လောကမှာ မသိခြင်း တွေကြောင့် ရယ်လည်း ရယ်ရ၊ စိတ်ဒုက္ခလည်း ရောက်ရတဲ့ အဖြစ်တွေက အများသား ကလား။ ပြီးခဲ့တဲ့ တစ်ပတ်က ဘတ်စ်ကား ပေါ်မှာ တွေ့ခဲ့တဲ့ ပရိသတ် ကောင်မလေးတွေ အကြောင်း “မသိခြင်းဒုက္ခ” ကို ရေးခဲ့ ပြီးတဲ့နောက် အဲဒီလိုပဲ ကျွန်တော် ကြုံခဲ့တဲ့ မသိခြင်း ဒုက္ခလေးတွေ ခေါင်းထဲ အစီအရီ ပြန်ပေါ် လာပါတယ်။ အဲဒါလေးတွေကို ရေးချင်တာရော၊ စာဖတ်သူ တချို့ကလည်း ရယ်ရတယ်၊ မသိခြင်း ဒုက္ခတွေ ရှိသေးရင် ဆက်ရေးပါဦး၊ ရယ်ချင်လို့ ဆိုပြီး ပွဲတောင်းပါတယ်။ ဒါနဲ့ပဲ ဒီတစ်ပတ် မသိခြင်းဒုက္ခ (၂) ကို ဆက်ရေးဖြစ်ပါတယ်။

စီစီတီဗီဟာ နေရာအနှံ့မှာ

ကျွန်တော် အလုပ်လုပ်တဲ့ ရုံးက အပေါ်ထပ်၊ အောက်ထပ် နှစ်ထပ်ရှိတဲ့ Sales Office တစ်ခုပါ။ ကျွန်တော်က ရုံးမှာ Web ပိုင်း ဆိုတော့ အပေါ်ထပ် အခန်းထဲမှာ အလုပ် လုပ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ရုံးက အောက်ထပ်မှာ အရောင်းဝန်ထမ်း ကောင်မလေးတွေက ကုန်ပစ္စည်း အရောင်း ကိစ္စတွေနဲ့ အလုပ်ရှုပ် နေတတ်ကြပြီး ကျွန်တော်ကတော့ အပေါ်ထပ် အခန်းထဲက ကွန်ပျူတာ ရှေ့မှာပဲ တစ်နေကုန် မလှုပ်မယှက် ထိုင်နေဖြစ်တာ များပါတယ်။ တစ်လောကတော့ ကျွန်တော်တို့ ရုံးကို အသစ်ခန့် လိုက်တဲ့ အရောင်းဝန်ထမ်း ကောင်မလေးတွေ ရောက်လာ ပါတယ်။ သူတို့က အသစ် ဆိုတော့ ရုံးမှာ ကျွန်တော် ဘာလုပ်လည်း မသိဘူး။ အပေါ်ထပ်ကို တက်လာပြီဆို ကျွန်တော့်ကို ကျီးကြည့် ကြောင်ကြည့် နဲ့ပေါ့။ သူတို့ စိတ်ထဲလည်း “ငါတို့က အောက်ထပ်မှာ ဟိုပြေးလိုက် ဒီလွှားလိုက်၊ ထမင်းတောင် အချိန်မှန် မစားနိုင် လောက်အောင် အလုပ်များတဲ့ အချိန်မှာ၊ ဒီအစ်ကိုကြီးက အခန်းထဲမှာ ငြိမ်ငြိမ်ကုပ်ကုပ် ကလေး ဘာများ လုပ်ရပါလိမ့်” လို့ ထင်မှာပေါ့လေ။ ကျွန်တော်နဲ့လည်း မခင်သေးတော့ ကျွန်တော့်ကို မမေးဝံ့ကြဘူး ထင်ပါရဲ့။

အဲ… သုံးလေးရက်လောက် ကြာတော့ ဟိုဖက် ရုံးချုပ်က အစ်ကိုကြီး တစ်ယောက်က ကျွန်တော့်ကို စပ်ဖြဲဖြဲနဲ့ လာပြောပါတယ်။

“မင်းတို့ အောက်ထပ်မှာ အသစ်ရောက်နေတဲ့ ကောင်မလေး နှစ်ယောက်က ငါ့ကို မင်းအကြောင်း လာမေး နေတယ်”

“ဘာမေးတာတုန်း”

“အပေါ်ထပ် အခန်းထဲ မှာချည်းပဲ တစ်နေကုန် ထိုင်နေတာ၊ အဲဒီ အစ်ကိုကြီးက ဘာလုပ်ရ တာလဲတဲ့”

“ခင်ဗျား ဘာပြန်ဖြေလိုက်လဲ”

“ဟဲ ဟဲ ငါပြောခဲ့တယ်၊ နင်တို့ သူ့ကို ကောင်းကောင်း မွန်မွန် ဆက်ဆံ၊ အဲဒီကောင်က အခန်းထဲမှာ တစ်ချိန်လုံး ငြိမ်ပြီး ထိုင်နေတာ အကောင်း မဟုတ်ဘူး၊ အပေါ်ထပ် အခန်းထဲ ထိုင်ပြီး အောက်ထပ်က နင်တို့ရဲ့ လှုပ်ရှားမှု မှန်သမျှကို စီစီတီဗီ ကနေ ကြည့်ပြီးတော့ နင်တို့ အိပ်ငိုက်တာတို့ ဘာတို့ဆိုရင် Report ရေးပြီး ရုံးချုပ်ကို တင်ပေးရတာလို့ ပြောခဲ့ တယ်”

ကျွန်တော်လည်း တဟဲဟဲ ရယ်နေလိုက်ပါတယ်။ သိပ်မကြာဘူး… နောက်နေ့ အပေါ်ကနေ အောက်ထပ် ဆင်းပြီး ရေနွေး သွားထည့်တော့ အဲဒီ ကောင်မလေး နှစ်ယောက် ကျွန်တော့်ကိုလည်း မြင်ရော..

“အစ်ကိုကြီး … ထမင်းစားပြီးပလား အဟီး” ဆိုတာက တစ်မျိုး

“အစ်ကိုကြီး … ထမင်းစားကောင်းလား အဟဲ” ဆိုတာက တစ်ဖုံ ပြောကြပါတယ်။ အဲဒီမှာ ကျွန်တော်လည်း ရုံးချုပ်က အစ်ကိုကြီး ပြောစကားကို အမှတ်ရပြီး၊ ရုပ်ကို တည်လိုက် ပြီးတော့….

“နင်တို့ သတိထား နေ၊ နင်တို့က အသစ်တွေ မို့လို့ ပြောတာ၊ ငါ နင်တို့ကို တစ်ချိန်လုံး ကြည့်နေတာနော်၊ မူမမှန်ရင် ရုံးချုပ်ကို Report ရေးတင်လိုက်မှာ”

“ဟုတ်.. အစ်ကိုကြီး၊ ဒါနဲ့ စီစီတီဗီက အောက်မှာ ဘယ်နှစ်လုံးတောင် တပ်ထားတာလဲဟင်”

“စုစုပေါင်း (၇)လုံး၊ အရှေ့ခြမ်းမှာ နှစ်လုံး၊ အခန်း အလယ်မှာ နှစ်လုံး၊ အနောက်ပေါက် နားမှာ နှစ်လုံး”

“တစ်လုံးလိုသေးတယ်လေ၊ တစ်လုံးက ဘယ်မှာတပ်ထားလဲ”

“အိမ်သာထဲမှာ ….”

အဲဒီလိုလည်း ပြောလိုက်ရော “ဟင်” ခနဲဆို ကောင်မလေး နှစ်ယောက် မျက်နှာကို ပျက်သွား ကြတာပဲ။

“ဟင်.. အဲဒါဆို သမီးတို့ အိမ်သာဝင်တော့ရော ဘယ်လိုလုပ်မလဲ၊ ကိုကြီးက အချိန်ပြည့် ဖွင့်ထားတာပဲလား စီစီတီဗီတွေကို”

“ဟဲ့… နင်တို့ အိမ်သာထဲ ဝင်လည်း ဖွင့်ထားရတာပဲ၊ ဘယ်တတ်နိုင်မလဲဟာ၊ တော်ကြာနေ မသမာတဲ့လူ တစ်ယောက်ယောက်က ဧည့်သည်ယောင် ဆောင်ပြီး အိမ်သာထဲမှာ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ဘာတွေ ထားသွားတော့ နင်တို့ တာဝန်ယူမလား ပြော”

ကျွန်တော်ကလည်း အပေါ်စီး ရောက်နေတဲ့ သူဆိုတော့ ဖိဟောက်တာပဲ။ တကယ်တော့ ကျွန်တော့် စိတ်ထဲ တော်တော်ကို ရယ်ချင်နေပြီ… သူတို့ရဲ့ မျက်နှာငယ် လေးတွေကို ကြည့်ပြီးတော့လေ။ ဒါတောင် မကျေနပ်သေးလို့ သူတို့ နားက ပြန်ထွက်ခါနီး တစ်ခု ထပ်ပြောခဲ့သေးတယ်။

“အေး.. အဲဒီ အိမ်သာထဲက စီစီတီဗီကို ပိတ်တဲ့အချိန် တစ်ချိန်တော့ ရှိတယ်၊ သိလား”

ကောင်မလေး နှစ်ယောက် မျက်နှာလေးတွေ ပြန် “ဝင်း” သွားတယ်။ အားတက်သရောနဲ့ ကျွန်တော့်ကို သံပြိုင် မေးတယ်။

“ဘယ်အချိန်လဲ ကိုကြီး”

“ငါ အိမ်သာဝင်တဲ့အချိန်”

ခပ်ပြတ်ပြတ် ပြောပြီး ကျွန်တော် သူတို့ကို မကြည့်တော့ဘဲ အပေါ်ထပ် ပြန်တက် လာခဲ့တယ်။ ကောင်မလေး တွေကတော့ နောက်မှာ ပွစိပွစိနဲ့ ကျန်ခဲ့လေရဲ့။ နောက်ရက်တွေကျ ကျွန်တော်က သူတို့ကို မြင်တာနဲ့ လက်ညှိုးထောင်၊ မျက်မှောင်ကို ကြုံ့ပြီး “သတိထားနော်၊ သတိ၊ အချိန်ပြည့် ဖွင့်ထားတာ၊ ဟင်း ဟင်း” လို့ ပြောတာ အကျင့်ကို ဖြစ်နေပါ တော့တယ်။

အခုတော့ သူတို့လည်း အမှန်ကို သိသွား ကြပါပြီ။ ကျွန်တော်ဟာ Media Dept. က ဖြစ်ကြောင်း၊ စီစီတီဗီနဲ့ ဘာမှ မဆိုင်ကြောင်း ကိုပေါ့။ အခုမှသာ သူတို့ စိတ်ထဲ ရယ်နိုင်မှာပါ။ မသိခင်တုန်းကတော့ သူတို့လည်း စိတ်ထဲ မချင့်မရဲ ခံစားရမှာပေါ့။ ကျွန်တော်လည်း ဒီလိုပါပဲလေ… အခု အချိန်မှာသာ သူတို့ကို နောက်ပြောင် နိုင်တာ… ကိုယ် ရုံးကို စရောက်တဲ့ ဂျူနီယာ အသစ်လေး ဘဝတုန်းကလည်း ကိုယ့်စီနီယာတွေက ကိုယ် ဘာမှမသိသေးခင် ကိုယ့်ကို ကြပ်ရင် သူတို့လိုပဲ ခံခဲ့ရတာပဲ မဟုတ်လား။ နေရာသစ်၊ ဋ္ဌာနသစ်ကို ရောက်လာ တတ်ကြတဲ့ လူသစ်လေးတွေရဲ့ မသိခြင်း တွေဟာလည်း နောင်တစ်ချိန်မှာ ပြန်ပြီး ရယ်စရာ ကောင်းတဲ့ ဒုက္ခတစ်မျိုး ဖြစ်နေတတ်တာပေါ့ဗျာ။
(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 2, Issue 25 တွင် ပုံနှိပ်ဖော်ပြခဲ့ပြီး ဆောင်းပါး သရုပ်ဖော်ပုံကို ကာတွန်းနေကြီး မှ ကျေးဇူးပြုရေးဆွဲပေးပါသည်)
သူရဿဝါ

12. March. 2012

www.thurathawah.net

www.facebook.com/ThuRaThaWah

www.facebook.com/LiteraryArtBlog

About သူရဿဝါ

သူ ရ ဿ ဝါ has written 157 post in this Website..

25 Years Old From Yangon | Myanmar | Writer | Blogger | Stand-up Comedian | Freelance Web Designer | Admin Member of Suboo Multi Social Network | Contact Me as Followings, kophonethantkyaw@gmail.com www.thurathawah.net www.facebook.com/ThuRaThaWah www.twitter.com/Thurathawah