ဟင်းတောင်းထဲမှာ ပါလာသမျှ။

နေ့စဉ်စားတဲ့အစားအစာအတွက် ဈေးဝယ်သွားပြီး ပြန်လာတဲ့အခါ ပါလာတဲ့စားသောက်စရာတွေထဲက ကျန်မာရေးအတွက် ဘယ်လိုအစာတွေဟာ ကောင်းသလို ဘယ်လိုအစာတွေကတော့ အကျိုးအပြစ် ဘယ်လိုရှိလဲဆိုတာကို ဖတ်ဖူးတဲ့ထဲက မျှဝေသိစေဖို့ ရေးတတ်တဲ့အကျင့်လေးကပါနေတော့ ခုလည်း ရေးပါရစေအုံးနော်။

နေ့စဉ်စားတဲ့ အစားအစာအဖြစ် ဟင်းတောင်းထဲက တိရိစ္ဆာန်တွေရဲ့ အတွင်းကလီစာမှာ ကိုလက်စထရော အများအပြားပါတတ်ပါတယ်၊ ဥပမာ- သသည်း၊ နှလုံး၊ အူ ၊ အစာအိမ် ၊ ဂဏန်းအဆီ၊ ပုဇွန်းခေါင်းတို့လိုပါ။ အစားအစာကို ဆီရွှဲရွှဲနဲ့ ကြော်လှော်ချက်ပြုပ်ရင် အဆီတွေကို အများကြီးစုပ်ယူထားနိုင်ပါတယ်၊ ဒါကြောင့်  ပေါင်းတဲ့၊ ပြုပ်တဲ့၊ ဆီပြန်ရေပြန်နပ်တဲ့၊ သုတ်တဲ့နည်းဖြင့် စီမံတဲ့ဟင်းတွေနဲ့ ပိုသင့်တော်ပါတယ်၊ ဟင်းချက်ရာ မှာလဲ တိရိစ္ဆာန်ကရတဲ့ ဆီတွေ မသုံးဘဲ မြေပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ ပြောင်းဆီတွေ သုံးသင့်ပါတယ်၊ ဆီအုန်းနဲ့ အုန်းပင်ကရတဲ့ ဆီတွေက ပြည့်ဝဆီမို့ အကျိုးပြုမှု နည်းပါတယ်၊ ၀က်ခေါက်နဲ့ ကြက်အရေခွံတွေကလည်း သတိထားစရာထဲမှာပါပါတယ်၊ ဒါ့အပြင် လူတွေသရေစာအဖြစ် အစားများတတ်တဲ့ မြေပဲ၊ သီဟိုစေ့စတဲ့ အဆန်တွေကလည်း ကယ်လိုရီမြင့်မားပြီး၊ ကိုလက်စထရောကြွယ်ဝတဲ့ အစာတွေမို့ မျာများမစားသင့်ပါ။ တစ်ချို့က  ဟော့ပေါ့စားကြတယ်၊ ဟော့ပေါ့ထဲမှာ အဆီများတာတွေကို သတိပြုမိရဲ့လား၊ ဟော့ပေါ့ထဲမှာ ငါးအသားလုံး၊ ငါးဖယ်ထုပ်၊ ဥဖက်ထုပ်၊ နဲ့ ၀က် ဥဏှောက်တွေမှာ အဆီတွေ အများကြီးပါနေ လို့ အဲဒါတွေကိုတော့ အကောင်းဆုံးက ရှောင်သင့်ပါတယ်၊ ဟော့ပေါ့စားသုံးရင် ဟင်းရည်မျက်နှာပြင်မှာ ဆီတွေဖုံးမနေစေဘဲ ဆီနည်းနည်းပါတဲ့ ဟင်းရည်ကြည်နဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီအမှုန့်များများ ထည့်စား ပါ။ အစာစားရာမှာလည်း စားကောင်းတိုင်း အ၀စားခြင်း မပြုသင့်ပါ၊ ၁၀ ပုံမှာ ၇-၈ ပုံလောက်သာ ၀အောင်စား သင့်ပါတယ်၊ စားသောက်နေရင်း မိမိဗိုက်ပြည့်ပေမယ့် စားပွဲပေါ်ကျန်တဲ့ အစားအစာဟင်း   တွေကိုနှမျောပြီး ကျန်ဖြတ်ရှင်းစားခြင်းကလည်း မပြုလုပ်သင့်သောအရာဖြစ်ပါတယ်၊ ဒါဟာ ကယ်လိုရီကို ပိုစေတာဖြစ်၍ နှမျောစာ မစားပါနှင့်၊ အချိုတွေ အလွန်မစားသင့်ပါ၊ အကြောင်းကတော့ သကြားဓာတ်ဟာ ခန္ဓာကိုယ်တွင်းမှာ ထရိုင်ဂလစ်ဆရိတ်      ( Triglycerate ) အဖြစ်ပြောင်းလဲနိုင်ပြီး ဒီထရိုင်ဂလစ် ဆရိတ်ဟာ သွေးထဲက အဆီ ဓာတ်တစ်မျိုး ဖြစ်နေလို့ပါ။

အကောင်းဆုံးက အစာကြမ်းများ ဥပမာ- မြင်းစားဂျုံကြမ်း၊ ပဲအမျိုးမျိုးတွေ များများစားပေးပါ။ ဒီအစာတွေမှာ ဆယ်လူလိုစ့် ပါဝင်မှု့ မြင့်မာပြီး သွေးအဆီကို ကျစေပါတယ်။ နေ့စဉ် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို များများစားပေးပါ။ ဟင်းသီးဟင်းရွက် နဲ့ သစ်သီးတွေထဲမှာ  ဗီတာမင်စီလို ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် မျိုးစုံလည်း ပါဝင် နေတတ်ပါတယ်။ နို့ချဉ်၊ ကြက်သွန်ဖြူ၊ လက်ဖက်ခြောက်ရေနွေးကြမ်း မန်ကျည်း၊ ပဲတီစိမ်း ၊ ကြက်သွန်နဲ့ မှိုတွေပေါ့။ တိရစ္ဆာန်ကရတဲ့ အဆီကိုစားပြီးနောက် သွေးရည်ထဲမှာ ကိုလက်စထရော ယာယီမြင့်တက်လာတာ တွေ့ရကြောင်း စမ်းသပ်မှု့အရ သိရပါတယ်။ဒါကြောင့် မန်ကျည်း၊ မြေပဲ၊ ဟင်းရွက်စိမ်း ၊ မုန်လာ၊ ပြောင်း၊ ပင်လယ်ကျောက်က၀က်၊ ပဲပြား၊ နွားနို့၊ စတော်ပဲ စတာတွေနဲ့ လုပ်ထားတဲ့ အစားအစာတွေဟာ သွေးအဆီကို ကျစေနိုင်စွမ်းရှိပါတယ်။ ဆီးချိုရောဂါရှိသူတွေဟာ မြင်းစားဂျုံ ပြုတ်သောက်ရင် ပိုမိုသိသာစွာ သက်သာနိုင်ကြောင်း ထောက်ပြထားပါတယ်။ အမဲရောင်ကြွက်နားရွက်မှိုကို စားပေးရင် သွေးပလပ်စမာတွေ ပြွတ်သိပ်တာ၊ သွေးစေးပျစ်တာတွေကို သိသာထင်ရှားစွာ ကာကွယ်ပေးနိုင်ပြီး ကိုလက်စထရောကိုလည်း ကျစေနိုင်ပါတယ်။

ဟင်းတောင်းထဲမှာ တခါတလေ သစ်သီးတွေလည်းပါတတ်ပါတယ်။ ကိုယ်ခန္ဓာ အခြေအနေကိုလိုက်ပြီး သစ်သီးစားပါ။ အလွယ်အားဖြင့် အားနည်းမှု့၊ အားလွန်မှု့၊ အစိုကဲမှု့ နှင့် အပူကဲမှုဆိုပြီး အုပ်စု(၄)မျိုးခွဲထား ပါတယ်။ ခန္ဓာကိုယ်အခြေအနေ အားနည်းမှု့(သို့)အစိုကဲမှု့ အမျိုးအစားမှာ ပါဝင်နေသူများဟာ အနွေးနဲ့ ပုံမှန် ဓာတ်ရှိတဲ့ တရုတ်ဆီးသီး၊ မက်မွန် ၊ လိုင်ချိ၊ သင်္ဘောသီး၊ ချယ်ရီသီး၊ သလဲသီး၊ မက်မန်း၊ သဖန်း၊ ကတွတ်၊ စပျစ်၊ သံပရာ၊ ဇီးဖြူ စတဲ့ အသီးတွေ ရွေးစားသင့်ပါတယ်။ စပျစ်ခြောက် လည်းစားသင့်ပါတယ်။ ခန္ဓာကိုယ် အခြေအနေ အားလွန်မှု့(သို့) အပူကဲမှု အမျိုးအစားမှာ ပါသူတွေကတော့ အစိုနဲ့ အအေးဓာတ် လက္ခဏာ ကဲတဲ့ မြေစာဥ၊ ကြံ၊ တယ်သီး၊ ဌက်ပျော၊ ကျွဲကော၊ ကီဝီသီး၊ ရှောက်၊ သံပရာ၊ လိမ္မော်၊ ပန်းသီး၊ သစ်တော်၊ တရုတ်နှင်းသီး၊ သရက်၊ မင်းဂွတ်သီးလို အသီးမျိုးတွေ ရွေးစားသင့်ပါတယ်။ အထူးသဖြင့် အပူနဲ့ အားလွန်မှု ရှင်းထုတ်လျှော့ချပေးနိုင်မယ့် အစွမ်းသတ္တိရှိတဲ့ မြေစာဥ၊ ဌက်ပျော၊ ဖရဲနဲ့ သစ်တော်သီး စတာတွေ များများ စားပေး သင့်ပါသည်။ ဒါ့အပြင် ရာသီဥတုကိုလိုက်ပြီး သစ်သီးတွေကိုလည်း ရွေးတတ်ဖို့တော့လိုပါတယ်။ ဥပမာ- နွေရာသီပူပြင်းတဲ့အတွက် အစိုနဲ့အအေးဓာတ်ကဲတဲ့ ဖရဲနဲ့သခွားမွှေး တွေလို သစ်သီးတွေစားပေး သင့်ပြီး၊ ဆောင်းရာသီမှာတော့ အပူဓာတ်ကဲတဲ့ တရုပ်ဆီးနီကြီးနဲ့ လောင်ဂန်လို အသီးမျိုး စားသင့်ပါတယ်။

သစ်သီးစားတဲ့အခါ သတိထားရမယ့် အချက်လေးလည်းရှိပါတယ်၊ အခုခေတ်မှာ ထမင်းစားပြီးတာနဲ့ သစ်သီး စားတာဟာ ခေတ်မီတဲ့ သဘော လိုဖြစ်နေတယ်။ ကျန်းမာရေးကို အားပေးတယ်လို့ ယူဆနေကြတယ်။ တကယ်တမ်းကမှားပါတယ်လို့ လေ့လာမှုတွေအရ ဆိုထားပါတယ်။ အကြောင်းကတော့ အစာဟာ အစာအိမ် ထဲရောက်ရှိတာနဲ့  ၁-၂ နာရီအချိန်ကြာ ကြေညက်အောင် ခြေပေးဖို့လိုအပ်ပြီး ဒီနောက်မှာမှ အစာအိမ်ကနေ ဖြည်းနှေးစွာ ထွက်သွားတာဖြစ်တယ်။ တကယ်လို့ ထမင်းစားပြီးတာနဲ့ သစ်သီးချက်ချင်းစားရင် ရှေ့ကရောက် နှင့်ပြီးသား အစာတွေက ခံနေမှာမို့ အစာအိမ်ထဲမှာ စားလိုက်တဲ့ အသီးတွေဟာ ကြာရှည်ရှိနေရပါလိမ့်မယ်၊ အစာအိမ်ထဲမှာ သစ်သီးတွေ ကြာရှည်စွာ ကြန့်ကြာနေရင် ဗိုက်တင်းကယ်ပြီး ၀မ်းသွားတာ သို့မဟုတ် ၀မ်းချူပ်တာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သစ်သီးကို ထမင်းမစားမှီ ဒါမှမဟုတ် ထမင်းနှစ်နပ်ကြားမှာသာ စားပေးသင့်ပါတယ်၊ ဒါဆို အစာချေဖျက်မှုကို ကူညီပေးနိုင်ရုံမက ပုံမှန်အနပ်စာ၏ ထမင်းပမာဏကိုလည်း လျော့စေနိုင်လို့ အဆီကျစေတဲ့ အကျိုးကိုလည်းရနိုင်ပါတယ်။ သစ်သီဖျော်ရည်ဟာ သောက်သင့်ပေမယ့် များများမသောက်သင့်ကြောင်း လေ့လာတွေ့ရပါတယ်၊ သစ်သီးဖျော်ရည်မှာ သဘာဝ ဖရက်တို့စ် နဲ့ ဂလူးကိုစ့် သကြား စတာတွေ ပါပါတယ်။ ဒီအရာတွေဟာ သွားကိုဒုက္ခပေးနိုင်ပါတယ်၊ သစ်သီးဖျော်ရည်ထဲမှာပါတဲ့ ဖရက်တို့စ်နဲ့ ဆော်ဗီတောတွေဟာ ခန္ဓာကိုယ်အတွက် ခြေဖျက်ဖို့ ခက်ခဲတဲ့အရာတွေပါ။ နို့စို့အရွယ်ကလေး တွေကိုဝမ်းသွားစေပါတယ်။ ပုံမှန်ကြီးထွားဖွံဖြိုးမှုကို ထိခိုက်နိုင်တယ်။

ဟင်းတောင်းထဲမှာ သွေးချိုကျစေတဲ့ ဟင်းသီးဟင်းရွက်တွေလည်းပါနိုင်ပါတယ်၊ သွေးချိုကျစေတဲ့ ဟင်းသီး ဟင်းရွက်တွေကတော့ ကြက်နားရွက်မှို၊ ကြက်ဟင်းခါးသီး၊ မုန်လာဥနီ၊ ကန်စွန်းရွက်၊မျောက်ဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နဲ့ ဟင်းရွက်ညို Laver တို့ဖြစ်ပါတယ်။ ( နောက်တော့ သွေးချို၊ ဆီးချို အကြောင်း ရေးတဲ့အခါ အကျယ် ရေးပေးပါမယ်။)

တစ်ခါတရံ ဟင်းတောင်းထဲမှာ နွားနို့ပါလာတတ်ပါတယ်။ အခုခေတ်မှာ အတော်များများက နွားးနို့ဆိုရင် အဆီထုတ်ထားတဲ့ နွားနို့ကိုဝယ်သုံးလာကြပါတယ်။ ဒါဟာရောဂါကြောင့်ဘဲဖြစ်ဖြစ်၊ ကိုယ်ခန္ဓာ ၀ဖြိုးလို့ အဆီမတိုးချင်လို့ဘဲဖြစ်ဖြစ် သင့်လျော်ပေမယ့်၊ ပုံမှန်အနေအထားရှိသူများအနေနှင့် အဆီနည်းတဲ့ နွားနို့နဲ့ အဆီထုတ်ထားတဲ့နွားနို့ မသောက်သင်တဲ့အချက်လေးရှိကြောင်း အသိပေးပါရစေ။ အဆီထုတ်ထားတဲ့နွားနို့ ကို ၀မ်းလျှော ၀မ်းသွားနေတဲ့ ကလေးငယ်တွေအတွက် ရည်ရွယ်ထုတ်ထားတာများပါတယ်၊ အဆီထုတ်ထားတဲ့ နွားနို့မှာ အဆီလျော့ နည်းနေရုံမက အဆီတွင်ပျော်ဝင်တတ်တဲ့ ဗီတာမင်အေ၊ ဒီ နဲ့ အီး တွေလည်း အများကြီး လျော့နေကြောင်းတွေ့ရပါတယ်။ အထူးသဖြင့် ကလေးငယ်များဟာ အဆီနည်းတဲ့နွားနို့ (သို့) အဆီထုတ် ထားတဲ့ နွားနို့ကို ကလေးတွေကြာရှည်သောက်ရင် အာဟာရဓာတ်အားနည်းပြီး ပုံမှန်ကြီးထွား ဖွံ့ဖြိုးမှု့ကို ထိခိုက်နိုင်ပါတယ်။ ပြီးတော့ နွားနို့ကို ကယ်လစီယမ်၊ ကြံသကာ၊ သွေးအားတိုးဆေး၊ အယ်ကာ လွိုက်များတဲ့ ဂျင်စင်းဆေး၊ လင်ဇီးဆေးတွေလို အာဟာရဓာတ်စာတွေနဲ့ တစ်ချိန်တည်းတွဲပြီး မသောက်သုံး သင့်ပါဘူး။ အနည်ဆုံး တစ်နာရီခြားပြီးမှ စားပါ၊ သောက်ပါ။

ဟင်းတောင်းထဲမှာ ပါလာတတ်တဲ့ ကြက်ဥဟာ အာဟာရဓာတ်ကြွယ်ဝပါတယ်၊ ဈေးလည်းသင့်ပြီး အရသာ လည်းကောင်းစေပါတယ်၊ ပြုတ်၊ ကြော်၊ ပေါင်း စတဲ့ ချက်နည်းအမျိုးမျိုးသုံးနိုင်ပါတယ်၊ ကြက်ဥမှာပါတဲ့ အာဟာရတန်ဖိုး မကျစေဖို့ဆိုရင် အကောင်းဆုံးက ပေါင်းစားဖို့လို့ဆိုပါတယ်။ ကြက်ဥကို ပေါင်းစားမယ်ဆိုရင် ကြက်ဥအရည်ကြည်နဲ့ အနှစ်ကို သမအောင် ခလောက်ပါ၊ ဒီနောက် ရေ သို့မဟုတ် ဟင်းရည် အသင့်သင့် ဖြည့်စွက်ပြီး အနည်းငယ်ကျဲပါစေ။ ပရိုတင်းနဲ့ အဆီတွေ အလွန်အကျွံ ခဲစုမနေစေတဲ့အတွက် အစာခြေဖျက် စုပ်ယူရာမှာ အကျိုးရှိနိုင်ပါတယ်။ အကယ်လို့ သွေးအဆီကျစေလိုရင်တော့ စားတော်ပဲ၊ ပြောင်း၊ အုတ်ဂျုံ၊ ပဲပင်ပေါက်၊ နှမ်း၊ ပင်လယ်မျှော့၊ ငမြွေထိုး၊ ပန်းသီး၊ ဟော်သွန်းသီး၊ နို့ချဉ်၊ နွားနို့၊ တရုတ်ဆီးနီကြီး၊ တရုတ်နံနံကြီး၊ မြေပဲ၊ ခရမ်းသီး၊ မုန်လာဥဖြူ၊ ကညွှတ်၊ မျှစ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သခွားသီး၊ ပင်လယ်ကျောက်က၀တ်၊ မှိုအမျိုးမျိုး၊ လက်ဖက်၊ လင်ဇီး၊ဒန့်ကျွဲ၊ ကြာရွက်၊ ခုံး၊ ကမာ၊ ခရု၊ ဘဲသား၊ ငါး၊ ထင်းရှုးသီး၊ သစ်ကြားသီး စတာတွေကို ဟင်းတောင်းထဲ သယ်လာနိုင်ပါတယ်။ ပြီးတော့ နှလုံး၊ ဦးနှောက် ကျန်းမာရေးအတွက်ဆိုရင်တော့ မှိုအမျိုး၊ အုတ်ဂျုံ၊ ပင်လယ် ငါးများ၊ ကြက်သွန်နီ၊ ပဲပုပ်ပဲ၊ သံလွင်ဆီ၊ စပျစ်ဝိုင်၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ စတာတွေ ဟင်းတောင်းထဲမှာ နေရာယူနိုင်ပါတယ်။

နောက်ဆုံးတင်ပြချင်တာကတော့ ဟင်းတောင်းထဲမှာပါတတ်တဲ့ ဆားပါဘဲ။ အစာကို စားသောက်ရာမှာ အဆီများများစားတာ၊ အချိုများများစားတာ၊ ဆားလေးလေးစားတာတွေကြောင့် သွေးတိုးဖြစ်စေနိုင်ပါတယ်။ ဆားလေးလေးစားတဲ့ အကျင့်ကြောင့် ကြာလာရင် သွေးတိုးဖြစ်စေနိုင်ပါတယ်၊ ဒါကြောင့်ဆားသုံးစွဲမှု့ကို ကန့်သတ်လျော့ချထိန်းစားဖို့လိုပါတယ်၊ ဆားဆိုလို့ ဟင်းခတ်ဆားတင်မကပါဘူး ဆားနယ်ထားတဲ့ ဟင်းရွက်တွေ၊ ငါးဆားနယ်တွေ၊ အသားအငန်တွေ၊ ငါးချဉ်တွေ စသည်ဖြင့်လည်းပပါတယ်။ ထိုအပြင် ဆား အမျိုးနွယ် ဆိုဒီယမ် ပါဝင်မှု့မြင့်သော ၀က်ပေါင်ခြောက်၊ ကိတ်မုန့် စတာတွေလည်း တွေလည်းပါဝင်ပါတယ်။ တရက်ကို ဆားကို ၅ ဂရမ်သာ စားသင့်ကြောင်း အကြံပြုထားပါတယ်။

ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။

ကို ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..

   Send article as PDF