`ခွေးတစ်ကောင်ရဲ့ အသံ´(ဝတ္ထုတို)
`ဝုတ်…ဝုတ်…ဝုတ်´
သခင်ရောက်လာပြီဆိုတော့ ကျွန်တော့်အသံ ပေးရပြီလေ။ အမြီးလေးတလှုပ်လှုပ်နဲ့ သခင်ပြန်လာရာ လမ်းတစ်လျှောက် ကြိုနေတာ ဘယ်သူလဲလို့ မမေနဲ့။ မောင်မင်းကြီးသား ဂျက်ကီပဲဆိုတာ ကျိန်းသေပေါ့။ ခင်ဗျားတို့ ယောင်ရမ်းပြီး ဗေဒင်မေးရင်တောင် ဆန်ကုန်နေအုံးမယ်။
အဲ့ဒီအချိန်မှာ သခင်က ကျွန်တော့်ကိုလည်း မြင်ရော ဝမ်းသာအားရဖြင့်…
`ဂျက်ကီကတော့ အချိန်မှန်နာရီကြီးပဲဟ ဒီမှာရော့…
မင်းအတွက် ရှယ်အစားအစာတွေ ဝယ်လာတယ်´
သခင်က လူသားတစ်ယောက်ကို ပြောသလိုပုံစံနဲ့ လက်မှ ဆွဲလာတဲ့ ပါဆယ်ထုပ်ကို ကျွန်တော့်ကို လှမ်းပြတယ်။ အဲ့ဒီက မွှေးကြိုင်လွန်းတဲ့အနံ့က ကျွန်တော် ခန္ဓာကိုယ်ကို အော်တိုမက်တစ် လှုပ်ရှားလာစေတယ်။ ဒါကြောင့် ကျွန်တော် သခင်ဘေးမှာ ငြိမ်ငြိမ်မနေတော့ပဲ ခုန်ပေါက်ပြေးနေလိုက်တာပေါ့။ သခင်ကတော့ သဘောတွေကျလို့။
အဲ့ဒီလိုပါပဲ။ ကျွန်တော်နဲ့ သခင် နှစ်ယောက်တစ်အိမ်မက်ဘဝလေးဟာ အေးအေးချမ်းချမ်းပေါ့။ အပူအပင်မရှိပါဘူး။ သခင်က လူပျိုကြီး။ ဒါပေမဲ့ ကျွန်တော်နဲ့ဆိုရင် ဘယ်အချိန်ဖြစ်ဖြစ် ဇီဇာမကြောင်တတ်ပါဘူး။ သခင်အတွက် ကျွန်တော်ဟာ ဦးစားပေး နံပါတ်(၁)ပေါ့။ ကျွန်တော် စားချင်တာစား၊ သွားချင်တာသွား၊ ဝတ်ချင်တာဝတ်…အဲ ရှုပ်ကုန်ပါပြီ။ ခွေးမျိုးခွေးနွယ်ပါဆိုမှ အဝတ်ကို ကျွန်တော် မခံစားတတ်ပါဘူး။ ကျွန်တော့် ဘေးအိမ်က မဒီလေးကတော့ သူ့သခင်မချောချောလေးဆင်သမျှ အိုက်စက်စက်အဝတ်တွေကို ချွေးအထွက်ခံပြီး ပဲများတတ်သေး။ ကျွန်တော်က ယောက်ျားဆိုတော့ ပွင့်ပွင့်လင်းလင်းပဲ။ အလှအပတွေ မမက်ပါဘူး။ အမှန်အတိုင်းပြောရရင် ကျွန်တော်က အဆော့ပဲ မက်တာ။ သခင်နဲ့ ဘောလုံးပစ်တိုင်းဖမ်းတိုင်း ကစားရတာ ကျွန်တော့်အတွက် အပျော်ဆုံးအချိန်တွေပဲ။ ဘယ်အရာနဲ့မှ မလဲနိုင်ဘူး။
အဲ့ဒီအချိန်တွေဟာ ကျွန်တော့်အတွက် အမြဲပိုင်ဆိုင်ထားရမယ်လို့ ထင်ထားခဲ့မိတယ်။ ဒါပေမဲ့ ကံကြမ္မာက ကျွန်တော့်လို ခွေးကို မျက်နှာသာမပေးခဲ့ဘူး။ ဒါကတော့ ဘာမပြောညာမပြော သခင်လက်ထပ်လိုက်ခြင်းကနေ စတင်တာပါပဲ။ အဲ့ဒီနေ့ကစ ကျွန်တော့်အတွက် ကံဆိုးခြင်းတွေပေါ့။ ပြန်တွေးမိတိုင်း ရင်နာလို့ မဆုံးဘူး။ လက်ထက်ပြီးလို့ သခင်မတစ်ယောက် ရောက်လာတာကို ကျွန်တော်က ကြိုဆိုပါတယ်လေ။
ဒါပေမဲ့ ရောက်ရောက်ချင်းမှာပဲ သခင်မက
`မောင်… မေက ခွေးကြောက်တယ်နော်
မောင့်ခွေးကို မေ့အနား မကပ်စေနဲ့ တိုင်မှာကြိုးနဲ့ချည်တား´
စစချင်းမှာပဲ ကျွန်တော့်လွတ်လပ်မှုကို ဆောက်နဲ့ထွင်းပစ်လိုက်တယ်။ သခင်ကလည်း မိန်းမကြောက်ရတယ်ထင်ရဲ့။ စိတ်မကောင်းတဲ့ မျက်နှာလေးနဲ့ ကျွန်တော့်ကို ကြည့်ရင်း `အေး…အေး´ဆိုပြီး ရက်ရက်စက်စက် ကျွန်တော့်ကို ကြိုးချည်ပစ်လိုက်တယ်။ ဒီအထိ ကျွန်တော် ငြိမ်နေပါတယ်။ ဘာမှ မပြောလိုပါဘူး။
အဲ့ဒီထက် တစ်ဆင့်တက်တာက တစ်နေ့လုံး ကျွန်တော့်ကို ဘာအစာမှ မကျွေးခြင်းကနေ စတာပဲ။ သခင့်မိန်းမက နေ့တိုင်းပါတီတွေတက်ရတာ၊ လျှောက်သွားရတာတွေ ဝါသနာပါတယ်လေ။ မိုးလင်းနေထွက်ပြီဆိုကတည်းက အပြင်ထွက်ခြင်း စတင်တာ မိုးချုပ်လို့နေဝင်လို့ သခင်ပြန်ရောက်ကာနီးမှ အိမ်ကိုပြန်ရောက်တတ်တယ်။ အဲ့ဒီတော့ ကျွန်တော့်ကို ကြိုတင်ပြီး မနက်တည်းက သူမက အစာကျွေးတတ်တယ်။
ဒါပေမဲ့ တစ်နေ့တော့ သူ့မရဲ့ အရေးကြီးတဲ့ ပါတီကို လောလောလောလော လုပ်ရင်း ကျွန်တော့်ကို အစာကျွေးဖို့ မေ့သွားတယ်။ ကျွန်တော့် ဗိုက်ကလည်း မနက်တည်းက ဟောင်းလောင်းဆိုတော့ ညကျတော့ ကျွမ်းပြန်အောင် ဆာတော့တာပါပဲ။ အဲ့ဒီတော့ ကျွန်တော့ အိမ်မှာ စိတ်ညစ်ညစ်နဲ့ ဟောင်နေတာပေါ့။ နေဝင်လို့ သခင့်မိန်းမ ပြန်ရောက်လာပေမဲ့ ကျွန်တော့်ကို အစာကျွေးဖို့ မလုပ်ဘဲ ထပ်မေ့သေးတယ်လေ။ အဲ့ဒီတော့ ကျွန်တော်ရဲ့ ကိုယ်ပိုင်အသံနဲ့ အော်သံပေးပြီး တောင်းဆိုရတာပေါ့။
ဒီလောက် အော်ဟစ်ဟောင်သံပေးပေမဲ့ သခင့်မိန်းမကတော့ ကျွန်တော့်ကို အရေးတောင် မလုပ်ပါဘူး။ သိပ်မကြာခင် သခင်အလုပ်က ပြန်လာတော့ ကျွန်တော် ဟောင်နေကိုတွေ့ရော သခင်မကို မေးတော့တာပါပဲ။
`ဟေး… ဂျက်ကီကို ဘာအစာမှ မကျွေးဘူးလား.. မိန်းမရ´
အဲ့ဒီလိုလည်း မေးလိုက်ရော သခင်မိန်းမက မဲ့ကာ ရွဲ့ကာဖြင့်…
`ရှင့်ခွေးကိုက အစားကို သောင်းကျန်းတယ်
မနက်ကလည်း နှစ်ပန်းကန်၊ ညနေကလည်း နှစ်ပန်းကန်
ခုနကလည်း ကျွေးလိုက်သေးတယ်
ဒါတောင်… ရှင်ခွေးကို မကျွေးရသေးဘူးလားဆိုတော့
ကျွန်မ ဘယ်လိုပြောရမလဲ´
သခင်က သူ့မိန်းမရဲ့ စကားကို ကျွန်တော့်အဖြစ်ထက် ပိုယုံတယ် ထင်ပါရဲ့။ ကျွန်တော့်ကို ခေါင်းကို ပွတ်ရင်း…
`ဂျက်ကီရ…
မင်း အဲ့ဒီလို မဆိုးရဘူး´ တဲ့။
ကျွန်တော့်မှာတော့ ရင်ထဲမှာ မကောင်းဖူးဗျာ။ လူတွေရဲ့ စကားသာ ပြောတတ်ရင် ကျွန်တော် စီကာပတ်ကုံး သခင့်ကို ရင်ဖွင့်လိုက်ချင်တယ်။ ဒါပေမယ့် ကျွန်တော့်အခြေအနေက သိတဲ့အတိုင်း လူမသိသူမသိ ခံစားချက်တွေကို အမူအရာကပဲ လုပ်ပြနိုင်တယ်လေ။ ဒါတောင် သခင်က သေချာမကြည့်တော့ ကျွန်တော့်ဆိုလိုရင်းကို မသိနိုင်ပါဘူး။ ကျွန်တော် ကြိတ်မှိတ်ငြိမ်ခံနေရုံမှအပ ဘာများ အတွန့်တက်နိုင်မှာလဲ။
ဒီလိုနေ့ရက်တွေထဲမှာ ကျွန်တော် ငရဲခံနေတာနဲ့ ဘာမှ မထူးပါဘူး။ ဒါပေမဲ့ ကံဆိုးပြီးရင် ကံကောင်းတတ်တယ် ထင်ပါရဲ့။ ညတစ်ညမှာ သခင်ကလည်း ပြန်မရောက်သေးဘူး။ အဲ့ဒီအချိန်မှာ ထုံးစံအတိုင်း သခင်မိန်းမကလည်း ပြန်မရောက်သေးဘူးပေါ့။ ပါတီလေ…ပါတီ သိတယ်မှတ်လား။ ထုံးစံအတိုင်းလစ်တယ်။
အဲ့လိုအချိန်မျိုးမှာ ညကို အကွယ်ပြုပြီး လူတစ်ယောက် ခြံကို ကျော်ဝင်လာတယ်။ ခြံကို ကျော်ဝင်လာတယ်ဆိုကတည်းက ဒီလူဟာ ရိုးရိုးသားသားတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ကျိန်းသေးတွက်ပြီးသား။ ဒါပေမယ့် ကျွန်တော့်ကို ကြိုးချည်ထားတော့ ကျွန်တော့် အိမ်ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ စဉ်စားလာရပြီ။ ဒီအချိန်မှာ ကျွန်တော်ကို ချည်ထားတဲ့ ကြိုးကို အရင်ကြည့်လိုက်တယ်။
ကြည့်လိုက်တော့ ကြိုးက နိုင်လွန်ကြိုး။ ကျွန်တော့်ပါးစပ်နဲ့ နဂိုတည်းက ဆော့ထားဖူးတော့ ကြိုးက နည်းနည်းအချိန်းပေး ဖြတ်လိုက်မယ်ဆိုရင် ပြတ်နိုင်လောက်တယ်လို့ တွက်မိတယ်။ ဒါကြောင့် မသမာသူ ခြံကျော်ပြီဆိုကတည်းက ကျွန်တော် ကြိုးကို အားသွန်ခွန်ဆိုက် ဖြတ်တော့တာပါပဲ။ ၁၅ မိနစ်လောက်တော့ကြာတယ်။ ပြတ်သွားပါတယ်။ ကျွန်တော့်ပါးစပ်မှာတော့ သွားတွေလည်း သွေးချင်းချင်းရဲလို့ပေါ့။
ကျွန်တော်လည်း ဖြတ်ပြီးရော ဟိုသူခိုးလည်း အိမ်ထဲကနေ အထုပ်ထမ်းထွက်လာတာနဲ့ တိုးရော။ ကွက်တိပါပဲ။ ကျွန်တော်လည်း အဲ့ဒီသူခိုးကို အသေခံကိုက်တော့တာပဲ။ သခင့်အတွက်ပဲလေ အရိုးကြေကြေ အရေခမ်းခမ်းပေါ့။
ကျွန်တော်ရဲ့ မာန်သွင်းသံနဲ့ သူခိုးရဲ့ ကြောက်လန့်တကြား အော်ဟစ်သံက အထက်ဘဝဂ်အထိတောင် ညံမလားပဲ။ နောက်ဆုံးတော့ ကျွန်တော်လည်း ဒဏ်ရာရ၊ သူခိုးလည်း စုတ်ပြတ်ပြီး လူတွေလည်း ခြံထဲက အသံတွေကြောင့် ဝိုင်းလာကြတယ်။ သူခိုးလည်း ပြေမလွတ်တော့ပါဘူး။ လူအုပ်ကြီးရဲ့ ခေါ်ဆောင်ရာအောက် သူခိုးမှာ ခိုးရာပါပစ္စည်းတွေနဲ့တကွ ရဲစခန်းသို့ မြန်းရတော့တာပါပဲ။
ကျွန်တော်လည်း သွေးအေးသွားတော့ ကိုယ်တစ်ပိုင်းက နာနေတာပေါ့။ အဲ့ဒီအချိန်မှာ သခင်က ပြန်ရောက်လာတယ်။ သခင်မကတော့ ဒီတစ်ခါ ထူးထူးခြားခြား ပြန်မရောက်သေးဘူး။ သခင်က ကျွန်တော့်အဖြစ်ကို တွေ့ပြီး ရင်ထုမနာ ဖြစ်နေတာပဲ။ ဆေးတွေလည်း တယုတယ လိမ်းပေးတယ်။ ဒီလို သခင်ဂရုစိုက်တာ ခံရတော့ ကျွန်တော်လည်း ဒဏ်ရာတွေကို မေ့ပြီး ပျော်နေမိတော့တာပဲ။
ဒီအဖြစ်အပျက်တွေ ပြီးသွားပေမဲ့ သခင်မက တစ်ပတ်ကြာတဲ့အထိလည်း ပြန်မရောက်ဘူးဗျ။ အံ့ရော။ နောက်မှ ကျွန်တော်သိရတာက
သခင်ငိုပြီး ကျွန်တော့်ကို ပြောပြလို့ပါ။ အဲ့ဒီတော့မှ အကြောင်းအရင်းမှန် သိရတော့တယ်။
အဲ့ဒီအကြောင်းက သခင်မက ကျွန်တော်တို့ သခင်ကို ချစ်လို့ယူတာ မဟုတ်ဘူးတဲ့။ ပိုက်ဆံတွေ ဘယ်နေရာမှာ ထားလဲ သိချင်လို့ သူ့ကို လက်ထပ်တာတဲ့။ သူမှာ နဂိုတည်းက ယောက်ျားရှိတယ်ဆိုလားပဲ။ သူယောက်ျားက သူခိုးတဲ့။ ကျွန်တော့်ကို ကြိုးချည်ထားတယ်ဆိုတာက ပိုက်ဆံတွေ အလွယ်တကူခိုးယူနိုင်မယ် တွက်ပြီး အိမ်မှာ ဘယ်သူ့မှ မရှိတဲ့အချိန် သူ့ယောက်ျားကို လွှတ်လိုက်တာတဲ့။ ခု သူ့ယောက်ျားကို မိသွားတော့ သူ့ယောက်ျားကလည်း ဖော်ကောင်လုပ်လိုက်တာ သူလည်း ဝမ်းရမ်းပြေးဖြစ်ကရောတဲ့။ ခုတော့ မိသွားပြီဆိုလား။ သခင်က မျက်ရည်လည်ရွှဲနဲ့ ကျွန်တော့်ကို ဖက်ရင်း ပြောပြနေတယ်။
သခင် ဒီလို ငိုနေတာမြင်တော့ ကျွန်တော်လည်း နှစ်သိမ့်ချင်လိုက်တာ။ ဘယ်လို လုပ်ရမှန်းကို မသိဘူး။ အဲ့ဒီတော့ သခင်ပါးကို ကျွန်တော့် လျှာနဲ့သက်ရင်း သခင့်ကို နှစ်သိမ့်ပြလိုက်တယ်။ သခင်ကလည်း ကျွန်တော်ကို မျက်ရည်ကြားက ကြည့်ရင်း ပြုံးနေတယ်။ ကျွန်တော်တို့ နားလည်မှုတွေ ပြန်ပြီး ရှိသွားကြပြီ။
အဲ့ဒီအချိန်မှာ သခင်က ကျွန်တော့်ကို ငြင်ငြင်သာသာ ဖက်ထားရင်း…
`ငါ့ ဒီတစ်သက်လုံး မင်းနဲ့ပဲ နေတော့မယ်၊
နောက်မိန်းမလည်း ထပ်မယူတော့ဘူး၊ မိန်းမတွေကိုလည်း မယုံတော့ဘူး
ငါယုံတာ မင်းပဲ ရှိတယ်… ငါတို့တွေ နဂိုတုန်းကလိုပဲ ပျော်ပျော်ရွှင်ရွှင်နေကြတာပေါ့´ လို့ တိုးတိုးလေး နှစ်ကိုယ်ကြား ပြောလိုက်တော့တယ်။
သခင့်စကားကြောင့် ကျွန်တော် ဝမ်းသာလိုက်တာများ အဆုံးမရှိပါဘူး။ ကျွန်တော်တို့ အိမ်လေးဟာ အရင်လိုပဲ သီရိဂေဟာလေး ပြန်ဖြစ်လာမှာလို့ တွေးနေမိတယ်။။ အဲ့ဒီတော့ ကျွန်တော်လည်း အပျော်လွန်ပြီး ခွေးသဘာဝ အူမြူးလိုက်တော့တာပါပဲ။
`ဝူး…..အူး….အူး´
ခင်မင်လေးစားစွာဖြင့်
စေပိုင်ထွဋ်(ပုသိမ်)
13 comments
candle .
September 28, 2012 at 4:46 pm
ဖတ်လို ့အရမ်းကောင်းပါတယ်..
နောက်တစ်ခါ နွားတစ်ကောင် ရဲ ့ရင်ဖွင့်တဲ့အကြောင်းလေး ရေးစေချင်ပါတယ်..တိရိစာ္ဆန်လေးတွေအပေါ်
တစ်ချို ့သော စာနာမှုကင်းတတ်သူတွေကိုလည်း ဒီလို့ိပို ့စ်လေးတွေကို ဖတ်စေချင်လို ့ပါ..
အားပေးလျှက်..
စေပိုင်ထွဋ် (ပုသိမ်)
October 5, 2012 at 4:00 pm
ဟုတ် တတ်နိုင်သမျှ ကြိစားကြည့်ပေါ့မယ်။
may flowers
September 28, 2012 at 5:37 pm
ရင်ထဲထိသွားအောင် ကောင်းတဲ့ ဝတ္ထုလေးပါ
အားပေးဖတ်ရှု လက်မထောင် သွားပါတယ် ကိုစေပိုင်ထွဋ် ရေ။
Mobile
September 28, 2012 at 9:57 pm
သတ္တဗေဒ ပညာရှင်တစ်ယောက် ရေးဖွဲ့ထားသလားထင်မှတ်ရပါတယ်
ခွေးအကြောင်းရေးပြီးတဲ့အခါမှာ နောက်ထပ်ရေးလာမည့် အကောင်ကိုမျော်လင့်နေပါတယ်
ဖြစ်နိုင်မယ်ဆိုရင်တော့ ဝက်ရဲ့အကြောင်းလေးတွေကိုလည်းရေးပေပါဦ
ရွှေ ကြည်
September 29, 2012 at 10:18 am
သံယောဇဉ်ကြီးကြရှာတဲ့ သခင်မလေးနဲ့ ဝက်ကလေး အကြောင်းတခါဖတ်ဖူးတယ် ကြာပါပြီ ဘယ်သူရေးလဲမသိတော့ ဇာတ်လမ်းလေးကိုတော့
ကောင်းလွန်းလို့မှတ်မိနေတာ..နေဦးနာမည်က ဖြူမမှာလည်းအသဲနဲ့ပါဆိုလားပဲ ဝတ္ထုတိုလေး အရမ်းကောင်းတယ် နောက်ဆုံးရောင်းထုတ်လိုက်ရတော့ သူတို့နှစ်ယောက်ရဲ့ခံစားချက် တခုစီကိုရေးထားတာမျက်ရည်တောင်ဝဲရတယ်..။
စေပိုင်ထွဋ် (ပုသိမ်)
October 8, 2012 at 12:38 pm
သတ္တဗေဒနဲ့ ကျောင်းပြီးထားပေးမဲ့
သတ္တဗေဒပညာရှင်တော့ မဟုတ်ပါဘူးဗျာ
အားပေးသူတိုင်းကို ကျေးဇူးတင်ပါတယ်။
အကောင့်က အခုမှ ပွင့်လို့ပါ။
Shwe Tike Soe
September 29, 2012 at 8:59 am
မို်က်တယ်ဗျာ……. ဟတ်ထိတယ်…. ခွေးတစ်ကောင်ရဲ.ခံစားချက် ကို ပီပီပြင်ပြင်ခံစားရေးဖွဲ.ထားတာ..အရမ်းဖမ်းလို.ကောင်းတယ်ဗျ…. အားပေးသွားပါတယ်ခင်ဗျ
ရွှေ ကြည်
September 29, 2012 at 10:13 am
ကံဆိုးရှာတဲ့ခွေးသခင်နဲ့ခွေးလေးပဲ တကယ်လို့ကြင်နာတတ်တဲ့အိမ်ရှင်မသာရခဲ့မယ်ဆိုရင်
သူတို့နှစ်ယောက်စလုံးပိုပျော်ရွှင်ရမှာ အိမ်ရှင်မလည်းအိမ်မှာတယောက်တည်းအဖော်မဲ့မဖြစ်တော့ဘူး..။
သခင်ကလည်း မိန်းမကိုစောင့်ရှောက်ပေးမယ့် ချစ်စွာသောသစ္စာရှိခွေးလေးရှိတော့ စိတ်အေးရမယ်..။
အခုတော့…။
ခံစားဖတ်ရှုသွားပါတယ်ဗျို့။ တကယ်ကိုဖတ်လို့ကောင်းပါတယ်။
အလင်းဆက်
September 29, 2012 at 8:05 pm
တကယ့်ရသ ပဲ….
အားပေး.ဖတ်ရှု.လိုက်ပါပြီ ။
kyeemite
October 1, 2012 at 11:12 am
ဖတ်လို့ ကောင်းသဗျို့…
မဟာရာဇာ အံစာတုံး
October 1, 2012 at 12:46 pm
ခွေးတစ်ကောင်ရဲ့ အသံ
စေပိုင်ထွဋ်ရဲ့ ဉာဏ်
ဖတ်ရှုသွားပြန်ပြီကော တစ်ဖန် ….
လုံမလေး မွန်မွန်
October 5, 2012 at 5:32 pm
သော့ပွင့်သွားပြီးလား ဆရာသမား….
ဖတ်ပြီးတော့ တကယ်ကို ခံစားလိုက်ရပါတယ်…တော်သေးတာပေါ့ happy ending လေး ဖြစ်နေလို့… သိင်္ဂါရရသလို့ ပြောလို့ရမလားမသိဘူး..
ဒီလိုပို့စ်လေးတွေကို ထပ်ဖတ်ချင်ပါသေးတယ်…
လုံမလေး
စေပိုင်ထွဋ် (ပုသိမ်)
October 8, 2012 at 12:42 pm
ပွင့်သွားပြီခင်ဗျ
ဟုတ်ကဲ့
တတ်နိုင်သမျှပေါ့