ဒီလို မနေနဲ့

စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရခြင်း၏ ပဓာနကျသော ရည်ရွယ်ချက်မှာ လုပ်ငန်းရှင်များရဲ့ အခြေခံ လိုအပ်ချက်များ ပြည့်မှီရေးပင် ဖြစ်ပါတယ်။ ခုနောက်ပိုင်း ဝန်ထမ်းများသည် ကုမ္ပဏီတစ်ခုတွင် အချိန် အတော်ကြာ ဝင်ရောက် လုပ်ဆောင်ခြင်းမျိုးကို လုပ်ဆောင်ကြခြင်း မရှိပဲ တစ်နေရာမှ နောက်တစ်နေရာ သို့ ကူးပြောင်းမှုများ ဖြစ်ပေါ်နေလျှက်ရှိတာကို တွေ့ရှိရခြင်းကြောင့် ဘာတွေကြောင့် ေြ
ပာင်းလဲမှုတွေ လုပ်နေသလဲဆိုတာ ဆန်းစစ်ကြည့်မိပါတယ်။ အမှန်တော့ ဝန်ထမ်းဆိုတာကလည်း တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းချင်ကြမှာ မဟုတ်ပါဘူး။ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေရဲ့ ဖွဲ့စည်းပုံကြောင့်လား ဒါမှမဟုတ် လုပ်ခ လစာငွေကြောင့်လား၊ နောက်တစ်နည်း စဉ်းစားကြည့်မိပြန်တော့ အလုပ်ရှင်တွေနဲ့ သဟဇာတ မဖြစ်ကြလို့လား။ ပြောရရင်တော့ ကုမ္ပဏီအတော်များများရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံတွေကတော့ မြန်မာနိုင်ငံမှာ Management အတော် လိုသေးတယ်လို့ မြင်မိပါတယ်။ ပြောတော့သာ Human Resource၊ Human Resource နေရာတိုင်းမှာ ကြားနေရတယ်။ ဒီတော့ ပြန်လည် သုံးသပ်ကြည့်မိတယ်။ ဒီ Human Resource ဆိုတာကြီးက ဘာလဲပေါ့။ တကယ်လို့သာ HR အဲ အလွယ်ပဲ ခေါ်လိုက်မယ်။ အမှန်တကယ်သာ HR နဲ့သာ စနစ်တကျ စီမံ အုပ်ချုပ်မယ်ဆိုရင် ဒီဝန်ထမ်းတွေ အလုပ်က ထွက်စရာအကြောင်း မရှိဘူးလို့ မြင်မိတယ်။ ကျွန်မ သိသလောက် သုံးသပ်ကြည့်မယ်။ HRဆိုတာ Humanတွေကို Focus လုပ်တာ။ နောက် HRနဲ့လည်း မပြီးပြန်ဘူး၊ Admin ဆိုတာ ပါရဦးမယ်။ ဒီနှစ်ခုကို ခွဲခြားကြည့်တော့ Adminပိုင်းက ဥပဒေအတိုင်းတို့၊ စည်းမျဉ်း စည်းကမ်းအတိုင်း အုပ်ချုပ်ပြီး လုပ်ငန်းခွင်အတွင်း လူမှ မဟုတ် အရာအားလုံးကို စီမံတာလို့ မြင်မိပါတယ်။ နောက်တစ်ပိုင်း HRရဲ့ သဘော သဘာဝကတော့ လူတွေကို ဂရုစိုက်ပြီး အဓိကက လူတွေကို ကိုင်တွယ်တယ်။ နောက်တစ်ချက်ကတော့ လူကို လူသားကဲ့သို့ ပုံစံမြင်ပြီး ဆက်ဆံတဲ့ ပုံစံပိုင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။

ဒီလိုနေ….

ခုဆက်လက်ပြီး HR အကြောင်း ဆက်လက်ဆွေးနွေးကြည့်ရအောင်။ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေမှာ လူတွေ လိုတယ်၊ နောက် ရှာဖွေတယ်၊ ဒီ HRကပဲ လုပ်ဆောင်ရမယ်။ ဒီလို ရှာဖွေရုံနဲ့ မပြီးသေးဘူး။ အရေးကြီးတဲ့အချက်က ဝန်ထမ်းတွေ ရွေးချယ်ပြီးပြီဆိုရင်တော့ မျှတတဲ့စနစ်၊ ခန့်ခွဲတဲ့စနစ် စတဲ့ အလုပ်သမားလည်း မနာရဘူး။ သူဌေးလည်း မနာရဘူး။ အဲလို စနစ်တွေနဲ့ HRက အမှန်တကယ် ကျင့်သုံးရမယ်။ ဒီလိုသာ စည်းစနစ် လုပ်ထားမယ်ဆိုရင်တော့ ဝန်ထမ်းတွေက ထွက်စရာ အကြောင်းကို မရှိဘူး။ အလုပ်ခွင်မှာ ဒီဝန်ထမ်းတွေဟာ ပျော်ရွှင်နေရမယ်။ ပျော်ရွှင်နေမှသာ လုပ်ငန်းကြိုးစားမှုရှိပြီး ဒီထက် အောင်မြင်မှာပါ။ ဝန်ထမ်းတစ်ယောက်ကို ဖြုတ်ပြီဆိုရင်လည်း ငါ သူဌေးပဲ ငါမလိုချင်လို့ ဖြုတ်တာ မင်းမှာ အပြစ် မရှိလည်း ထွက်ဆိုတဲ့ပုံစံတွေက အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေရဲ့ အကျင့်စရိုက် လက္ခဏာ မဟုတ်ဘူး။ ခုခေတ်ကြီးမှာ ငါ တကော ကောနေတဲ့ လုပ်ငန်းရှင်တွေ ဒုနဲ့ ဒေး ရှိနေသေးတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ HR ပိုင်းကို နားမလည်လို့လား၊ နားမလည်ချင်ယောင် ဆောင်တာလား။ လုပ်ငန်း တိုးတက်မှု၊ ဆုတ်ယုတ်မှုဆိုတာဟာ ဒီဝန်ထမ်းတွေနဲ့လည်း သက်ဆိုင်တယ်ဆိုတာ မစဉ်းစားတတ်ကြလို့လား။ ဒီလိုသာ လုပ်နေကြမယ်ဆိုရင်တော့ တကယ့် အရည်အချင်းရှိတဲ့ ဝန်ထမ်းကောင်းတွေ လက်လွတ် ဆုံးရှုံးမှု ဖြစ်ပေါ်ပြီး လုပ်ငန်းခွင်ကိုလည်း ထိခိုက် နစ်နာစေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝန်ထမ်း တစ်ယောက်ကို အလုပ်ရှင်တွေက လိုအပ်တာတွေ သင်ကြားပြီး အလုပ်မှ ထွက်ကြမယ်ဆိုရင် နောက် အသစ် အသစ် ဝန်ထမ်းတွေကို ထပ်ခန့်ပြီး ပြန်လည် သင်ကြားပေးနေရမှာ ဖြစ်လို့ပါပဲ။ ဒီလိုသာ အမြဲဖြစ်နေရင် သင့်ရဲ့ လုပ်ငန်း လည်ပတ်မှုဟာ ရှေ့ကို မရောက်ပဲ ကားမောင်းတတ်စ လူတစ်ယောက်လို့ နင်းလိုက် ဘရိတ်အုပ်လိုက် ဖြစ်နေတော့မှာပေါ့။ အရှိန်လေးရနေတုန်းမှာ ဘရိတ်အုပ်လိုက်ရင် ကားက ဘာဖြစ်သွားမလဲ။ အဲလိုပါပဲ ကိုယ်က ဝန်ထမ်းတွေရဲ့ စိတ်နေစိတ်ထားက အစ ပြုပြင်သင်ကြားပေးပြီးချိန်မှာ ဒီဝန်ထမ်းက လုပ်ငန်းခွင်ကနေ ထွက်သွားရင် နောက်အသစ်တွေလည်း ပြန်ပြီး အစကနေ သင်ကြားပေးနေရဦးမှာ ဖြစ်ပါတယ်။ HR တစ်ယောက်က လူတော် တစ်ယောက်ကို နောက်ဆုံး မရတော့မှ ခေါ်ယူသတိပေးသင့်ပါတယ်။ ခု အတော်များများက လွဲမှားစွာ အုပ်ချုပ်နေသလား မသိ။ ကိုယ့်ရဲ့ ဝန်ထမ်း အရည်အချင်း တက်လာရင် တော်လာတာကို မြင်နေရင်လည်း မမြင်ချင်ယောင် ဆောင်နေမယ်။ အပြစ်ကလေး တစ်စုံတစ်ရာ ပြုလုပ်ခဲ့ပြီဆိုရင်တော့ လူလယ်ကောင်မှာ ဆူပူကြိမ်းမောင်းတဲ့ အပြုအမူသာ လုပ်နေရင်တော့ ဒီဝန်ထမ်း ဒီကုမ္ပဏီမှာ နေမှာ မဟုတ်ပဲ ထွက်ပြေးသွားမှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေကို ပြုပြင်ဖန်တီးတဲ့အခါမှာ ဒီဝန်ထမ်းတော့ ပညာသင်ရင် တတ်လွယ်တယ်။ တီထွင် ဖန်တီးနိုင်စွမ်းရှိတဲ့သူလည်း ဖြစ်တယ်။ စတဲ့အချက်တွေကို သိပြီးဆိုရင်ဖြင့် ဘယ်လုပ်ငန်းမဆို အိုင်ဒီယာအသစ်တွေ မရှိဘဲ အဟောင်းတွေနဲ့ပဲ နေရင် မအောင်မြင်နိုင်ပါဘူး။ ဒါကြောင့် အိုင်ဒီယာအသစ်တွေရှိသော လူငယ်လူရွယ်တွေကို ကုမ္ပဏီတိုင်းက အလိုရှိကြမှာ ဖြစ်ပါတယ်။

တချို့အလုပ်ရှင်တွေက အလုပ်ခိုင်းရင် မိသားစုလို သဘောထားတယ်ပြောပြီး ဝန်ထမ်းတွေကို ခိုင်းစေတယ်။ နောက် ပေးစရာလည်း ရှိရော ရန်သူကဲ့သို့ သဘောထားတဲ့ အမြင်တွေလည်း တွေ့ရှိနေရပါတယ်။ ဒါဟာ ကောင်းလားဆိုတာ စာဖတ်သူကိုယ်တိုင်သာ ဝေဖန် ဆန်းစစ် သုံးသပ်ကြည့်သင့်ပါတယ်။ ဝန်ထမ်းတွေ ဘာကြောင့် မမြဲသလဲဆိုတာ ဝန်ထမ်းဘက်ပဲ ကြည့်မနေသင့်ဘဲ အလုပ်ရှင်တွေဘက်ကိုလည်း ပြန်လည် ကြည့်ရှုသင့်ပါသေးတယ်။ ဝန်ထမ်းအများစုသည် တောင်းရမ်းရန် လာသည် မဟုတ်၊ ပူးပေါင်းရန် လာခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ပူးပေါင်းဆောင်ရွက်ကြသူ အချင်းချင်း ဝေမျှ ပေးကမ်းကြဖို့ လိုအပ်ပါတယ်။ ဒီတော့ ဝန်ထမ်းတွေကို အလုပ်ခိုင်းရင် အလုပ်လည်း ပြီးရမယ်။ အလုပ် လုပ်တဲ့သူကလည်း ပျော်နေရမယ်။ နောက် ထူးချွန်တဲ့သူနဲ့ လုပ်ရင် ထူးချွန်ရမယ်။ အဓိကကတော့ အရည်အသွေး၊ အလုပ်နဲ့ ကိုက်ညီတဲ့ အရာတွေ လုပ်ဖို့ လုပ်အပ်တာပေါ့။ မြန်မာမှာက ကိုယ့်ဝန်ထမ်းဖြစ်ပြီဆိုရင် တစ်ခါထဲ ခိုင်းကြတော့တာပဲ။ နိုင်ငံခြားမှာတော့ ဒီလို မဟုတ်ဘူး ဝန်ထမ်းတွေကို ခန့်ပြီးရင် မခိုင်းသေးဘဲ လိုအပ်တဲ့သင်တန်းတွေ ပေးတက်တယ်။ နောက် ကုမ္ပဏီ လုပ်ငန်းတွေကို နားလည်အောင် အရင်ဆုံး ပြောပြကြတယ်။ နောက်မှ လုပ်ရမယ့် အလုပ်တွေကို ခိုင်းစေကြတယ်။ အဲလို ခိုင်းစေသလိုပဲ လုပ်အားနဲ့ ညီမျှတဲ့ လစာတွေကိုလည်း ရရှိကြတယ်။ နောက် နှစ်ကုန်ရင် ဘော့နပ်ပေးတာတို့၊ လစာတိုးတာတို့၊ စိတ်ပေါ့ပါးအောင် ခရီးသွားတာတို့ လုပ်ဆောင်ကြတယ်။ ဒီမှာလည်း ခရီးသွားတာတို့ ဘာတို့က တချို့ ကုမ္ပဏီတွေမှာ လုပ်ဆောင်ကြပါတယ်။

ခုတော့ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေက အလုပ်ရှင်ကို ပုံမှန် ဆက်ဆံနေရင်းနဲ့ အလုပ် ထွက်သွားကြတယ်။ အဲ Skill တွေထဲမှာ အမြင့်ဆုံး Skill ရှိတဲ့သူပဲ လုပ်ငန်းခွင်မှာ ကျန်ခဲ့ကြတယ်။ အဲဒါ ဘာ Skill ဆိုတော့ သင်တန်း တက်စရာ မလိုတဲ့ ဖားSkillက အမြင့်ဆုံး နေရာ ယူနေလို့ပဲ ဖြစ်ပါတယ်။ ဘာကြောင့် အဲလို ဖြစ်နေသလဲဆိုရင် Performance မလုပ်ထားလို့ပဲ။ ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းတွေ မထွက်သွားဖို့ ထိန်းထားရမယ်။ အလုပ်သမားတွေကိုလည်း Job Analysisလို့ခေါ်တဲ့ ဘာလုပ်ရမယ်၊ လုပ်ရမယ့်အလုပ်နဲ့ ရာထူးနဲ့ ကိုက်ညီမှု တာဝန်တွေ ပေးတတ်ရမယ်။ ခုခေတ် အတော်များများ အလုပ်ခေါ်စာတွေကလည်း လုပ်ငန်း တိုးချဲ့ဖို့ ခေါ်တာက နည်းနည်း၊ ဝန်ထမ်းတွေ မမြဲလို့ အလုပ်က ထွက်လို့ ခေါ်ကြတာ များနေတယ်။ ဝန်ထမ်းတွေအနေနဲ့လည်း သင်ပေးတာတွေကို လေ့လာရမယ်။ သင်ယူချင်စိတ် ရှိရမယ်။ အလုပ်ခွင်မှာ ကြိုးစားရမယ်။ ဒီလိုစိတ်တွေနဲ့ ပျော်ရွှင်နေရမယ်။ လုပ်ငန်းရှင်များအနေနဲ့လည်း လုပ်ငန်းခွင်မှာ ပျော်ရွှင်အောင် စီစဉ်ပေးသင့်သလို အလုပ်ချိန် အဆင်ပြေအောင် အချိန်တွေ အခက်အခဲ ရှိရင်လည်း နားလည်ပေးတတ်ရမယ်။ သင်တန်းတွေလည်း ပေးတက်သင့် ပေးတက်ရမယ်။ မလိုအပ်ရင် ဖိအား မပေးပဲ၊ လိုအပ်မှ အင်တိုက်အားတိုက် ဖိအားပေးသင့်တယ်။ ဒါမှသာ ကုမ္ပဏီရဲ့ ပန်းတိုင်ဟာ အောင်မြင်မှာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်း ကောင်းစွာ မလည်ပတ်ရင် လုပ်ငန်းရှင်တွေအနေနဲ့ လွန်စွာမှပင် သောက များရပါမယ်။ လူတစ်ယောက်မှာ စိတ်ဓာတ် ကျန်းမာရေးက အဓိက ကျပါတယ်။ အတွင်းစိတ်ဓာတ် ကျန်းမာဖို့ လိုပါတယ်။ စိတ်ဓာတ်ကျန်းမာရေး ချို့တဲ့သူများကို မသိကျိုးကျွံ မပြုလုပ်ပဲ ပြုပြင်ပေးဖို့ကိုလည်း လိုအပ်ပါတယ်။ စိုးရိမ်ခြင်းကို ပပျောက်အောင် လုပ်ရမယ်။ စိုးရိမ်စိတ် များရင် သောက ဖြစ်လာတယ်။ သင့်ဦးနှောက်ထဲမှ စိုးရိမ်စိတ် ထုတ်လွှတ်ပေးသော အကန့်ကို ဖြုတ်လိုက်ပါ။ ဒီစိတ်က သင့်ကို ကောင်းကျိုး မဖြစ်ထွန်းစေပါ။ ပူပန် သောကသည် အခြားသော နောက်ဆက်တွဲများဖြစ်သည့် ကောင်းစွာ အိပ်စက် မရခြင်း၊ ခန္ဓာပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတို့၌ မတည်မငြိမ် ဖြစ်ခြင်းကဲ့သို့သော အပိုပြဿနာများကိုသာ ထပ်ဆောင်းပေးပါတယ်။ သီးသန့် အဖြေထုတ် မပေးနိုင်ပါဘူး။ တစ်ပါးသူများကို သံသယ စိတ်ထားနှင့် ဆက်ဆံမှု ပြုနေမည်ဆိုပါက ထိုသတိနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းအမှု ပြုနိုင်တော့မည် မဟုတ်ပါ။ တစ်ပါးသူများအပေါ် ယုံကြည် စိတ်ချခြင်းအမှုကို စွန့်စားပြီး လုပ်ဆောင်သင့်ပါတယ်။ တစ်ချိန်တည်းတွင် သင်သည် လူအများကို လေးစား ချစ်ခင်မှုကို ပြသသူဖြစ်သကဲ့သို့ ပြဿနာကို ကြားမှ ဖြန်ဖြေပေးသူလည်း ဖြစ်နိုင်ပါတယ်။

လုပ်ငန်းရှင်များသည် ဝန်ထမ်းများ၊ ကိုယ့် လက်အောက်ငယ်သားများဆိုတဲ့ စိတ်ကို ဖျောက်ပြီး အပြန်အလှန် လေးစားချစ်ခင်မှု ရှိပြီး သူတို့ကို စိတ်ဝင်တစား ရှိမှသာ ဝန်ထမ်းများရော လုပ်ငန်းရှင်ပါ အလုပ်ခွင်အတွင်း ပြုံးပျော်နိုင်တဲ့အပြင် နှစ်ဦးနှစ်ဖက် အကျိုးရှိလာမှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွက် သေသေချာချာ လေ့လာ စူးစမ်းမှု မပြုဘဲ ဆုံးဖြတ်ချက်ကို စောလျင်စွာ ချမိပါက လုပ်ငန်း တိုးတက်မှုအတွက် ရေရှည် မျှော်မှန်းချက်များ ပျက်သုဉ်းပြီး ပြဿနာများအကြားမှာ တဝဲလည်လည် ဖြစ်နေမည်သာ ဖြစ်ပါတယ်။ ဦးတည်ချက် အသေအချာ မရှိသော တာဝေးအပြေးသမား တစ်ဦးသည် ခရီးမတွင်ကျယ်သကဲ့သို့ လုပ်ငန်းရှင်များသည်လည်း အလုပ်သာ ရှုပ်ပြီး ဖြစ်ဖြစ်မြောက်မြောက် အလုပ်ပြီးမြောက်မည် မဟုတ်တော့ပေ။

ဝန်ထမ်းအတော်များများသည် မိမိကို စိတ်ရင်းအမှန်နှင့် ဆက်ဆံသည့် လုပ်ငန်းရှင်များကိုသာ မျှော်ကိုးတတ်ကြပြီး ထိုသို့သော လုပ်ငန်းရှင်များကို အမှန်ပင် ပြန်၍ ကျေးဇူးသစ္စာ စောင့်တည် အကျိုးပြုတတ်ကြပါတယ်။ လုပ်ငန်းတစ်ခုမှာ တစ်ဦးတစ်ယောက်ထဲ လုပ်ဆောင်ခြင်းထက် အများနဲ့ ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းပိုမို အောင်မြင်ထွန်းပေါက်မည် ဖြစ်ပါတယ်။ ဒါကြောင့် သင်သာ လုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့ရင် ကျွန်မ တစ်ခု တောင်းဆိုချင်တာကတော့ လုပ်ငန်းဆက်နွှယ်သူများနှင့် ဝန်ထမ်းများရဲ့ ချစ်ခင်နှစ်သက်ခြင်း ခံရဖို့ ထိုသူအားလုံးတို့ကို သင်က စိတ်ရင်းအမှန်ဖြင့် ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ချစ်လိုက်ပါလို့ ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ ထိုသူတို့က သင် အရောက်လှမ်းနေသော သင့်ရဲ့ ပန်းတိုင်များကို ရောက်ရှိစေရေးအတွက် ခရီးလမ်းမှာ အကူအညီ အထောက်အပံ့ ဖြစ်နေလို့ပါပဲ။
အလုပ်ရှင်နဲ့ အလုပ်သမားဆိုတဲ့ စိတ်ထက် လုပ်ငန်းတစ်ခုလုံး အောင်မြင်ဖို့အတွက် အတူတကွ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ပူးပေါင်း လုပ်ဆောင်သွားကြမယ်ဆိုရင်ဖြင့် လုပ်ငန်း ပိုမိုအောင်မြင်ပြီး ဝန်ထမ်း တည်မြဲမည် ဖြစ်ပါတော့တယ်။

လိုအပ်တာတွေလည်းဖြည့်စွက်ပြောကြားပေးကြပါဦး။

About manawphyulay

manawphyu lay has written 945 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။