ဂုဏ်ယူပါတယ် မနောရေ။ ဒီနေ့ထုပ်ကြေးမုံသတင်းစာမှာ မန်းဂေဇက်မှာ ဇန်နဝါရီ ၁၆ ရက် ၂၀၁၂ က  မနောတင်ထားခဲ့တဲ့ စီးချင်အုံးဟဲ့အထူးကား ပိုစ့်ကလေးပါလာတာတွေ့ရပါတယ်။ မန်းဂေဇက်မှ နို်င်ငံသိ တိုင်းသိပြည်သိ စာရေးသူများ နိုင်ငံ့အကျိုးပြုသူများပေါ်ထွက်လာတဲ့အတွက် ဂုဏ်ယူပါတယ်။

 

မဖတ်ဖူးသူများ ပြန်ဖတ်လို့ရအောင်ပြန်တင်ပေးလိုက်ပါတယ်။ ( သဂျီးရေ မနောကို credit ပေးလိုက်ပါနော်။ )

စီးချင်ဦးဟဲ့ အထူးကား

 

ဟော… လာပြီ
မနော တစ်ယောက် အဝေးကို မျှော်ကြည့်ရင်း စိတ်ထဲက ရေရွတ်လိုက်မိသည်။ လည်ပင်းကြောတွေထောင်၊ မျက်စိတွေ ညောင်းနေပြီး ခြင်းကိုင်ထားတဲ့လက်ကလည်း လက်အံသေနေအောင် မျှော်နေရတဲ့အချိန်မှာ ကိုယ်စီးမယ့်ကား လာတာတွေ့တော့ ဝမ်းသာသွားမိသည်။ ဒီနေ့ ရုံး စောစောသွားမယ်ဆိုမှ ဘာကားမှမလာတော့။ လာတဲ့ကားတွေကလည်း မရပ်နဲ့။ ဒါကြောင့် ဘာကားပဲဖြစ်ဖြစ် လိုက်မယ်လို့ ဆုံးဖြတ်ထားပြီးသား။
အခုလာနေတဲ့ကားက နှစ်ရာ ပေးစီးရတဲ့ “အထူးကား”ပေါ့။ အထူးကားဆိုတဲ့အတိုင်း အဲယားကွန်းပါတယ်။ တီဗွီပါတယ်။ လက်မှတ်ပေးတယ်(တစ်ခါတလေ စစ်ဆေးရှိရင်ပေါ့)။ ထိုင်ခုံတွေကလည်း ဆိုဖာခုံတွေလေ။ ခုနောက်ပိုင်းတော့ ကော်ခုံတွေပြောင်းလဲကုန်ပြီ။ ဒီတော့ ရိုးရိုး ငါးဆယ်၊ တစ်ရာပေးစီးရတဲ့ ကားတွေထက်သာတယ်။ စမတ်ကျကျ စီးရမယ်။ မြန်လည်း မြန်တယ်(ကားချင်းပြိုင်တဲ့အချိန် ပြောတာပါ။ ကျန်တဲ့အချိန်ဆို လိပ်ကတောင် အဘ ခေါ်ရလောက်တယ်။ ကားပေါ်ကဆင်းပြီးတောင် တွန်းပေးချင်စိတ်ပေါက်တယ်။)။ အေးအေးလူလူနှင့် တီဗွီကြည့်ရင်း ဇိမ်ရှိရှိစီးရမယ်။ ကျွန်မကလည်း ခရီးက အလုပ်သွားအလုပ်ပြန် တစ်နာရီလောက် (မြန်ရင်) အချိန်ပေးရတော့ ဒီလိုကားတွေနဲ့မှ အဆင်ပြေမှာလေ။
ကျွန်မလည်း အထူးကားရဲ့ အားသာချက်တွေကို တွေးရင်း ကားဆီသွားဖို့ ခြေလှမ်းပြင်လိုက်သည်။ မှတ်တိုင်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသော လူတွေကိုကြည့်ရင်း “တက်မယ့်သူတွေ မနည်းပါလား” ဟု တွေးလိုက်မိပြီး ရှေ့ဆုံးက တက်နိုင်အောင် မာရသွန်ပြိုင်ပွဲ ပန်းဝင်သကဲ့သို့ အပြေးအလွှားသွားရသည်။
အရေးထဲ ဒီကားကလည်း ဘာလို့ အဝေးကြီးမှာ သွားရပ်သလဲမသိဘူး။ စိတ်တိုဖို့ကောင်းလိုက်တာ။ သူများထက် အရင်ဆုံး တက်နိုင်အောင် ပြေးသွားနေရင်းက ဆရာ တစ်ယောက်ပြောဖူးတဲ့ စကားကို ဖြတ်ခနဲ သတိရလိုက်သေးသည်။
“လူတွေရဲ့ အတ္တကြီးမှုကို ဘတ်စ်ကားစီးတဲ့အခါ တွေ့နိုင်တယ်”တဲ့။ ဆရာ့ပြောစကား မှန်နေပြီလားမပြောတတ်။ ကိုယ့်လိုပဲ အလုအယက်ပြေးနေတဲ့သူတွေကြားထဲ ရှေ့ဆုံးက တက်ပြီး နေရာကောင်းကောင်းယူချင်တာ ကျွန်မရဲ့အတ္တစိတ်ပဲ ဖြစ်မှာပါ။ ဖြစ်ချင်တော့ ကားက ဆင်းတဲ့သူလည်း ဆင်းပြီးရော မောင်းဖို့ပြင်နေတာကို လှမ်းအတက် စပယ်ယာက လှမ်းအဆွဲမှာ ခြေထောက်က ခြေနင်းခုံကိုမနင်းမိပဲ ခြေချော်ပြီး ခြေသလုံးနဲ့ ခြေနင်းခုံနဲ့ ရိုက်မိပါလေရော… အားလားလား အေးရတဲ့အထဲ ခြေထောက်တော့ ဘာဖြစ်ပြီလဲမသိ မစဉ်းစားအား နောက်တစ်ဖက်နဲ့ ခြေနင်းခုံပေါ် ခုန်အတက် ကားက ဝူးခနဲ မောင်းထွက်သွားသည်။
အထူးကားပေါ် တက်လိုက်မိသည်နှင့်တစ်ပြိုင်နက် “ငါတော့ လွဲပြီ” ဟု နောင်တရလိုက်သည်။ ဟုတ်တယ်လေ။ မတ်တပ်ရပ်စီးနေတဲ့ ခရီးသည်တွေက အများကြီး။ ကိုယ်တောင် လမ်းတစ်ဝက်ရောက်နေပြီ ခြေနင်းခုံကနေ အပေါ်ကို မရောက်သေး။ စပယ်ယာအသံ ထွက်လာသည် “ရှေ့ကို နည်းနည်းလေးလောက် တိုးပေးကြပါ။ အောက်မှာ မိန်းကလေးတစ်ယောက်တွယ်လာရလို့ပါ” အော်ပေမယ့်လည်း လှုပ်ရုံသာ လှုပ်သည့် ခရီးသည်တွေကြား မနည်း တိုးတက်နေရသည်။ ဒီလောက် လူတွေများပြီး ကျပ်နေတာကို ငါ ဘာလို့မမြင်ပါလိမ့်။ ဪ ကားပေါ်တက်ရဖို့အရေး ပြေးလွှားပြီး ဇောကပ်နေတော့လည်း ငါ မမြင်တာ မဆန်းပါဘူးဟု ဖြေတွေး တွေးလိုက်သည်။
ကျွန်မလည်း ဆွဲခြင်းက တစ်ဖက်နှင့်ဆိုတော့ ကားထွက်ချိန်မှာ ယိုင်လဲမသွားအောင် ဟန်ချက်ကို မနည်းထိန်းလိုက်ရသည်။ ကျွန်မက အရပ်ပုတော့ ကားပေါ်ရောက်လျှင် အပေါ်တန်းလည်း မမီ တခြားသူတွေကို ကိုင်ပြီး ရပ်ရမှာလည်း အားနာနှင့် စိတ်ဒုက္ခရောက်ရသည်။ ဟိုယိုင်ဒီယိုင်နှင့် မတည်ငြိမ်သေးခင်မှာပင် စပယ်ယာကလည်း-
“ကားခတစ်ယောက် ကျန်သေးတယ်” ဆိုပြီး အော်နေပြန်သည်။
ကျွန်မလည်း ကိုင်စရာနေရာရသည်နှင့် လက်ထဲက ငါးရာတန်ကို လှမ်းပေးလိုက်သည်။ စပယ်ယာက “တစ်ယောက်ထဲလား” လို့ မေးတာကို ခေါင်းညိတ်ပြလိုက်တော့ နှစ်ရာတန်တစ်ရွက် လှမ်းပေးရင်း “တစ်ရာ ခဏစောင့်” ဟု ပြောကာ အထဲကို ဝင်သွားလေသည်။
ဘုရားစူး… အထူးကား။ ထိုင်စရာ နေရာ မရှာလိုက်ရဘဲ ကိုင်စရာနေရာနဲ့ ခြေထောက်ရပ်စရာကိုသာ အသည်းအသန်ရှာလိုက်ရသည့်အဖြစ်။ ကားပေါ်မတက်ခင်က ဇိမ်ကျကျထိုင်ရင်း တီဗွီကြည့်ကာ အမောဖြေမည်ဟူသော အတွေးကလည်း အတော်ပံတပ်ကာ ဘယ်ဆီပြေးပြီမသိ။ ထိုင်ခုံပေါ်ထိုင်ဖို့မပြောနှင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်မတ်မတ်ရပ်နိုင်အောင် မနည်းကြိုးစားပြီး နေရာယူလိုက်ရသည်။ ဒါကြောင့် ရှေးလူကြီးတွေပြောတာ ထင်ပါရဲ့။ ကိုယ့်ခြေထောက်ပေါ် ကိုယ်အရင်ရပ်ကြည့်ဦးဆိုတဲ့ စကားကြားယောင်နေမိတယ်။
ထိုင်ခုံမှာ အမိန့်သား ထိုင်နေသူတွေကို ဝေ့ကြည့်လိုက်တော့ ဘေးဘီကို စိတ်ဝင်စားဟန်မပြဘဲ တီဗွီကိုသာ အာရုံစိုက်နေကြလေသည်။ အင်း… သူတို့ကို ကြည့်ရတာ နှစ်ရာတန် နတ်ပြည်ရောက်ပြီး စည်းစိမ်ခံစားနေကြတဲ့ နတ်သား၊ နတ်သမီးတွေနဲ့တောင် တူနေသယောင်။ အေးလေ… ငါလည်း ထိုင်ခုံရရင် သူတို့လိုနေမှာပေါ့…။
တစ်ယောက်ထဲ တွေးရင်း ငေးရင်းနဲ့ စီးလာတာ သီရိမင်္ဂလာဈေးနားရောက်ရော စပယ်ယာရဲ့အသံက နားထဲကိုးလို့ကန့်လန့်ဝင်လာပါတော့တယ်။
“ဟိုနားက ပုပု မျက်မှန်နဲ့အစ်မ၊ ရှေ့နည်းနည်းတိုးပါဗျာ လုပ်ပါ။ အချောင်ကြီးပါဗျာ”
ကျွန်မလည်း ဘေးဘီကို ငဲ့စောင်းကြည့်လိုက်မိသည်။ ဟင်… ယောက်ျားလေးတွေချည်းပဲ။ ဒါဆို “ပုပု မျက်မှန်နဲ့အစ်မ”ဆိုတာ ငါ့ကို ပြောတာပေါ့လေ။
“တောက်… အစ်မရေ နည်းနည်းတိုးပေးပါ” လို့ ပြောရင်တောင် တိုးပေးလိုက်ဦးမယ်။ အခုတော့ ဂုဏ်ပုဒ်တွေတပ်ပြီး ပြောနေတော့ ကျွန်မကို ကွက်ကြည့်ကွက်ကြည့် လုပ်နေကြပြီလေ။ စိတ်က ထောင်းခနဲ ဖြစ်မိပြီး
“ဘယ်အထိ တိုးရဦးမှာလဲ။ အရှေ့မှာ ကားမှန်ပဲရှိတော့တယ်။ လွန်းပူနဲ့ လာဖောက်ပေးမှပဲ ကားမှန်ဖောက်ထွက်လို့ရမယ်” လို့ ဘုတောပစ်လိုက်တယ်။ ကိုရွှေစပယ်ယာလည်း တစ်ခွန်းမှ ပြန်မဟတော့။ ဟိုဘက်က ခရီးသည်တွေက ဘာပြောလို့လဲမသိ။ စပယ်ယာက “မြန်ချင်ရင် တက်စီစီးသွားပါ။ ဒီထက်မြန်ချင်ရင် ကိုယ်ပိုင်ကားဝယ်ထားပါ”လို့ လှည့်အော်နေတယ်။
တဖြည်းဖြည်းနှင့် လူတွေများလာပြီး မွန်းကျပ်လာကာ ပူလောင်အိုက်စက်လာတော့မှ “အဲယားကွန်း”လည်း “အလကားကွန်း” ဖြစ်ပြီး ထင်တယ်ဟု တွေးလိုက်မိသည်။ မှန်အလုံပိတ်ကားထဲမှာ အဲယားကွန်းမရသောကြောင့် လူနံ့၊ ချွေးနံ့၊ ရေမွှေးနံ့တွေနှင့် အတော်ပင် မွန်းကြပ်လာခဲ့သည်။ ထို့ကြောင့် စပယ်ယားအား….
“ပြတင်းပေါက်မှန် ဖွင့်လို့ရမလား” ဟု လှမ်းမေးလိုက်တယ်။
“လှည့်ကင်းရှိတယ် အစ်မ။ ဖွင့်လို့မရဘူး”တဲ့။
ဩော… ငါ့နှယ် နှစ်ရာပေးပြီး ချွေးထုတ်နေရတဲ့အဖြစ်ပါလားဟု တွေးမိပြန်သည်။
“သမီး… ကားစီးရင်း ဘုရားဂုဏ်တော်ပွားများဖို့ မမေ့နဲ့နော်” ဆိုတဲ့ အမေ့စကားကိုလည်း သတိမရနိုင်တော့။
“တစ်ရာ အမ်းရမယ်၊ တစ်ရာအမ်းရမယ်” ဆိုတာကိုသာ တရစပ် ရွတ်ဖတ်သရဇ္ဈာယ်နေရသည်။ ကျွန်မကလည်း မေ့တတ်တာနဲ့၊ စပယ်ယာတွေကလည်း မေ့ချင်ယောင်ဆောင်တတ်တာနဲ့တော့ ဒီလိုပဲ ရွတ်ဖတ်ပေးနေရတာပေါ့။ တစ်ခါကလည်း တစ်ထောင်တန်ပေးပြီး ကားပေါ်ကဆင်းပြီး လမ်းလျှောက်ပြီးမှ သတိရတော့ လှည့်ကြည့်တော့ ကားက ထွက်သွားပြီ။
ဒါနဲ့ ဆင်းရမယ့် မှတ်တိုင်နားရောက်တော့မှ “တစ်ရာ အမ်းရမယ်” ဟု ခပ်တည်တည်တောင်းလိုက်သည်။ အရင်တုန်းကဆိုလျှင် ပြန်အမ်းရမည့် ပိုက်ဆံကို ထိုသို့ မတောင်းရဲခဲ့။ ခုတော့ တောင်းရဲသွားပြီ။ နေ့စဉ် ကြုံတွေ့ရသော အတွေ့အကြုံ၊ သင်ခန်းစာများက တောင်းတတ်အောင် သင်ပေးလိုက်တာ ထင်ပါရဲ့။ စပယ်ယာက တစ်ရာတန် အဟောင်းအနွမ်းတစ်ရွက်ကို လှမ်းပေးရင်း
“ဒီတစ်ရွက်ပဲ ရှိတယ်” ဟု ပိတ်ပြောသသည်။ ကျေးဇူးတင်ပါတယ် မောင်မင်းကြီးသားရယ်။ ရှားရှားပါးပါးရှိတဲ့ တစ်ရွက်ကို အမ်းပေးတဲ့အတွက်။
ကျွန်မ ဆင်းရမည့် မှတ်တိုင်နီးလာပြီမို့ ဆင်းရလွယ်အောင် ကြိုထွက်ထားဖို့ တာစူလိုက်သည်။ အထူးကားရဲ့ တစ်ယောက်စာ လျှောက်လမ်းလေးမှာ နှစ်ယောက်စီထပ်ပြီး ရပ်နေကြရတော့ ဘယ်လိုများ တိုးရပါ့။ ဒီကြားထဲ လွယ်ထားတဲ့ စလင်းဘတ်ကညပ်ပြီး နောက်မှာ ကျန်ခဲ့လို့ မနည်းဆွဲယူလိုက်ရသည်။ ခြင်းကလည်း ထုတ်လို့မရ။ အရင်ကတော့ ပလတ်စတစ်ခြင်းလေးတွေ ကိုင်သည်။ ခုတော့ ကြိမ်ခြင်းပဲကိုင်တော့သည်။ ပလတ်စတစ်ခြင်းကိုင်တုန်းက ကားအောက်ရောက်တော့ လက်ထဲမှာ လက်ကိုင်ကွင်း နှစ်ဖက်ပဲ ပါလာပြီး ခြင်းကိုယ်ထဲက ကားထဲ ကျန်ဖူးသည်မို့ ခြင်းတောင် ရွေးကိုင်ရခြင်း ဖြစ်သည်။ ခုတော့ တိုးရလွယ်အောင် ခြင်းကို အပေါ်က မြှောက်ကိုင်ဖို့ကလည်း အရပ်က ပုနေတော့ သူများတွေရဲ့ ခေါင်းကိုတောင် ကျော်အောင် မမြှောက်နိုင်။ ဒုက္ခပါပဲ။ တိုးထွက်လို့လည်း မရွေ့ပါလား။
မှတ်တိုင်ရောက်သည်အထိ တိုးထွက်၍မရတော့ ဒေါသထွက်၊ ချွေးတွေထွက်နှင့် တစ်ကိုယ်လုံး ပူထူနေတော့သည်။ နောက်ဆုံးတော့ စပယ်ယာခမျာ မနေသာတော့ဘဲ လက်ကိုဆွဲပြီး အတင်း ဆွဲထုတ်လိုက်မှ ဆင်းရမည့် အပေါက်နားရောက်တော့သည်။ ဒီကြားထဲ ဆံပင်က လူကြားထဲ ညှပ်ကျန်ချင်သေးသည်။ ကမန်းကတမ်း ဆင်းလိုက်ရသည်။ ကားပေါ်ထိုင်ပါလာတဲ့ အလုပ်သွား တွေ့နေကြ ကလေးမလေးနှစ်ယောက်က ကားအောက်ရောက်တော့ “အစ်မ ဒီနေ့ ဆပ်ပြာမတိုက်လာဘူးထင်တယ်” လို့ ပြောတော့ ကြောင်ပြီး ပြန်မေးလိုက်မိသည်။ “ဘာဖြစ်လို့လဲ” “အစ်မ ကား ထိုင်ခုံမရလို့”လေတဲ့။ စိတ်ထဲကလည်း “ဒီနေ့ တော်တော်ကံမကောင်းတာပဲ” ဟု မဆီမဆိုင် ကံကို အပြစ်တင်လိုက်သေးသည်။ ကားပေါ်က ဆင်းလိုက်သည်နှင့် ဆူးလေဘုရားကြီးကို ဦးခိုက်ရင်း သဘာဝလေနုအေးတို့၏ ကြိုဆိုခြင်းကို ခံစားရ၍ အနည်းငယ် လန်းဆန်းသွားရသည်။ ဟူး…. အခုမှပဲ အသက်ကို တဝကြီး ရှူရတော့သည်။
ကျွန်မတစ်ယောက် မှတ်တိုင်မှာရပ်ရင်း ပြန့်လွင့်နေတဲ့ ဆံပင်ကို သပ်ချရင်း ခြင်းထောင်ကို လက်ထဲမှာ နေရာတစ်ကျချပြီး ရွှဲနေတဲ့ ချွေးကိုသုတ်လိုက်ပြီး စီးလာတဲ့ အထူးကားကြီးကို မကျေမနပ်နှင့် မျက်စောင်းဝင်ပြီး ကြည့်လိုက်တဲ့အခါမှာတော့-
“ထိုင်ခုံပြည့်သာ တင်ဆောင်ပါသည်။ လူပိုတင်ခွင့် မရှိပါ”
“အကောင်းဆုံး ဝန်ဆောင်မှုပေးပါ”
“အမျိုးသမီးများကို ဦးစားပေးပါ”
“ခရီးသည်များသည် ထမင်းရှင်များဖြစ်သည်”
“Air-Con အမြဲ ဖွင့်ထား။ မအေးလျှင် လိုင်းမထွက်ရ”
“နေရာတိုင်းတွင် သင့်ကို အမြဲစောင့်ကြည့်နေသည်”
ဟူသော စာတန်းလေးတွေက ကျွန်မကို “တာ့တာ ဘိုင်ဘိုင်” ဟု ပြုံးပြနှုတ်ဆက်နေကြပြီး အထူးကားကြီးကလည်း ကျွန်မကို ကြည့်၍ တဟားဟား အော်ရယ်ကာ မြူးထူးသွက်လက်စွာ နှုတ်ဆက်ထွက်ခွာသွားလေတော့သည်။

 

 

About မြသဲ ( 17082011 )

has written 110 post in this Website..

THAKHIN CJ #8172011