ကြီးဒေါ် ဒေါ်မြင့်မြင့်ကြည် သီချင်းလေး တစွန်းတစ ရွတ်နေမိပါသည်။ နွေဦး မဟုတ်ပေမဲ့ လေကတော့ တဖြူးဖြူးနဲ့ကိုး ….

သီချင်းတော့ အပြည့်မရတော့ပါဘူး ဟိုတစ်ချိန်က တစွန်းတစ ကြားဖူးတာလေးပါ ဘာတဲ့ … ချီလေတဲ့ ချီလေ.. ထိုစဉ်မှ ဟိုတောင်တန်း ကျော်လွှားလို့သာ .. အာ..အာ မြတ်ပန်းရဂုံ ဒန့် တန့် ဒယ်…. သိတော့ဘူးဗျာ။

ဒီလိုဗျ ……

နေရာကား မွန်ပြည်နယ် ကျိုက်ထိုမြို့ အရှေ့ဘက် ကမ္ဘာ့တန်းဝင် ဘုရားရင်ပြင်ပါ မကျန် လေလံဆွဲခြင်း ခံထားရသော ကျိုက်ထီးရိုး ဆံတော်ရှင် ဘုရားကြီးအား လွန်မြောက်သော သကာလ အရှေ့ဘက် ယွန်းယွန်းရှိ ဒေါနတောင်တန်းကြီးနှင့် အပြိုင်စီးဆင်းနေသော မြစ်အတွင်းဝယ် အကျနုတ်သည်ကား ဒေသခံလူများဟု ထင်ရသော စောယူစွတ်၊ စောအာမက်၊ စောဟုန်ကျင့်၊ စောတိန့်ဖိန်း တို့နှင့်တကွ တစ်လှေတည်းစီး တစ်ခရီးတည်း အတူသွား….နေချိန် …..။

အချိန်ကား မွန်းလွဲ ၂နာရီခန့်သာသာပင် ဖြစ်လင့်ကစား အုံ့အုံ့မှိုင်းမှိုင်း တိမ်သားထုတို့အောက်ဝယ် ပြိုဟန်ဆင်ရိပ်ရှိသော အထက်မိုးကောင်းကင်၏ အောက်ဝယ် အလိုက်အထိုက်ထက်ပိုသော လေအေးတို့သည် ကလူကျီစယ်သည်ထက် ပင့်မြောက်သယောင် ခြိမ်းခြောက်သယောင်နှင့် စိတ်အစဉ်အား တို့ထိသွေး…စမ်းနေချိန်….။

အကြောင်းအရာကား ဘာရယ်မဟုတ်၊ မဟုတ်ရယ်ဆိုလဲ ယုတ်တိမတန်၊ မတန်ရာ ဆင်ခြေဖြင့်လဲ ပြောဖို့ရယ် အခြေမသာ၊ တိတိပပ လှစ်ဟရသော် ကျားမနိုင် အမည်ရှိ ဆေးမြစ်တမျိုး ပြည်တွင်း အကြောပြေ လိမ်းဆေး ဈေးကွက်အတွက် ထိုးဖောက်ခြင်းမမည်၊ ကုန်ကြမ်းရှားပါးမှု အကြောင်းတည်၍ ထိုးဖောက်ဝင်ရောက်မှု သဘောဆောင်စေကာ လူစားသွား ပွဲစားလုပ် အ၀ယ်တော် အမည်ခံ မလှိမ့်မပတ် ထဲဒဲ့ ခရီး….နှင်နေချိန် …။

ဖွဲ့ချီလိုသည်ကား ကြောင်းရာဖွဲ့တည် စာနှယ်စီ၍ အတင်းတပုဒ်၊ သတင်းလုပ်ကာ တင်ပြသည်ဝယ် လုံးရေမပြည့် ကျုံ့သေ့စေခြင်း မရှင်းဖြစ်ဝယ် ပြစ်မယ်တည်ကျန်၊ အမှန်ကိုလဲ ချင့်ချိန်ဆွဲ၍ ထောက်ညာတင်ထား အချင်းများခြင်း သက်ဆင်းကြုံလျှင်၊ စီလျော် ကျိုးကြောင်း ဆိုးကောင်းရင်းထက် နှောင်းဖြစ်မဲ့ကုန် အလုံးစုံသည် လွှဲမှားတွေးယူ အဆူဆူသော ပြုဖွအရပ် မှတ်၍ထင်မြင် အများချဉ်သော စာမူရှင်မို့ မှန်သည်ဖြစ်စေ ပုဂ္ဂိုလ်ထွေ၍ ရောယှက် ထွေးရှုပ် လိုရင်းမြုပ်မည်လည်း …. စိုးနေချိန်။

ဆိုလိုသည်ကား တစ်နေရာသို့ အရောက် ဟိုဘက်ကမ်းတွင် သွားကြားထိုးတံ အချိန် ၇၀၀ခန့်၊ သည်ဘက်ကမ်းတွင် သွားကြားထိုးတံ အချိန် ၁၂၀၀ခန့် စုံပုံနေသည်ကို လူတစုမှ အနည်းငယ် ၈ချောင်း ၁၀ချောင်းခန့် တ၀င်းဝင်းလက် အရာများဖြင့် မှတ်တမ်းတင်ခြင်းသမှု ပြုနေသည်ကို စိတ်တွင် ထူးဆန်း ဘ၀င်လဲမကျ ပေါ်တင်လဲ မမေးရဲ၍ တိုးတိတ်မေးကြည့်ရာ အပြသဘောဆောင်နေကြောင်း သိရသည်တမုံ့ အငုံ့စိတ်ကို အကြာဖျောက်၍ ဘယ်သူ့ဟာတွေတုန်းမို့ဟု မြန်မာသံဝဲ၀ဲဖြင့် မေးမြန်းရာ

အချိန် ၇၀၀ခန့်မှာ အနားယူသွားသူ ဒုတိယဘုံဆင့် အမြင့်ရှိသော အရှင်ကြီး၏ သွေးချာရင်နှစ် သားချစ်အမည် ခံကာတည်ပြု ၄င်းတို့၏ ဆွေမျိုးတဖုံ ….

အချိန် ၁၂၀၀ခန့်မှာ ကာလရှည်ကြာ နားယူနေမှ တဖန်ချစ်ခြင်း ပြန်သက်ဆင်း၍ ကောင်းကျိုးတည်ပြု အစုစုကို ထုဖော်နေသူ (  )မျိုးဆက်တို့၏ အစုအဖွဲ့တည်း ….

ဤတွင် အကျနုတ်၏ အတင်းသတင်းကြီး ပီးလတ္တံ့ ( ခရီရ်ဒစ်တူ ဟာနုအံ )

…………………………………………………………………………………………………………………………………….

မှားသည် မှန်သည်

ထိုနှစ်လီကို ပြုဖွယ် ငြင်းခုံ

ကြောင်းစုံလိုသော်

လာလော့ မိတ်ဆွေ

လှမ်းလော့ မိတ်ဆွေ

ချီလေတဲ့ ….. ချီလေ

About စိန်ကြက်ဆင်

has written 67 post in this Website..

သဗ္ဗေ ထပ်တရာ ပဲပလာတာ မေ ဟောတု ဗိုက်တင်း