ကဗျာတံငါ  ရေချိုးပြန်ရတဲ့    ည

စိတ် ကိုင်းတံ မှာ ……
ဈာန် အစာတပ်
အနုပညာ ငါးတွေ ထထပွက်တတ်တဲ့
ငါ့ …. နှလုံးသား ကန်ရေ နက်နက်ထဲ အသာချ
ကဗျာ ငါးတစ်ကောင်တစ်လေမှ
လာမဟပ် ကြ

ညထဲ  လရောင်က သဲသဲလှုပ် ရွာချ
ကန်ရေပြင်  ဘော်ငွေလှိုင်းတို့  ရဲ့ ယိမ်းအက
လေပြည် အနွဲ့   သစ်ရွက်အကြွေ
သေနေတဲ့   ဝေါဟာရ
စကားလုံးတိုင်း  ဖောင်းပွကာရန်
ရစ်သမ် မမှန်သေး ….
ရင်တစ်ခုလုံး  လေးလံတိတ်ဆိတ်
တိတ်တဆိတ်   ဆွံ့ အ …..
လှရက်တဲ့  ….. ည

ဟော ….. ခုနှစ်စင် ကြယ်ပြောင်
ကင်းမြီးကောက်  ကောင်  ပေါ့
ဟိုးးးးးးးးးးးးးးးးးး
ရိုးမတောင်ရဲ့ အထက်  ဦးစောက် ပက်လက်
နတ်ပြည် တတ်တဲ့ … ည

အနုပညာ သန္ဓေ သားပျက်ကျ တဲ့  ည
ဈာန်အစာ က  စိတ်ကို ပြန်မြိုချ လို့  …
ကဗျာ ငါးတွေ  ဖျတ်ဖျတ်လူး
ပေါင်းကူး မရတဲ့  ည
စကားလုံး တွေ  သွေးဆုံးပျက်ကြွေ
ရာသီမမှန် တဲ့ လေပြည်လို ….
ရင်ဘတ်ကြီး  သေလို့  …

အဲ့ဒီ  ည  က

ငါးမရ  … ရေချိုးပြန်ခဲ့တယ် ။။။။

မောင်ခင်မင်(ကျွန်းချောင်း)

၇.၁၀.၂၀၁၂

About maung khinmin

maung khinmin has written 85 post in this Website..