သူငယ်ချင်းရေ…

နင့်ကို သိစေချင်လို့ပါ

နင်နဲ့ငါနဲ့ သူငယ်ချင်းတွေဖြစ်ခဲ့တာ လူမှန်းသိတတ်စအရွယ်ကတည်းကနော်… ဘယ်သူက ဘယ်သူ့ကို စခေါ်ပြီး သူငယ်ချင်းဖြစ်ခဲ့တယ်ဆိုတာကိုတောင် မသိဘဲ သူငယ်ချင်းဖြစ်ခဲ့တာနော်…

ငါတို့ငယ်ငယ်တုန်းက ကစားခဲ့တာတွေ.. ပျော်ခဲ့တာတွေ… ငြင်းခဲ့တာတွေ.. ရန်ဖြစ်လိုက်ပြန်ချော့လိုက်နဲ့ သက်တမ်းရှည်ခဲ့တာ ခုချိန်ထိပဲ… အသက်ကလေးတွေက ၁၄ ၁၅ လောက်လဲဖြစ်ကော နင်က နင့်ကျောင်းက နင်ချစ်စနိုးနဲ့ ဓါးလီးမုန့်လို့ ခေါ်တဲ့ကောင်မလေးကို ကြိုက်နေတယ်ဆိုတာ ငါတို့ သိခဲ့တယ် နင့်ကိုလဲ စခဲ့တယ် အဲ့တုန်းကတော့ ငါလဲ ငါ့ဘာသာ ကျောင်းမှာ သဘောကျတဲ့ ကောင်လေးတွေရှိတာပေါ့ဟာ.. နင်တို့ကိုလဲ ပြောပြခဲ့တာပဲလေ..

နောက်ပိုင်း မှတ်မှတ်ရရ ငါ ကိုးတန်းနှစ်မှာ နင်တို့ မိသားစု ပြဿနာတက်ခဲ့တယ်… အဲ့နောက်ပိုင်း နင်နဲ့ ပိုရင်းနှီးခဲ့တယ်…
ငါ ၁၀ တန်းအရောက်မှာ နင်တို့ နယ်ပြောင်းရတယ် နင့်အဖေတာဝန်အရ… အမေမရှိတဲ့အတွက် နင် နင့်အဖေနဲ့လိုက်သွားခဲ့တယ်…
မှတ်မိသေးတယ် နင် မသွားခင်ညမှာ ငါ့ကို ပြောသွားတဲ့ စကားတစ်ခွန်းကို ‘နင် ငါ့နားမှာ ရှိရင် ငါ အရမ်းစိတ်ချမ်းသာတယ်… စိတ်ချမ်းသာတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ကောင်းကောင်းမဖွင့်တတ်ပေမယ့် နင် ငါ့နားမှာရှိတဲ့အခါမှာ ငါ ခံစားရတာတော့ အဲ့လိုဖြစ်မယ်ထင်တယ်’တဲ့ အဲ့နေ့ည ငါတို့ ဓာတ်ပုံရိုက်ရအောင်ဆိုတော့ နင်က ဘာလို့မှန်းမသိ ဘာမှ မပြောဘဲ ထပြန်သွားတယ်…

ငါလည်း ၁၀ တန်းအပြီး ကျောင်းဆက်တက်ဖို့စောင့်နေတုန်း နင့်သတင်းတွေ ကြားတယ်… ငယ်ငယ်ကတည်းက အမြဲတမ်း အတန်းထဲမှာ ပထမရခဲ့တဲ့ နင် ၁၀ တန်းကျတယ်ဆိုတဲ့ သတင်း… ငါ မထင်ထားခဲ့မိဘူး… နင့်အမေမရှိတော့တဲ့ နောက်ပိုင်းမှာ နင် ဘယ်လောက်ပြောင်းလဲသွားလဲဆိုတာ ငါ အသိဆုံးပါ.. ဒါပေမဲ့ဟာ ဒီလောက် ဖြစ်သွားမယ်လို့ ငါ မထင်ထားခဲ့ဘူး…
အဲ့လိုနဲ့ နင် နွေပိတ်ရက်ပြန်လာခဲ့တယ်… အဲ့အချိန်မှာ နင် ကောင်မလေး တစ်ယောက်ကို စိတ်ဝင်စားသွားခဲ့တယ်…
ငါလေ နင့်ကို အဲ့ကိစ္စတွေကို စိတ်မ၀င်စားစေချင်သေးဘူးဆိုတာ ငါ နင့်ကို ဘယ်လိုပြောရမလဲ မသိခဲ့ပေမယ်… နင် ငါ့ကို အဲ့တုန်းက အချိန်သိပ်မပေးနိုင်ခဲ့ဘူးနော်…အဲ့လိုနဲ့ နွေရက်ကုန်ခါနီးမှာ နင် ငါ့ဆီကိုလာခဲ့တယ်… နင်က ခုံပေါ်မှာ ငါက နင့်ဘေးမှာ

စကားတွေလည်း မပြောဖြစ်ဘူး… ငါလည်း အတွေးတွေလွန်ပြီး ငေးနေမိတယ် နင် ဘာများရင်ဖွင့်စရာတွေ ရှိလဲ ဘာများပြောမလဲလို့ စောင့်နေမိတယ်… နင့်ကိုလှမ်းကြည့်မိတော့ နင် ကသုတ်ကရက် အကြည့်တွေပြန်သိမ်းသွားတာကိုပဲတွေ့တယ် ပြီးတော့ ငါ နောက်အပတ်ထဲပြန်တော့မယ်လို့ ပြောပြီးထွက်သွားတယ်… ဟိုကောင်မလေးကလည်း ငါက နင့်သူငယ်ချင်းဆိုတော့ တွေ့ရင်နှုတ်ဆက် နင့်အကြောင်းတွေ ပြောပြနဲ့ ငါ့ကို လာပြီး နင့်ကို ပိုသတိရအောင် ၀တ္တရားမပျက် လာပြောခဲ့ပါတယ်…

နောက်နှစ် ငါ ပထမနှစ်ပြီးလို့ ဒုတိယနှစ် ဖွင့်ဖို့ စောင့်နေချိန် နင်ပြန်ရောက်လာခဲ့တယ် မှတ်မှတ်ရရ မတ်လ ၉ ရက်နေ့…
ရောက်ရောက်ပြီးချင်းပဲ နင် ငါ့ဆီကိုလာခဲ့တယ် ငါ ပြန်ရောက်ပြီ ညနေကျရင် စက်ဘီးလျှောက်စီးရအောင် ဆိုပြီး ပြန်ထွက်သွားခဲ့တယ်…
ညနေရောက်တော့ နင်လာခေါ်တယ်… ငါတို့တွေ စက်ဘီးလျှောက်စီးကြတယ် ဘာစကားမှ မပြောဖြစ်ဘဲနဲ့ပေါ့…
ပြီးတော့ ငါတို့သွားနေကြ စေတီလေးနားရောက်တော့ ဘုရားတက်ဖူးရအောင် လို့ နင်ပြောပြီး ငါတို့ ၂ ယောက် ဘုရားပေါ်ရောက်ခဲ့တယ်… ဘုရားရှိခိုး ၀တ်ပြုပြီးတော့  နင်က ငါ့ကို ပြောတယ်…
ငါ့အကြောင်း နင် ဘာမှ မမေးတော့ဘူးလားတဲ့ ငါ ဘာပြန်ပြောရမှာလဲ နင်တောင် ငါ့ကို ဘာမှ မပြောဘဲ နေခဲ့တာ အချိန် ဘယ်လောက်ကြာပြီလဲ ငါ ဘာမှ မသိချင်တော့ဘူးလို့ပဲ ပြောမိတယ် ခုကစပြီး နင် ဘာမှ လုပ်မှာလဲဆိုတာပဲ စဉ်စားပါ
နေ့တိုင်းနေ့တိုင်းရဲ့ နာရီအများဆုံးမှာ နင့်ကိုငါ အချိန်ပေးမိတယ်..ငါက အဝေးသင်ယူဖြစ်တော့ သင်တန်းချိန်ကလွဲရင် နင်နဲ့အတူတူရှိဖြစ်ခဲ့တယ်…
မှတ်မှတ်ရရ ငါ ဒုတိယကျောင်းသွားအပ်တော့ နင်လိုက်လာပေးတယ် ငါရယ် နင်ရယ် ကျူရှင်မှာ သိတဲ့ သူငယ်ချင်းကောင်လေးတစ်ယောက်ရယ်… သူငယ်ချင်းကမေးတယ် နင့်ကောင်လေးလားတဲ့ ဟား ဟား ရယ်ရတယ်ဟာ
ငါက အာ မဟုတ်ပါဘူး နင်ကလည်း ပေါက်ပေါက်ရှာရှာ ငါတို့က ငယ်သူငယ်ချင်းတွေပါလို့ ပြာပြာသလဲ ပြန်ပြောနေပေမယ့် နင်ကတော့ မသိချင်ယောင်ဆောင်ပြီး ဟိုဘက်လှည့်နေတာ ဘာဖြစ်လို့လဲလို့တော့ တွေးမိတယ်…
ကျောင်းထဲရောက်တော့ နင့်ကို တစ်နေရာမှာ ငါ့တို့ အိတ်တွေနဲ့ ထားခဲ့ပြီး လုပ်စရာရှိတာတွေ သွားလုပ်ခဲ့တယ် ပြန်လာတော့
လား လား နင်က ငါ့ကိုယ်နဲ့ မကွာစောင်တဲ့ ဒိုင်ယာရီကို အားရပါးရ ဖတ်နေလိုက်တာ ငါတို့ ပြန်ရောက်လာတောင် မသိတဲ့ အထိပဲ

အပြန်လမ်းတစ်လျှောက်လုံး နင့်မျက်နှာက ပြုံးစိစိနဲ့ ငါ့ကို လှောင်နေသလိုလို ငါကလည်း ရှက်လိုက်တာ ပြောမနေပါနဲ့တော့ဟာ
မရှက်ဘဲ နေနိုင်ရိုးလား ငါ့ဒိုင်ယာရီကို ယူဖတ်မှတော့ ငါနင့်ကို ဘယ်လောက် သတိရကြောင်းတွေ အကုန်သိကုန်ပြီတော့ ရှက်လိုက်ထာဟာ ပြန်တွေးတိုင်း ရှက်တယ်… နင်အဲ့ဒါ personal ethic မရှိဘူးလို့ ပြောပြီး ငါအော်တော့ နင်က ငါအဲ့ဒါ မရှိတာဘဲ ခတ်ကောင်းကောင်းလို့ပြောပြီး နင် ပြန်သွားတယ်… ငါ့မှာတော့ ရှက်လွန်းလို့ အဲ့နေ့က အိမ်ရှေ့တောင် ထွက်မရပ်ဖြစ်ဘူး

နောက်နေ့ညနေကျတော့ အိမ်မှာ မုန့်ဟင်းခါး ချက်စားတော့ အိမ်ကလူတွေက နင့်ကို ခေါ်လိုက်ဦးဆိုလို့ ခေါ်မိပါတယ် တခါတည်း အမျိုးအိမ်တွေလှည့်ပြီး မုန့်လိုက်ပို့ခိုင်းတော့တာပဲ အဲ့လိုနဲ့ နောက်ဆုံး အဒေါ်တစ်ယော်အိမ်ကို ပို့ပြီးအပြန် ည ၇ နာရီတောင် ထိုးပါတော့မယ် အင်းလေး စပို့တဲ့အချိန်က ၆ နာရီကျော်ကျော်လောက်ဆိုတော့ ဖြစ်သင့်ပါတယ်လေ…

အပြန်လမ်းမှာ နင်က စက်ဘီးနင်းတယ် ငါက နောက်က ထိုင်လိုက်တယ်…  လူရှင်းတဲ့လမ်းတွေကပဲ ရွေးသွားတတ်တဲ့ နင့်အကျင့်အတိုင်း ခုလည်း လူရှင်းတဲ့ လမ်းကပဲ သွားတယ် လေကလေးကလည်း တသုန်သုန်တိုက်နေတာ နင် မှတ်မိသေးလားတော့ မသိဘူး ပြီးတော့ နင်ပြောတယ် ‘ငါ နင့်ကို …… ‘ ငါ သေချာမကြားလိုက်ဘူး ဘာလဲလို့ ထပ်မေးတော့ ငါ နင့်ကို ဒီထက်အနေပိုနီးသွားရင် ငါဒီထက် နင့်ဆီက ပိုလိုချင်မိမှာ ကြောက်တယ်ဟာ၊ ဒါပေမယ့် ငါ နင့်ကို ‘ လို့ နင်ပြောတယ်… ငါလေ ရုတ်တရက် ဘာပြန်ပြောရမှန်း မသိဘူးဟာ အဲ့တုန်းက ငါ ဘာမှ မပြောမိဘူး နင်များ ငါ့ဒိုင်ယာရီ ဖတ်မိသွားလို့ ငါ့ကို ဒီကောင်မလေး ငါ့ကို စိတ်ဝင်စားနေတာ ဟိုးငယ်ငယ်ကတည်းက သနားပါတယ်ဆိုပြီး အားနာပါးနားနဲ့များလား ဆိုပြီး စိတ်တွေ ဇဝေဇ၀ါဖြစ်သွားသေးတယ်…

နင် ငါ့ကို အိမ်ပြန်ပို့ပြီးတဲ့အထိ ငါ နင့်ကို စကားတစ်လုံးမှ မပြောတဲ့အတွက် ငါ အခု တောင်းပန်ပါတယ်ဟာ.. နောက်နေ့တွေရောက်တော့ နင်နဲ့ငါ ပုံမှန်ပဲ တွဲသွားတွဲလာလုပ်ကြတယ် အဲ့တုန်းက quiz လေး တစ်ခု ခေတ်စားတယ်လေ ကျန်တာတွေ မမှတ်တော့ပေမယ့် နံပါတ်(၃) မေးခွန်းက ခု သင့်စိတ်ထဲမှာ ရှိတဲ့ လူတစ်ယောက်ရဲ့နာမည်တဲ့ အဖြေက သင့်စိတ်ကို စိတ်ချမ်းသာအောင် လုပ်ပေးနိုင်တဲ့သူတဲ့ အဲ့ဒါလေးတော့ သေချာမှတ်မိတယ်… နင်အဲ့လို ပြောတော့ ငါ ကြည်နူးမိတယ်…နောက်ရက်တွေ ရက်တွေတိုင်းမှာ နင့်ရဲ့ မျှော်လင့်ချက်အရောင်တွေ ၀င့်နေတဲ့ မျက်လုံးတွေကို ရင်မဆိုင်နိုင်တော့လို့
ငါခု ဒီစာကို ရေးလိုက်တာပါ ငါ နင်အဲ့နေ့ညကပြောတဲ့ စကားကို ငါ ပြန်ပြောချင်လို့ပါလို့ ငါ့အဖြေက

‘သူငယ်ချင်း…နင်နဲ့ငါနဲ့က ဘာလဲ အချစ်ဆုံးသူငယ်ချင်းတွေလေနော် ဟုတ်တယ်မဟုတ်လား
ငါနင့်ကို မောင်လေးလိုရော သူငယ်ချင်းလိုရော အစ်ကိုတစ်ယောက်လိုပါ ချစ်တယ်ဆိုတာ ငါ ပြောပြဖို့ မလိုတော့ဘူးဆိုတာ နင်သိပါတယ် ခုလည်းချစ်တယ် အရင်တုန်းကလည်း ချစ်ခဲ့တယ် နောင်လည်း အဲ့လိုမျိုး ချစ်သွားမှာပါ…
ဘယ်နေရာ ဘယ်အချိန် ဘယ်အသက်အရွယ်ရောက်ရောက် နင်က ငါရဲ့ အချစ်ဆုံး သူငယ်ချင်းပါ
တကယ်လို့များ နင်ရော ငါရော သူငယ်ချင်းထက် တစ်ဆင့်တက်မိကြတဲ့အခါ ရယူလိုစိတ်တွေ ၀န်တိုစိတ်တွေနဲ့ ပူလောင်မှာကို ငါကြောက်တယ်… ခုနေ ရန်ဖြစ်လိုက်ပြီး နောက်နေ့ ရင်ထဲမှာ ဘာသံသယမှ မကျန်တော့ပဲ ပြန်ခေါ်လို့ရတဲ့သူငယ်ချင်းတွေမဟုတ်တော့တဲ့အခါ နင်နဲ့ငါ့မှာ ကိုယ်စီကိုယ်စီ သံသယတွေနဲ့ နောက်ဆုံး ကျောခိုင်းရမယ့်နေ့ကို ရောက်လာမှာ ငါကြောက်တယ်…
စစ်မရောက်ခင် မှားကုန်တယ် ပြောပြော ငါ အဲ့လိုမျိုးကို အတွေးထဲမှာတောင် အဖြစ်မခံနိုင်ဘူးဆိုတာ သိစေချင်တယ်..
အဲ့တော့ နင်က ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းဆိုတာကို နင် အသိမှတ်ပြုပေးပါ’
ဒါက အချိန်တွေအကြာကြီး စဉ်းစားပြီးမှ ပြောတဲ့ စကားမို့လို့ နင်သိနိုင်ပါစေလို့

နင့်ရဲ့ ထာဝရချစ်သူငယ်ချင်း

About ရွှေဂျူး

has written 8 post in this Website..