(နိဒါဏ်း)
ကျွန်တော် စဉ်းစားနေတယ်…၊
အပြန်ပြန်အလှန်လှန်ကိုစဉ်းစားနေမိတယ်…၊
မိန်းမတစ်ယောက်ရဲ့ဘ၀မှာ အနမ်းတစ်ပွင့်က ဘယ်လောက်အရေးပါသလဲဆိုတဲ့ ကိစ္စကိုပါ…။
အထူးသဖြင့် ရုပ်ရှင်မင်းသမီးတစ်ယောက်ရဲ့ ဘ၀မှာပေါ့…။
ငယ်ငယ်တုန်းကလို အာဘွားဆိုပြီး ပါးထိုးပေးလာသူတိုင်းကို အလွယ်တကူ နမ်းလိုက်လို့မရနိုင်တော့တာကိုတော့
ကျွန်တော်လည်းနားလည်ပေးနိုင်ပါတယ်…။
ဒါပေမယ့်ပေါ့ဗျာ…
သရုပ်ဆောင်မင်းသမီးတစ်ယောက်ရဲ့ဘ၀မှာ…
ချစ်ခြင်းလုံးဝမပါတဲ့…၊
ဒါမှမဟုတ် ရမက်ကင်းစင်တဲ့…၊
ဒါမှမဟုတ်ပြန်သေးရင်လည်း အလုပ်သဘောအနေနဲ့…၊
မင်းသားတစ်ယောက်ကို ဟန်ဆောင် နမ်းရှိုက်လိုက်ဖို့ ဘယ်လိုအရာကများ ခက်ခဲစေခဲ့တာပါလိမ့်…။
အဲဒါကို…ကျွန်တော်စဉ်းစားနေတာပါ…။
(စာကိုယ်)
အကယ်ဒမီ သက်မွန်မြင့် ကတဲ့…။
ပုညခင် ရဲ့ ၀တ္ထုကို ဒါရိုက်တာဝိုင်းရိုက်မယ့် “ကျွန်မက နှင်းဆီပါမောင်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ
မင်းသမီးအဖြစ်သရုပ်ဆောင်ခွင့်ရထားရာက အဲဒီ အနမ်းတစ်ပွင့်ကြောင့်ပဲ မင်းသမီးနေရာကို
စွန့်လွှတ်သွားခဲ့တယ်တဲ့…။
နည်းနည်း စိတ်ဝင်စားအောင် ကြော်ငြာဝင်ရရင် မင်းသားနေရာက သရုပ်ဆောင်မှာက
အကယ်ဒမီ အိန္ဒြာကျော်ဇင် ကြီးရဲ့ခင်ပွန်း…အကယ်ဒမီပြေတီဦး တဲ့…။
ဆိုတော့…
အကယ်ဒမီသက်မွန်မြင့်လေးကလည်း ခေသူမှမဟုတ်တာပဲလေ…နော့်…။
သူမက ဇာတ်ညွှန်းထဲက ဇာတ်ဝင်ခန်းတစ်ခန်းကို ပြင်ပေးဖို့ ဒါရိုက်တာဝိုင်းကို တောင်းဆိုခဲ့ပါတယ်တဲ့…။
ဇာတ်ညွှန်းရေးတဲ့သူကလည်း ကျွန်ုပ်တို့၏ ဒါရိုက်တာ ၀ိုင်းကိုယ်တိုင်ပါပဲတဲ့…။
ဟုတ်ပါပြီ…။
မင်းသမီးက ပြင်ခိုင်းတဲ့ ဇာတ်ဝင်ခန်းက ဘယ်လိုအခန်းမျိုးတဲ့လဲ…။
မိမိ မုန်းတီးလွန်းသူနှင့် လက်ထပ်ခဲ့ရသည့် မိန်းမတစ်ယောက်၏ မင်္ဂလာဦးညတွင် ခင်ပွန်းသည်အား
မုန်းတီးနာကျည်းမှုဖြင့် နမ်းရမည့် ဇာတ်ဝင်ခန်း
ပါတဲ့…။
စာရေးဆရာမပုညခင်ကတော့ ဘယ်လိုရေးဖွဲ့ထားခဲ့တယ် မသိဘူး…။
ဝတ္ထုတောင် ရှာဖတ်ရတော့မယ့်အပေါက်မျိုးကြီးဗျာ…။
ဇာတ်ညွှန်းဆရာ ၀ိုင်း ရဲ့ ဇာတ်ညွှန်းထဲမှာတော့ အဲဒီ အနမ်း ပါတယ်တဲ့…။
ဝိုင်းဖက်က တုန့်ပြန်မှုကတော့ ရှင်းရှင်းပါပဲ…။

“ဒီရုပ်ရှင် ဇာတ်ကားအတွက် အဓိကဇာတ်ဆောင်မင်းသမီး အပြောင်းအလဲလုပ်မှာပါ။ ဘာလို့လဲဆိုတော့ လက်ရှိပြောထားတဲ့မင်းသမီးက ဇာတ်ညွှန်းတစ်နေရာ မရိုက်နိုင်ဘူးလို့ပြောတယ်…။ မင်းသားမင်းသမီးဆိုတာ ဇာတ်ကားတစ်ကားရိုက်ပြီဆိုရင် ဇာတ်လမ်းထဲက ဇာတ်ကောင်ပဲ ဖြစ်ရမှာပါ…။ ဇာတ်ညွှန်းကို ပြင်ဖို့ ဆိုတာနဲ့ ပတ်သက်လို့ ၀င်ရောက်စွက်ဖက်ခွင့် မရှိပါဘူး”

လို့ ပြောပါတယ်တဲ့…။
အဲဒီမှာပဲ ကျွန်တော့်ရဲ့ စဉ်းစားခန်းစခဲ့တယ်ပေါ့ဗျာ…။
သက်မွန်မြင့် က မနမ်းနိုင်ပါဘူးလို့ပြောတယ်ဆိုတဲ့ အနမ်းက ဘယ်လိုအနမ်းမျိုးတဲ့လဲ…။
ပါးပြင်ပေါ်မှာတင်ပဲ ပြီးမယ့်အနမ်းမျိုးလား…။
ဒါမှမဟုတ်…
ကိုင်ဇာဆိုခဲ့တဲ့ သီချင်းထဲကလို…
နှုတ်ခမ်းလေးတွေ အနမ်းစစ်တိုက်မယ်ဆိုတဲ့ အနမ်းမျိုးလား…။
ကွယ်ပြောရင်းနဲ့တောင် ရှက်လာပြီ…။
(နိဂုဏ်း)
ကျွန်တော် စဉ်းစားနေပါတယ်…။
အပြန်ပြန်အလှန်လှန်ကို စဉ်းစားနေမိပါတယ်…။
ဟုတ်တယ်လေ…။
ပါးပြင်ပေါ်က အနမ်းလောက်ဆိုရင်တော့ သက်မွန်မြင့် လို မင်းသမီးတစ်ယောက် အနေနဲ့ မငြင်းသင့်ဘူးဗျာ…။
နှုတ်ခမ်းပေါ်က အနမ်းတွေဆိုရင်တော့လည်း တစ်မျိုးပေါ့ကွယ်…ခွင့်လွှတ်ပေးရမှာပေါ့…။
ကိုဝိုင်းရေ…
အူဝဲ လို့ ချစ်စနိုးခေါ်ကြတဲ့ အိန္ဒြာကျော်ဇင်ကြီးသာ ထည့်ရိုက်လိုက်ပါဗျာ…။
လင်မယားချင်းဆိုတော့ ပါးပြင်နဲ့ပဲ ခိုင်းခိုင်း…
နှုတ်ခမ်းနဲ့ပဲ ခိုင်းခိုင်း…
သိတ်အပန်းအကြီးတော့ဘူးပေါ့…။
ပိုလည်း ပီပြင်သွားနိုင်တာပေါ့…။
မတော်…အဲဒီ အနမ်းပါတဲ့ အခန်းကပဲ သရုပ်ဆောင်တာ သက်ဝင်ပီပြင်လွန်းလို့ အကယ်ဒမီတွေဘာတွေတောင်ရသွားနိုင်သေးတယ်…။
အဲဒီ အကြောင်း ကျွန်တော် စဉ်းစားနေမိတာပါဗျာ…။

black chaw

About black chaw

black chaw has written 332 post in this Website..