံလိုလို ထွက်တယ်ပေါ့ဗျာ။

နောက်ထပ် နမူနာလေးအချို့ကတော့ ….

ထမင်း …. ထမူးရင်း
ဟင်း … ဟူးရင်း
ရေ … ရူးရေ
မုန့် … မူးရုန့်
_______________________
ချီးပါ …. ချူးရီး ပူးရာ
သေးပေါက် ….. သူးရေး ပူးရောက် …. :D

ကျနော့် တုန်းကတော့ ကျနော့် အကိုကြီး ဝမ်းကွဲ တစ်ယောက်က ကျနော့် နာမည် ပေါင်းပြရင်းနဲ့ သင်ပေးခဲ့တာဗျ။ အခုလည်း နာမည် အတော်များများကို ပေါင်းပြ ပေးထားတယ်ဗျို့ … ။ ဒီလောက်ဆို ရလောက်ပါပြီဗျာ … ။

ဒါလေးတွေကတော့ ဒီနေ့အတွက် ကျနော် သိသလောက် ဗဟုသုတလေးကို မျှဝေတာပေါ့ဗျာ …. ။
တော်သေးပြီ … ။

ခင်မင်စွာဖြင့်
မဟာရာဇာ အံစာတုံး

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။