“ဘုံး….ဘုံး….ဘုံး…..ဘုံး”

“အမရေ တံခါးလေး တချက်လောက်ဖွင့်ပေးစမ်းပါ”

“ဒုံး…. ဒုံး….ဒုံး….ဒုံး….”

“အကိုရေ အပြင်က တံခါးလေးဖွင့်ပေးစမ်းပါ…….”

“ဂလုံး…. ဂလုံး….ဂလုံး….ဂလုံး….”

“အဒေါ်ရေ တံခါးလေးဖွင့်ပေးပါခင်ဗျာ……..”

××××××××××××××××××××××××××××

မြန်မာပြည်ကိုပထမဆုံးရောက်လာတဲ့တရုပ်သင်္ဘောတွေဟာ အဲဒီအချိန်အဲဒီအခါက တော်တော်အဆင့်မြင့်ပါတယ်။ အရင်က စီးနေရတဲ့  ဗန္ဓုလ၊ဗန္နက၊ဗညးဒလ(ကျနော်တို့ အခေါ် ဗညားဒလိပ်)၊ဝေပုလ္လ၊ဝိဓူရ၊ဝိဇယ အစရှိတဲ့သင်္ဘောတွေလို သင်္ဘောကို လိုရာကွေ့ဖို့တက်မကိုင်တွေက ဘီးကြီးတွေကိုခြေနဲ့နင်း၊လက်နဲ့လှည့်လုပ်စရာမလိုပဲ ဗွီရှိပ် မောင်းတံလေးကိုလက်ကလေးနဲ့ ဘယ်ညာအသာအယာပုတ်လိုက်ရုံပါ၊ စက်တင်/ချ၊ ရှေ့နောက် ဂီယာကိုလည်း၊ ကလင်ကလောက်..ကလင်..ကလောက် ဆိုပြီးတယ်လီရိုက်စရာမလိုပဲ ဆလင်ခန်းထဲကနေ ခလုတ်နှိပ်ရုံပါပဲ၊ အရေးပေါ် အတွက် တော့ ဘီးကြီးတွေ၊တယ်လီတွေ ပါပါတယ်။ စက်ခန်းထဲမှာလဲ စက်ဆရာအဆင်သင့်ရှိနေပါတယ်။ သင်္ဘောအကွေ့မှာဒီဂရီဘယ်လောက်စောင်းသွားသလဲ သိနိုင်တဲ့ ကွန်ပတ်လည်းပါတယ်။ရေဒါစနစ်တောင် ပါတယ်လို့ထင်ပါတယ်။ မသေချာပါ။ ဒါတွေက အဘဖောတို့ ကိုရင်စည်သူ တို့လိုသင်္ဘောသားတွေအတွက် အထူးအဆန်းလို့ မဆိုနိုင်ပေမဲ့ အဲဒီအချိန်အခါတုန်းက ကျနော်တို့လိုနယ်သူနယ်သားတွေ အတွက်အထူးအဆန်းပေါ့၊ သာမန်အချိန်မှာ ဆလင်ခန်းနားသွားခွင့်မရှိပေမဲ့ အဲဒီတုန်းက အထူးခန်းစီးတဲ့စပ်စပ်စုစုလူတွေက ဆလင်ခန်းနားခေါင်းပျူပြီးသွားကြည့်ရင် ဆလင်ကြီးတွေက သူတို့ကိုင်ရတဲ့အသစ်အဆန်းကိုရှင်းပြကြတာကလား။

ဒါပေမဲ့အခန်းတွေထဲမှာရှိတဲ့စာပွဲတွေက အခုကွန်ပျူတာစင်၊တီဗွီစင်တွေလုပ်တဲ့အသားတွေလို လွှစာမှုန့်နဲ့ စက်ရွေပေါ်ခုတ်စ လိုဟာတွေကိုကော်နဲ့ ပရက် စ် လုပ်ထားတဲ့အသားတွေဗျ၊ အဲဒီအသားတွေကိုအဲဒီအချိန်တုန်းက သင်္ဘောပေါ်မှာစမြင်ဖူးတာပါ။ အဲအချိန်ကလူတွေမသုံးတတ်တော့ အပေါ်ကအုပ်ထားတဲ့အလွှာပါးပါးလေးတွေကပြဲ၊ ရေတွေစိုပြီး ပွထွက်လာတော့မှ သိရတာ။ ကျနော်တို့ဆီက သစ်လုံးတွေကိုဈေးပေါပေါနဲ့ ယူသွားပြီး သူတို့ဆီက စွန့်ပစ်ပစ္စည်းတွေကို ဈေးကြီးကြီးနဲ့ပြန်ဝယ်သုံးနေရတဲ့ ဘဝ ဘယ်လောက်ရင်နာဖို့ကောင်းသလဲ။ အဲသလိုစက်ရုံမျိုးမြန်မာနိုင်ငံမှာရှိနေပြီလားမသိ၊ မရှိသေးရင်လည်းရှိစေချင်တယ်၊ ရှိပြီးရင်လည်း၊ ပြည်တွင်းအသေးစားလုပ်ငန်းတွေအဖြစ်မိနဲ့ များများစားစား ရှိစေချင်လိုက်တာ။ အိပ်စင်တွေဆိုရင်လဲ ကျနော်တို့ ဆီမှာယိုင်လို့ခေါ်တဲ့ဟာလို ဝါးခြမ်းခပ်ထူထူတွေနဲ့ လုပ်ပြီးခင်းထားတာ၊ အပေါ်က ဆိုဖါလေးတင်ထားလိုက်တာဗျ၊ အောက်စင် ကအိပ်တဲ့သူကအပေါ်စင်ကို မော့ကြည့်လိုက်ရင် မြင်နေရတယ်။ ဒါပေမဲ့တော်တော်သပ်သပ်ယပ်ယပ်ပဲ။

အိမ်သာတွေကိုခြေထောက်တွေနဲ့ တက်တော့ပဲ့ရွဲ့ကုန်လို့ အန်တီပဒုမ္မာပြောသလို သစ်သားခုံတွေဘေးက ပတ်ရိုက်ပေးထား ရတယ်။ တံခါး door lock တွေလည်းပြုတ်ထွက်ကုန်လို့ ပိ်တ်မရ ၊ဖွင့်မရဖြစ်၊မိန်းကလေးတွေ အိမ်သာသွားရင် နှစ်ယောက် သွားပြီးတစ်ယောက်တလှည့် အခန်းဝမှာတံခါးကိုကျောပေးပြီးစောင့်နေရတယ်။ နောက်တော့မြန်မာ့နည်းမြန်မာ့ဟန် ဂျက်တွေ တတ်လို်က်တော့မှ အဆင်ပြေသွားတယ်။

×××××××××××××××××××××××××××××××××

တနေ့…

အဲဒီတနေ့ကကြောင်လေးကြမ္မာငင်တဲ့နေ့။

ကျနော်တို့တွေဟာတခါတလေ ကြာသာပတေးနေ့ကတည်းက သွားပြီးသောကြာတနေ့လုံးနေပြီး ကဲကြတယ်။ အဲလိုညမျိုးဆိုရင် အစောကြီးဘောဆိပ်ဆင်းပြီးသောက်စား သင်္ဘောလာမှတက်စီး သင်္ဘောပေါ်ရတဲ့နေရာမှာဆောင်းလေ ခပ်အေးအေးနဲ့ သူငယ်ချင်းတွေ တိုးခွေ့အိပ်၊ နေ့လည်တနေ့လုံးအိပ်ကြတာပေါ့။ အဲဒီကြာသာပတေးညက ဘောဆိပ်နဲ့ ကပ်လျှက် ဆိုင်မှာ ဘီယာနဲ့ ကန်စွန်းပလိန်းနဲ့ ကောင်းကောင်းဆွဲတာပေါ့၊ ကန်စွန်းရွက်က လတ်လတ်ဆတ်ဆတ်၊ ကမ်းစပ်မှာစိုက်ထားတာကို ခူးပြီးကြော်တာ။ မနက်ကျတော့ပညာပြပါရော။ စားခဲ့သမျှ ထားခဲ့ရတော့မယ်လေ။  ဒါပေမဲ့ ရေကမလွှတ်သေးတော့စောင့်နေတာပေါ့၊ ဖင်လေးလိမ်ကျစ်လိမ်ကျစ်နဲ့ သန့်စင်ခန်းနားဟိုလျှောက် ဒီလျှောက်ရေအလာကိုစောင့်လို့။ ရေလာရင်တော့အရင်ဆုံးကိစ္စရှင်းလိုက်မယ်ပေါ့။ နောက်ကျရင် လူတွေများတော့ တန်းစီရတယ်လေ။

ဒီလိုနဲ့ရေလွှတ်ချိန်ရောက်ပါရော။ ရေသံကြားတဲ့အခန်းတွေဘားလိုက်ပိတ်၊အန္တရာယ်ကတော့ စနက်တန်ဖြုတ်ပြီး ပစ်ချလိုက်တဲ့ လက်ပစ်ဗုံးလိုပေါက်ကွဲလုလုအခြေနေ။ နောက်ဆုံးအခန်းတစ်ခန်းမှာ လက်ကိုင်လေးလှည့်တံခါးဖွင့်၊အထဲဝင်၊ တံခါးပြန်ပိတ်၊ လော့ချတဲ့ဘုလေး ကလစ် ဆိုလှည့် ၊ အိမ်သာပေါ် ခြေထောက်နှစ်ချောင်းတက်ထိုင်ရင်း စိတ်ထဲ တစ်ခုခုလိုနေပါတယ်ဆိုပြီး တံခါးကိုပြန်ကြည့်တော့……

မြတ်စွာဘုရား!

တံခါးက အတွင်းဘက်မှာလက်ကိုင်မရှိတော့ပါလား၊ ဘယ်သူကများလှည့်မဖွင့်ပဲ လှန်ချိုးသွားတယ်မသိ၊ အနှီပုဂ္ဂိုလ်က အပြင်မှာအဖော်ပါလို့ ဖွင့်ထွက်သွားနိုင်တယ်ထင့်၊ ကြောင်လေးကတော့စောစောစီးစီး အဖော်မပါတကိုယ်တည်းဆိုတော့ ဘယ်လိုများဖွင့်ရပါ့။ မြန်မာစကားပုံမှာ “ထွက်ပြီးသားစင်စွယ်ပြန်ဝင်တယ်လို့ မရှိ ” တဲ့၊ ကြောင်လေးမှာတော့ (မရိုသေ့စကား) အဝတေ့နေတာတွေ ဘယ်လိုပြန်ဝင်သွားတယ်မပြောတတ်။ သူများတွေဆောင်းတွင်းအေးအေးမှာ ကျနော်ကချွေးသီး   ချွေပေါက် ကျလို့။ ဘိုထိုင်ပေါ်မတ်တတ်ရပ် တံခါးကိုလက်လှမ်းထောက်၊အပေါ်နံရံက ရှပ်တာ လေးကနေ အပြင်ကိုချောင်းပြီး လူရိပ်မြင်တာနဲ့ အကိုရေ ၊ အမရေ အပြင်ကတံခါးလေးဖွင့်ပေးစမ်းပါလို့ တစာစာအော်ရင်းတဘုံးဘုံးထုရတာပေါ့၊ လူကနံရံကိုကပ် ဒိုက်ထိုးတဲ့ပုံစံမျိုး ခပ်ကိုင်းကိုင်း။ ကောင်မလေးနှစ်ယောက်လာတာတွေ့လို့ နံရံကိုထုပြီး အော်ခေါ်၊ မတော်တရော်လုပ်ပြမယ်ထင်ရော့လား၊ သရဲခြောက်တယ်ထင်ရော့လားမသိ၊ တစ်ယောက်မျက်နှာတစ် ယောက်ကြည့်ပြီး လှည့်ပြေးပါရော။

ခြေထောက်ကကြာကြာထောက်မထားနိုင်အောက်ဆင်းရပ်နေ၊တအောင့်ကြာ ရှပ်ရှပ်အသံကြားမှ ကျားလားမလားသိအောင် အပေါ်ပြန်တက်ကြည့် ၊ ယောကျားအရိပ်တွေ့လို့နံရံထုပြီးအကိုရေလှမ်းခေါ်၊ မကြားလေသလားမသိ၊လှည့်မကြည့်၊   အောက်ပြန်ဆင်းခဏအကြာ မိန်းမကြီး တွေအသံကြားလို့ တံခါးကိုတွန်းခါပြီး အဒေါ်ရေတံခါးလေးဖွင့်ပေးပါပြောကာမှ အသံပျောက်ပြီးဘယ်ရောက်သွားလေသည်မသိ။ တအောင့်ကြာမှ ခြေသံတွေကြားပြီး တံခါးကိုကလစ်ကနဲဆွဲဖွင့်လိုက်လို့ အပြင်ထွက်တော့မှ ခုန အဒေါ်ကြီးတွေ သင်္ဘောသားသွားခေါ်လာလို့တော်သေးတာပေါ့၊ သင်္ဘောသားလဲ ကျနော့တွေ့တော့ ဟာ ဟေ့ကောင်ဘယ်လိုဖြစ်တာလဲမေးတော့၊ ဆရာသမားရေ မြင်တဲ့အတိုင်းပဲဆိုပြီးသူ့တံခါးကိုလက်ညှိုးထိုးပြခဲ့ ရတယ်။   ကြောင်လေးလဲ အခန်းထဲ ၁၅ မိနစ်၊ မိနစ် ၂ဝ လောက်ပိတ်မိသွားတယ်။ ဘယ်ဘဝကဝဋ်ကြွေးတွေပါလိမ့်နော်။

အော် ကျန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက်က အဖြစ်၊ဝဋ်ရှိရင်လည်းဒီမျှနဲ့ပဲ ကျေပါစေတော့လို့သာ……….။

နားပါဦးမည်။

အားလုံးကို

ခင်မင်လေးစားစွာဖြင့်

ကြောင်လေး။   ။

 

About ကြောင်လေး

has written 70 post in this Website..

ကြောင်မဟုတ်သောငကြောင်