“ပင်လယ်ကြီး မျိုးတုံးလို့မဖြစ်ဘူး'(ပြတိုက်ဒုတိယဆုရကဗျာ)”

.

အလင်းပေး ညမီးအိမ်လို ပါရမီဖြည့်ဘက်တွေ

သူ့ခန္ဓာအတွင်းမှာတော့…

မတည်ငြိမ် ဘောင်ဘင်ခတ် လှိုင်းကြက်ခွပ်တွေက

မူပိုင်မိုးကုပ်စက်ဝိုင်းသို့ ဗဟိုပြုလူးလွန့်နေတာများ

သံစဉ်တွန်ကျူးလှပ

သဘာဝပန်းချီကားတစ်ချပ် အသက်ဝင်သလိုမျိုး

ဒါဟာ…ပင်လယ်

ဘယ်လောက်ပဲကြီးကြီး သူ့မှာ အစရှိတယ်။

ဒါဟာ…ပင်လယ်

ဘယ်လောက်ပဲကျယ်ကျယ် သူ့မှာ အဆုံးရှိတယ်။

သူဟာ မြွေတစ်ကောင်လို ခွေချင်ခွေ(ငြိမ်သက်)

ပေါက်ချင်ရင်…ထပေါက် ပါးပျဉ်းအော်တိုထောင်တယ်။

အကဲခတ် ခက်လှတဲ့ နေရာပဲ

ကိုယ့်ကျိုးရှာ မနုဿတွေကတော့ သူ့ကိုမကြောက်

ဝမ်းဗိုက်ဖောက် ကလီစာထုတ်ယူတတ်ကြ။

သူက…

လွှတ်…..သဘောကောင်းတော့လည်း

အနန္တမတ္တာရှင် အပြုံးမပျက်၊ အမုန်းမပွားဘူး။

သူက…

လွှတ်…..မုန်တိုင်းထန်လာလည်း

ဒေါသဘီလူးစီး အရာအားလုံးဝါးမြိုတယ်။

သူဟာ မျက်နှာနှစ်ဘက်နဲ့ သက်ရှိမျိုးစိတ်

ကမ္ဘာကြီးရဲ့ အံဝင်ခွင်ကျ နှလုံးအိမ်

သူသေဆုံးသွားရင် ရာသီဥတုရင်ကွဲနာကျမယ်။

ဒါကြောင့်မို့…

အပင်နဲ့ သတ္တဝါသက်တမ်းရှည်စေဖို့အရေး

သူ့အား စောင့်ရှောက်ဖို့ မည်သူမဆို တာဝန်ကိုယ်စီရှိ ။ ။

စေပိုင်ထွဋ်(ပုသိမ်)

5 comments

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    September 28, 2012 at 5:52 pm

    ပင်လယ်ကြီးမျိုးတုံးတာလား ပင်လယ်ကြီး ကြီးထွားလာသလားမေပြာတတ် :mrgreen:
    လောလောဆယ် ကမ္ဘာကြီးပူနွေးလာပြီဆိုဘဲ
    ရေခဲတွေပျော်ကုန်ပြီဆိုဘဲ
    ပင်လယ်ရေတွေမြင့်တက်လာပြီဆိုဘဲ
    http://burmese.voanews.com/media/video/1515650.html

    • မောင်ပေ

      September 28, 2012 at 7:21 pm

      ၁၉၉၉ ခုနှစ်လောက်တုန်းက ရန်ကုန်နဲ ့မန်းတလေး က ရုပ်ရှင်ရုံတွေမှာ ပြသွားတဲ့ “ ဝါးတားဝေါ ” ရုပ်ရှင် ကို သတိရမိသလိုပဲ .. ဆိုင်တော့ မဆိုင်ဘူးပေါ့လေ

    • စေပိုင်ထွဋ် (ပုသိမ်)

      October 5, 2012 at 3:54 pm

      သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစေလိုစိတ်နဲ့
      ရေးကြည့်မိတာပါ

  • Sweet Tooth

    October 1, 2012 at 2:28 pm

    နိမိတ်ပုံ အရေးအဖွဲ့ ကဲထားတဲ့ ကဗျာကောင်းလေးတစ်ပုဒ် ပါပဲ။အပြုသဘော ဝေဖန်ကြည့်မယ်ဗျာ။စကားလုံး
    အသုံးအနှုန်းက နဲနဲလေး အားပျော့နေတယ်။ဆုရထားတယ်ဆို။ကမာ္ဘကြီးကို အကျိုးပြုတဲ့ ကဗျာလေးတစ်ပုဒ်မို့
    ကျွန်တော် ကြိုက်တယ်။နောက်ရှိသေးရင် ထပ်တင်ဗျာ။

    • စေပိုင်ထွဋ် (ပုသိမ်)

      October 5, 2012 at 3:56 pm

      အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

Leave a Reply