ပုံမှန်ဘဲ

အများသုံးနေကြတာ တွေ့ရ ကြားရတဲ့ ဒီစကားလေးပါ။

လဘက်ရည်ဆိုင်ကို မဒမ်ခင်ခနဲ့ရုံးသွားရင်း မနက်စာဝင်စားဖို့ဆိုင်ထဲဝင်တော့ အ၀င်ဝ စားပွဲမှာ ထိုင်နေတဲ့ အသိမိတ်ဆွေ တစ်ယောက်ကို တွေ့တာနဲ့ ကျွန်တော်က “ သာကော နေကောင်းလား၊ အရောင်းအ၀ယ်တွေ ရော အဆင်ပြေ တယ်ဟုတ် ´´ ဆိုတော့ မိတ်ဆွေက “ နေကောင်းပါတယ်၊ အရောင်းအ၀ယ်ကတော့ ပုံမှန် ဘဲ၊ တစ်ခါ တစ်လေဆို ပုံမှန်လောက်တောင် မဖြစ်ချင်ဘူး၊ ဆရာတို့ အလုပ်ကော´´ ပြန်မေးတော့လည်း “ကျွန်တော်တို့ လည်းပုံမှန်ဘဲဗျာ´´ လို့နုတ်ဆက် စကားပြောကြ တဲ့ထဲမှာ ထဲ့ပြောဖြစ်လိုက်ကြတဲ့ ပုံမှန်ဘဲ ဆိုတဲ့စကားရပ်လေး။

ဒါနဲ့ဘဲ မနက်စာ စားချင်တာမှာပြီး စားနေတုန်း မဒမ်ခင်ခကို “ဒီနေ့ရုံးမှာ အလုပ်များ မှာလား´´ မေးမိတော့ မဒမ်ခင်ခပြန်ဖြေတယ် “မများပါဘူး၊ ပုံမှန်ဘဲ´´ တဲ့။

ဒါနဲ့ဘဲ စားသောက်ပြီးသူ့ရုံးကိုလိုက်ပို့ သူ့ရုံးရှေ့ကားပေါ်ကဆင်းရင်း ကျွန်တော်ကို အမေးလေးတစ်ခု သူက မေးလိုက် တယ် “ဒီညနေရော ရုံးပြန်နောက်ကျမှာလား´´ဆိုတော့ကျွန်တော်က“ မကျဘူး၊ ပုံမှန်ဘဲ´´လို့။

ရုံးရောက်လို့ လုပ်စရာရှိတဲ့အလုပ်တွေလုပ်နေရင်း ရန်ကုန်ရုံးချုပ်က ဒါရိုက်တာ သူဌေးဖုန်ဆက်လာပြီး လုပ်ငန်း ကိစ္စတွေဖုန်းနဲ့ပြောဆိုကြရင်း“အခုအရောင်းအ၀ယ်တွေ အေးနေကြတော့ မင်းတို့မန္တလေးရုံး ရဲ့ ပြီးခဲ့တဲ့လ ရောင်း အားရောဘယ်လိုလဲ အရင်နှစ်တွေထက် ကျသွားပြီလား´´ မေးတော့ ကျွန်တော်ကပြန်ဖြေလိုက်တယ် “ပြီးခဲ့တဲ့လရောင်း အားက ပုံမှန်ဘဲ ဒါရိုက်တာ´´လို့။ ပြီးတော့သူဌေးက “လုပ်ငန်းတွေရော အခက်အခဲ ဘာရှိသေးလဲ´´ မေးပြန်တော့ လည်း ကျွန်တော်က “မရှိပါဘူး အားလုံးသူဟာနဲ့သူ ပုံမှန်ဘဲ လည်ပတ်နေပါ တယ်´´ လို့ဖြေကြား လိုက်တော့ ကျေနပ် စွာဖုန်းချသွားလေရဲ့။

ဟိုတစ်နေ့ကလည်း အိမ်ကတူမလေး နေမကောင်းဖြစ်လို့ ဆေးခန်းသွားပြတာ ရှေ့မှာလူနာတစ်ယောက်ကို စမ်းသပ်နေလို့ စောင့်နေရင်း လူနာကိုသွေးပေါင်ချိန်တိုင်းပြီး ဆရာဝန်ကပြောလိုက်တယ် “သွေးပေါင်ကတော့ ပုံမှန်ဘဲ´´ လဲဆိုရော လူနာကကျေနပ်သွားတဲ့ အပြုံးမျိုးတွေ့လိုက်ရတယ်။

တစ်နေ့ကလည်း အစိုးရရုံးတစ်ခုကို လုပ်ငန်းကိစ္စနဲ့ရောက်ပြီး လုပ်စရာလေးတွေလုပ်နေရင်း နေ့လည်စာ စားချိန်ရောက်လို့ အဲဒီရုံးဌာနက အရာရှိကြီးတစ်ယောက်နဲ့ နေ့လည်စာအတူစားရအောင် မြန်မာထမင်းဆိုင်ကို သူ့ကားနဲ့ သွားကြတော့ သူ့ကားမောင်းတဲ့ ယာဉ်မောင်းက ဆိုင်ကယ်တွေ၊ ကားတွေကို ပန်းပြီးကျော်လိုက် ယာဉ်လမ်းကြောင်း ထဲပြန်ဝင်လိုက်မောင်းတော့ အဲဒီအရာရှိကြီးက “မင်းကလည်း ကားကို ပုံမှန်ဘဲ မောင်းစမ်း ပါ ဘာမှလောစရာမှ မလိုတဲ့ဟာ´´ ဆိုပြီးဆူသံကိုကြားခဲ့ရတယ်။

ကျွန်တော်လည်း တစ်ပတ်ရဲ့ တနင်းလာနေ့က စနေနေ့ထိ တစ်ရက်တစ်ရက် မနက်ဆို မနက် ၅ နာရီလောက် အိပ်ယာမှထ ဘုရားမျက်နှာသစ်တော်ရေ နဲ့ ရေချမ်း၊ ဆီမီးကပ်၊ ဘုရားရှစ်ခိုး ပြီးတော့ အင်တာနက် သတင်းနဲ့ အတင်းတွေဖတ် ညကမေးပို့ထားတဲ့ ဘော်ဒါတွေရဲ့ ဂျီမေးကိုပြန်ရေးစရာရှိပြန်ရေး ပြီးတော့မဒမ်ခင်ခကို ကူညီ လုပ်၊ ရေချိုး အ၀တ်စားလဲ မနက်စာစား ( စနေနေ့ကတော့ မနက်စာအပြင်ဆိုင်မှာစားတတ်ပါတယ်) ရုံးသို့သွား ဒါလည်း ရုံးဖွင့်ရက် တစ်နေ့တစ်နေ့ လုပ်နေရတာ ပုံမှန်ဘဲ လေ။

ဒါက ပုံမှန်ဘဲ လို့ သုံးနှုန်းပြောကြတာတွေထဲက နီးစပ်ရာ ဥပမာလေးတွေပေါ့၊ ဒါဆို ပုံမှန်ဘဲ ဆိုတဲ့စကားရပ် က ကျေနပ်စရာ အဆင်ပြေစရာ သိပ်ပြီးမထူးဆန်းစရာ ပြဿနာမရှိစရာလို့ ကောက်ချက်ချ ရမလား ဆိုတော့လည်း၊ အဲလိုလဲမဟုတ်သေးဘူးဗျ၊ တစ်ချို့ ပုံမှန်ဘဲ ဆိုတဲ့စကားပေါ်မှာ မကျေနပ်စရာတွေ အခက်အခဲ ဖြစ်စရာတွေ ၀မ်းနည်းကြေကွဲစရာတွေ ရှိသေးတယ်လေ။

ကျွန်တော်အလုပ်လုပ်တဲ့ ရုံးအနီးမှာ စားသောက်ကုန် အလှကုန် လူသုံးကုန် စတဲ့ပစ္စည်းအစုံရောင်းတဲ့ စတိုး ဆိုင်တစ်ခုရှိတယ်၊ အဲဒီမှာ ဟိုတလောက အိမ်မှာကော်ဖီမှုန့်ကုန်ခါနီးလို့ သွားဝယ်တော့ ဆိုင်ရှင်နဲ့က ရင်းနှီး နေတာနဲ့ သူက “ဆရာကြီးတို့ အရောင်းအ၀ယ် ဘယ်လိုလဲ´´ နုတ်ခွန်းဆက်မေးတော့ “ခါတိုင်းနှစ် ဒီအချိန် ဆို ရောင်း အားကာင်းပေမယ့် ဒီနှစ်တော ပုံမှန်ဘဲ ဗျာ´´ဖြေလိုက်တယ် အဲဒီမှာ ဆိုင်ရှင်က “ကျမတို့လည်း အရင်နှစ်ဒီအချိန် ဆို ရောင်းရတာလက်တောင်မလည်ဘူး အခုက ဆရာကြီးပြောသလို ပုံမှန်ဘဲ ရောင်းနေရတာမို့ တစ်နေ့တစ်နေ့ စိတ်တောင်ညစ်တယ်လေ´´ တဲ့၊ ကဲ ပုံမှန်ဘဲ အပေါ်မှာ မကျေနပ်နေတဲ့ အပြောမဟုတ်ဘူးလား။

မေလလောက်တုန်းက အစိုးရရုံးမှာလုပ်တဲ့ဝန်ထမ်းတွေ ပင်စင်စားဝန်ထမ်းတွေကို လစာနှုန်းတွေမြင့်ပေးလိုက် လို့ ဒီလ လစာမှာ လစာတွေတိုးမယ်ဆိုပြီး သတင်းတွေထွက်နေတယ်၊ အစိုးရရုံးမှာလုပ်တဲ့ ၀န်ထမ်းတွေ မျှော် လင့်စိတ်ကူးတွေ ယဉ်ကြသပေါ့၊ တကယ်တန်းလစာထုတ်ရက် လစာထုတ်ပြီးတဲ့အခါ အစိုးရရုံးဝန်ထမ်းတွေ ခါတိုင်းလို ပုံမှန်ဘဲ လစာရကြ လို့ ကျေနပ်ခဲ့ကြဘူး၊ သူတို့အတွက်ကျတော့ တစ်လတစ်လ ပုံမှန်ဘဲ ရနေလို့ မကျေနပ်နိုင်ကြတာလေ။

နောက်တစ်ခုက ကျွန်တော်ရုံးချိန်ဆို ဂျီတော့ကိုဖွင့်ထားတတ်ပြီး စတင်ဖွင့်စဉ် ဆက်သွယ်ဖွင့်ထားတဲ့ သူငယ် ချင်းတွေ အလုပ်ကမိတ်ဆွေတွေကို မင်္ဂလာပါလို့နုတ်ဆက်တတ်တာပေါ့၊ ဒါကကျွန်တော်အကျင့်လေးဖြစ်နေ ပြီး လုပ်လည်း လုပ်ဖြစ်နေတာကြာခဲ့ပါပြီ၊ တစ်နေ့ကတော့ ကျွန်တော်ဂျီမေးထဲကို စာလေးတစ်စောင်ရောက်လာ လို့ဖွင့်ဖတ်ကြည့်တော့ ရန်ကုန်ရှိ Container Shipping Line တစ်ခုကအတော်ခင်တဲ့ သူငယ်ချင်းပို့လာတာ မနက်ပိုင်း ပုံမှန်ဘဲ ပို့နေတဲ့ နုတ်ခွန်းဆက်လေးတွေမပို့ပါနဲ့တဲ့ သူကရာထူးတိုးပြီး အလုပ်စားပွဲ နေရာရွှေ့ သွားရလို့ အခု သူနေရာက CEO အခန်းဝမှာမို့ CEO ထွက်လာတာနဲ့ကြုံရင် အခုမှ ရာထူး တက်ခါစဆိုတော့ မကောင်းမှာစိုး လို့ပါတဲ့ သူဘက်ကအဆင်ပြေရင် သူအရင်နုတ်ဆက် စာရေးပို့ ပါမယ် တဲ့လေ၊၊ အဲဒီမှာ ခင်ခ အတွေးလေး တစ်ခုဝင်မိသလို သူကိုလည်းအခုလို စာရေးလာတာကို ကျေးဇူးတင် မိတယ်၊ ဘာလို့လဲဆိုတော့ သူလိုဘဲ အခြားသူတွေရော အလုပ်မှာ ကျွန်တော် ပုံမှန်ဘဲ ပို့နေတဲ့ နုတ်ခွန်း ဆက်စာလေးတွေဟာ ကျွန်တော် ဘက် ကတော့ ပြဿနာမရှိပေမယ့် သူ့တပါး မှာတော့ အခက်အခဲဖြစ် နေသော်လည်း အားနာလို့မပြော ဖြစ်ကြတာ တွေရှိနေပြီလားလို့။ အခု နောက်ပိုင်းတော့ ကျွန်တော် ပုံမှန်ဘဲ ပြုမူတတ်တဲ့ အဲဒီ နုတ်ခွန်းဆက် နေသည့်  အကျင့်လေးကို ထိန်းထိန်းသိမ်းသိမ်း နဲ့ နေလိုက်တော့ မယ်လို့ စိတ်မကောင်းစွာ ဆုံးဖြတ်ခဲ့တဲ့ ပုံမှန်ဘဲ ပြုခဲ့သော အမူအကျင့်လေးကြောင့် အဆင်မပြေမှု့ တစ်ခုပေါဗျာ။

ဒါကတော့ အလွန်ကြာခဲ့တဲ့ကာလတစ်ခုက ကျွန်တော်ရန်ကုန်မှာနေတုံးကပေါ့၊ အသိမိတ်တစ်ယောက်ရဲ့ ဖခင် နာရေးပို့ဆောင်စဉ်က သူ့အဖေ သတိရတစ်ချက် မရတစ်ချက်ဖြစ်စဉ် ဆေးရုံကားနဲ့ဆေးရုံကြီးပို့တာ မီးပွိုင့် တစ်ခု ယာဉ်တန်းနဲ့တိုးလို့ ကိုယ်ကဆေးရုံကားဘဲ အခြားတစ်ဖက်လမ်းက လမ်းပြောင်းပြန်ဖြစ်လည်းမောင်းပေါ့ အဲလိုမဟုတ်ဘူး လမ်းကြောင်းရှိတယ်ဆိုပြီး ပုံမှန်ဘဲ ၀င်တန်းစီပြီးနေတော့ အတော်ကြာသွားလို့ အချိန်မှီဆေးရုံ မရောက် တာကြောင့် ဆေးရုံရောက်ပြီး စမ်းသပ်နေတုန်းမှာဘဲဆုံးရတာတဲ့။ အဲဒီတုန်းက အရေးကြီးတာကို ပုံမှန်ဘဲ ပြုမူ လို့ဆုံးရှုံး ရတယ်လို့ ၀မ်းနည်းကြေကွဲခဲ့တဲ့ မကျေနပ်မှုလေးပေါ့။

ကျွန်တော်ရွာထဲကိုလည်း ပုံမှန်ဘဲ နေ့စဉ်ဝင်ရောက်လည်တတ်ပါတယ်၊ အဲဒီလို ရွာထဲဝင်ရောက် လည်နေရ တာကိုးစိတ်ထဲပျော်လို့ပါ၊ ဒါပေမယ့် တစ်ချိန်တစ်ခါမှာတော့ ရွာထဲကို ပုံမှန်ဘဲ အမြဲတမ်းဝင်လည်ချင်ပေမယ့် အကြောင်းကြောင်းကြောင့် လည်ခွင့်မရတဲ့အချိန်တွေ အဲဒီကာလတွေတုန်းကဆို စိတ်မချမ်းသာ မပျော်ခဲ့ ရတာ မှ ဘယ်လိုပြောရမှန်းတောင်မသိဘူးဗျာ။

ဒါဆို ပုံမှန်ဘဲ ဖြစ်တည်မှု့တွေက ကောင်းကျိုးတွေ၊ ကျေနပ်စရာတွေ ဘဲလား မဟုတ်ဘူးနော်၊ အဲဒီ ပုံမှန်ဘဲ ဖြစ်တည် လုပ်ဆောင်နေရမှု့ အပေါ်မှာ မကျေနပ်စရာ စိတ်မကောင်း ၀မ်းနည်းစရာတွေလည်း ဖြစ်တည်နေ ပါလား၊ အဲဒီ ပုံမှန်ဘဲ ဆိုတာကို အသေအချာ တိုင်းတာနိုင်တဲ့ စံနှုန်းမျိုးမရှိသလို ကောင်းမွန်တဲ့အခြေအနေမှ သုံးရတဲ့စကားလို့ လည်း ပြောမ ရပေမယ့် တစ်ယောက်နဲ့တစ်ယောက် ပုံမှန်ဘဲ လို့ပြောကြတဲ့အခါ ကောင်း သည် ကျေနပ်စေသည်ကိုဆိုလိုချင်တာလား မကျေနပ်စရာလား ဆိုတာကိုတော့ ပြောဖြစ်ကြသူ အချင်းချင်း သိလွယ်သော စကားရပ်အနေနဲ့ တည်ရှိသုံးစွဲနေကြ တာတော့ ပုံမှန်ဘဲ ဆိုတဲ့ စကားရပ်လေးပါဘဲလေ။

အဲဒီအချိန်မှာဘဲ မဒမ်ခင်ခက ကော်ဖီသောက်တော့မလား ဘယ်လိုဖျော်လိုက်ရမလဲ ခါတိုင်းလို ခါးခါးလေးဘဲ လားလှမ်းမေးတော့ ကျွန်တော်က ပြန်ပြီးပြောလိုက်တယ်“အိပ်မယ့်အချိန်နဲ့ နီးနေတာ ပုံမှန်ဘဲ ဖျော်ပေါ့´´လို့၊ မဆီ မဆိုင်တွေးမိတွေးရာတွေးရင် အတွေးပါးပါး အရေးများကို ပိုစ့်တင်တာလေ ပုံမှန်ဘဲ ဖြစ်အောင်တင်လိုက် မိပါတော့တယ် လို့။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..