“ အလုပ်ထွက်စာပါအစ်ကို…”

ကျွန်တော်မော့ကြည့်လိုက်မိသည်… မွန်မွန်ဆိုသောမိန်းခလေးတစ်ယောက်…

ကျွန်တော့်ထက် တစ်နှစ်မျှသာငယ်သော်လဲ အလုပ်ရာထူးအရတလေးတစား “အစ်ကို”ဟု သူခေါ်လေ့ခေါ်ထရှိသည်…

 

“ ဘာလို့အလုပ်ထွက်ချင်ရတာလဲ… မွန်မွန်…”

 

“ ညီမဆက်မလုပ်ချင်တော့ဘူး… ရုံးထဲကလူတွေကိုလဲညီမရင်မဆိုင်ချင်တော့ဘူး…”

 

“ ရုံးကလူတွေက မွန်မွန့်ကို ဘာပြောလို့လဲ… မွန်မွန်အလုပ်မှာအဆင်ပြေနေသားနဲ့…”

 

မွန်မွန်ငြိမ်ကျသွားသည်… ထို့နောက်…

 

“ အားလုံးနဲ့ညီမအဆင်ပြေပါတယ်… ဒါပေမယ့်ဟိုနေ့ကဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး… ညီမအလုပ်ဆက်လုပ်ချင်စိတ်မရှိတော့လို့ပါအစ်ကို…”

ကျွန်တော်နားလည်လိုက်ပါပြီ… သူ့အလုပ်ထွက်စာကိုလက်ခံထားပြီး… နောက်ထပ်(၃)ရက်ခန့် စဉ်းစားစေလိုကြောင်းနဲ့ အကယ်၍အလုပ်မထွက်လိုသေးလျှင် ပြန်လာနိုင်သေးကြောင်းပြောပြီပြီး မွန်မွန်ကို အိမ်သို့ပြန်စေပါသည်…

အခန်းအတွင်းမှထွက်သွားသော မွန်မွန်ကိုကြည့်နေရင်း ကျွန်တော့်စိတ်ထဲတွင် မည်သည့်အခါမှပြန်မလာသောထွက်သွားခြင်းကို ခံစားမိလိုက်ပါသည်….

 

လွန်ခဲ့သော ဆယ်နှစ်ခန့်ကအဖြစ်အပျက် အကျိုးအကြောင်းတိုက်ဆိုင်သဖြင့် ဒီနေ့ကျွန်တော်တွေးလိုက်မိ၏…

အဲဒီနေ့က မွန်မွန်ဘာကြောင့်အလုပ်ထွက်သွားခဲ့သလဲ…

အဲဒီနေ့မတိုင်ခင် (၃)ရက်လောက်က မွန်မွန်ရုံးကနေခွင့်ယူခဲ့သည်… အကြောင်းကား ချစ်သူနှင့်လျှောက်လည်ရန်… ခွင့်တိုင်ခဲ့တဲ့ပုံစံကလဲ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ခွင့်ယူပါရစေတဲ့… ဒီနေရာမှာ သူမရပိုင်ခွင့်ကို တရားဝင်တောင်းခံခြင်းပင်ဖြစ်သောကြောင့် မပေးနိုင်စရာအကြောင်းမရှိခဲ့ပါ…

မွန်မွန်မှာ အားနည်းချက်တစ်ခုရှိပါသည်… အကြောင်းကားကြောက်တတ်ခြင်း… စိတ်အလွန်ပူတတ်ခြင်းပင်…

သူလေးစားရမည့်သူ၊ အထက်အရာရှိတစ်ဦးတစ်ယောက်အနားတွင်ရှိလျှင် အလုပ်ကိုစိတ်ဖြောင့်ဖြောင့်ဖြင့်မလုပ်တတ်ခြင်း…

မွန်မွန်ခွင့်ယူသွားသည့်နေ့တွင် အလုပ်မှသူဌေး၏အစ်မဖြစ်သူနှင့် ဗိုလ်ချုပ်ဈေးထဲတွင်ဆုံခဲ့သည်… မွန်မွန်ခွင့်နှင့်လာမှန်းလဲသိခဲ့သည်…

နောက်တစ်နေ့… ရုံးလာတော့ မွန်မွန်အနားတွင် သူဌေး၏အစ်မဖြစ်သူအနားရှိနေသဖြင့် အလွဲလွဲအချော်ချော်ဖြစ်လေ့ဖြစ်ထရှိသော မွန်မွန်စပြီးအလွဲကြီးလွဲပါတော့သည်…

အဲဒီနေရာမှာ… သူဌေးအစ်မဖြစ်သူက ရည်းစားနဲ့ကြ… ပလူးပလဲလုပ်တတ်ပြီး အလုပ်ကျတော့ သေချာဂရုတစိုက်မလုပ်ကြောင်း လူအများရှေ့မှာအပြောခံခဲ့ရသည်ဟု အကျိုးအကြောင်းသိရှိရသော်လည်း နောက်ကျသွားချေပြီ…

အလုပ်ကြိုးစားသော… အထက်အရာရှိကိုရိုသေလေးစားတတ်သော မွန်မွန်တစ်ယောက် အလုပ်တွင်မရှိတော့ချေ…

ဝန်ထမ်းကောင်းဖြစ်နိုင်သောသူတစ်ယောက်ကို ဆုံးရှုံးလိုက်ရပေသည်…

ကျွန်တော့်စိတ်ထဲစဉ်းစားအဖြေထုတ်မိသည်ကား… သူဌေးအစ်မဖြစ်သူပြောသောစကားမှာ…

မွန်မွန်ရည်းစားနှင့်လျှောက်လည်ခြင်းသည် သူ့ကိုယ်ရေးကိုယ်တာ (Personal)၊ ရုံးအလုပ်သည် သူ၏ (Professional)…

သူဌေးအစ်မတစ်ယောက်အနေနှင့်လဲ Professional Field ထဲကို Personal ဆွဲထည့်ပြီး ပြောဆိုခဲ့ခြင်းကား မည်သူ့အမှားနည်း…

စည်းကျော်ခဲ့သူကို မွန်မွန်ဟု ယနေ့အထိ ကျွန်တော်မသတ်မှတ်ခဲ့ပါ…

 

xxxxxxxxxxxxxxx

 

လွန်ခဲ့သော (၅)နှစ်ကျော်ခန့်က ကျွန်တော်အလုပ်လုပ်ခဲ့ဖူးသော ရုံးတစ်ရုံးတွင်…

စာရင်းကိုင်အမျိုးသမီးတစ်ယောက်နှင့် စီမံ (Admin) မှ အမျိုးသမီးတစ်ယောက်

တစ်ယောက်နှင့်တစ်ယောက်မတည့်ကြပါ… မျက်နှာချင်းမဆိုင်ချင်လောက်အောင် မုန်းတီးကြသည်…

အဲဒီအတွက် တစ်ယောက်နှင့်တစ်ယောက်အလုပ်ကိစ္စပင် မပြောပါ…ထို့ကြောင့် အလုပ်နှောင့်နှေးမှုမကြာခဏဖြစ်လေ့ရှိပါသည်…

သူတို့နှစ်ယောက်ကြားတွင် ရင်ကြားစေ့သူ (ကြားပွဲစား) မရှိပဲအလုပ်လုပ်မရပါ…

ဒါဆိုရင် သူတို့နှစ်ယောက်ဟာ Personal Feeling ကို Professional Field ထဲသို့ သယ်ဆောင်လာခြင်းအားဖြင့် အလုပ်ကိုထိခိုက်စေပါတော့သည်…

ထိုသူနှစ်ယောက်နှင့် ပတ်သက်ပြီး ဂိုဏ်းဂဏများကွဲကာ… ၀န်ထမ်းများအကြား စိတ်ဝမ်းကွဲမှုများဖြစ်ပေါ်လာသဖြင့်

နှစ်ဦးစလုံးတာဝန်မှရပ်စဲရသည်အထိဖြစ်ခဲ့ရပါသည်…

သူတို့နှစ်ယောက်လုံးအား စိတ်ဓာတ်နိမ့်ကျသူ… စိတ်ဓာတ်ခွန်အားမပြည့်ဝသူအဖြစ် ကျွန်တော်သတ်မှတ်ခဲ့သည်…

 

xxxxxxxxxxxxx

 

လွန်ခဲ့သည့် (၃)လခန့်က ကျွန်တော်နှင့်ဌာနအတူတူအလုပ်လုပ်နေသော နိုင်ငံခြားသူတစ်ယောက်ကို မျက်နှာခြင်းဆိုင်ရန်ဖြစ်ခဲ့ဖူးသည်…

အကြောင်းအရင်းကား ကျွန်တော်နှင့်တိုက်ရိုက်သက်ဆိုင်သောအလုပ်တစ်ခုအတွက်

Email တွင် CC ခံ မပို့သည့်ကိစ္စနှင့် ပတ်သက်ပြီး တစ်ဆင့်မြင့်ရာထူးလက်ကိုင်ရှိသူ နိုင်ငံခြားသူတစ်ယောက်အား

ပိုးဇိုးပက်စက်ပြောခဲ့ဖူးသည်…

နောက်ဆုံး Department Head နိုင်ငံခြားသားကိုယ်တိုင် ကြားဝင်တောင်းပန်မှ ပြီးဆုံးသွားသည်အထိပြသနာကြီးခဲ့သည်…

သို့သော်… ကျွန်တော်တို့ ဘီယာအတူတူသောက်ရင်း စကားတွေအများကြီးပြောဖြစ်ခဲ့ ကြသည်…

ကျွန်တော်တို့ ဆေးလိပ်အတူဖွာရင်း မိသားစုတွေအကြောင်း ဖလှယ်ခဲ့ဖူးသည်…

ကျွန်တော်တို့ ကော်ဖီအတူဖျော်ရင်း အမိနိုင်ငံတော်လှပကြောင်း ကြွားလုံးထုတ်ခဲ့ဖူးသည်…

မကြာမီအချိန်တွင်သူ့နိုင်ငံသို့သူ ပြန်သွားတော့မည်…

ကျွန်တော်တို့ရင်ထဲတွင် ဘာအာဃာတမှမရှိဘဲ နှုတ်ဆက်ခွဲခွာကြရဦးမည်…

ပြန်စဉ်းစားကြည့်ရင်ဖြင့်-

ကျွန်တော်တို့ Professional Field ထဲသို့ Personal Feel ကိုဆွဲသွင်းမလာကြခြင်းဖြစ်ပေသည်…

 

အချုပ်အားဖြင့်ဆိုရသော်…

ကျွန်တော်တို့ ဘယ်လောက်အထိ Personal နဲ့ Professional ကိုခွဲခြား မြင်ကြပါသလဲ…

လူတစ်ယောက်ကောင်းတာ…ဆိုးတာ သူ့ Personal ပါ… သူအလုပ်တော်တာ သူ့ Professional ပါ…

Professional နဲ့ မပတ်သက်သော Personal ကိုဆွဲထည့်လာလျှင်

ဆွဲထည့်လာသောသူတို့၏ သဘောထားသေးသိမ်ခြင်းဟုပင် အတိအလင်းခေါင်းစဉ်တပ်ရပေမည်…

အနီးစပ်ဆုံးဥပမာပြောပါ့မယ်… ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသားကိုလက်ထပ်တာ သူ့ Personal ပါ…

နိုင်ငံတော်အတွက် သူလုပ်ပေးခဲ့သော၊ သူအနစ်နာခံပေးခဲ့သော အရာအားလုံးသည် သူ့ Professional ပါ…

ဒါလေးကိုကွဲပြားအောင်ခွဲခြားထားနိုင်ဖို့… ယခုအချိန်တွင်လိုနေပြီထင်ပါသည်…

ကြောင်ဝတုတ်အပြင်မှာအရက်သမားတာတေလန်အောင်ဆိုးပေနေပါစေ…

သူရေးသောစာသည် လူတစ်ဦးတစ်ယောက်အပေါ်အကျိုးဖြစ်ထွန်းမည်ဆိုလျှင် သူ၏ Personal ဖြစ်သော အပေအတေအရက်သမားတစ်ယောက်ဘ၀ကိုမေ့ပြီး…

သူပြုဖူးသော အကျိုးဖြစ်ထွန်းမှု Professional ကိုလေးစားပေးပါ…

အရက်သမားတစ်ယောက်ရေးတဲ့စာများကွာ… ဘာလေးစားစရာရှိလဲဟူသော အတွေးမျိုးဖြင့် Personal ကို

Professional ဖြင့်ရောထွေးမသွားစေလိုသောကြောင့် ဒီစာကိုရေးပါသည်…

 

ဒီအတွေးဟာဖြင့် သိပ်ပြီးလစ်ဘရယ်ဆန်လှသည်ဆိုလျှင်ဖြင့်…

 

ကြောင်ဝတုတ်

၂၀၁၂၊ ဇွန်လ

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...