နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်နေ့ကနေ လပြည့်ကျော် ၉ ရက်နေ့ထိမှာတော့ မြန်မာနိုင်ငံရှိ ထင်ရှား ကျော်ကြားတဲ့ ဘုရားစေတီတော်များမှာ တစ်ဆူအဖြစ်အပါအဝင် ဖြစ်ကာ ကင်းဝန်မင်းကြီးရဲ့ စခန်းစဉ်လင်္ဏာမှာ “အရှေ့မှာရွှေစာရံ၊ ပုဂံ အနောက်၊ တောင်မြောက်ယင်မြော၊ သီဟတော” လို့ဖေါ်ပြထားခဲ့တဲ့ ကျော်လေးဆူ (ရွှေစာရံ၊ ရွှေစည်းခုံ၊ ရွှေယင်မျှော်၊ အညာသီဟတော) စာရင်းဝင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်က သမိုင်းဝင် သစ္စာဓိဌာန် ရွှေစာရံ စေတီတော်မြတ်ကြီးရဲ့ ဘုရားပွဲတော်ကြီးကို ချိန့်ချိန့်သဲသဲ စည်ကားစွာနဲ့ ကျင်းပပြုလုပ်ပါတယ်။

ရွှေစာရံ စေတီတော်

ရွှေစာရံ စေတီတော်မြတ်ကြီးကို သွားရောက်ဖုးမြှော်မယ်ဆိုရင် မန္တလေးကနေ  မန္တလေး – ပြင်ဦးလွင် နှင့် ရှမ်းပြည်မြောက်ပိုင်းသို့ သွားရာ ကားလမ်းမကြီးအတိုင်း ၁၃ မိုင်ရှိ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာဆီ၊ ထိုမှတစ်ဆင့် အုန်းချောလမ်းခွဲမှ ၃ မိုင် ၂ ဖာလုံ တောင်ဖက်လမ်းခွဲ အတိုင်းဝင်ရောက်ကာ ဖူးမြှော်ရပါတယ်။

ဒီဘုရားပွဲတော်ဟာ အထက်အညာဒေသက စည်ကားတဲ့ ဘုရားပွဲတွေထဲမှာ တစ်ခု အပါအဝင်မို့ မြန်မာနိုင်ငံ အနှံ့နဲ့ ပတ်ဝန်းကျင်ဒေသတွေ ဆီကနေ ပွဲတော်လာသူတွေနဲ့ အထူးစည်ကားပါတယ်။ အညာဒေသထွက်ကုန်တွေနဲ့ ရှမ်းပြည်ဒေသက ထွက်ကုန်တွေ အစုံရတဲ့ ပွဲတော် တစ်ခုလည်း ဖြစ်ပါတယ်။ ဒီဘုရားပွဲဈေးမှာ ရှမ်းဈေးတန်း ဆိုပြီး ရှမ်းပြည်ဒေသက ထွက်ကုန်တွေအတွက် အထူးနေရာပေးတယ်လို့လည်း သိရပါတယ်။ ဘာလို့လည်းဆိုတော် ဒီ သမိုင်းဝင် သစ္စာဓိဌာန် ရွှေစာရံ စေတီတော်မြတ်ကြီးကို တည်ထားကိုးကွယ် ပူဇော်ခဲ့တဲ့ ဘုရားဒါယိကာမကြီးက မိုင်းမောဝ်ဧကရီ လှဒေဝီ စောမွန်လှ (ရှမ်းအခေါ်) စဝ်မွမ်းလ မို့ ရှမ်းမျိုးနွယ်တွေရဲ့ ဘုရားပွဲတော် တစ်ခုလည်း ဖြစ်လို့ပါ။

သမိုင်းမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀ ကျော်က အနော်ရထာ ဘုရင်မင်းမြတ် ရှမ်းပြည်အရောက်မှာ ရှမ်းပြည်အရှင်က နှစ်ပြည်ထောင် နောင်အရှည် ချစ်ကြည်မြဲဖို့အရေး မိုင်းမောဝ်ဧကရီ လှဒေဝီ စောမွန်လှ (ရှမ်းအခေါ်) စဝ်မွမ်းလ ကို ဆက်သခဲ့တယ်လို့ ဆိုပါတယ်။ စဝ်က  – အရှင်၊ မွမ်းက – ဂုဏ် နဲ့ လ ( လီ) ဆိုတာက – အလှကြွယ်သူ၊ “အလှဂုဏ်ကြွယ်ကာ တင့်တင်သူ” ဆိုတဲ့ ဘာသာတရား အလွန်အလေးထားတဲ့ ရှမ်းမင်းသမီးလေးကို အနော်ရထာက မိဘုရားအရာထားကာ အလေးထားမြှောက်စားလေတော့ ဘာသာတရား အလွန်အလေးထားတဲ့ မိဘုရားစောမွန်လ ဟာ ဘာသာသာသနာတော် ထွန်းတောက်စေဖို့ အလွန်ဆောင်ရွက်နိုင်ခဲ့တာမို့ နားတောင်းတော်မှာ မွေတော်ဓါတ် ကိန်းဝတ်ကာ လွန်ထင်ရှားခဲ့ပါတယ်။

လောကသဘာဝမှာက အောင်မြင်သူ၊ ကျော်ကြားသူတွေမှာ မလိုသူတွေဆိုတာ ရှိလာတတ်ပြီး သစ်ပင်တစ်ပင် ထိပ်ပိုင်းခွင်ဝယ် ဝေဟင်လေမိုက် ပိုလို့တိုက်တာမို့ လောကဓံကို ရှေးကံအရ ခံရခဲ့ကာ၊ တစ်ဖက်မှာလည်း ဘာသာသာသနာ အတွက် ရွှေစာရံစေတီတော်ကြီး တည်ထား ကိုးကွယ်နိုင်စေဖို့ အကြောင်းဖန်လာတော့ ပုဂံမြေကနေခွာကာ ရှမ်းပြည်ဆီ ပြန်လာခဲ့ရပါတယ်။

ပုဂံကနေ ရှမ်းပြည်ဆီ အပြန်လမ်း၊ ခုစေတီတော်အနီးက ပန်းချောင်း (ယခု နားဋောင်းကျချောင်း) အရောက်မှာ မွေတော်ဓါတ်ကိန်းဝတ်တဲ့ နားဋောင်းက ချောင်းထဲကျခဲ့ကာ နားဋောင်းက မွေတော် ပြာဋိဟာ ပြပြီး ကောင်းကင်ယံမှာ စာသူငယ်အပေါင်းက သောသောညံအောင် ဝိုင်းရံပူဇော် ခဲ့တာမို့ အဓိဌာန်ကာ ပြန်ရရှိခဲ့တဲ့ မွေတော်ဓါတ်ကိန်းဝတ်တဲ့ နားဋောင်းကို ဌာပနာကာ တည်ထားတဲ့ စေတီကို ရွှေစာရံစေတီရယ်လို့ သမိုင်းတွင်ခဲ့တာပါ။

တည်စကတော့ အဘယခေမာ ကုန်းသာယာမှာ လှိုဏ်ဂူဝ ထားကာ ဥာဏ်တော် ၅ တောင်နဲ့ တည်ထားပူဇော်ခဲ့ကာ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယ၊ ရတနာပူရ၊ ရတနာပုံ အထိ မင်းအဆက်ဆက် နဲ့ ရသေ့ကြီးဦးခန္တီ အထိ အဖန်ဖန်အထပ်ထပ် ပြုပြင်မွန်းမံခဲ့လို့ လက်ရှိစေတီတော်ကြီးကို နောင်လာနောက်သားများ ဖူးမြော်ခွင့်ရတာပါ။

ဘုရားဖူးလာသူတွေအနေနဲ့ စေတီတော်ကြီးတစ်ဝိုက်မှာ တောင်ဖက်မှာဆို သီရိဓမ္မာသောက မင်းကြီးကောင်းမှုတော် ရွှေမုဌောစေတီ၊ အနီးအနားက ၁၇ ရာစုလက်ရာ ဖိုးပွား၊ ဖိုးကလား၊ ဖိုးပေါ်ဘုရားများကို ဖူးမြော်နိုင်ပြီး ဘုရားမှာ ရှိတဲ့ ဟော်နန်းဆောင်မှာ ရှမ်းရိုးရာ ယဉ်ကျေးမှုအတိုင်း ရှမ်းအိုးစည်ဝိုင်းနဲ့ ဂါရဝပြု ပူဇော်နိုင်ကြပါတယ်။

ရှေးတုန်းက ဘုရားပွဲတော်ရက်တွေမှာ ငါးထွေ၊ ငါးရွှေး အစရှိတဲ့ ငါးကြီးတွေ ဒုဌဝတီမြစ်အတိုင်း ဆံတက် ရောက်ရှိကာ ဘုရားတည်ရာ ကမ်းမှာပေါ်နေတတ်လို့ ဘုရားဖူးတွေက ငါးစာကျွေးတာ၊ ငါးကြီးတွေခေါင်းကို ရွှေချတာလုပ်တဲ့ “ငါးကြီးဆိပ်” လို့ခေါ်တဲ့ ရေဆိပ်မှာ အခုတော့ လှေ၊သမ္ပာန်လေးတွေနဲ့ အနီးအနားကို အပျော်စီးလို့ရပါတယ်။

လှေစီးလို့ရတဲ့ ငါးကြီးဆိပ်မှာ

ဟိုနားဒီနား လှေကလေးတွေနဲ့သွား

ပွဲတော်ဆီကို မြင်းလှည်းလေးတွေနဲ့ လည်းလာကြတယ်။

ပွဲတော်ရှုခင်းလေးတွေပါ။

ဒေသခံတွေအတွက် ရောင်းကုန်တွေ

ဒေသထွက် အညာမုန့်တွေ

စောင်းတန်းဈေး

နာမည်ကျော် ရွှေစာရံငါးတွေ

ရွှေစာရံ အမှတ်တရ

ပွဲတော်အတွင်းက ဓါတ်ပုံတွေ အမြန်ရတဲ့ Mobile Lightroom နေရာလေးပါ။ ခေတ်မှီဓါတ်ပုံတွေ ကူးနေတာလေ။

Mobile Lightroom

ပြောပြစရာလေး တစ်ခုရှိတာက ဘုရားမှာ ဂေါပကအဖွဲ့က နတ်ကတော်အချို့နဲ့ စီးပွားရေးအကွက်ထွင် လုပ်စားသူတွေရဲ့ ပယောဂကြောင့် ဖြူစင်မြင်မြတ်တဲ့  ပါရမီရှင် ဘုရားဒါယိကာမကြီး စောမွန်လှကို သိုက်နန်းရှင်၊ ဂူနန်းရှင် စတဲ့ အနိမ့်စားပရလောကသားအဖြစ် လူပိန်းကြိုက် လုပ်ကြံဖန်တီးကာ ရိုးသား အယုံလွယ်သူတွေအပေါ် လုပ်စားနေကြတာတွေ လိုက်လံတားမြစ်နေရတယ်လို့ ဆိုပါတယ်။ ရှမ်းပြည်က ဘာသာရေးကို နားလည်တဲ့ ပညာတတ် အသိုင်းအဝိုင်းတွေ၊ ဘုန်းတော်ကြီးတွေကလည်း ပါရမီရှင် ဘုရားဒါယိကာမကြီး အဖြစ်သာ သမိုင်းဝင်စေလိုကြပါတယ်။

ဘုရားဖူးတွေ

ဘုရားဒါယိကာမ စောမွန်လှဆီမှာ အဓိဌာန် ဆုတောင်းကြသူတွေ

ကျော်လေးဆူဝင် ရွှေစာရံ ဘုရား ပွဲတော်ကြီးကတော့ နှစ်စဉ်နှစ်တိုင်း တပေါင်းလပြည့်နေ့ကနေ လပြည့်ကျော် ၉ ရက်နေ့ထိ အထက်အညာမှာ ပွဲတော်လာသူ ဘုရားဖူးတွေနဲ့ အမြဲစည်ကားလျှက်ရှိပါတယ်။ မရောက်ဖူးသေးရင်တော့ အခွင့်ကြုံရင် ဝင်ရောက်ဖူးမြော်ဖို့ တင်ပြဖိတ်ခေါ်လိုက်ရပါတယ်။

စိန်သော့

(အချက်အလက်များကို သီပေါကိုလတ် ရေးသားပူဇော်ကာ ရွှေစာရံ ဂေါပက အဖွဲ့က စီစဉ်ထုတ်ဝေသည့် ဘုရားသမိုင်းစာအုပ်မှ ရယူပါသည်။)

About Diamond Key

Sein Thort has written 64 post in this Website..

ပွင့်လင်းလွတ်လပ်စွာ ရေးသားဖေါ်ပြခွင့်ရခြင်း၊ ဖတ်ရှုခွင့် ရခြင်းများကို အလွန် နှစ်သက်သဘောကျသည်။ သို့သော် ထိုအခွင့်အရေးကို သုံးကာ သူတပါးအား နစ်နာရန် မမှန်မကန် ပြုမူခြင်းမျိုးကို မနှစ်သက်။ မိမိစာတစ်လုံးသည် အများသူငါ အတွက် တစ်စုံတရာ အကျိုးပြုနိုင်ပါစေ။