ရွာထဲမှာ ကျနော်လေးစားအားကျရတဲ့ ဆရာသစ်(ကိုသစ်မင်း) တစ်ယောက် ပျောက်ချက်သား ကောင်းနေပေမယ့် သူ့ post လေးတွေရဲ့ အကျိုးဆက်လေးတစ်ခုနဲ့ပါတ်သက်ပြီး ဒီစာစုလေးနဲ့ ရင်ဖွင့်ဖြစ်ခဲ့ပြန်ပါပြီ။
04 .Feb. 2012. က ဆရာသစ် “ပညာရေးနှင့် အတွေ့အကြုံ
– thit min |1701- Hits| ” နဲ့ Idea လေးပေး ထောက်ပြထားခဲ့တယ်ခင်ဗျ။ Vocational Education နဲ့ ပါတ်သက်ပြီးတော့ပေါ့။ ယနေ့မြန်မာနိုင်ငံမှာ လူငယ်အများစုအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်တွေသင်ပေးပြီး၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လင်းလာတဲ့အချိန်ကျရင် အဆင်သင့်ဖြစ်နေစေဘို့ပေါ့။
အဲဒီ့တုန်းက ကျနော်က ကျနော့်အိပ်မက်လေးတစ်ခုနဲ့ တူနေခဲ့တာမို့ သင်တန်းလေး တစ်ခုဖွင့်ဖို့ စိတ်ကူးထားကြောင်း ၀င်မန့်ခဲ့မိတယ်။ ဆရာသစ်က ချက်ချင်းလိုလို အားပေးစကားပြော၊ အောင်မြင်မှာပါလို့ စကားဦးသန်း နိမိတ်ဖတ် ပေးခဲ့တာပေါ့ဗျာ။
အခု ကျနော် စွယ်တော်ရွက် ပြောထားခဲ့တဲ့အတိုင်း လျှပ်စစ်နဲ့ ပါတ်သက်ပြီး လက်တွေ့လေ့ကျင့်ခန်းတွေ များများလုပ်ပေးနိုင်တဲ့ ကိုယ်ပိုင်သင်တန်းလေး တစ်ခုဖွင့်ဖို့ ခြေလှမ်းတွေ စနေပြီဆိုတဲ့အကြောင်း ဆရာသစ်ကို သိစေချင်လိုက်တာ။ ကိုဂီ့အပြောအရတော့ ခြင်္သေ့မြို့တော် ရောက်နေတယ်ဆိုဘဲ။ အလုပ်တွေ ၂ ဆပိုလုပ်ရတော့မယ်ဆိုပြီး ပျောက်သွားလိုက်တဲ့ ဆရာသစ် အခု ဒီစာစုလေးကို ဖတ်ဖြစ်ပြီး ဂေဇတ်ထဲက ညီငယ်တစ်ယောက်ကို အားပေးတဲ့အနေနဲ့ စာတွေပြန်ရေးပါဦးလို့လဲ တောင်းဆိုလိုက်ပါတယ်နော။
သင်တန်းဖွင့်မယ်ဆိုတော့ ရန်ကုန်ရဲ့ သင်တန်းအများစုရှိရာ လှည်းတန်း တ၀ိုက်ကိုပဲ ဦးစားပေး နေရာရွေးခဲ့လိုက်တာ အခန်းခတွေကလည် ကြောက်ခမန်းလိလိပါပဲ။ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာနဲ့က အတွင်းဖက်သိပ်ကျလွန်းတဲ့နေရာတွေမှာပဲ ဖြစ်ဖြစ်နေတယ်။ နောက်ဆုံး ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ့အတွင်းဖက်နေရာလေး တစ်ခုကိုပဲ ငှားလိုက်တော့မယ်လို့ စဉ်းစားလိုက်တဲ့အချိန်မှာ ကျနော့်ရဲ့ ဆရာတစ်ယောက်ကို တိုင်ပင်ကြည့်လိုက်မိတော့ သင်တန်းအသစ် စဖွင့်မှာမို့လို့ လူမြင်ကွင်း၊ သွားလာရလွယ်တဲ့ နေရာကိုပဲ ဦးစားပေးပါလို့ အကြံပေးလာပါတယ်။ အဲဒီ့တော့ ပထမရွေးထားတဲ့ နေရာလေးကို မငှားဖြစ်တော့ပဲ ဆက်ရှာလိုက်တာ ကိုယ်နဲ့ ကံစပ်လို့ပဲလား၊ ကာတာလို အာရပ်နိုင်ငံက ရုံးခန်းစားပွဲပေါ်မှာ ပိုင်ရှင်ဘယ်သူမှန်းမသိပဲ ရောက်နေတာတွေ့လို့ မြန်မာပြည်အပြန်မှာ ပင့်ဆောင်လာခဲ့တဲ့ ဗုဒ္ဒရုပ်ပွားတော် သစ်သားဆင်းတုလေးရဲ့ အကြောင်းတရားကြောင့်ပဲလားတော့မသိ၊ အင်းစိန်လမ်းမပေါ် ဆင်ရေတွင်းမှတ်တိုင်နဲ့ စံရိပ်ငြိမ် မှတ်တိုင်ကြားက ၂ ထပ်တိုက်လေးတစ်လုံးရဲ့ အပေါ်ထပ်ကို တစ်လကို ၁၂၀၀၀၀/- နဲ့ ငှားရမ်းလို့ရခဲ့ပါတယ်။ (၆)လစာ အပျောက်ပေးရ ပြီး ပွဲစားခက (၁) လစာပေးလိုက်ရတော့ စုလာခဲ့တဲ့ အစိမ်းလေး တွေကုန်သလောက် ဖြစ်သွားပေမယ့် ပျော်နေပါတယ်။
ဦးဦးပါလေရာဆီက ရရှိလိုက်တဲ့ နောက်တစ်လ ဆက်လက်ရှင်သန်နိုင်ရေး စိတ်ဓါတ်နဲ့ ဆက်လက်ကြိုးစားသွားမယ့် ကျနော် ဂေဇတ်ရွာသားပါခင်ဗျ။
သင်တန်းအမည်ပေးဖို့စဉ်းစားလိုက်မိတော့ MG ကမွေးထုတ်ပေးလိုက်တဲ့ “စွယ်တော်ရွက်” ဆိုတဲ့ နာမည်ကိုပဲ သင်တန်းအမည်အဖြစ် ဆက်လက်အသုံးပြုမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
လျှပ်စစ်နဲ့ပါတ်သက်ပြီး လက်တွေ့များများ လုပ်ပေးတဲ့ သင်တန်းလေး အဖြစ် အခြေခံကစပြီး လိုတိုရှင်း သင်ပေးဘို့ ရည်ရွယ်ထားပါတယ်။ လူတိုင်းသိထားသင့်တဲ့ လျှပ်စစ်အန္တရာယ် ကာကွယ်ရေးကအစပြုပြီးတော့ ခလုပ် (၁) ခု မီးတစ်ပွင့် ၊ ခလုပ် (၃) ခု မီး (၃) ပွင့် ပလပ်ပေါက် (Socket) (၁) ခု စတာမျိုးလေးတွေ၊ ကနေ မီးတစ်ပွင့်ကို နေရာ (၂) နေရာကနေ ထိန်းတဲ့ Two Way Switch တပ်ဆင်ဆက်သွယ်နည်း တွေအထိ လူတစ်ယောက် ပစ္စည်း (၁) စုံ နှုန်းနဲ့ လူ (၅) ယောက်၊ စာသင်ချိန်က တစ်ချိန်ကို (၂) နာရီ စနစ်နဲ့ သင်ကြားပေးမှာပါ။

ဟိုးတုန်းက GTI/THS ကျောင်းတွေမှာလို နံရံမှာ တစ်ဒုံးဒုံး ထုနှက် ပြီး တကယ်တပ်ဆင်ရတာမျိုး လုပ်ဖို့အခြေအနေ မပေးပေမယ့် စားပွဲပေါ်မှာ ပစ္စည်းတွေဆင်၊ စမ်းသပ်၊ မှန်ရင်ပြန်ဖြုတ်၊ နောက်တစ်မျိုး ထပ်ဆင်၊ မှားရင် ဘယ်နေရာမှာမှားတာလဲ ဆိုတဲ့ Trouble Shoot လုပ်နည်း လက်တွေ့ကျင့်ကြပေါ့လေ။
ကြုံတုန်းလေး.. ဟိုအရင် အင်းစိန် GTI က ဆရာကြီး ဦးမျိုးဆွေရဲ့ မမေ့နိုင်တဲ့ လိုတိုရှင်း သင်ပြချက်လေး မျှပေးပါရစေ။

“SHORT BY BREAK, BREAK BY SHORT” တဲ့။

ဝါယာကြိုးသွယ်တန်းစနစ်ရဲ့ ပြသနာရှာဖွေရေး အဓိက နည်းလမ်းဖြစ်တဲ့

“To Find Short, Make Break” ပတ်လမ်းတိုအပြစ် ဖြစ်နေတဲ့နေရာကို တွေ့ချင်ရင် ဖြတ်ပြီးတော့ရှာ

“To Find Break, Make Short” ကြိုးပြတ်နေတဲ့နေရာကို တွေ့ချင်ရင် short Circuit လုပ်ပြီးရှာ

ဆိုတဲ့ Trouble Shooting ကို အတိုဆုံး သင်ပေးခဲ့တာပါ ခင်ဗျ။ ဆရာကြီးဦးမျိုးဆွေရဲ့ မှာကြားချက်ကို အင်းစိန် GTI မှာလုပ်တဲ့ ဘာသာရပ်ဆိုင်ရာ ဆရာများ ဆွေးနွေးပွဲတစ်ခုမှာ တက်ခွင့်ရခဲ့စဉ်က နာကြားမှတ်သား အသုံးချနိုင်ခဲ့တာပါ ခင်ဗျ။
အဲလို၊ အဲလို ဘ၀တစ်သက်လုံး အသုံးဝင်နိုင်မယ့် လျှပ်စစ် အင်ဂျင်နီယာ ပညာရပ်ဆိုင်ရာ လက်တွေ့လုပ်ငန်းလေးတွေ ပြန်ပြီး မျှဝေချင်ခဲ့လို့ သင်တန်းဖွင့်ဖို့ ကြိုးစားနေမိတာပါ။
အဆင့်နဲနဲမြင့်မယ့် Motor Control Technology အခြေခံ၊ Direct On Line Starter, Forward Reverse Starter နဲ့ Star- Delta Starter အကြောင်းတွေကိုတော့ Control Circuit လောက်ပဲ လက်တွေ့သင်ကြားပေးနိုင်မှာပါ။ လောလောဆယ် Three Phase Supply မရှိလို့ Three Phase Motor တွေမောင်းပြလို့ မရလို့ပါ။
ဆရာကျောင်းသားအချိုး ကျောင်းသားနဲ့ လက်တွေ့ခန်းအချိုး မညီမမျှဖြစ်နေတဲ့ GTC ကျောင်းတွေရဲ့ ကွက်လပ်လေးကို အပြင်ဘက်ကနေ ဖြည့်ပေးချင်တဲ့ စေတနာ၊ ကိုယ့်ကို ထမင်းရှာစားစေနိုင်ခဲ့တဲ့ လျှပ်စစ်ပညာရပ်ကို ပြန်ဖြန့်ဝေပေးချင်တဲ့ ၀ါသနာတွေကို အရင်းခံပြီး သင်ကြားပေးမှာပါ။ သင်တန်းတစ်ချိန်မှာ လူ (၅) ယောက်လို့ပဲ သတ်မှတ်ထားတာကတော့ လက်တွေ့သင်ကြားရေးကို ဖိဖိစီးစီးသင်ပေးနိုင်အောင်လို့ပါပဲ။
သင်တန်းကျောင်းလေးရဲ့ Logo ကိုစွယ်တော်ရွက်ပုံလေးရဲ့ ရွက်လွှာတစ်ခြမ်းမှာ ”အတတ်” နောက်တစ်ခြမ်းမှာ “အသိ” လို့ ရေးထားတာလေးကို စဉ်းစားမိတော့ ရွာထဲက မနောဖြူလေးကို သတိရနေမိတယ်။ မဝေေ၀ တို့ မမ တို့၊ ကိုကြီးမိုက်တို့လို RIT ဆင်း တွေရဲ့ အကြံဥာဏ်တွေလဲ မျှော်လင့်နေမိတယ်။ ဒီလိုသင်တန်းလေးတွေရဲ့ အရေးပါပုံကို High Light လုပ်ပေးခဲ့တဲ့ ဆရာသစ်ကိုတော့ သတိအရဆုံးပေါ့။
ဆရာသစ်ရေ…..
အခု ဆရာသစ် အားပေးခဲ့တဲ့ သင်တန်းလေး တစ်ခုအတွက် နေရာလေးတစ်ခုလည်း ရပြီးပါပြီ။ သင်ထောက်ကူပစ္စည်းတွေလည်း ၀ယ်ယူစုဆောင်းပြီးပါပြီ၊ သင်တန်းရဲ့ Safety အတွက်လည်း Earth Leakage Circuit Breaker တွေကို တပ်ဆင်ထားပြီးပါပြီ။
အားလုံးအဆင်သင့်ဖြစ်နေပြီဆိုတော့ နောက်တစ်ပတ်လောက်ဆို သင်တန်းလေး စတင်ဖွင့်လှစ်တော့မှာပါ။ ဆရာသစ်ရဲ့ Post လေးတစ်ခုကို အမှီပြု လက်တွေ့တည်ဆောက်ကြည့်မယ့် “MG ရွာသားတစ်ယောက် ဖြစ်လို့ ညံ့လို့မရသော” ကျနော် စွယ်တော်ရွက်ရဲ့ “စွယ်တော်ရွက်” လျှပ်စစ် လက်တွေ့သင်တန်းလေးကို အချိန်ပေးနိုင်ခဲ့ရင် လာအားပေးပါဦးလို့ ဖိတ်ခေါ်ပါရစေ။ ဂေဇက်ရွာသူ၊ရွာသားတွေဆီက အကြံဥာဏ်နဲ့ အားပေးမှုလေးတွေကိုလည်း မျှော်လင့်နေပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ

With Respect
Swal Taw Ywet.

About Swal Taw Ywet

has written 65 post in this Website..

The motto of world best British soldiers SAS is " Who dare win ", so dare to face. Try your best for our mother land. OK? CJ # 1102012