၆ စက်တင်ဘာ ၂၀၁၂ ထုတ် ပြည်သူ့ခေတ် ဂျာနယ် အတွဲ ၃၊ အမှတ် (၁၁၀) ပါ ဒေါက်တာဒေါ်မြင့်မြင့်ခင်ရဲ့ “ ပညာဟူသည် မြတ်ရွှေအိုး” ဆိုတဲ့ အခန်းဆက် ဆောင်းပါးထဲမှာ လျှပ်စစ်ဆိုင်ရာ ဗဟုသုတမဲ့မှုကြောင့် မြန်မာနိုင်ငံမှာ ဓါတ်လိုက်လို့ လူတွေသေရတဲ့အကြောင်း ဥပမာပေး High Light လုပ်ထားတာ ဖတ်လိုက်ရတယ်။ စွယ်တော်ရွက် ကိုယ်တိုင်လည်း ဒီလျှပ်စစ်လောကထဲမှာ ကျင်လည်နေရသူ အထူးသဖြင့် သင်ကြားရေးနယ်ပယ်မှာ လှုပ်ရှားနေရသူတစ်ဦးဖြစ်လို့ တာဝန်မကင်းဘူးလို့ ခံစားရလို့ ဒီစာစုလေးတွေ ရေးဖြစ်တာပါ။ ကျနော်တို့ချစ်တဲ့ မန်းဂဇက် ရွာသူရွာသားတွေနဲ့ လာလည်ကြ သူတွေအတွက် ဗဟုသုတအဖြစ် တစ်ခုခုရသွားစေချင်တဲ့စေတနာနဲ့ပါ။ သိပြီးတတ်ပြီးသားသူတွေ ခွင့်လွှတ်ကြပါနော။ လျှပ်စစ်နဲ့ ပါတ်သက်ပြီး ကျနော်နားလည်ထားတာလေးတွေကို အရပ်သားစကားနဲ့ ရိုးရိုးလေး ပြောပြပါရစေ။ ၀ိုင်းဝန်းဖြည့်စွက် ဆွေးနွေးခြင်းကနေ ပိုပြည့်စုံတဲ့ ပို့စ် တစ်ခုဖြစ်လာဖို့ ရည်မှန်းပါတယ်။

ကဲ အစပျိုးထားခဲ့တဲ့ လျှပ်စစ်ဓါတ်လိုက်မှုကနေပဲ စလိုက်မယ်။

ဓါတ်လိုက်မှုကို အင်္ဂလိပ်လို Shock လို့ခေါ်ပါတယ်။ ၀မ်းလျှောတဲ့အခါ ကိုယ်အတွင်းရေဓါတ်ဆုံးရှုံးမှု  များလွန်းလာတဲ့အခါ သွေးထွက်လွန်တဲ့အခါ ဖြစ်သွားတတ်တဲ့ သွေးလန့်ခြင်း လို့ ဘာသာပြန်ထားတဲ့ Shock နဲ့ စာလုံးပေါင်းခြင်းတူပါတယ်။ မုံရွာမှာခင်ခဲ့တဲ့ လူငယ်ဆရာဝန်လေးတွေ အုပ်စုကတော့ အတိုမှတ်ရလွယ်အောင် S (Sweating) ချွေးစေးပြန်ခြင်း၊ H (Heart Beat) နှလုံးခုန်နှုန်းနှေး?/မြန်?သွားခြင်း၊ C (Cold) အရေပြား အေးစက်နေခြင်း၊ စသည် စသည်ဖြင့် လက္ခဏာတွေ အကြမ်းဖျင်းတူတယ်လို့ ပြောခဲ့ဘူးပါတယ်။ (ရွာထဲက မမ ပဒုမ္မာတို့ Dr. AKKO တို့ ၀ိုင်းဖြည့်ပေးကြပါဦးနော်)

လျှပ်စစ်ဓါတ်လိုက်ခြင်းဆိုတဲ့ Shock ကတော့ ကိုယ်ခန္တာအတွင်း လျှပ်စစ်ဓါတ်ဖြတ်သန်းစီးဆင်းခြင်းကို ခေါ်တာပါ။ ဒီမှာ ဟိုးအရင်လျှပ်စစ် ပို့စ် တစ်ခုမှာ ရေးခဲ့ဖူးသလို မင်းသားကြီးကတော့ လျှပ်စီးကြောင်း Current ပါပဲ။ ကိုယ်ခန္တာအတွင်း ဖြတ်စီးသွားတဲ့ လျှပ်စီးကြောင်းပမာဏ၊ ကြာချိန်နှင့် ဖြတ်စီးသွားတဲ့နေရာပေါ် မူတည်ပြီး အသက်အန္တရာယ် ထိခိုက်စေတာပါ။ စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန လျှပ်စစ်စစ်ဆေးရေး (အများအခေါ် EI) ကပို့ချတဲ့ လျှပ်စစ်ကျွမ်းကျင် အခြေခံသင်တန်း သင်တန်းမှတ်စုထဲမှာ ဒီလိုဖေါ်ပြထားပါတယ်။

စဉ်

လျှပ်စစ်စီးမှု

ကိုယ်ခန္တာတွင်ဖြစ်ပေါ်စေသည့်အကြောင်းရင်း

၁ မီလီအမ်ပီယာ ကိုယ်ခန္တာတွင်လျှပ်စစ်စီးကြောင်းပင်မသိရှိနိုင်ပါ။
၁-၈ မီလီအမ်ပီယာ ကိုယ်ခန္တာတွင်လျှပ်စစ်စီးကြောင်းသိရှိမည်ဖြစ်သော်လည်း နာကျင်မှုမရှိ။
၈-၁၅ မီလီအမ်ပီယာ ကိုယ်ခန္တာအစိတ်အပိုင်းတို့တွင် နာကျင်ခြင်း ထုံကျင်ခြင်းခံစားရမည်။
၁၅-၂၀ မီလီအမ်ပီယာ အသက်ရှူရှိုက်မှုကို ထိခိုက်စေနိုင်ပါသည်။
၁၀၀-၂၀၀မီလီအမ်ပီယာ လူ့ခန္တာကိုယ် ချုပ်ငြိမ်းစေနိုင်ပါသည်။

 

ဓါတ်လိုက်မှုဖြစ်ပွားပါက ရှေးဦးစွာ ဓါတ်လိုက်ခံရသူအား ဓါတ်လိုက်သည့်အရာမှ လွတ်ကင်းအောင် ဦးစွာလုပ်ဆောင်ရပါမယ်၊ မိန်းချတာ၊ ဓါတ်ကြိုး/လျှပ်စစ်ပစ္စည်းနဲ့ လွတ်သွားအောင်လုပ်တာ စသည်ဖြင့် အရင်လုပ်ပြီးမှ ထိတွေ့ကိုင်တွယ်နိုင်မှာပါ။ ရှေးဦးသူနာပြုစုနည်းဖြင့် အချိန်မှီ ပြုစုနိုင်မှသာလျှင် နှလုံးပြန်လည်အလုပ်လုပ်ပြီး အသက်ရှင်ရန် ရာနှုန်းများမှာဖြစ်ပါတယ်။

 

ဓါတ်လိုက်ခံရသူအတွက် အသက်ရှင်နိုင်မည့် အခြေအနေဟာ ဓါတ်လိုက်ခံရပြီး အချိန်မည်မျှအကြာတွင် ပြုစုကုသမှု ခံယူရသလဲ ဆိုတဲ့အပေါ်မှာ မူတည်နေပါသေးတယ်။ လျှပ်စစ်ကျွမ်းကျင် အခြေခံသင်တန်း သင်တန်းမှတ်စုထဲမှာ ဒီလိုဖေါ်ပြထားပါတယ်။

စဉ် ဓါတ်လိုက်ခံရပြီးနောက်ပြုစုနိုင်မည့်အခြေအနေ ကယ်တင်နိုင်မည့် ရာခိုင်နှုန်း
၂ မိနစ်အတွင်းပြုစုခဲ့လျှင် ၁၀၀ မှ ၉၀ ရာခိုင်နှုန်း
၂-၄ မိနစ်အတွင်းပြုစုခဲ့လျှင် ၉၀ မှ ၅၀ ရာခိုင်နှုန်း
၎-၆ မိနစ်အတွင်းပြုစုခဲ့လျှင် ၅၀ မှ ၁၀ ရာခိုင်နှုန်း
၁၀ မိနစ်ထက်ကျော်လွန်ပါက လုံးဝမျှော်လင့်ချက်မရှိ

 

ဓါတ်လိုက်ခံရမှုဆိုတာ ကိုယ်ခန္တာအတွင်း လျှပ်စစ်ဖြတ်သန်းစီးဆင်းမှုလို့ပြောထားပြီးသားပါ။

လျှပ်စစ်သဘောအရ လျှပ်စီးကြောင်း (Current) ဖြစ်ပေါ်ဖို့ဆိုရင် (၁) လျှပ်စစ်တွန်းအား  (Electro Motive Force-EMF) ရှိရပါမယ်။

(၂) ပတ်လမ်းပြည့် (Closed Circuit) ဖြစ်ရပါမယ်။

အဲဒီ့ ၂ ခုပြည့်စုံလို့ လျှပ်စစ်စီးရင် အစီးခံပစ္စည်းရဲ့ လျှပ်စစ်ခုခံမှု Resistance ပေါ်မူတည်ပြီး လျှပ်စီးပမာဏ အနည်းအများ ကွာခြားပြီးစီးဆင်းပါမယ်။ လူတစ်ယောက်နဲ့ တစ်ယောက် လျှပ်စစ်ခုခံမှု (Body Resistance) ခြင်း မတူနိုင်ပါခင်ဗျား။

ဓါတ်လိုက်တယ်ဆိုရာမှာ နှလုံး (Heart) ကိုဖြတ်ပြီး လျှပ်စစ်စီးဆင်းသွားနိုင်တဲ့ အနေအထားဟာ အန္တရာယ် အကြီးဆုံးပါပဲ။ ဥပမာ ဘယ်ဖက်လက်က ဓါတ်ကြိုးကိုကိုင်မိတဲ့အချိန် ညာဖက်ခြေထောက်က မြေဓါတ်ထိနေတဲ့ အနေအထားမျိုးမှာ လျှပ်စီးကြောင်းက ဘယ်ဖက်လက်ကစီးဝင်ပြီး ညာဖက်ခြေထောက်က တဆင့် မြေကြီးထဲစီးဝင်သွားတဲ့ လမ်းကြောင်းမှာ နှလုံးကို တည့်တည့်ဖြတ်စီးသွားရတော့မှာလေ။ ဆွေးနွေးခဲ့ဖူးတဲ့ဆရာဝန်တွေအဆိုကတော့ လိုတိုရှင်း ပြန်ပြောရရင် နှလုံးမှာ သူ့စည်းချက်နဲ့သူ ပုံမှန်အလုပ်လုပ်နေတဲ့ Mechanism ရှိတယ်။ လျှပ်စစ်ဖြတ်စီးသွားတဲ့အခိုက်အတန့်မှာ အဲဒီ့ Mechanism ပျက်စီးသွားတယ်။ လူတစ်ကိုယ်လုံးအတွက် အဓိက ထိန်းချုပ်နေရာဖြစ်တဲ့ ဦးနှောက်ကို သွေးမရောက်တော့ဘူးဆိုရင် ဦးနှောက်ကနေ ခန္တာကိုယ်တစ်ခုလုံးကို ပို့ပေးနေတဲ့ အမိန့်စေခိုင်းမှုတွေ ကမောက်ကမဖြစ်ပြီး အသက်သေဆုံးသည်အထိ ဖြစ်သွားစေတော့တာပါပဲ တဲ့ခင်ဗျ။ ( အသေးစိတ် သိသူများ ၀ိုင်းဝန်းဖြည့်စွက်ပေးပါ ခင်ဗျ )

ပိုပြီးမြင်သာအောင် ဥပမာလေးထပ်ပေးပါဦးမယ်။ (လက်တွေ့စမ်းသပ်မကြည့်ပါနဲ့နော့၊ တကယ်လို့စမ်းချင်တယ်ဆိုလည်း စွယ်တော်ရွက် ထံကိုလာ ခဲ့ပါ။ ကိုယ်တိုင်လုပ်ပြပါ့မယ်။)

အိမ်တိုင်းမှာ ရှိတဲ့ ပလပ်ပေါက် (အင်္ဂလိပ်လို မူရင်းက Socket လို့ခေါ်ရမှာ၊ ပလပ် (Plug) ထိုးရတဲ့အပေါက်မို့ ပလပ်ပေါက်လို့ မြန်မာမှုပြုထားခဲ့ကြတာ) ကိုသိတယ်ဟုတ်?  အဲဒီ့ပလပ်ပေါက်က အပေါက်လေး ၂ ပေါက်ထဲကို လက်ညှိုးနဲ့ လက်ခလယ် ထည့်ကြည့်လိုက်ရင်…………

ဒန် တန့်……တန့်……………

အပေါက်သေးသေးလေးတွေမို့ ထည့်လို့ရမှာမဟုတ်ပါ။ ၀က်အူလေးကို လှည့်ဖြုတ်ပြီး အဖုံးဖွင့်လိုက်မှသာ အထဲမှကြေးဘားများကို မြင်တွေ့နိုင်ပါမယ်။ ကဲ.. ပလပ်ပေါက်ကို အဖုံးဖြုတ်ထားပြီးသားဆိုရင် အထဲမှာ ကြေးဘား ၂ခု တွေ့လိမ့်မယ်။ လျှပ်စစ်စမ်းသပ်တံ Tester နဲ့ စမ်းသပ်ကြည့်ရင် ကြေးဘား ၁ခုက မီးလင်းစေပြီး နောက်၁ခုက မီးမလင်းတာကိုတွေ့ရပါမယ်။ Tester မီးသီးလင်းစေတဲ့ကြိုးကို အပူကြိုး (၀ါ) Live Wire (၀ါ) Phase ကြိုးလို့ခေါ်နေကြတာပေါ့။ ဓါတ်လိုက်စေနိုင်သော ကြိုးဆိုတာ အဲဒါလေ…။ အနီရောင်ကိုသာ အများဆုံးသုံးလေ့ရှိလို့ အနီကြိုးလို့လည်း ခေါ်ကြပါရဲ့။ Tester မီးသီးမလင်းစေနိုင်တဲ့ ကြိုးကို အအေးကြိုး (၀ါ) အနက်ကြိုး (၀ါ) Neutral Wire လို့ ခေါ်တာပါ၊ ရပ်ကွက် Transformer ရဲ့ အထွက်မှာကတည်းက ဘေးကင်းစေဖို့ ဗို့အားလုံးဝမရှိရအောင်လို့ မြေဓါတ်ချခြင်း (Earthing) လုပ်ပေးထားခဲ့တာမို့ပါ။ Tester နဲ့စမ်းရင် မီးလင်းတဲ့ အပူကြိုးကို လက်ညှိုးနဲ့၊ မီးမပြတဲ့ အအေးကြိုးကို လက်ခလယ်နဲ့ ထိကြည့်လိုက်ရင် ဓါတ်လိုက်သွားမှာပေါ့။ ဒါပေသိ လျှပ်စီးကြောင်းက လက်ညှိုးကနေ၀င်လာပြီး လက်ခလယ်ကနေ ပြန်စီးထွက်သွားတော့………….. မသေနိုင်ဘူးလို့ ယုံကြည်ပါတယ်။ ကျင်လည်းကျင်၊ နာလည်းနာတဲ့ ကျင်နာမှု (ကြင်နာမှုမဟုတ်ဖူးနော်) ကိုခံစားလိုက်ရပါလိမ့်မယ်။  “ELECTRICITY IS VERY KIND.” ဆိုတာလေးကိုတောင် သတိရမိပါရဲ့။

ကဲ.. ကဲ.. ဓါတ်လိုက်မှု Shock ဆိုတာလေးကို ရေးရေးတော့ သဘောပေါက်လောက်ပြီထင်ပါရဲ့။

ဆက်ကြဦးစို့… ဘယ်လိုကာကွယ်မလဲဆိုတာပေါ့။ အထက်မှာပြောထားပြီးသား လျှပ်စီးကြောင်း Current ဖြစ်ဖို့ လိုအပ်ချက်လေးတွေဆိုတာလေ.. (၁) က လျှပ်စစ်တွန်းအား (EMF) ရှိရပါမယ်တဲ့။ ဓါတ်မလိုက်အောင် (၀ါ) ကိုယ်ခန္တာကိုဖြတ်ပြီး လျှပ်စစ်ဓါတ်မစီးအောင် ဆိုရင် အဲဒီ့ လျှပ်စစ်တွန်းအားကို အရင် ဖယ်ထားလိုက်ရင် ရနိုင်တာပေါ့နော… ခလုပ်ပိတ်ပြီးမှ ကိုင်တွယ်ဖို့ ပြုပြင်ဖို့ သတိထားလိုက်လေ။ မီးခလုပ် (Switch) က ဓါတ်လိုက်နိုင်တဲ့ကြိုး (၀ါ) အပူကြိုးကိုပဲ ဖြတ်ထားဖို့ (တနည်း) စံနစ်တကျ မှန်မှန်ကန်ကန် တပ်ဆင်သွယ်တန်းထားဖို့လည်း လိုသေးတယ်နော်။ ခလုပ်ပိတ် ( Switch OFF ) ထားတော့ လျပ်စစ်တွန်းအားမရှိတော့လို့ လျပ်စစ်စီးဆင်းခြင်းမဖြစ်နိုင်၊ ဓါတ်မလိုက်တော့ဖူးပေါ့။

လျှပ်စစ်စီးဖို့ လိုအပ်ချက် (၂) ဖြစ်တဲ့ ပတ်လမ်းပြည့် (Closed Circuit) ဖြစ်ခြင်းဆိုတာလေးကို ကြည့်ရအောင်။ ဓါတ်လိုက်မှု ဥပမာပေးထားခဲ့တဲ့ လက်ညှိုးက၀င် လက်ခလယ်ကစီးထွက်ဆိုတာလေးကို မှတ်မိတယ်ဟုတ်? အခုဒီမှာ အသေးစိပ်ချဲ့ရေးမှာမို့ ချန်ထားခဲ့သေးတာက မြေဓါတ်လွတ်အောင်နေရန်လိုအပ်မှုပါ။ မြေကြီးပေါ်မှာ ဖိနပ်မပါပဲရပ်ပြီး ပလပ်ပေါက်ထဲ လက်ညှိုး၊ လက်ခလယ် ထည့်ကြည့်လိုက်ရင် လက်ညှိုးက၀င်တဲ့ လျှပ်စီးကြောင်းက လက်ခလယ်က ပြန်ထွက်သွားရုံတင်မကပဲ ခြေထောက်ကပါ ပြန်ထွက်သွားနိုင်သေးတယ်လေ။သေသွားနိုင်တယ်ခင်ဗျ။

မြေဓါတ်ကင်းလွတ်နေအောင် လျှပ်စစ်ဓါတ်မစီးနိုင်တဲ့ လျှပ်ကာပစ္စည်းဖြစ်တဲ့ ပလပ်စတစ်ခုံပေါ်မှာထိုင် ခြေထောက်ကို မြေကြီးနဲ့ မထိအောင် မ တင်ထားပြီး လက်ညှိုးတစ်ချောင်းတည်းနဲ့ အနီကြိုး (၀ါ) အပူကြိုးကို ထိကြည့်လိုက်ရင် ………………… ဘာမှမဖြစ်နိုင်ဘူးဗျ။ ပလပ်ပေါက်မှာရောက်နေတဲ့ အပူကြိုး (၀ါ) ဓါတ်လိုက်နိုင်တဲ့ လျှပ်စစ်က လက်ညှိုးကတဆင့် ကိုယ်ခန္တာအထိ ရောက်နေပါလိမ့်မယ်။ ဒါပေမယ့် စီးဆင်းမှု Current မဖြစ်နိုင်လို့ပါ။လျပ်စစ်ဓါတ်ဟာ ခန္တာကိုယ် အထိရောက်နေပေမယ့်ဆက်လက်စီးဆင်းသွားဘို့နေရာရှာမတွေ့တော့ဘူးလေ၊ မြေဓါတ်နဲ့ကင်းလွတ်နေတာကိုး။ အဲဒီ့အချိန် အဲဒီ့ပလပ်ပေါက်ထဲ လက်ထည့်ထားသူရဲ့ ကိုယ်ခန္တာကို Tester နဲ့ ထောက်ကြည့်ရင် မီးလင်းနေတာကို တွေ့ရပါလိမ့်မယ်။ ဘေးကတစ်ယောက်ယောက်က မြေကြီးပေါ်ကနေရပ်ရင်း အဲဒီ့ပလပ်ပေါက်ထဲ လက်ထည့်ထားသူရဲ့ ကိုယ်ခန္တာကို သွားထိမိရင် ၂ယောက်စလုံးဓါတ်လိုက်ခံကြရမှာပါ။ပတ်လမ်းပြည့် ဖြစ်သွားတာကိုး၊ လျပ်စစ်စီးပြီပေါ့ဗျာ။

ကျောင်းမှာလက်တွေ့လုပ်ကြတုန်းက တစ်ယောက်က သစ်သားခုံပေါ်တက်ရပ်ပြီး အပူကြိုး( ၀ါ ) Phase ကြိုးကို ကိုင်ထားတုန်း တခြားလူတွေက Tester တွေနဲ့ ၀ိုင်းထောက်ကြည့်ကြတာလေ၊ နှာခေါင်းကို ထောက်တဲ့သူက “နှာခေါင်းမီးတောက်တဲ့သူတွေ့ပြီဟေ့ ”လို့ အော်လေ့ရှိတဲ့ လက်တွေ့သရုပ်ပြလေးတွေကို လွမ်းမိပါ့။

ပတ်လမ်းမပြည့်ရင်/ Closed Circuit မဖြစ်ရင် လျှပ်စစ်မစီးနိုင်ဘူးဆိုတာ သိပြီပေါ့နော်။

ဓါတ်လိုက်နိုင်တဲ့အန္တရာယ် ရှိ မရှိ ကို မိမိကိုင်တွယ်အလုပ်လုပ်မယ့် လျပ်စစ်ပစ္စည်းရဲ့ ကိုယ်ထည်ကို လက်ပြန်

( လက်ဖမိုးနဲ့ ) ထိခတ်ကြည့်ခြင်းဖြင့်လည်း စမ်းသတ် သိရှိနိုင်ပါသေးတယ်၊ လက်ဖ၀ါးနဲ့တော့ သွားမကိုင်ပါနဲ့နော်-မတော် ဓါတ်အားရှိနေလို့ ဓါတ်လိုက်ခဲ့ရင် အကြောတွေရဲ့တည်ဆောက်ထားပုံအရ ဆုတ်ကိုင်လိုက်သလိုဖြစ်သွားပြီး လျပ်စစ်ဖြတ်စီးချိန် ပိုကြာသွားမှာမို့လို့ပါ။ “ဓါတ်ကြိုးကြီးကိုင်လျက်သားနဲ့သေနေတယ်”-“ ဆွဲအားနဲ့တွေ့သွားလို့ သေသွားတာ၊ တွန်းကန်အားနဲ့တွေ့ရင်မသေဘူး” ဆိုတာလေးတွေ ရပ်ကွက်ထဲမှာ ကြားဖူးကြတယ်ဟုတ်? ကြုံတုံးလေး ကျနော်သိတာလေး ပြောပါရစေ။ ဓါတ်လိုက်တာမှာ တွန်းကန်အား နဲ့ ဆွဲငင်အား လို့ ၂ မျိုးမရှိပါ၊ လျပ်စစ်ဓါတ် ဖြတ်သန်းစီးဆင်းခြင်းသာ ရှိကြောင်းပါ ခင်ဗျ။ လက်ဖမိုးနဲ့ထိကြည့်လိုက်ချိန် ဓါတ်အားရှိနေခဲ့ရင် လျပ်စစ်ဓါတ် ဖြတ်စီးတာနဲ့တပြိုင်နက် အကြောတွေရဲ့တုန့်ပြန်မှု အရ ဝေးရာကိုတွန်းလွှတ်လိုက်သလို ဖြစ်သွားလို့ အန္တရာယ်လျော့နည်းသွားစေမှာ ဖြစ်ပါတယ်။

ဓါတ်လိုက်သေဆုံးမှုတွေရဲ့ အများစုက ဓါတ်အားရှိတဲ့ကြိုးနဲ့ မြေဓါတ်အကြား လူရောက်သွားလို့ လျှပ်စစ်ဖြတ်စီးပြီး သေဆုံးရတာဖြစ်ပါတယ်။ EPC ကပို့ပေးနေတဲ့ အနီနဲ့ အနက်အကြား (၀ါ) အပူကြိုးနဲ့ အအေးကြိုးအကြား ဖြစ်ပွားတာ နည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ မြေဓါတ်ဆိုတာက နေရာတကာမှာရှိနေလို့ဖြစ်ပါတယ်။ ကြမ်းခင်းမှာရှိတယ်၊ နံရံမှာရှိတယ်။မျက်နှာကျက်မှာရှိတယ်။ စိုစွတ်တဲ့နေရာတွေဆို လျှပ်စစ်ခုခံမှု ပိုနည်းလို့ ဓါတ်လိုက်မှုဖြစ်ရင် လျှပ်စီးကြောင်းပိုစီးနိုင်တာမို့ အန္တရာယ်ပိုကြီးတာပေါ့ဗျာ။ အဲဒါကြောင့်မို့လို့ ဓါတ်လိုက်မှုမဖြစ်အောင် ကာကွယ်ရာမှာ မြေဓါတ်မှ ကင်းလွတ်နေပါစေဆိုတဲ့ အချက်လေးတစ်ခုကို လိုက်နာသတိပြုစေချင်တာပါ။ အိမ်ရှင်မတွေ ကြုံရလေ့ရှိတဲ့ အများဆုံး ဓါတ်လိုက်မှုက ဘယ်နေရာမှာလဲ? ဝေကျနေတဲ့ ထမင်းအိုးအဖုံးကို လှပ်လိုက်ရတဲ့ လျှပ်စစ်မီးဖိုနေရာမှာဟုတ်?… မြေကြီး/ သံမံတလင်းပေါ်မှာ ရပ်တာမဖြစ်ရအောင် သစ်သားခုံလေး ၂ လက်မ အမြင့်လောက်လေးလုပ်ထားပြီး အဲဒီ့ပေါ်မှာ ရပ်ပြီးချက်ရင် အန္တရာယ်ပိုကင်းသွားမှာပေါ့ဗျာ။ လျှပ်စစ်ဓါတ်မစီးနိုင်တဲ့ ရာဘာပြားလေးတွေ ခင်းထားရင်ဖြစ်စေ၊ မီးဖိုထဲမှာ ရာဘာဖိနပ်ထူထူ စီးတဲ့အကျင့်လုပ်ထားရင်ဖြစ်စေ၊ မီးဖိုချောင်သုံးလက်အိတ်စွပ်တဲ့ အကျင့်လုပ်ထားရင်ဖြစ်စေ ဓါတ်လိုက်မှု အန္တရာယ်က ကင်းဝေးစေနိုင်မှာပါ။

လျှပ်စစ်သုံးပစ္စည်းတွေရဲ့ အတွင်းပိုင်းချို့ယွင်းမှုကြောင့် မီးပူ၊ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက် စတာတွေရဲ့ သတ္ထုကိုယ်ထည်ကို ဓါတ်အားရောက်နေပြီး အန္တရာယ်ပြုတာမျိုးကိုတော့ အဲဒီ့ သတ္ထုပစ္စည်းတွေမှာ မြေဓါတ်ချကြိုး (Earth Wire) စံနစ်တကျ တပ်ဆင်ပေးထားခြင်းနဲ့ ကာကွယ်နိုင်ပါတယ်။ ပစ္စည်းချို့ယွင်းလို့ သတ္ထုကိုယ်ထည်ကို ဓါတ်အားရောက်သွားတာနဲ့ တပြိုင်နက် မြေကြီးထဲ လျှပ်စစ်စီးဝင်ပြီး ဖြူးစ်  (Fuse ) ပြတ်တာ၊ Circuit Breaker ပြုတ်ကျတာ ဖြစ်သွားမှာမို့ပါ။ ပြောသာပြောရတာ နံရံတွေမှာ 2 pin Socket တွေသုံးနေတဲ့၊ တစ်အိမ်လုံးကို Earth Wire ဖြန့်ကျက်ထားခြင်းအလေ့ မရှိသေးတဲ့ ကျနော်တို့ ယနေ့မြန်မာနိုင်ငံအခြေအနေနဲ့တော့ အလှမ်းဝေးနေဆဲလို့မြင်ပါတယ်။ အန္တရာယ်ရှိမှန်း ဓါတ်လိုက်တတ်မှန်းသိသိကြီးနဲ့ လုပ်နေကြတာ/လုပ်နေရတာတွေ၊ “မီးပူကိုယ်ထည်က ဓါတ်လိုက်နေတာလေးများ ပလပ်ခေါင်းပြောင်းပြန်လှည့်ထိုးလိုက်ရင် ပြီးနေတာပဲ” ဆိုတဲ့ “ဒါလေးများ” စိတ်ဓါတ်တွေ နဲ့တော့ ဓါတ်လိုက်သေဆုံးမှုဆိုတာတွေ ကြုံနေရဦးမှာပဲ ဖြစ်ပါတယ်။

ပြတ်ကျနေတဲ့ ဓါတ်ကြိုးကတဆင့် ဓါတ်လိုက်လို့သေဆုံးရတယ် ဆိုတာကိုတော့ A.G.T.I (E.P) တစ်ယောက် G.T.I ကျောင်းဆရာတစ်ယောက်အနေနဲ့ လုံးဝလက်မခံနိုင်ပါဘူး။ လုံးဝမဖြစ်သင့်တဲ့ ကိစ္စရပ်တွေပါ။ ဓါတ်တိုင်ပေါ်ကို ဓါတ်ကြိုးတွေတင် သွယ်တန်းကတည်းက အဲဒီ့ကြိုးတွေ ပြတ်ကျနိုင်တဲ့အခြေအနေ၊ သစ်ကိုင်းကျိုးကျတာ၊ သစ်ပင်လဲတာ၊ လေပြင်းတိုက်တာ စတဲ့ ပါတ်ဝန်းကျင်အခြေအနေကြောင့် ဓါတ်တိုင်လဲကျနိုင်တဲ့ သဘာဝတွေကို သိထားပြီးသားပါ။ ဓါတ်ကြိုးပြတ်မကျအောင်၊ ဓါတ်တိုင်မလဲအောင် ဘယ်လိုမှရာနှုန်းပြည့် အာမခံနိုင်တာမဟုတ်လို့ ကြိုးပြတ်ကျခဲ့ရင်၊ ဓါတ်တိုင်လဲခဲ့ရင်ဆိုတဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပေးရမှာပါ။

ပြတ်ကျနေတဲ့ ဓါတ်ကြိုးကနေ အန္တရာယ်မပေးနိုင်အောင်လို့ ဓါတ်တိုင်ပေါ်မှာ သွယ်ထားတဲ့ ဓါတ်ကြိုးတွေရဲ့ ဘေး(သို့) အောက်မှာ မြေဓါတ်ချထားတဲ့ ကွင်း/တန်း (Earth Ring (or) Earth Bar) တွေ ဓါတ်တိုင်တိုင်းမှာ တပ်ဆင်ထားပေးရမှာပါ။ ထရန်စဖေါ်မာကနေ ဓါတ်တိုင်ကိုရောက်သွားအပြီး ဓါတ်တိုင်ရဲ့အထွက်ဘက် (နောက်တစ်တိုင်ကို သွားတဲ့ဘက်) တဖက်တည်းမှာပဲ သတ်မှတ်စံချိန်စံညွှန်းအတိုင်း စံနစ်တကျ တပ်ဆင်ပေးထားရမှာပါ။ ကြိုးပြတ်ကျတာနဲ့ တပြိုင်နက် အဲဒီ့မြေဓါတ်ချထားတဲ့ (Earth Ring (or) Earth Bar) နဲ့ထိပြီး ထရန်စဖေါ်မာ အထွက်မှာ တပ်ထားရမယ့် Circuit Breaker ပြုတ်ကျ (၀ါ) ဖြူးစ် (Fuse) ပြတ်သွားရမှာဖြစ်ပါတယ်။

ဓါတ်တိုင်ကနေ အိမ်ကိုသွယ်ယူတဲ့  ဆားဗစ် (service ) ကြိုး ပြတ်မကျဖို့ကိုတော့ အဲဒီ့ဝါယာကြိုးကို ထမ်းထားရတဲ့ ၀န်ထမ်းကြိုး (Bearer Wire) ကို လိုအပ်တဲ့ ဆိုဒ်ထက် မသေးတဲ့ သွပ်ရည်သုတ် သံကြိုး (Galvanized Iron) GI ကြိုး သုံးသင့်ပါတယ်။ ဆားဗစ်ကြိုးရှည်လွန်းရင် ကြားခံဒေါက်တိုင်တွေ ထည့်ပေးရပါမယ်။ဓါတ်တိုင်ပေါ်က ဆားဗစ်ကြိုး အစမှာ Aerial Fuse တတ်ဆင်ထားသင့်ပါတယ်( တတ်မထားတာတွေ တွေ့နေရလို့ပါဗျို့ )။ လုပ်ရကောင်းမှန်းမသိတာရယ်၊ သိပေမယ့် တကယ်လိုက်မလုပ်ပဲ “အဖြစ်” သွယ်တန်းတပ်ဆင်နေလို့ကတော့ ချို့ယွင်းပျက်စီးတဲ့အခါ အကာအကွယ်မရတော့ဘဲ အသက် အန္တရာယ်နဲ့ ကြုံရမှာပါ။

မြင်နေမိတဲ့တစ်ချက်ကတော့ ရှိပြီးသား အစဉ်အလာကောင်းတွေကို ထိန်သိမ်းဖို့အားနည်းနေတာ၊ ရှိပြီးသား လျှပ်စစ်ဥပဒေလုပ်ထုံးလုပ်နည်းတွေကို လိုက်နာကျင့်သုံးမှုအားနည်းနေတာ၊ “ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်” ဆိုတဲ့ကာလကတည်းက အကျင့်ပါလာခဲ့တဲ့အတိုင်း ဘူးပေါက်ကြီးနဲ့ရေခပ်နေဆဲဖြစ်နေတာပါပဲ။

ကဲ.. ကဲ….. ဂဇက်ရွာကြီး စည်ပင်ဝပြောပါစေ။ ဂဇက်ရွာသူရွာသားအပေါင်းနဲ့ ဖတ်ရှုသူအပေါင်းလည်း လျှပ်စစ်ဓါတ်လိုက်ခြင်းအန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ။

 

With respect,

Swal Taw Ywet.

 

About Swal Taw Ywet

has written 64 post in this Website..

The motto of world best British soldiers SAS is " Who dare win ", so dare to face. Try your best for our mother land. OK? CJ # 1102012