တမာတန်းက ခရောင်းလမ်း

ကိုပေါက်တင်ပေးလာတဲ့ မန်းလေးက တမာတန်းပုံလေးတွေ ကြည့်ရတော့…
ကြီးမိုက်တစ်ယောက် အတိတ် ဟိုအဝေးဆီ လွင့်မျော သွားခဲ့ရပြန်ပါရော….
ကြီးမိုက်ငယ်ငယ်က မန်းလေး တံခွန်တိုင်က အမှတ်(၂) ပင်မအလုပ်ရုံ(လျှပ်/စက်)
ဆိုတဲ့တပ်ထဲက တွဲဘက်အ.လ.က ကျောင်းမှာနေခဲ့ပါတယ်..၈တန်းအောင်တော့
မန္တလေး နန်းတွင်းက အ.ထ.က(၁၈)မှာ ဆက်တက်ပါတယ်…ဒါတွေထားပါလေ..
ပြောချင်တာက….မန်းလေးမှာနေခဲ့တဲ့ အချိန်ကာလတစ်လျှောက်လုံးဟာ
ကြီးမိုက် ဘ၀အတွက် မန်းလေးနွေနဲ့အတူ ပူလောင်နေခဲ့ရတဲ့ ကာလများပါ..
မိသားစုကများတော့ အဖေ့တစ်ဦးတည်းလစာနဲ့ဘယ်လိုမှ မလည်ပတ်နိုင်တော့
ကျုပ်တို့ညီအကိုတစ်တွေ တဖက်တလမ်း အိမ်တာဝန်ကို ၀ိုင်းထမ်းကြရပါတယ်..
ညီအစ်ကိုတတွေ ဆိုတာထက်…အလယ်အလတ်ဖြစ်တဲ့ ကြီးမိုက်နဲ့ ကြီးမိုက်အထက်
က အစ်ကိုနဲ့ နှစ်ယောက်ထဲပါ…ညနေ ညနေ……..
ကျောင်းကပြန်လာတာနဲ့ အိမ်ရှေ့မှာ ထိုးဆိုက်ထားတဲ့ ကြံရည်ကြိတ်စက်ကြီးကို
ညီကိုနှစ်ယောက် မနိုင်မနင်းတွန်းပီး ဘောလုံးကွင်းနားက လမ်းလေးခွဆုံနေရာမှာ
ကြံရည်ရောင်းကြရပါတယ်… တပ်ထဲရုပ်ရှင်ရှိတဲ့ ရက်ဆိုရင်တော့ ရုပ်ရှင်ရုံမှာသွား
ရောင်းကြပါတယ်…အဲဒီတုံးက ကြံရည်တစ်ခွက် ငါးမူးပါ..ပြောချင်တာကဗျာ
ကြံရည်ရောင်းတာက အခြားမုံ့ပဲသရေစာရောင်းတာနဲ့မတူဘူးဗျ..ပိုပင်ပန်းတယ်
ရောင်းနေတုံး တလျှောက် အငြိမ်ကိုမနေရဘူး ကြံချောင်းကိုအခွံခြစ် အနေတော်ပိုင်း
ရေပုံးထဲထောင်ရက်စိမ် ပီး တစ်ယောက်ကစက်ကို အရှိန်နဲ့လှည့် တစ်ယောက်ကညှစ်
စသဖြင့်ပေါ့ သောက်သူမပြတ်လို့ကတော့ နားဘို့မကြံနဲ့..အဲ..ရုပ်ရှင်ပီးလို့ သူများတွေ
ကော့ကော့ လေးနဲ့ပြန်ချိန်မှာ ကျုပ်တို့ညီကိုမှာတော့ လေးလံလှတဲ့ ကြံရည်စက်ကြီး
တွန်းပေအုံးတော့..အိမ်အရောက်…များသောအားဖြင့်ကတော့ ည၁၂နာရီကျော်မှ
ချည်းအိပ်ရတယ်..ပင်ပန်းထားတော့ အိပ်လိုက်ရင်လည်း တုံးကနဲဘဲ…ပူလောင်အိုက်စပ်ရတဲ့အထဲ အင်မတန် ၀ီခေါ်အောင်
ကိုက်တတ်တဲ့ မန်းလေးခြင်တောင် ကရုမစိုက်နိုင်အား…အရေးထဲ
အဲဒီခုနှစ်များက ဆန်ကရှားလိုက်သေး..ဆိုတော့ အိမ်မှာက ထမင်းတလှည့်
ဆန်ပြုတ်တလှည့်…ပင်ပန်းရတဲ့အထဲ…ဒီနေ့ ဆန်ပြုတ်လို့ သိလိုက်ရတာနဲ့
ငိုချင်စိတ်ကိုပေါက်ရောဗျာ…ဒါကြောင့် ဒီနေ့ ကြီးမိုက်အမုန်းဆုံးအစားအစာက
ဆန်ပြုတ်ဘဲ..စိတ်နာလို့…နေမကောင်းရင်တောင် ဆန်ပြုတ်မစားဘူး..
မနက်အိပ်ယာထတာနဲ့ အဲဒီကြံရည်စက်ကြီးမြင်လိုက်ရရင်…အလိုလိုမော
သွားတယ်…နောက်ကြံသယ်ရတဲ့ကိစ္စ..ကြံကိုဈေးချိုက၀ယ်တာများတယ်
ဆယ်ချောင်းကိုတစ်စည်း…၀ယ်ပီး နံပါတ်(၈)ကားနဲ့တင်လာ..ကွက်သစ်
ကပ်ကျော်ဘုရားနားကျ ဆင်း..အဲဒီကနေ ကွက်သစ်ရပ်ကွက်ကိုဖြတ်ပီး
တပ်ထဲအထိ တစ်ယောက်တစ်စီးထမ်းပေအုံးတော့…နောက်ပိုင်းကျတော့
တပ်ရဲ့အရှေ့ဘက် တမာတန်းကိုဖြတ် ရန်ကုန်မန်းလေးလမ်းမကြီး ဟိုဘက်ကို
ကူးလိုက်တော့…ဆည်မြောင်းဝင်းထဲကကြံခင်းတွေမှာသွားဝယ်ရပြန်တယ်..
အခင်းကဒါရိုက်သွားဝယ်ရတာဆိုတော့..ဈေးတော်တော်သက်သာပါတယ်…
မသက်သာတာက ကြီးမိုက်တို့ညီအကိုပါဘဲ… ကြံစည်းကြီးတွေကို..
ခုလွမ်းမောစရာကောင်း လှပါတယ်ဆိုတဲ့ တမာတန်းကိုဖြတ်ပီး တပ်ထဲကအိမ်အရောက်
ချွေးတလုံးလုံးနဲ့ထမ်းကြရပြန်ပါရော…အညာတမာပြောသလို ဘယ်မှာများ ဖလန်း
ဖလန်းထနိုင်လို့လဲ..အင်း…ရေးရင်းသား မောတောင်လာတယ်ဗျာ…
.တစ်နေ့တော့ ကျုပ်တို့ညီကိုအတွက် နတ်သိကြားဖန်တယ်ထင်ပါရဲ့ ကံကောင်းဘို့
ဖြစ်လာတယ်…
ကိုယ်တွေသာဒုက္ခရောက်နေတာ…
မသိတဲ့လူတွေကကျုပ်တို့ကိုအားကျနေသေး
အဖေပိုက်ဆံတော်တော်ပြတ်နေတာနဲ့…ဒီကြံရည်စက်ကြီးနဲ့ကြံရည်
ရောင်းစားလိုက်ရရင်တော့ သူဋ္ဌေးဖြစ်ရချည်ရဲ့ လို့ တွေးသူအိမ်နီး
ချင်းတစ်ဦးနဲ့ ဈေးတဲ့ကြပီး ရောင်းပစ်လိုက်ပါလေရော…ကျုပ်တို့ညီကို ပျော်လိုက်တာ
ဆိုတာမပြောပါနဲ့တော့…..ဒါပေမဲ့ ..ငွေရမဲ့ အခြားကြုံရာကျဘန်းတော့လုပ်ကြရသေးတာပဲ..
ဒါပေမဲ့ ..တော်တော်ပျော်ပါတယ်လေ…

အဲနွေကျောင်းပိတ်ပြီဆိုရင် သူများကလေးတွေကတော့ ပျော်လိုက်ကြတာ..
အေးလေ..လွတ်လွတ်လပ်လပ်ကြီးဆော့ရတော့မှာကိုး…ကျုပ်တို့ညီကိုမှာတော့
အနီးအနားက ယဉ်တော်ရွာတို့ တက်သိမ်းအင်းကျော်ကျော်က ရှမ်းလေးကျွန်း
ရွာတို့လှည့် ပီးအလုပ်ရှာလုပ်ကြတယ်…မြေပဲနှုတ်တဲ့အလုပ်..ဒါမှမဟုတ်ဆေးရိုး
(ဗာဂျီးနီးယားဆေးရွက်ကြီးပင်စည်) စင်းတာတို့ တစ်ခုမဟုတ်တစ်ခုရပါတယ်
လုပ်ခက တစ်နေ့ ၆ကျပ်.. မနက်စာ အခင်းရှင်ကကျွေးသေးတယ်..ကျုပ်တို့
ညီကိုအဖို့တော့ အခင်းရှင်ကျွေးတဲ့ ထမင်းစားရတာ နတ်သုဓ္ဒာ စားရသလိုထင်မိတယ်..
ရွာသူ ရွာသားတွေ နဲ့အတူ သီချင်းတွေ ပေါက်တတ်ကရ အော်ဆိုပြီး အလုပ်လုပ်ရတာ
ကိုကလည်း ပျော်စရာကြီးပါဘဲ… ကျုပ်တို့ ကြံရည်စက်ကြီးနဲ့ငွေရှာတာနဲ့များ ကွာပါ့..
မှတ်မှတ်ရရ အဲဒီတုံးက ကိုင်းထဲမှာ စားခဲ့ ရတဲ့ ထမင်းလောက်စားလို့ကောင်းတာ
ဘ၀မှာမရှိတော့ဘူး…ညနေပြန်ခါနီးဆို အခင်းရှင်က ကောက်သင်းကောက်ခွင့်ပြုသေးတယ်..
ကောက်သင်းကောက်တယ်ဆိုတာက မြေပဲနှုတ်ပီးသားအခင်းထဲမှာ..ကျွင်းကျန်ရစ်တဲ့
မြေပဲတွေကို လိုက်ကောက်ကြတာပါ..ညီကိုနှစ်ယောက် တစ်နာရီလောက်ကောက်ကြတာ
တပြည်လောက်စီရတော့ နေလဲဝင်ပြီ..အိမ်ပြန်ခဲ့ကြတာပေါ့…..
တစ်ခါတရံ အလုပ်မရှိတဲ့အခါတွေမှာတော့ တောင်သမန်အင်းထဲ ငါးရှာဆင်းကြပြန်တာဘဲ..
ပြောရအုံးမယ်..မိုးတွင်းဘက်သာ အင်းကြီးကရေပြည့်နေတာ..နွေခါဆိုရင်တော့
အင်းရေပြင်ကငယ်သွားပီး ရေကလည်း အနက်ဆုံးနေရာမှ ပေါင်လယ်လောက်ရှိတာ..
ငါးရှာနည်းကတော့ အစုံဘဲ..ငါးမျှားတယ်…ငါးစမ်းတယ်..ငါးစမ်းတယ်ဆိုတာက..
အင်းထဲမှာ ယက်သဲ့လို ပုံစံမျိုး ပိုက်ကွန်နဲ့လုပ်ထားတဲ့ ရေနုံးလို့ ကျုပ်တို့ခေါ်တဲ့
နုံးပေါ် တွန်းထိုးပီး ငါးဖမ်းတဲ့ ကိရိယာတစ်မျိုးပါ(ယက်သဲ့အကြီးစားလိုမျိုးပေါ့).. အဲဒါကြီးတွေက အင်းလေလံရထားသူရဲ့ လုပ်သားတွေ
တရားဝင်ဖမ်းနေတာပေါ့..အဲဒီရေနုံးထိုးတဲ့နောက်က ဆောင်ခြောင့်ထိုင်ရွေ့
ရင်း အောက်မှာ နုံးနဲ့ကပ်ပီး ကျန်ခဲ့တဲ့ ငါးတွေကိုလက်နဲ့စမ်းပီးဖမ်းရတာ..ပါးစပ်မှာလည်း
ငါးထဲ့မယ့် အ၀တ်ရှုံ့အိတ်ကို ကိုက်ထားရသေးတယ်..လက်ထဲငါးမိလာရင် ပါးစပ်ကအိပ်ထဲထည့်ပေါ့….တစ်ခါတစ်ခါတော့ ငါးမွေထိုးချိတ်ကြတယ်…၄ ဂဏန်းသဏ္ဍန်
အထူးပြုလုပ်ထားတဲ့ ငါးမွေထိုးချိတ်နဲ့ နုံးမြေကိုရှပ်ပီး ဆွဲချိတ်ရတာ…ငါးမွေထိုးဟာ
ချိတ်ကြားထဲ ညပ်ပီး ယက်ကန်ယက်ကန် ပါလာတာဘဲ…အဲလိုချိတ်ပီဆိုရင်တော့..
ငါးမွေထိုးထည့်ဘို့ ညောင်ရေအိုးလောက်အရွယ်
မြေအိုးလေးကို လည်ပင်းကြိုးသိုင်းချည်…ကြိုးစကို ကိုယ့်ခါးမှာချိတ်
အိုးကိုရေမျှောထားတာပေါ့…ကိုယ်ကလမ်းလျှောက်ပီးငါးမွေထိုးချိတ်နေ.
အိုးကရေမှာမျောပီး ကိုယ့်နောက်ကပါလာတာဘဲ…အဲဒီအချိန်ကတော့ ငါးကလည်းပေါတော့ ၂နာရီလောက်ငါးရှာလိုက်ရင်..ငါးဆယ်သားလောက်တော့အသာလေးရတယ်..
အိမ်ဟင်းစားရတာပေါ့ဗျာ…တစ်ခါတလေ တစ်နေကုန်ငါးရှာဖြစ်ရင်တော့
တစ်ပိတ်သာ တစ်ပိတ်သခွဲလောက် ရတတ်တယ်…အဲဒီလိုအခါဆို
အိမ်နီးပါချင်းတွေကို ပြန်ရောင်းပေါ့..ဒီတော့ ဆန်ဘိုးလေးထွက်လာတာပေါ့…

ငါးဖမ်းပီး ပြန်ကြရင်လဲ အလကားမပြန်ဘူး အင်းစပ်တလျှောက် ပေါ်နေတဲ့
သဲနုံးမြေမှာ စိုက်ထားကြတဲ့ ကိုင်းခရမ်းချဉ်ခင်းတွေက အသီးလက်ကျန်လေးတွေ
ရသလောက်ဆွတ်ခဲ့ကြသေး..…အခင်းရှင်ကဆူမှာလည်းမစိုးရပါဘူး…
ခရမ်းချဉ်ဆိုတာက အဲဒီတုံးက ပေါ်ဦးပေါ်ဖျားသာ ဈေးကောင်းရတာ..
နောက်ပိုင်းကျ တစ်ပိသာမှ ပြားသုံးဆယ်လောက်ရတော့ တာဆိုတော့
အခင်းရှင်တွေက နောက်ပိုင်းအသီးတွေ မခူးကြတော့ဘဲ ဒီတိုင်းပစ်ထားလိုက်တော့တာ..
တောင်သမန်ရေတက်တော့ ရေအောက်ပါကုန်ပြီး နောက်နှစ်တွေအတွက်
မြေသြဇာပြန်ဖြစ်တာပေါ့….မိုးတွင်းဘက် တောင်သမန်ရေပြည့်နေချိန်ဆိုရင်တော့
တစ်နည်းဘဲရှိတယ်…ငါးမျှားတာပေါ့…လွယ်အိတ်တစ်လုံးလွယ်
ရေထဲကို ခါးလောက်ထိဆင်းပီးမျှားရတာ..အပေါ်ကနေပူ အောက်ပိုင်းကရေစိမ်နဲ့
၂နာရီ ၃နာရီ မျှားကြတာဘဲ…ငယ်သေးလို့လားမသိ နေမကောင်းထိုင်မကောင်းလဲ
မဖြစ်ခဲ့ပါဘူးဗျာ…အဲ..မနက်အစောကြီးထသွားနိုင်မယ်ဆိုရင်တော့…နေရာရနိုင်တယ်…
အဲဒီနေရာကတော့ဂွတ်ရှယ်…ရေထဲကို အောက်ပိုင်းတစ်ဝက်မြုတ်နေတဲ့ “ကျီးပင်” တွေဘဲ..
အဲဒီအပင်ပေါ်နေရာရလို့ကတော့ တစ်နေ့လုံးအိုကေပြီဘဲ…မနက် အပင်ဆီ အသွားနဲ့
ညနေအပြန်ဘဲ ရေစိုတယ်…တစ်နေကုန် သစ်ပင်ဂွကြားကနေ မျှားပေတော့ဘဲ…
ပြောသာပြောတာပါ…ဘယ်လောက်ကြိုးစား ကြိုးစား..ရတော့ “ကသပိုးငါးနဲ့ ငါးစင်စပ်ဘဲ”
တစ်နေကုန် ထမင်းထုပ်နဲ့ သွားမျှား…ညနေလေးနာရီလောက်ပြန်ရင်..
တစ်ပိတ်သခွဲလောက်တော့ရတတ်တယ်..ဒါဆိုရင်တော့ ဟင်းစားအပြင်..ဆန်ဘိုးလေးပါ
ရပီပေါ့…အော်…တောင်သမန်အင်းကြီးပေါ်မှာလည်း ကြီးမိုက်ကျေးဇူးတင်ခဲ့ရဘူးတာပါဗျာ..
လုပ်ခဲ့တဲ့ အလုပ်ကတော့ စုံလို့ဗျို့..မလုပ်ဖူးတာမရှိသလောက်ဘဲ..
ဒီလိုနဲ့ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ခဲ့တာ..အတန်းတိုင်းကို လိမ်ဖယ် လိမ်ဖယ်
နဲ့ မော်ဒရေးရှင်း ဂုဏ်ထူးနဲ့အောင်လာခဲ့တာ…ဘယ်ရမလဲ ၁၀တန်းရောက်တော့
ဘုန်းကနဲ ကျပါလေရော…အဲဒီနှစ်ကစကျောင်းထွက်ပီး အပြင်ရရာအလုပ်ဘဲ
တစိုက်မတ်မတ်လုပ်ပီး ငွေရှာနေခဲ့တော့တယ်…ကျောင်းသားဘ၀ တာ့တာပေါ့…
အဲဒီမှာ ဇတ်လမ်းလေးတစ်ခု လှလှပပဖြစ်ပေါ်လာပြန်ပါတယ်…အဖေက တပ်သက်သာ
ချောင်ချိရေးကော်မတီမှာပါလာတယ်…ကော်မတီက တစ်ပါတ်တစ်ခါ ဆိတ်သားတစ်လှည့်
ဝက်သားတလှည့် ပေါ်ပီး လပေးနဲ့ တပ်ထဲကလူတွေကို အကြွေးရောင်းပေးပါတယ်..
တစ်ခါတော့ အဖေက တပ်မှာပေါ်ရောင်းဘို့ ဆိတ်သွားဝယ်ရပါတယ်..တပ်နဲ့မနီးမဝေးက
မြို့ဟောင်းဘူတာနားမှာပါ…၀ယ်လာတဲ့ ဆိတ်သုံးကောင်ကို အိမ်ရှေ့က ကုက္ကိုပင်ကြီးအောက်မှာချည်ထားလိုက်ပါတယ်…ကျုပ်တို့လည်းဘာရယ်မဟုတ်
အပျော်သဘောနဲ့ ဇီးရိုင်းကိုင်းတွေ သွားခုတ်ပီးကျွှေးကြတာပေါ့…မနက်ဖန်သတ်မှာ
ဆိုပေမဲ့ ကလေးဆိုတော့ ပျော်ပျော်ဘဲ..ရေပုံးနဲ့ရေချတိုက်လားတိုက်ရဲ့..ဒီလိုနဲ့..
မနက်အစောကြီး ၄နာရီလောက်မှာ..ရုတ်ရုတ်သဲသဲအသံတွေကြားလို့နိုးလာပီး
လျှောက်ကြည့်တော့ …အားပါး..မနေ့ညနေက၀ယ်လာတဲ့ ဆိတ်သုံးကောင်ထဲက
အနီမလေးက ကလေးနှစ်ကောင်ပေါက်နေပါလား..ကလေးလေးတွေက ယိုင်တိယိုင်ထိုးနဲ့
မတ်တတ်ရပ်ပီးအမေနို့တောင် ဆွဲဘို့ကြိုးစားနေကြပီ..ကျုပ်တို့မိသားစုတွေလည်း
ပျော်နေကြတာပေါ့…အဖေတစ်ယောက်ဘဲတွေတွေကြီးစဉ်းစားနေတယ်…
နောက်တော့ဆုံးဖြတ်ချက်တစ်ခုချလိုက်ဟန်နဲ့..သားတို့ သမီးတို့..ဒီဆိတ်မလေးကဒီနေ့ပေါ်
ဘို့ဝယ်လာတာ တို့အိမ်ရောက်တာနဲ့ သားပေါက်တာနဲ့တိုက်ဆိုင်နေတယ်..သူ့ကံပေါ့
အဖေ တပ်ရေးဗိုလ်ကြီးကိုပြောပြပီး ၀ယ်လိုက်မယ်..တို့နဲ့ကံစပ်တာ တို့မွေးရမှာပေါ့တဲ့..
အဖေ့ကိုဘယ်လောက်ပေးရလဲမေးကြည်တော့..၆၀ကျပ်ပေးရတယ်တဲ့..အဖေတပ်ကို
အရစ်ကျနဲ့ပြန်သွင်းမှာပေါ့ကွာတဲ့…တစ်အိမ်လုံးဝမ်းသာသွားကြတာပေါ့….
အဖေက အဖေါ်ရအောင်အထီးလေးတစ်ကောင်ထပ်ဝယ်ပေးတယ်….
အဲဒီကစလိုက်တဲ့ဇတ်လမ်းလေးမှာ..လတ်တလောကျောင်းထွက်ထားတဲ့…ကြီးမိုက်က
ဆိတ်ကျောင်းသားနေရာကိုချက်ချင်ကြီး ရာထူးတိုးခံလိုက်ရပါလေရော…
ဆိတ်က မျိုးပွားလဲသိပ်မြန်တော့…၂နှစ်ခွဲလောက်အတွင်း… နို့ညှစ့်ပီးလဲရောင်းရ..အထီးကောင်လေးတွေကြီးလာရင်လဲ..တပ်တွင်းသက်သာကိုရောင်း..
နဲ့ တော်တော်အဆင်ပြေနေခဲ့ပါတယ်..ကျုပ်လည်း ဆိတ်ကျောင်းရင်း..စာကျက်ပေါ့…
ကျုပ်လက်မလျှော့ပါဘူး…အဲဒီအချိန်က ဦးစားပေးခံထားခဲ့ရတဲ့ အမကြီးလဲ ၁၀တန်းကျ..
အကိုကြီးလဲ ၁၀တန်းမအောင်…ကျုပ်ဒီတောင်ကိုမရ ရအောင်ကျော်မယ်ကွလို့ အားခဲထားတာ..( ဗဟုသုတဖြစ်ပြောရရင် အဲဒီအချိန်က ဆယ်တန်းအောင်ချက်က အရမ်းနဲတာ..ဆယ်တန်းအောင်တယ်ဆိုတာနဲ့ကျုပ်တို့ပါတ်ဝင်းကျင်မှာ..ချီးကျုးလို့မဆုံး…
အားကျလို့မဆုံး..)…..ဒီလိုနဲ့…….
ကျုပ်၁၀တန်း အောင်မဲ့နှစ်မှာ အဖေ ရန်ကုန်ကိုပြောင်းရပါတယ်…ပြောင်းခါနီး
အိမ်မှာ..ဆိတ်အကောင်အစိတ်လောက် ကျန်နေပါတယ်…ဒါနဲ့ဘဲ…
ဆိတ်တွေကို မြိုဟောင်းက ဆိတ်ကုန်သည်တွေခေါ်ရောင်းဘို့လုပ်တော့…ပထမဆုံးမွေးခဲ့တဲ့ မိနီမကြီးက သိတယ်နဲ့တူပါရဲ့ ဆွဲခေါ်တဲ့နောက်မလိုက်ဘူးဖြစ်နေတယ်…ဆွဲတဲ့လူကဆွဲ.
ဆိတ်မကြီးက အိမ်ဘက်ကြည့်ပီးအော်…နဲ့..ကျုပ်မကြည့်ရက်တော့လို့အိမ်ထဲပြေးဝင်ခဲ့ပီး..
မျက်ရည်တာဘောင်ကျိုးပါလေရော..ခဏကြာတော့.. နောက်ကအသံကြားလို့ လှည့်ကြည့်လိုက်တော့..အမေလည်း ငိုလို့ပါလား….
အော် သံယောဇဉ်.. သံယောဇဉ်.. သံယောဇဉ်…

အားပေးဖတ်ရှု့သူအပေါင်းကိုကျေးဇူးတင်ပါ၏။
လေးစားလျှက် လမ်းဆက်လျှောက်နေတဲ့..
ကြီးမိုက်။
၁၇-၅-၁၂

အရင်ကကျော်စွာဦးကြီးမိုက်

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)