မောင်အာဂ ထွက်သွားသည်နှင့် ဘိန်းစားပေါက်ဖော် အရက်ဆိုင်အတွင်းသို့ ပြန်လည်ဝင် ရောက်လာပြီး

 

“ ကဲ… အခုအလှည့်ကျတဲ့လူကတော့ ချာတူးလန်ပဲ… မင်းက ရန်ကုန်လေဆိပ်ကိုသွား အဲဒီမှာ လူတစ်ယောက်ကိုသွားကြို သွားရမယ့်ပုံစံက ခေါင်းမှာကောက်ရိုးဦးထုပ်ဆောင်း ပြီးတော့ လေဆိပ်ကားရပ်တဲ့နေရာမှာ ညနေ၅ခွဲအရောက်သွား စောင့်ရမယ်… လက်ထဲမှာတော့ ယပ်တောင်တစ်ချောင်းရှာပြီး ကိုင်သွားကွာ… မင်းဆီကို တရုတ်ပြည်က နှူးဘာဂိုဏ်းလက်ရွေးစင်တစ်ယောက်လာဆက်သွယ်လိမ့်မယ်…”

 

“ကိုပေါက်ဖော်…ခင်ဗျားတို့ ချိန်းထားတဲ့ကိစ္စတွေကအားလုံး အူကြောင်ကြောင်ချည်းပဲ”

 

“ဒီလိုတော့ရှိမပေါ့ ချာတူးရယ်… အချိန်းအချက်လုပ်ပါတယ်ဆိုမှ ကိုယ့်လုံခြုံရေးဂရုစိုက် ရသလိုပဲ လူမြင်သာထင်သာအောင်လဲလုပ်ရသေးသကိုး”

 

ချာတူးလန်မှာ အူကြောင်ကြောင်အချိန်းအချက်များကို စိတ်ပျက်ဟန်ဖြင့် ညနေပိုင်း လေဆိပ်သွားရန်အလို့ငှာ ကောက်ရိုးဦးထုပ်နှင့် ယပ်တောင်တစ်ချောင်းဝယ်ဖို့ အနီးဆုံးဈေး သို့ထွက်ခွာသွားလေသည်…

 

ချာတူးလန်ထွက်ခွာသွားသည်နှင့် ဘိန်းစားပေါက်ဖော်က…

 

“အကုန်လုံး လူနှစ်ယောက်ကြိုဖို့တော့ ကျုပ်စီစဉ်ပြီးပြီ… ဒါပေမယ့်အဲဒီလူနှစ်ယောက် သုံးဖို့လက်နက်သယ်ယူအရေးမှာ အခက်အခဲရှိနေတယ်…အဲဒီမှာ ပြောဟောလဲကောင်း လူတိုင်းလေးစားလောက်တဲ့ရုပ်ရည်ပိုင်ဆိုင်ထားတဲ့ ရသေ့ကြီးစည်သူကဖြင့် လက်နက် သယ်ယူရေးကို တာဝန်ယူရလိမ့်မယ်… လက်နက်သယ်ယူရာမှာ ရသေ့ကြီးအနေနဲ့ ကျုပ်စီစဉ်ပေးထားတဲ့ကားတစ်စီးကိုစီးပြီး ပဲခူးမြို့က ရွှေသာလျောင်းဘုရားကိုသွားရမယ်… အဲဒီမှာ ကျုပ်တို့ကားပေါ်ကို သေတ္တာနှစ်လုံးတင်ပေးလိုက်မယ်… လက်နက်ပို့ပေးမယ့်လူ ကိုတော့ဖြင့် ရသေ့ကြီးစီးမယ့်ကားနံပါတ်ကို အကြောင်းကြားထားပြီးသား… ရသေ့ကြီးအနေနဲ့ ကားပေါ်ကိုတင်ယူလာပြီး ရန်ကုန်အရောက်ပြန်လာရုံပဲ…”

 

“မောင်ရင်ပေါက်ဖော်ရယ်…ရသေ့ကိုမှ လူသတ်လက်နက်သယ်ခိုင်းရတယ်လို့… ပဲခူးကိုရောက်မှတော့ ရန်ကုန်ကိုထပ်ပို့ဖို့ ဘယ်လောက်များဝေးတော့မှာမို့တုန်း…”

 

“ဒါကတော့ ရသေ့ကြီးရေ… ဂိုဏ်းသားအရေးမို့ ရသေ့လဲတာဝန်ကျေရမှာပဲ… ကျုပ်ကတော့ ရှင်းတယ်ဗျာ… ဂိုဏ်းသားအရေးကို ဘာသာရေးနဲ့နွယ်ရင်ဖြင့် အောင်မြင်နိုင်မှာမဟုတ်တဲ့အတွက် ဂိုဏ်းအရေးနဲ့ ဘာသာရေးကိုခွဲမြင်ဖို့လိုတယ်… ရသေ့ကြီးရေ… နောက်တစ်ခုက ပဲခူးရောက်မှ လက်ပြောင်းပေးလိုက်တာအကြောင်းရှိတယ်… လက်နက်ကို နယ်စပ်ဖြတ်ပြီးသယ်လာတာ ကနေပြန်တွက်ရင် ပဲခူးအရောက် အဆင့်(၅)ဆင့်ပြောင်းပြီးပြီ… အဲဒီအတွက် နောက်ကနေ ခြေရာခံဖို့ကိုခဲယင်းသွားပြီး နောက်ဆုံးကျုပ်တို့လူရင်းကိုယ်တိုင် သွားသယ်တာဖြစ်တဲ့အတွက် ကျုပ်တို့ရဲ့စုရပ်ကို တခြားလူတွေမသိစေလိုတဲ့ အကြောင်းလဲပါတာမို့ပါ…”

 

ထိုသို့ပြောနေစဉ် ဆိုင်ရှေ့သို့ကား (၂)စီးထိုးရပ်လာသည်… တစ်စီးမှာ HiAce Super Custom ကားဖြစ်ပြီး ကျန်တစ်စီးမှာ Pajero ကားတစ်စီး…

 

“ကဲ… ကျုပ်တို့ ကျန်တဲ့လူတွေက Super Custom နဲ့ နေရာရွှေ့မယ်… ချာတူးလန်နဲ့ မောင်အာဂကိုတော့ သူတို့ လူတွေကြိုပြီးတဲ့အချိန်ကြရင် ဘယ်နေရာကိုလာရမယ်ဆိုတာ ကျုပ်ပြောပါ့မယ်… အခုတော့ ရသေ့ကြီးက Pajero နဲ့ ပဲခူးကိုအမြန်သွား…အမြန်ပြန်… လမ်းမှာလဲ ရသေ့ကြီးက အစီအရင်လုပ်စရာရှိလို့ ဘုရားဖူးသွားတယ်လို့ပဲပြော… ပစ္စည်းတွေကိုလဲ လာတင်ပေးချိန်မှာ ငှက်ပျောခိုင်တွေနဲ့ ရောတင်မှာမို့ ရသေ့ကြီးကိုကြည်ညိုသူတွေလှူတယ်လို့ပဲ အကုန်သိကြလိမ့်မယ်… အရေးကြီးတာက စကားမလွန်မိစေနဲ့… ကဲလမ်းခွဲကြရအောင်…”

 

အသီးသီး…ကားပေါ်တက်ပြီးထွက်ခွာခဲ့ကြသည်… ကားပေါ်ရောက်ရောက်ချင်း ဘိန်းစားပေါက်ဖော်မောင်းခိုင်းသည့်နေရာကား မြို့လည်ရှိ ကုန်သည်ကြီးများ ဟိုတယ်သို့ ဖြစ်လေသည်…

 

ကုန်သည်ကြီးများဟိုတယ်သို့ရောက်သောအခါ အခန်း(၂)ခန်းကြိုတင်အရံသင့်ငှားထားပြီး ဖြစ်သဖြင့် (၆)လွှာသို့တက်လာခဲ့သည်… အခန်းအတွင်းရောက်သောအခါ ကပ်လျက်အခန်း (၂)ခန်းအား အတွင်းတံခါးဖွင့် ဆက်သွယ်ထားသည်ကို တွေ့ရလေသည်…

အခန်းအတွင်းဝင်ရောက်ပြီးသည်နှင့် နှစ်ခန်းလုံးအား အနှောက်အယှက်မပေးရန်စာချိတ်ဆွဲထားဖို့ ဘိန်းစားပေါက်ဖော်မှ မနွယ်ပင်အားတာဝန် ပေးလိုက်သကဲ့သို့ နှူးဘာဂိုဏ်းချုပ်သမိန်ဂီကလဲ ကျောပိုးအိတ်ထဲမှ ကင်မရာကိုထုတ်ပြီး အခန်းအပြင်ဘက်သို့ ပြန်လည်ထွက်ခွာသွားတော့သည်…

ဘိန်းစားပေါက်ဖော်မှာ သမိန်ဂီ ခရီးဆောင်အိတ်အတွင်းမှ Laptop လေးနဲ့ ဓာတ်ပုံထုတ် ပရင်တာအသေးလေးအားထုတ်ပြီး မောင်အာဂရိုက်ကူးထားသော ဓာတ်ပုံများကို တစ်ခုခြင်းစီ ပရင့်ထုတ်ပြီး နံရံအလွတ်ပေါ်တွင် ပင်အပ်ဖြင့်ထိုးပြီး နေရာချထားနေလေတော့သည်…

နွယ်ပင်မှာတော့ အလုပ်ဖြင့်ထွက်ခွာသွားသူ မောင်အာဂအား စိုးရိမ်မှုများဖြင့် ဘုရားသခင်ထံတွင် ဆုတောင်းလျက်ရှိပေတော့၏….

 

xxxxxxxxx

 

ရန်ကုန်ဘူတာကြီးတွင် မြစ်ကြီးနားရထားဝင်သွားလေပြီ…

အချိန်အတော်အတန်ကြာပြီးဖြစ်သော်လဲ မိမိအားမည်သူမှ လာရောက်တွေ့ဆုံခြင်းမရှိ…

အူကြောင်ကြောင်နှင့် မိမိဘ၀ကိုပင်အားနာလာသယောင်… နေ့ခင်းကြောင်တောင် နေပူပူတွင် အကျီ င်္အနက်နှင့် ခေါင်းစွတ်အနီ… ရထားလမ်းစင်္ကြန်တွင် လူများလဲ တစ်ဖြည်းဖြည်း နည်းပါးလာခြေပြီး… ဆင်းရဲနွမ်းပါးသောလူများမှာလဲ ခရီးသွားပြည်သူ များစွန့်ပစ်ခဲ့သော ရေသန့်ဗူးအလွတ်များ၊ အရက်ပုလင်းခွံများ နှင့် ဘီယာသံဗူးများကို လာရောက်ကောက်ယူပြီး တစ်ဝမ်းတစ်ခါးအတွက် ဖန်တီးနေကြလေပြီ…

သူတို့တွင်ပင် နားခိုရာ အိမ်ရှိလိမ့်ဦးမည်… မိမိအတွက်တော့ မပူမပင်ရအောင် ငွေကြေးများ လက်ဝယ်ရှိသော်လဲ မတည်ငြိမ်နိုင်သေးတဲ့ဘ၀နှင့် ချစ်ရသူနွယ်ပင်မျက်နှာ ကိုမြင်နေရင်း… မိမိလက်ရှိဘ၀ကို အားမလိုအားမရဖြစ်မိနေ၏…

 

“အစ်ကိုကြီး ရေသန့်ဘူးလေး သောက်ပြီးရင်ပေးပါ…”

 

ရေသန့်ဘူး အတောင်းခံရမှ သတိပြန်ဝင်လာပြီး… လက်ထဲရှိရေသန့်ဘူးလေးကို ငုံ့ကြည့်မိ လိုက်သည်… သုံးပုံနှစ်ပုံခန့်ရေများကျန်နေသေး…

 

“သောက်လို့မှာ မပြီးသေးတာကွ…ပြီးရင်မင်းရမှာပေါ့…”

 

ပြောပြောဆိုဆိုနှင့် ရေသန့်ဘူးလာတောင်းသောလူငယ်ကို မော့ကြည့်လိုက်သည်…

ထိုလူငယ်မှာ စကားသံဝဲ၀ဲလေးဖြင့်…

 

“ရေသန့်ဘူးကို မကုန်သေးလို့တောင်းတာပေါ့ဗျာ… အစ်ကိုလိုချင်ရင် ကျွန်တော့်မှာဘူးအလွတ်တွေအများကြီးပဲ… လိုက်ခဲ့ပါလား….”

 

“ဟေ့ကောင်… ငါကရေသန့်ဘူးအလွတ်တွေဘာလုပ်ရမှာလဲ… မင်းလိုကောင်များမှတ်နေလား…”

 

“အစ်ကိုရာ… အဲဒီလောက်ဒေါသမထွက်ပါနဲ့… ကျုပ်နဲ့သာလိုက်ခဲ့ပါ… အစ်ကိုကကြောင်တောင်တောင်နဲ့ နှာဘူးကြီးပဲနေမှာ… ဟားဟားဟား…”

 

ပြောပြောဆိုဆို လူငယ်လေးလက်ဆွဲခေါ်ရာနောက်သို့ ဒရွတ်တိုက်နီးပါးလိုက်ခဲ့ရင်း စိတ်ထဲမှာသူပြောတာကို အပြန်ပြန်အလှန်လှန်ရေရွတ်မိတော့သည်….

 

“အစ်ကိုက ကြောင်တောင်တောင်နှာဘူးကြီး”

 

xxxxxxxxxxxxxxxxx

 

စိတ်စောနေမှုကြောင့် ချာတူးလန် လေဆိပ်ကို (၅)နာရီခန့်ကတည်းက ကြိုတင်ပြီး ရောက်နှင့်နေသည်… ညနေစောင်းအချိန် ကောက်ရိုးဦးထုပ်ကြီးဆောင်းရင်း ယပ်တောင်တစ်ခုကိုင်လျက်…

တော်တော် အနေရအထိုင်ရကျပ်သောအနေအထား…

ဘိန်းစားငပေါက်ဖော်ဘယ်လေယာဉ်မှန်းမသိ… အူကြောင်ကြားနှင့်လွှတ်လိုက်သည်…

ဒေါသထွက်လာသည်… ဆက်မစောင့်ရန်ဆုံးဖြတ်မိတော့မည်…

 

စုံစမ်းကြည့်ရသလောက် နောက်ဆုံးလေယာဉ်ဆင်းသွားသည်မှာ တစ်နာရီကျော်သွားပြီ…

လာစောင့်ရတာက တရုတ်တစ်ကောင်… ကားပတ်ကင်မှာ စောင့်နေတာ ဟိုလူကြည့် ဒီလူကြည့်နှင့် အနေရအထိုင်ရခက်သား… ထိုစဉ်နှုတ်ခမ်းမွှေးစစနှင့် ကုလားလိုလိုလူ တစ်ယောက်အနားကိုရောက်လာသည်… အရက်နံ့ထောင်းကနဲရလိုက်သည်…

 

“တွားမယ်ငီမငေး….”

 

ဟိုက် ဂြိုဟ်တော့မွှေပြီဟ… ငမူးတစ်ကောင်လာရစ်နေပြီ…

 

“ ဒီမယ်… လုံခြုံရေးခေါ်ပြီး အချုပ်ထဲထည့်ထားလိုက်ရမလား…”

 

ပြောပြောဆိုဆိုနှင့် အူကြောင်ကြောင်စီစဉ်သော ဘိန်းစားပေါက်ဖော်ကို စိတ်တိုမိတော့သည်…

 

“ လုံခြုံရေးခေါ်စရာမလိုဘူး… ညီမလေးက လုံခြုံသွားပြီ… ကျုပ်ကိုကြောင်တောင်တောင်နှာဘူးတစ်ကောင်များမှတ်နေလား”

 

ခုနတော့ တရုတ်သံဝဲ၀ဲနှင့်ပြောနေရာမှ မြန်မာစကားပီပီသသကြီးထွက်လာတော့ မျက်လုံးပင်ပြူးသွားမိသည်… ထိုလူမှ တစ်လုံးချင်းစီ ပီပီသသထပ်ပြော၏…

 

“ ကြောင်….တောင်….တောင်…. နှာဘူး…နော်…”

 

ထိုသူပြောစကားကို ထပ်ရွတ်ကြည့်လိုက်သည်… တွေ့ပြီ… ဒီလူကိုခေါ်ရမည်ကိုး…

ဘာမှထပ်မပြောတော့ လက်မှဆွဲပြီး အငှားကားတစ်စီးငှားရန် လေဆိပ်ဝန်းအတွင်းမှ ထွက်လိုက်သည်…

လူတစ်ယောက်လေဆိပ်မှာကြိုရတာလဲ မလွယ်ပါလားနော်…

 

xxxxxxxxxxxx

 

ရသေ့တန်မယ့် လူသတ်လက်နက်ကို သယ်ပေးရမည်… လွှဲပြောင်းမည့်နေရာကား ဘုရားမြေ… လုပ်ရက်ပါ့ ဘိန်းစားရာ…

ဂိုဏ်းသားတွေအတွက် အသက်တောင်ပေးပါ့မယ်ဆိုပြီးမှ… လုပ်ပေးရတဲ့အလုပ်က မြတ်စွာဘုရားကို စော်ကားနေရပါလား…

 

ပုတီးစိပ်နေသည်… အာရုံမရ…

တရားထိုင်ပြန်တော့လဲ… လူသတ်ဖို့အငွေ့အသက်က ဖျောက်မရ…

ခွင့်လွှတ်တော်မူပါဘုရား… ဒီအကြံအောင်ရင်ဖြင့် မြတ်စွာဘုရားထံ ကျွန်ခံပါ့မယ်ဘုရား…

 

တရားထိုင်မရသည့်အလျောက် စင်္ကြန်လျောက်နေလိုက်သည်…

ဘုရားရိပ်တွင်ပင် မအေးချမ်းနိုင်သည့်ဘ၀ပါလား….

ထိုစဉ် ဘုရားကြီးဝန်းထဲသို့ ထော်လာဂျီတစ်စီး ဆူညံနေအောင်ဝင်လာသည်…

ရွာသားလူကြီးနှစ်ဦး မိမိစင်္ကြန်လျောက်နေရာသို့ ဦးတည်ဝင်လာခဲ့သည်…

ရိုကျိုးစွာ ကန်တော့ပြီးနောက်…

 

“ အရှင်ဘုရားနဲနဲနောက်ကျသွားတာကိုခွင့်လွှတ်ပါဘုရား… တပည့်တော်သား ကြောင်တောင်တောင်နဲ့နှာဘူးတစ်ကောင်ကို ဆုံးမနေရတာနဲ့ အချိန်တွေတောင် လင့်ကုန်ပြီဘုရား… သာသနာပြုဖို့ ရွာကိုလဲကြွပါဦးဘုရား…”

 

တရင်းတနီး မိတ်ဆွေရင်းချာလိုပြောရင်း ပါလာသောလူ(၃)ယောက်အား ငှက်ပျောခိုင်များနှင့် သေတ္တာရှည်တစ်လုံးကို ကားပေါ်တင်ပေးသည်… ထို့နောက် မိမိလဲ ဘုရားပရ၀ုဏ်အတွင်းမှ အလျှင်အမြန်ထွက်လိုဇောဖြင့် ခေါင်းတွင်တွင်ညိမ့်ပြီး ကားပေါ်တက် ထွက်ခွာခိုင်းလိုက်သည်… ကျန်ခဲ့သောသူများကား မြေကြီးပေါ်တွင်ထိုင်လျက် အကြိမ်ကြိမ်ဦးချကျန်ရစ်လေသည်… အကွက်စေ့အောင် စီစဉ်ထားနိုင်သော ဘိန်းစားပေါက်ဖော်ကိုပဲ ချီးကျူးရလေမလား… ဂိုဏ်းသားတွေအပေါ် မေတ္တာထားတတ်သော ကြော်ဝတုတ်အား တူသောအကျိုးပေးခြင်းလား စဉ်းစား၍ပင် မရနိုင်အောင်ဖြစ်တော့သည်…

 

xxxxxxxxxxx

 

နောက်ဆုံးဆုံရပ်ဖြစ်သော ကုန်သည်ကြီးများဟိုတယ် အခန်း (၆၁၂) သို့ရောက်သောအခါ…

 

အခန်းထဲအတွင်… လူသစ်(၂)ဦးတိုးနေလေပြီ…

သယ်လာသောပစ္စည်းများကို ဟိုတယ်ဝန်ထမ်းလေးမှ သယ်ပို့ပြီးနောက်ပြန်သွားသည့်အခါ

လူသစ်နှစ်ဦးသည် ကျွန်ုပ်သယ်လာသော သစ်သားသေတ္တာအားစိတ်ဝင်တစားဖွင့်ကြည့်ကြသည်…

ထိုစဉ်… ဒုက္ခပေးသော ဘိန်းစားပေါက်ဖော်က လူသစ်နှစ်ယောက်ကို မိတ်ဆက်ပေး၏…

 

“သူ့နာမည်က မိုင်စွန်ခ… ရှမ်းပြည်လွတ်မြောက်ရေးတပ်မတော်က ငှားထားတာ… တစ်ချိန်က အစ်ကိုကြီးကြောင်ဝတုတ်ကအသက်ကယ်ခဲ့လို့ အခုအချိန်မှာ မိုင်စွန်ခက အစ်ကိုကြီးကြောင်ဝတုတ်ကို အခွင့်အရေးရတုန်းပြန်ကူညီဖို့လာခဲ့တာပဲ…”

 

“ ဒီတစ်ယောက်ကတော့ ကိုရဲစည်လို့ခေါ်တယ်… အမေရိကန်စစ်တပ် စနိုက်ပါသင်တန်းဆင်းထားတဲ့ လက်ဖြောင့်တပ်သား… အစ်ကိုကြီးကြောင်ဝတုတ်က တရုတ်ပြည်မှာ အတွင်းထောက်လှမ်းရေးအတွက်လွှတ်ထားတဲ့လူ အခုအရေးကြုံလို့ ဆက်သွယ်ပြီး ခေါ်ထားတာ…”

 

ထိုသို့မိတ်ဆက်ပြီးနောက် နှူးဘာဂိုဏ်းချုပ်သမိန်ဂီမှ…

 

“ ဒီလူတွေက သေသေချာချာလေ့ကျင့်ထားသလို လက်နက်အနေနဲ့လဲ ကျုပ်တို့သေချာပြင်ဆင်ပေးထားတယ်… ကျုပ်အဆက်အသွယ်နိုင် အင်္ဂလန်နိုင်ငံကထုတ်တဲ့ L115A3 Long Range Sniper Rifle နဲ့ အဝေးဆုံးအကွာအဝေးကို ပစ်နိုင်ဖို့ .338 Lapura Magnum ကျည်တော့ ၅၀ မှာပေးထားတယ်…”

 

ထိုစဉ်တရုတ်ပြည်ပြန်ရဲစည်မှ…

“ ခေါင်းဆောင်ပိုင်းတော်တော်များများကတော့ မှတ်တမ်းမှတ်ရာတွေအရ ကမ္ဘာပေါ်မှာ ၂၀၀၉ ခုနှစ်က အဝေးဆုံးပစ်ချက်ဖြစ်တဲ့ ၁.၅၃ မိုင်အကွာအဝေးထက်ပိုပစ်နိုင်တဲ့ လက်ဖြောင့် မရှိသေးဘူး… အဲဒီတော့ တော်တော်များများကလဲ အဲဒီမိုင်အကွာအဝေးလောက်ကို တော်တော်ကြီးဂရုစိုက်ကြတယ်… ပထမ အနောက် KAI ဂိုဏ်းအုပ်စုနဲ့ ကြောင်ကြီး တွေ့ဆုံဖို့ကို ကန်တော်ကြီးတစ်ဝိုက်စီစဉ်နေတယ်လို့ သတင်းရထားလို့ အဲဒီဘက်က စနိုက်ပါထောင့်တွေလိုက်ကြည့်ထားပြီးသား… ဒါပေမယ့်ဂိုဏ်းချုပ်ကြောင်ကြီးရဲ့ သက်တော်စောင့်တွေဖြစ်တဲ့ ကြောင်လတ်နဲ့ ကြေးမလောင်ကို သမိန်ဂီ သေနတ်နဲ့ပစ်တဲ့အမှုကြောင့် သူတို့ လူရှုပ်တဲ့ မြို့လည်ခေါင်ကိုရွေးလိုက်တယ်လို့ သတင်းအခိုင်အလုံရပြီးပြီ… အဲဒီတော့ သူတို့နောက်ဆုံး ဒီကုန်သည်ကြီးများဟိုတယ်နဲ့ ဟိုဘက် ဆာကူရာတာဝါကြားက ပလက်ဖောင်းပေါ်မှာ ဒေတာတွေကိုလဲလှယ်မယ်… နှစ်မိနစ်လောက်ပဲ တွေ့ဆုံစကားပြောမယ်လို့ သိရတယ်… သူတို့လဲလှယ်မှာက ဂိုဏ်းနယ်နိမိတ်သတ်မှတ်ချက် သဘောတူဖို့ပဲ… နောက်တစ်ခုက ခေါင်းဆောင်အချင်းချင်း ယုံကြည်လေးစားသမှုနဲ့ အပြင်မှာ မျက်နှာထွက်ပြကြတာ… အဲဒီ နှစ်မိနစ်လောက်အချိန်မှာ ဂိုဏ်းချုပ်ကြောင်ကြီးကို အသေသတ်မှရမယ်…”

 

“ပစ်တဲ့ကိစ္စကတော့ ကျုပ်အတွက်အခက်အခဲမရှိပါဘူး…” လက်ဖြောင့်ရဲစည်မှစကားစလိုက်သည်…

 

“စောင့်ကြည့်ပေးသူအနေနဲ့လဲ ခင်ဗျားစိတ်တိုင်းကျစေရပါ့မယ်…”

ရှမ်းလေးမိုင်စွန်ခက အာမခံဝင်ရဲလိုက်သည်….

 

“ မင်းရဲ့ လေသံကို ငါဖမ်းမရမှာပဲစိတ်ပူတယ်ဟေ့….”

လက်ဖြောင့်ရဲစည်အရွမ်းဖောက်လိုက်သည်ကို အကုန်လုံး ၀ါးကနဲပွဲကျသွားသည်…

 

ထိုစဉ် နှူးဘာဂိုဏ်းချုပ် သမိန်ဂီက

“ ပစ်ဖို့ နေရာ (၃)နေရာရွေးထားတယ်… တစ်နေရာက အာရှပလာဇာအပေါ်ဆုံးထပ်က၊ နောက်တစ်နေရာက ကုန်သည်လမ်းနဲ့ ဆူးလေလမ်းထောင့်က အဆောက်အဦးအမြင့်ကြီး၊ နောက်တစ်ခုကတော့ အခုဒီကုန်သည်ကြီးများဟိုတယ်အပေါ်ဆုံးကပဲ…. မင်းတို့ကြိုက်တာရွေးပေတော့…”

“ကျုပ်ကတော့ ကုန်သည်လမ်းထောင့်ကအဆောက်အဦးကို ပိုကြိုက်တယ်… အဲဒီအပေါ်ဆုံးထပ်ကနေဆိုရင် ပစ်ကွင်းပိုရှင်းတယ်… ဒါပေမယ့်ဝေးတယ်…”

 

“ ပစ်ပြီးတာနဲ့ သေနတ်ကိုထားခဲ့ပြီး အောက်ကိုဆင်း အနီးဆုံးဗိုလ်ဆွန်ပက်လမ်းမှတ်တိုင်ကနေ ကားစီးပြီးတော့ အလုံဘက်ကိုပြေးတော့ မင်းတို့နှစ်ယောက်… သေနတ်ကို ဖျက်ဆီးဖို့လဲ တစ်ခါထည်းစီစဉ်ပေးလိုက်မယ်…”

 

“အဲဒီမှာ မနက် (၁၀)နာရီလောက်ပစ်ရမှာဆိုတော့ ညကတည်းက သွားပြီးနေရာယူထားမှဖြစ်မယ်… လောလောဆယ်အချိန် ၄၈နာရီရသေးတာမို့ ကျုပ်နဲ့ မိုင်စွန်ခနဲ့ နေရာတွေကိုကြည့်ရင်း လေတိုက်နှုန်းပျမ်းမျှတိုင်းတာတို့ ဒေါင့်ကြည့်တာတို့ လုပ်ထားနှင့်မယ်… နောက်ပြီး သူနဲ့အပေးအယူမျှအောင် အမေးအဖြေတွေလုပ်ကြရဦးမယ်…”

 

“ကဲ…မောင်အာဂရေ… ပန်းဆိုးတန်းက တိုက်နှစ်လုံးဂစ်တာဆိုင်မှာ ဂစ်တာအိတ်အမာတစ်လုံး လောက်သွားဝယ်ပါဦးကွယ်… စနိုက်ပါကို အကောင်းဆုံးကာကွယ်နိုင်တာက ဂစ်တာအိတ်ပဲကိုယ့်လူ….”

 

မောင်အာဂမှာ ည (၈)နာရီခန့်ရှိနေလျက်ပင် အနားမရသေးသဖြင့် စိတ်မရှည်ဟန်ဖြင့် အခန်းအတွင်းမှထွက်ပြီး အောက်ဖက်သို့ဆင်းသွားလေတော့သည်…

 

ထိုအချိန်တွင် စကားအလွန်နည်းပြီး တစ်ချိန်လုံးငြိမ်နားထောင်လာသော ဦးမင်းမတ်မှ စကား တစ်ခွန်းထဲပြောလိုက်သည်….

 

“အဲဒီကြောင်ကြီးဆိုတဲ့ကောင်ကို ခေါင်းတစ်ချက်ထဲပစ်ပြီး အသေသတ်လိုက်စမ်းပါဗျာ…”

 

ထိုစကားကိုကြားသောအခါ ရှမ်းလေးမိုင်စွန်ခမှ-

 

“အဲဒါတော့ ဒီလိုရှိတယ်… ဦးမင်းမတ်ရေ… လက်ဖြောင့်တွေက တာဝေးပစ်ကြပြီဆိုရင်ဖြင့် ဘယ်တော့မှ ခေါင်းကို မပြစ်ကြဘူး… ခေါင်းဟာ အငြိမ်မနေတာမို့ ထိဖို့ အခွင့်အရေးနည်းသလို ထိပြန်ရင်လဲ သေဖို့အခွင့်အရေးနဲသကိုး… အဲဒီတော့တာဝေးပစ်ပြီဆိုရင်ဖြင့် ဦးခေါင်းထက် နှလုံးကိုထိအောင်ပစ်တာက ပိုပြီးသေချာတယ်ဗျာ… အဲဒီတော့ ကျုပ်တို့ နှလုံးကိုထိပြီး တစ်ချက်ထည်းနဲ့ အပြတ်ဇီဝိန်ချွေပေးပါ့မယ်လို့ ကျုပ်ကတိပေးပါတယ်…ဦးမင်းမတ်…”

 

ဦးမင်းမတ်လဲ ရှမ်းလေးမိုင်စွန်ခပြောတဲ့စကားကိုအသေအချာနားထောင်ရင်း စိတ်ချဟန်ဖြင့် အဝေးတစ်နေရာကို ငေးကြည့်နေတော့သည်… အခန်းတွင်းရှိလူများအားလုံးသည်လဲ… ရောက်လာတော့မည့် လုပ်ကြံနေ့ရက်ကို မျှော်လင့်ချက်တစ်ပုံတစ်ပင်ဖြင့် စောင့်မျှော်နေကြလေသည်…

 

ဆက်ရန်-

 

ကြောင်ဝတုတ်

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...