သူရဿဝါနှင့် မော်ဒန်ဘောလုံး
– သူရဿဝါ –

လေးနှစ် တစ်ကြိမ် ကြည့်ရခဲသော ဥရောပ ဖလား ဘောလုံး ပြိုင်ပွဲတွေ ကန်နေတာ အခုဆိုလျှင် ဆီမီး ဖိုင်နယ် အထိပင် ရောက်နေပြီ။ ဆီမီး ဖိုင်နယ် ရောက်လာသော စပိန်၊ အီတလီ၊ ပေါ်တူဂီ၊ ဂျာမနီ လေးသင်းလုံး မောင်ဝါဝါ ကြိုက်သည့် အသင်းတွေချည်း။ ဒီတော့ မောင်ဝါဝါမှာ မနက် ရုံးတက်ဖို့ ရှိတာတောင် ည (၁)နာရီ ကျော်မှ ကန်သော ဘောလုံးပွဲ တွေကို အိပ်ရေးပျက် ခံ၍ အားပေး ရသည်။ ယနေ့ ညတွင် အကြို ဗိုလ်လုပွဲ ပထမပွဲ အဖြစ် စပိန်နှင့် ပေါ်တူဂီ ကန်မည်။ နောက်တစ်ပွဲက ဂျာမနီနှင့် အီတလီပေါ့။ မောင်ဝါဝါ ကတော့ စပိန်နှင့် ဂျာမနီကို ဗိုလ်လုပွဲမှာ တွေ့စေ ချင်သည်။ နှစ်သင်းလုံး ကစားကွက် ညက်ညော လှပ၍ ရေကုန် ရေခမ်း တိုက်ပွဲဝင် တတ်သည့် အသင်းတွေ ဆိုတော့ ဒီနှစ်သင်း ဗိုလ်လုပွဲ တွေ့လျှင် အလွန် ကြည့်ကောင်းမှာ သေချာသည်။ အကြို ဗိုလ်လုပွဲ အဆင့် စပိန် – ပေါ်တူဂီ၊ ဂျာမနီ – အီတလီ ပွဲတွေကို ဘယ်သူ နိုင်မလဲ ခန့်မှန်း ကြည့်ချင်သည်။ သို့သော် မောင်ဝါဝါမှာ ဘောလုံးပွဲသာ ကြည့်တတ်ပြီး နည်းစနစ် ကျကျ ဘယ်အသင်း ဘယ်ကစားကွက်ဖြင့် ကစားမည်၊ ဘယ်သူ သာမည် ဆိုတာတွေ မခန့်မှန်းတတ်။ ဒါနဲ့ မောင်ဝါဝါ အားကစား ဂျာနယ် တစ်စောင် (တကယ်တော့ ဘောလုံး ဂျာနယ် လို့သာ ခေါ်ရမည်၊ ဘာလို့ ဆိုတော့ အားကစား ဂျာနယ် နာမည်သာ တပ်ထားတာ၊ တစ်စောင်လုံး နီးပါး ဘောလုံး အကြောင်း ချည်းပဲကိုး) ဝယ်ဖတ်ဖို့ ဆုံးဖြတ် လိုက်သည်။

လမ်းထိပ် ဂျာနယ်ဆိုင်မှ ယနေ့ထွက် အသစ် စက်စက် ဘောလုံး ဂျာနယ် တစ်စောင် ဝယ်လိုက်သည်။ မုန့်ဟင်းခါး ပဲကြော်နှင့် တစ်ပွဲစာ လေးရာ ထွက်သွား၏။ ကိစ္စမရှိ … ကိုယ်က ဖတ်ချင်တာပဲ။ အိမ်ပြန် ယူလာ၍ စိတ်အေး လက်အေး ဖတ်မည်ဟု ပြင်လိုက်သည်။ ယနေ့ည ကန်မည့် စပိန်နှင့် အီတလီ ပွဲကို ဂျာနယ်က ဘယ်လို ခန့်မှန်း မလဲ ဆိုတာ အရင် ဖတ်ကြည့် လိုက်သည်။ အားကစား ဆောင်းပါးရှင် ခန့်မှန်းတာ ဆိုတော့ ဘယ်အသင်းက ဘယ်သူတွေ ပါဝင်ပြီး ဘယ်လို ကစားကွက်နှင့် ဆော့လျှင် ကျန် အသင်းက ဘယ်လို ဗျူဟာ မျိုးနှင့် ပြန်လည် ရင်ဆိုင် နိုင်သည် စသည်ဖြင့် ပညာသား ပါပါ ခန့်မှန်း တာမျိုး ဖတ်ရမည် ထင်သည်။ သို့သော် .. အထင်နှင့် အမြင် တက်တက်စင် လွဲလေ၏။ သူ့ ခန့်မှန်း ပုံကို ကြည့်လိုက်တော့ ခေါင်းစဉ်က “သရေကျလျှင်ပင် ပျော်ရွှင်ခွင့် ရမည့် ပေါ်တူဂီ” တဲ့။ အလို … တစ်သင်းနှင့် တစ်သင်း အလဲအကွဲ ကန်ရမည့် ပွဲပါ ဆိုနေမှ ပေါ်တူဂီက သရေကျလျှင် ပျော်ရမည် ဆိုပါလား။ ဆက်ပြီး ဖတ်လိုက်တော့

“ရှေ့ပွဲ တုန်းက ပေါ်တူဂီ ပရိသတ်တွေ ပျော်ရွှင်ခွင့် ရခဲ့သလို ဒီပွဲရော ပျော်ရွှင်ခွင့် ရမလား စောင့်ကြည့် ရမယ်၊ စပိန်နဲ့ ပေါ်တူဂီ နှစ်သင်းကြား ဖွင့်လှစ်မှု အလိုအရ ဆိုရင်တော့ ပေါ်တူဂီက အောက်ပဲ၊ မိနစ် ကိုးဆယ် အတွင်းမှာ ပေါ်တူဂီတို့ သရေ ကန်နိုင်ရင် အပြည့်အဝ ပျော်ရွှင်ခွင့် ရမှာ ဖြစ်ပါတယ်၊ စပိန် ကတော့ တစ်ဂိုး အသာနဲ့ နိုင်မှသာ ပရိသတ်တွေ အပြည့်အဝ ပျော်ရွှင်ခွင့် ရမှာပါ၊ နှစ်သင်းပေါင်း ဂိုးအရေအတွက် ကြည့်ရင်တော့ နှစ်သင်းပေါင်း (၃) ဂိုး သွင်းမှ အခြေအနေ ကောင်းမှာ ဖြစ်လို့ ဂိုးပေါင်း ဆိုရင်တော့ အောက်ပဲ ကြိုက်ပါတယ်၊ ကဲ … မိနစ် ကိုးဆယ် အတွင်း သရေ ကန်နိုင်ရင် အပြည့်အဝ စိတ်ကျေနပ်မှု ရစေမှာ ပေါ်တူဂီ ဖြစ်လို့ ကျွန်တော် ကတော့ ပေါ်တူဂီ ပါပဲ၊ သင်တို့ရော …”

ဘောလုံးပွဲ ပွဲကြို ခန့်မှန်း ဆိုသည့် အထက်ပါ စာစုကို ဖတ်ပြီး မောင်ဝါဝါမှာ ပါးစပ် အဟောင်းသားနှင့် ကျန်ခဲ့သည်။ သူ ဘာကို ပြောချင်တာ ပါလိမ့်။ မောင်ဝါဝါ နားမလည်၍ သုံးလေးခါ ပြန်ဖတ်ရသည်။ ဒါလည်း နားမလည်။ ဘောလုံးပွဲ သုံးသပ်ချက်တဲ့။ မောင်ဝါဝါ ဖတ်ချင်သလို ဘယ်အသင်း ဘယ်လို ကစားမည်၊ ဘယ်သူ သာမည်၊ ဘယ်သူ နိုင်မည် ဆိုတာမျိုးလည်း တစ်လုံးမှ မပါ။ သူ ပြောချင်တာတွေ ပြောချ သွားလိုက်တာ။

“အပြည့်အဝ ပျော်ရွှင်ခွင့်” တဲ့ .. နိုင်ပါတယ် ဆိုနေမှ ဘယ်သူက အပြည့်အဝ မဟုတ်လို့ တို့လို့တန်းလန်းကြီး ပျော်မှာတုန်း။ နောက်တစ်မျိုး

“ဖွင့်လှစ်မှု အလိုအရ” တဲ့ … သူတို့ နှစ်သင်းကြား ဘယ်သူက ဘာတွေ ဝင်ပြီး ဖွင့်လှစ်၍ ဘာ အလိုအရ တွေ ရှိနေပါလိမ့်။ ရှိသေးသည်။

“ပေါ်တူဂီက အောက်၊ စပိန်က အပေါ်” တဲ့ … မောင်ဝါဝါ ဘယ်လိုမှ နားမလည်။ အပေါ်တွေ အောက်တွေ ပြောရအောင် ဒီနှစ်သင်းက နပန်းဖက်လုံး ကြမှာလည်း မဟုတ်။ ကွင်း၏ တောင်ဖက်ခြမ်း မြောက်ဖက်ခြမ်း ခွဲ၍ ဘောလုံး ကန်ကြမည့် ဟာကိုပဲ။

“နှစ်သင်းပေါင်း သွင်းမည့် ဂိုးပေါင်း” တဲ့ … သုံးဂိုး သွင်းကြမှ အပေါ် နေသူတွေ “အခြေအနေကောင်းမည်” တဲ့။ သူ့ဟာသူ ဘယ်နှစ်ဂိုး သွင်းသွင်းပေါ့။ နိုင်သည့်သူ အခြေအနေ ကောင်းမှာလေ။ ဘယ့်နှယ် အပေါ် နေတဲ့သူက မဆီမဆိုင် ကန်လည်း မကန်ရပါပဲ အခြေအနေ ဝင်ကောင်း နေရတာတုန်း။

“မိနစ်ကိုးဆယ် အတွင်းသာ” တဲ့။ ဒါတွေက .. အုပ်စုပွဲ မဟုတ်။ ရှုံးထွက် ဖြစ်နေပြီလေ။ မိနစ် ကိုးဆယ် အတွင်း အနိုင်အရှုံး အဖြေ မပေါ်လျှင် အချိန်ပို၊ ပင်နယ်လ်တီ ဆက်ကန် ကြပါစေပေါ့။ ဘာလို့ မိနစ် ကိုးဆယ် အတွင်းတွေ ဘာတွေ လိုက်ပြီး ကန့်သတ် ပိတ်ပင် နေကြတာတုန်း။ ဧကန္တ ဖီဖာ၏ တရားဝင် ဘောလုံး စည်းမျဉ်း စည်းကမ်း များကို ပြည်တွင်း ဂျာနယ်တွေက စတင် ချိုးဖောက်ဖို့ ကြံစည် နေကြပြီလား။ နောက်ဆုံးပိတ် အပြောကတော့ အရှင်းဆုံးပဲ။ ဘယ် အသင်း နိုင်မည် ဆိုတာကို စနစ်ကျကျ ခန့်မှန်း ပေးပါဆိုနေမှ သူကြိုက်သည့် သူအားပေးမည့် အသင်း နာမည်ကို ပြော သွားသည်။ ဒီလိုသာ ပြောလို့ ရကြေးဆို မောင်ဝါဝါလည်း ကိုယ် အားပေးမည့် အသင်း နာမည်တွေ တန်းစီ ရေး၍ အားကစား ဂျာနယ် ပေါင်းစုံမှာ လျှောက်ရေး တော့မှာပေါ့။ ထို ဘောလုံး ဂျာနယ်ပါ ပွဲကြို ခန့်မှန်း အမည်တပ် ထားသော စာစုကို မောင်ဝါဝါ ဘယ်လိုမှ နားမလည် နိုင်သည့် အဆုံး ကိုယ့်ထက် ဘောလုံးပွဲ ကျွမ်းကျင်သော သူငယ်ချင်း များထံ မေးရ မြန်းရ တော့သည်။

မောင်ဝါဝါ အာရုံ ပြောင်းရ လေပြီ။ ညကန်မည့် စပိန် – ပေါ်တူဂီမှာ ဘယ်သူ နိုင်မည် ဆိုတာကို စိတ်မဝင်စား အားတော့။ ဘောလုံး ဂျာနယ် ထဲမှ ပွဲကြို ခန့်မှန်း ရေးသူ ကိုကိုဆရာ၏ ပဟေဠိ ဆန်ဆန် အရေးအသား အကြောင်းကို လိုက်လံ၍ စုံစမ်း ထောက်လှမ်း ရတော့သည်။ အချိန် အတန်ကြာ ပေး၍ စုံစမ်း တော့မှ အကြောင်းစုံကို သိရ တော့သည်။ ထိုခန့်မှန်းချက် များမှာ ဘောလုံးပွဲ ဘယ်သူ နိုင်မည် ဘယ်သူ ရှုံးမည် ဆိုတာကို ခန့်မှန်းခြင်း မဟုတ်ကြောင်း၊ ထိုသို့ ဘောလုံး အသင်း နှစ်သင်း သူ့ဟာသူ ကန်တာကို ဓါးစာခံ လုပ်၍ လောင်းကြေး ထပ်သူများ အတွက် ရည်ရွယ် ရေးသား ခန့်မှန်း ချက်များ ဖြစ်ကြောင်း မှစ၍ အပေါ်ကြေးတွေ၊ အောက်ကြေးတွေ၊ ဂိုးပေါင်းတွေ၊ တစ်လုံး သရေတွေ၊ လယ်ဗယ် အရှုံးတွေ သိရတော့သည်။

အခုတော့ မောင်ဝါဝါ သိလေပြီ။ မော်ဒန် ဘောလုံး လောကတွင် ဘောလုံးသည် တစ်လုံးတည်း မဟုတ်တော့။ ထို ဘောလုံးကို အပိုင်းပိုင်း ခွဲ၍ လယ်ဗယ် အရှုံးတွေ၊ နှစ်လုံး သရေတွေ၊ တစ်လုံး ငါးဆယ် အနိုင်တွေ လုပ်လို့ ရပြီ။ နောက်ပြီး ဘောလုံးသည် အလုံးကြီး မဟုတ်တော့ .. အပြားလိုက် အပြားလိုက် ဖြစ်သွားပြီ။ ဟုတ်တယ်လေ … ဘယ်နှစ်ပြား နိုင်တာတို့၊ ဘယ်နှစ်ပြား ရှုံးတာတို့နဲ့ တွက်တာ ဆိုတော့ ဘောလုံးသည် လုံးရာက ပြားရှာပြီ။ ကွင်းထဲမှ ကမ္ဘာကျော် ဘောလုံးသမား ၂၂ ယောက်ကို သူတင် ကိုယ်တင် ကန်ခိုင်း၍ ကိုယ်က အလှမပျက် ချွေးမထွက်ဘဲ စီးပွါး ရှာကြသည့် သဘောပဲ ဆိုပါစို့။ မော်ဒန် ဘောလုံး၏ အပေါ် ထိုင်တာတွေ၊ အောက်ထိုင် တာတွေ၊ ဂိုးပေါင်းတွေ၊ အားကစား ဂျာနယ် ထဲမှ ပွဲကြို ခန့်မှန်းချက်တွေ ကိုမှ မသိလျှင် ခေတ်မမီ သလိုတောင် ဖြစ်နေပြီလား မသိ။ ဒီတော့ သူများနည်းတူ ခေတ်မီချင်သော မောင်ဝါဝါမှာ မော်ဒန် ဘောလုံး ခေတ်တွင် ခေတ်မှီ အားကစား ဂျာနယ်ထဲမှ မော်ဒန် ဘောလုံး ခန့်မှန်း သုံးသပ်မှုကို ဖတ်၍ ည (၁)နာရီ မထိုးမချင်း အပေါ်နေရ ကောင်းမလား၊ အောက်နေရ ကောင်းမလား စဉ်းစားကာ နေရပါတော့သည်။

၆ – ဇူလိုင် – ၂၀၁၂
Net Guide Journal

Volume (2), Issue (41)

About သူရဿဝါ

သူ ရ ဿ ဝါ has written 157 post in this Website..

25 Years Old From Yangon | Myanmar | Writer | Blogger | Stand-up Comedian | Freelance Web Designer | Admin Member of Suboo Multi Social Network | Contact Me as Followings, kophonethantkyaw@gmail.com www.thurathawah.net www.facebook.com/ThuRaThaWah www.twitter.com/Thurathawah