ကိုပေါက်ရေ၊ မင်္ဂလာပါ။

ကျနော် စွယ်တော်ရွက်နဲ့ ကို ကြီးမိုက်တို့ရဲ့ ငယ်ဘ၀တွေဖြတ်သန်းခဲ့ရတဲ့ အမရပူရ မင်းနေပြည်တော်ဟောင်းအကြောင်း ဓါတ်ပုံမှတ်တမ်းလေး လုပ်ချင်တယ်ဆိုလို့ အမရပူရသားတွေ ကိုယ်စား ကျေးဇူးတင်ပါရစေနော။

ကို ကြီးမိုက်ကတော့ သူ့ငယ်ဘ၀ကာလတွေအကြောင်း ပို့စ်လေးတွေရေးတင်ပေးခဲ့တာ နာမည်နဲ့လိုက်အောင် မိုက်မှမိုက် ဗျာ။ မျက်ရည်တောင် ၀ဲ မိပါရဲ့။

ကျနော် စွယ်တော်ရွက်ကတော့ သုတလေးတွေဘဲရေးပါရစေ၊ ကိုပေါက်စုံစမ်းနေမိတယ်ဆိုတဲ့ အမရပူရ နေပြည်တော်ဟောင်းအကြောင်းပေါ့။

ကျနော့်ကို မွေးဖွားခဲ့တဲ့နေရာဟာ အဲဒီ ပလစ ( ၂ ) တပ်။ တပ်တွင်းသားဖွားခန်းမှာပါခင်ဗျ။

ချက်မြှုပ်တော့မဟုတ်ဘူးပေါ့၊ မြေမမြှုပ်ဘဲ အမေ့ရဲ့ သေတ္တာလေးထဲမှာ အခုထိ သိမ်းထားတုံးမို့လို့ပါ။

ကဲ ကဲ။ ကိုပေါက်အတွက် လက်ဆောင် အမရပူရ နန်းမြို့ဟောင်းအကြောင်းဘဲရေးတော့မယ်။

ကိုပေါက်ရေ။ ရှာရတာလွယ်အောင်နဲ့စာဖတ်သူတွေပါမြင်ယောင်လာအောင် တည်နေရာကစပါ့မယ်။

မန္တလေးနေပြည်တော်ကြီးမတည်ဆောက်မီ မြန်မာဘုရင်တွေရဲ့ နန်းမြို့တော်ဟာ အမရပူရနေပြည်တော် ဖြစ်ပါတယ်၊ အင်းဝကနေ အမရပူရကို ပြောင်းပြီး ထီးနန်းစိုက်ခဲ့တာပါ။ အင်းဝနန်းတော်ဟောင်းက သစ်တွေကိုသုံးပြီး နာမည်ကျော် ဦးပိန် တံတား ကို တည်ဆောက်ခဲ့တာပေါ့။

အမရပူရနန်းမြို့တော်ဟောင်းရဲ့တည်နေရာကို လက်ရှိ ထင်ရှားနေတဲ့ Land Mark တွေနဲ့ ညွှန်ပါ့မယ်၊

အရှေ့ဘက်မှာ မန္တလေး- ရန်ကုန် ရထားသံလမ်းရှိပါတယ်၊ တောင်ဘက်မှာ တောင်သမန်အင်းပါ။

အနောက်ဘက်မှာ ပုထိုးတော်ကြီး နဲ့ စစ်ကိုင်းကားလမ်းရှိပါမယ်၊မြောက်ဘက်မှာတော့ ကြေးသွန်းလုပ်ငန်းနဲ့ ထင်ရှားတဲ့ တမ္မ၀တီရပ်ကွက်ပါ( တမ်ပ၀တီပါ၊ ပဒ်ဆင့်ရိုက်မရလို့ပါ)။

မြို့ဟောင်းဘူတာကထွက်လာတဲ့ မန္တလေး-မြစ်ကြီးနားရထားသံလမ်းဟာ မြို့တော်ဟောင်းနေရာကို အရှေ့မြောက်ထောင့်နားက ဖြတ်ဝင်လာပြီး အနောက်ဘက် ပုထိုးတော်ကြီးနားကနေဖြတ်ထွက်လို့ စစ်ကိုင်းဘက်ကို ဆက်လက်သွယ်တန်းဖေါက်လုပ်ထားတာပါခင်ဗျ။

အမရပူရနေပြည်တော်ရဲ့ တည်နေရာ အတိအကျ ကို မြို့ထောင့်စေတီ ၄ ဆူနဲ့ဖေါ်ပြပါ့မယ်။

မန္တလေးဘူတာကြီးကနေ စထွက်လာတဲ့ရထားသံလမ်းတွေဟာ မြို့ဟောင်းဘူတာမှာ လမ်းတွေ စ ခွဲပါတော့တယ်၊ အရှေ့ဘက်ကို ထွက်သွားတဲ့ ရထားလမ်းဟာ မန္တလေး- လားရှိုးလမ်းပါ၊

တောင်ဘက် တည့်တည့်ထွက်သွားတာက မန္တလေး- ရန်ကုန်လမ်းပါ၊

အနောက်ဘက် ကို ချိုးချသွားတာက မန္တလေး- မြစ်ကြီးနား ရထားလမ်းပါ။

အဲဒီ ရန်ကုန်လမ်းနဲ့ မြစ်ကြီးနားလမ်း ရထားလမ်းတွေ စ ခွဲတဲ့ထောင့်မှာ ရွှေကွန်ချာစေတီ ရှိပါတယ်၊ အမရပူရနေပြည်တော်ရဲ့ အရှေ့မြောက်ထောင့်မှာ တည်ထားခဲ့တဲ့ မြို့ထောင့်စေတီပါ။

စေတီနဲ့ရန်ကုန်ရထားသံလမ်းရဲ့ကြားထဲမှာရှေးဟောင်းကျုံးကြီးကိုပြုပြင်ထားတဲ့ ငါးကန်တွေရှိပါတယ်။ ကိုကြီးမိုက် လက်စွမ်းပြ ငါးဖမ်းခဲ့တဲ့ ကန်တွေပေါ့ခင်ဗျာ။ အဲဒီ အရှေ့ကျုံးက ရထားသံလမ်းနဲ့ အပြိုင် ကန် အရှည်ကြီးတွေ တည်ဆောက်ထားသလို ဖြစ်နေတာပါ၊ မိုးတွင်းကာလ တောင် သ မန်အင်းထဲကို ဧရာဝတီ မြစ်ရေ၀င်လို့ ရေပြည့်ချိန်မှာ ရေစုတ်စက်တွေနဲ့ ရေတင် ပြီး အဲဒီငါးကန်တွေကို ရေဖြည့်နေကြပေါ့၊ တစ်ဆောင်းလုံး တစ်နွေလုံး နှစ်ပေါက် ရေ မခမ်းခဲ့တဲ့၊ ငါးကန်တွေပေါ့ဗျာ။

ရွှေကွန်ချာထောင့်နား အရှေ့ကျုံး နဲ့ မြို့ရိုးကြား နေရာတစ်ဝိုက်မှာတော့ တပ်က သက်ပြည့်ပင်စင်ယူရချိန် နေစရာကိုယ်ပိုင်မြေ မရှိကြရှာတဲ့ ရဲဘော်ဟောင်းကြီးတွေကစခဲ့တဲ့ ရဲဘော်ဟောင်းမိသားစု အိမ်လေးတွေရှိကြလေရဲ့။ ခုလောက်ဆို ရပ်ကွက်လေးတောင် ဖြစ်နေပြီလားမသိ?။

ကိုပေါက်ရဲ့ ကျနော်တို့ အတွက်လက်ဆောင် ဓါတ်ပုံလေးတွေထဲက မယ်ဇလီပင်တန်းလေးဟာ အဲဒီနားကစတာပေါ့၊ အရှေ့ ကျုံးနဲ့ မြို့ရိုးကြားထဲမှာ စိုက်ထားတာလေ၊ မြို့ရိုးကတော့ မြေမြင့် ကုန်းတန်းလေးအဖြစ်နဲ့ဘဲမြင်နေရပါတော့တယ်။ အဲဒီ မြို့ရိုးရဲ့ အနောက်ဘက်က ပလစ( ၂ ) တပ် တပ်ရင်းအလုပ်ရုံကြီးပါ။ စစ်လျော်ကြေး စီမံကိန်းအရ ဂျပန်က ဆောက်ပေးခဲ့တာပါခင်ဗျ။

သံလမ်းနဲ့ပြိုင်နေတဲ့ ငါးကန်တွေ ( အရှေ့ကျုံး ) အဆုံးမှာ အမရပူရနေပြည်တော်ရဲ့ အရှေ့တောင်ထောင့် မြို့ထောင့်စေတီဖြစ်တဲ့ ရွှေစံကားစေတီ ရှိပါတယ်ခင်ဗျ။ အရှေ့ဖက်ကျုံးနဲ့ တောင်ဖက်ကျုံးဆုံရာ မှာ အခုကားလမ်းမကြီးဖြစ်နေပါပြီ၊အရှေ့ကျုံးငါးကန်တွေထဲကိုရေဖြည့်နိုင်ဘို့

အဲဒီကားလမ်းအောက်မှာမြေအောက်ပိုက်လိုင်းဆောက်ထားပြီးရေစုတ်စက်နဲ့ဖြည့်ပေးတာဖြစ်ပါတယ်၊

အခုသိရသလောက် အဲဒီအရှေ့ကျုံးထဲမှာရေမရှိ၊ရေမနေတော့တာကြာပေါ့၊ရွှေကွန်ချာစေတီနားလေးမှာဘဲ မိုးရေစုနိုင်တဲ့ ငါးကန်လေး တစ်ကန် နှစ်ကန်လောက်သာ ရေရှိတော့တာတဲ့။

ကဲ…..ကဲ…တောင်ဘက်ကျုံးကိုဆက်ကြည့်ရအောင်။ ရွှေစံကားစေတီကနေ အနောက်ဖက်ကိုဆင်းလိုက်ရင် အခုကားလမ်းဖြစ်နေတဲ့ အရင်တုံးက လှည်းလမ်းက ကျုံးနဲ့ မြို့ရိုး အကြားမှာ ရှိနေတာပေါ့၊ ရွှေစံကားစေတီရဲ့ အနောက်ဖက်နားလေးမှာတင် ကိုကြီးမိုက်ပြောခဲ့တဲ့ ပြိုင်ပွဲဝင် စံချိန်မီ မီတာ ၅၀ ရေကူးကန်ရှိပါတယ်၊ ဟို အရင် က ရုပ်ရှင်တွေတောင် လာ လာရိုက်ကြရတဲ့ ရေကူးကန်ပါ။

ကိုကြီးမိုက်ပြောပြခဲ့တဲ့ တပ်ရင်းရုပ်ရှင်ရုံက ရေကူးကန်ရဲ့ အနောက်ဖက်အရပ် မလှမ်းမကမ်းမှာတင်ရှိတာလေ၊

ရုပ်ရှင်ရှိတဲ့နေ့ဆို ညနေကတည်းကနေရာသွားဦးရပါတယ်၊ ကျနော် စွယ်တော်ရွက်ကတော့ ညနေစောင်းတာနဲ့ အဲဒီရုပ်ရှင်ရုံ ကွင်းကြီးကိုပြေး၊ ကိုယ့်နေရာအဖြစ်ဂုံနီအိတ် ဒါမှမဟုတ် တာရပတ်စလေးခင်း၊ လေတိုက်ရာပါမသွားအောင် အုတ်ခဲကျိုး ခဲလုံးတွေ ဖိပြီးတာနဲ့ ရေကူးကန်ကိုပြေးတော့တာဘဲလေ။အိမ်ကမသိအောင် ရေခိုးကူးဘို့ပေါ့။တောင်ဖက်ကျုံး ငါးကန်တွေကတော့ အဲဒီ ရုပ်ရှင်ရုံအနားလောက်ထိဘဲ ရှိပါတော့တယ်။

ကျုံး နဲ့ တောင်သမန်အင်းကြားမှာ နေလဘုရားလို့ခေါ်ကြတဲ့ စေတီလေးတစ်ဆူရှိနေပါဦးမယ်။

အမရပူရနေပြည်တော်ရဲ့ အရှေ့တောင်ထောင့်က ရွှေစံကားစေတီနဲ့ အနောက်တောင်ထောင့်က ရွှေလင်းပင်စေတီရဲ့အကြား ကုန်းတန်းမို့မို့လေးအဖြစ်သာရှိတော့တဲ့ မြို့ရိုးဟောင်းရဲ့ အတွင်းဘက်မှာ ဘကြီးတော်ဂူ စေတီလေးရှိသေးတယ်။ ဘကြီးတော်မင်းတရားရဲ့ အရိုးအိုးမြှုပ်နှံရာ ဂူစေတီလေးပါ၊ စွယ်တော်ရွက်တို့ ငှက်ပစ်ထွက်၊ ငါးမျှားထွက်၊နွားကျောင်းထွက်ရင် စတည်းချတဲ့နေရာလေးပေါ့၊ ကိုကြီးမိုက် အဖမ်းခံလိုက်ရတဲ့ငါးကန်ဆိုတာ အဲဒီ ဘကြီးတော်ဂူနဲ့ရုပ်ရှင်ရုံအကြားက ကန်ဘဲဖြစ်လိမ့်မယ်။

အဲဒီနေရာကနေ တောင်ဖက်တည့်တည့် တောင်သမန်အင်းရဲ့ တစ်ဖက်ကမ်းမှာ ကျောက်တော်ကြီးဘုရားရှိတယ်လေ၊ကျနော်တို့ ကလေးဘ၀ တပ်ထဲမှာနေရစဉ်က ဆောင်းနဲ့နွေ အခါဆို တောင်သမန်အင်းတစ်ပြင်လုံး ကိုင်းလုပ်ငန်းလုပ်ကွက် စိုက်ခင်းတွေချည်းပေါ့၊ အဲဒီ ဘကြီးတော်ဂူကနေ ကျောက်တော်ကြီးဘုရားအထိ လှည်းမောင်းလို့ရတဲ့ အုတ်ရိုးခင်းအုတ်ရိုးစီ လမ်းတစ်ခုရှိပါတယ်။ အခုတော့ တစ်နှစ်ပတ်လုံးရေလွှမ်း ( စက်မှုဇုန် က စွန့်ပစ်လိုက်တဲ့ ရေဆိုးရေပုတ်တွေလွှမ်း) နေပါပြီ။

ကိုပေါက်ရဲ့ ဓါတ်ပုံတွေထဲမှာပါဖူးတဲ့ လက်ပံပင်တွေနဲ့အတူ နာမည်ကြီး မန်ကျည်းတန်းလည်းရှိသေးတယ်လေ၊ ရွှေလင်းပင်စေတီရဲ့တောင်ဖက် တောင်သမန်အင်းစောင်းမှာ။

ရွှေလင်းပင်စေတီနဲ့ ပုထိုးတော်ကြီး ကြားမှာ ပြသတ်ကြီးရွာ ရှိပါတယ်၊ ရွှေလင်းပင်စေတီရဲ့ အနောက်ဖက်ကပ်လျက်က အနောက်ကျုံးပေါ့၊ အခုတော့မသိ စွယ်တော်ရွက်တို့ ကလေးဘ၀ အဲဒီ ဘက်ကို ငှက်ပစ်ထွက်ရင်း အနောက်ကျုံးထဲကရေလေးစပ်စပ်မှာ ပုဇွန်လုံး ( ဂဏန်းလုံး)တွေ လိုက်ဖမ်းခဲ့ရတာကိုတော့ မှတ်မိနေသေးတယ်။

( တစ်ခါတည်းပါ- လွယ်အိတ်တစ်လုံးစာ အကောင် ၄-၅၀ လောက် ရလိုက်တာမို့။ )

ပလစ ( ၂ ) တပ်ရဲ့ တပ်ရင်းဧရိယာက ကိုပေါက် တင်ပေးဘူးတဲ့ ငွေတိုက် (ကျနော်တို့ ကတော့ ရဲတိုက်ကြီးတွေ လို့ဘဲခေါ်တယ်) လောက်၊ မဲနယ်ကန်လောက် အထိဘဲဖြစ်ပါတယ်။

အခုနောက်ပိုင်း ပလစ( ၂ ) နဲ့ အနောက်ကျုံးကြားမှာ ထောက်လှန်းရေးတပ်၊ မြန်မာ့သစ်လုပ်ငန်းရုံးတွေနဲ့ စက်ရုံတွေတည်ဆောက်ထားကြပါပြီ။ အမရပူရနေပြည်တော်ရဲ့ အနောက်ဖက်မြို့ရိုးက အနောက်တောင်ထောင့်က ရွှေလင်းပင်စေတီနဲ့ အနောက်မြောက်ထောင့်က ရွှေ ရင်းရဲစေတီ အကြားမှာပါ၊ ထင်ရှားတဲ့ရှေးဟောင်းအမှတ်အသားတွေလုံးဝနီးပါးပျောက်ပျက်သွားကြပါပြီ။

မန္တလေးမြို့ထဲကနေ စစ်ကိုင်းလမ်းအတိုင်း အမရပူရဘက်ကို ထွက်လာခဲ့ရင် ကပ်ကျော်ကွေ့ လို့ ခေါ်တဲ့ ကုန်းတက် အကွေ့လေးကို သိတယ်ဟုတ်?

ကုန်းအတက် ကားလမ်း အနောက်ဖက် ( မန္တလေးမှလာလျှင် လက်ယာဘက် ) ကပ်လျှက် စေတီဟာ ရွှေရင်းရဲစေတီပါ၊ အမရပူရနေပြည်တော်ရဲ့အနောက်မြောက်ထောင့် မြို့ထောင့်စေတီဖြစ်ပါတယ်။

ရွှေရင်းရဲစေတီရဲ့ အရှေ့ဘက် ( ကားလမ်းရဲ့လက်ဝဲဘက် )မှာ ဒေါ်သီ သနပ်ခါးစေတီ ရှိတယ်လေ၊ ၁၉၈၀လောက်ကမှ တည်တဲ့စေတီပါ၊ အဲဒီ ဒေါ်သီ သနပ်ခါးစေတီ ရဲ့ မြောက်ဖက်ကပ်လျက်မှာ မြောက်ဖက်ကျုံးကိုတွေ့ရပါလိမ့်မယ်၊တမ္မ၀တီရပ်ကွက်နဲ့ ကွက်သစ်လို့ခေါ်ကြတဲ့ နန်းတော်ရာစံပြရပ်ကွက်ကို အဲဒီကျုံးဟောင်းကြီးနဲ့ ပိုင်းခြားထားတာပါ၊ မြောက်ဖက်ကျုံးကို အရှေ့ဖက်ထိပ်မှာ မြို့ဟောင်းဘူတာကထွက်လာတဲ့မြစ်ကြီးနားရထားလမ်းနားအထိ တွေ့မြင်နိုင်ပါဦးမယ်။

ကွက်သစ်ရပ်ကွက် အမက ကျောင်းလေးဟာ မြောက်ဖက်မြို့ရိုးပေါ်မှာ တည်ရှိတာပါ၊ အခုလောက်ဆို အဲဒီဘက်မှာလည်း လူနေအိမ်ခြေတွေ ပြည့်နေလောက်ရောပေါ့ဗျာ၊ကျနော်တို့နေတုံးကတော့ ပလစ(၂)တပ် နဲ့ မြစ်ကြီးနားရထားလမ်းကြားမှာကို စိုက်ပျိုးရေးလုပ်တဲ့အခင်းတွေရှိသေးတယ်ဗျ။ အခုတော့ သစ်စက်တွေ ဖြစ်သွားကြပါပြီ။

ပလစ ( ၂ ) တပ်ရဲ့ အလယ်၊ အခု အထက်တန်းကျောင်းကြီးဖြစ်နေတဲ့နေရာဟာ အရင် နေပြည်တော်ဘ၀တုံးက နန်းတော်ရာနေရာပေါ့၊ ကျနော်တို့ရှိတုံးက တွဲဖက် အလယ်တန်းကျောင်းပါ၊

ကျောင်းရုံးခန်းဆောက်ဘို့တူးကြရင်း ရှေးဟောင်း အမြောက်လေးတွေနဲ့ အမြောက်ကျည်လုံးတွေ တွေ့ခဲ့သေးတယ်ခင်ဗျ။

အမရပူရနေပြည်တော်ဧရိယာထဲမှာ စေတီလေးတွေရှိသေးတယ်ဗျ၊ ရွှေကွန်ချာစေတီရဲ့ အနောက်တောင်ဖက် ( JV သစ်စက်နားမှာ ) မြပုခက်ဘုရား ဆိုတာရှိတယ်၊ မြပုခက်ဘုရားနဲ့ ရဲတိုက်ကြီးတွေရဲ့ကြားမှာ သာယာဝတီမင်းရဲ့ အရိုးအိုးစေတီ ရှိတယ်၊ အမရပူရမြို့တည် ဗဒုံမင်းခေါ် ဘိုးတော်ဦးဝိုင်း ( ဘိုးတော်မင်းတရားကြီး )ရဲ့ အရိုးအိုးစေတီ ကတော့ အရှေ့ဖက်မြို့ရိုးရဲ့ အတွင်းဖက်(ရေကူးကန်ရဲ့ မြောက်ဖက်နားလေး )မှာ ရှိပါတယ်၊ ဘိုးတော်မင်း၊ ဘကြီးတော်မင်းနဲ့ သာယာဝတီမင်းတို့ နန်းစံခဲ့တဲ့ အမရပူရနေပြည်တော်ပါခင်ဗျ။ သာယာဝတီမင်းလက်ထက်တော် ကနေ မင်းတုန်းမင်းသားနဲ့ကနောင်မင်းသားညီနောင် ၂ပါးကထီးနန်းတောင်းဆိုတော့ တိုင်းပြည်အုပ်ချုပ်ရေးကိုစိတ်မ၀င်စားတဲ့ သာယာဝတီမင်းက အသာတကြည်ဆင်းပေးလိုက်ပါသတဲ့၊

မင်းတုန်းမင်း နန်းရပြီးမှ မန္တလေးမြို့ကို နေပြည်တော်သစ်အဖြစ်တည်ဆောက်တာပါ။

ကိုပေါက်ရေ- အဲဒီပလစ( ၂ )တပ်နေရာနဲ့ ပညာသင်ခဲ့ရတဲ့ကျောင်းတော်ကြီးဆီပြန်မရောက်တာ ဆယ်စုနှစ်တစ်ခုလောက်ရှိရော့မယ်၊ ခွဲခွာခဲ့ရတာတော့ အနှစ် ၃၀ လောက်တောင်ရှိပေါ့။ ဘာဘဲဖြစ်ဖြစ် မွေးဖွားကြီးပြင်းခဲ့ရာ အမရပူရနေပြည်တော်ဟောင်းအကြောင်းတော့ မှတ်မိသမျှ ရေးချလိုက်ပြီ၊ ကိုပေါက်လက်ရာ ဓါတ်ပုံလေးတွေတက်လာမှဘဲ အလွမ်းဖြေရတော့မယ်၊

အမရပူရရွှေမြို့တော်သား ကျနော် စွယ်တော်ရွက် ပါခင်ဗျ။

ရွှင်လန်းချမ်းမြေ့ပါစေ။

With respect,

Swal Taw Ywet.

About Swal Taw Ywet

has written 64 post in this Website..

The motto of world best British soldiers SAS is " Who dare win ", so dare to face. Try your best for our mother land. OK? CJ # 1102012