လွန်ခဲ့တဲ့တစ်ပတ်လောက်က ညနေဘက်ရုံးဆင်းတော့ လှည်းတန်းမီးပွိုင့်မှာ လမ်းကူးရင်းနဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရပါတယ်။ သိကြတဲ့အတိုင်း လှည်းတန်းမီးပွိုင့်ဆိုတာ ကြာတဲ့နေရာမှာ နာမည်ကြီးပါတယ်။ ကုန်းကျော်တံတားစီမံကိန်းကြောင့် လမ်းဖြတ်ကူးစရာနေရာမရှိတော့တဲ့အချိန်မှာ တစ်ခုတည်းသောမီးပွိုင့်ကလည်း ခြေလျင်လမ်းကူးတဲ့သူတွေအတွက် အခွင့်အရေးလုံးဝမပေးတဲ့အတွက် ကားတွေကြားထဲမှာ အသက်လုပြီး ကူးကြရပါတယ်။ ကျွန်မလည်း ကားရှင်းတုန်း လူအုပ်ကြီးနဲ့ရောပြီး လမ်းကူးလာတဲ့အချိန်မှာ မြင်လိုက်ရတဲ့မြင်ကွင်းက လမ်းလယ်ခေါင်တည့်တည့်ကြီးမှာပါ။

 

အင်းစိန်လမ်းဘက်ကနေ ကွေ့ကြောယူထားပြီးစောင့်နေတဲ့ အငှားကားကို အမျိုးသမီးတစ်ယောက်က လမ်းလယ်ခေါင်မှာ အပြေးတစ်ပိုင်းငှားပါတယ်။ ပြီးတာနဲ့ ကမန်းကတန်းပဲ သူနဲ့ပါလာတဲ့လူကို ကားပေါ်အရင်ပေးတက်ပြီး သူက နောက်ကလိုက်တက်ပါတယ်။ ကြည့်လိုက်တော့ နိုင်ငံခြားသားတစ်ယောက်ပါ။ ကျွန်မတစ်ယောက် လမ်းကူးနေရင်းနဲ့ တုံ့ကနဲရပ်ပြီး ကြည့်လိုက်မိပါတယ်။ စိတ်ထဲမှာလည်း ဘ၀င်မကျတဲ့ခံစားချက်မျိုး ခံစားလိုက်ပါတယ်။ နောက်တော့ ကျွန်မခေါင်းထဲမှာ အတွေးပေါင်းများစွာ ရောက်လာပါတော့တယ်။

 

နိုဝင်ဘာလကုန်ပိုင်းလောက်တုန်းက ကျွန်မတို့ရုံးက အလည်အပတ်ပို့ပေးလို့ ဘန်ကောက်ကိုသွားခဲ့ပါတယ်။ ဘန်ကောက်ရဲ့ ခရီးသွားလုပ်ငန်းမှာ Sex ကို တရားဝင်လိုင်စင်နဲ့ လုပ်ခွင့်ပေးထားတာ အားလုံးလည်း အသိပါပဲ။ အဖြူတစ်ယောက်နဲ့ ထိုင်းအမျိုးသမီးတစ်ယောက် တွဲသွားတာကို နေရာတိုင်းလိုလိုမှာ တွေ့ရပါတယ်။ ဘယ်သူကမှလည်း အထူးတဆန်း ကြည့်မနေကြပါဘူး။ သူတို့ကလည်း အေးဆေးပါပဲ။ ဒါပေမယ့် အားလုံးက စည်းကမ်းရှိကြပါတယ်။ သူတို့ရဲ့တရားဝင်အလုပ်တစ်ခုကို ရဲရဲဝံ့ဝံလုပ်နေကြတဲ့ပုံပါ။ ခရီးကပြန်လာပြီးတဲ့နောက်ပိုင်း ကျွန်မကပဲ သတိထားမိတာလား မပြောတတ်ပါဘူး။ နိုင်ငံခြားသားနဲ့ မြန်မာအမျိုးသမီးတစ်ယောက် တွဲသွားတာကို မကြာခဏမြင်မိပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက်မြင်ကွင်းကြီးကတော့ တော်တော်ကို အကျည်းတန်လွန်းပါတယ်။ လူပေါင်းများစွာကြားထဲမှာ လမ်းစည်းကမ်းကို ပေါ်တင်ဖောက်ဖျက်ပြီးတော့ နိုင်ငံခြားသားတစ်ယောက်ကို ဖူးဖူးမှုတ်လိုက်တဲ့ အမျိုးသမီးကိုကြည့်ပြီး မြန်မာလူမျိုးတွေကိုယ်စား တော်တော်လေးရှက်မိပါတယ်။ ဒါကြောင့် ကျွန်မတွေးမိသလောက်လေး နည်းနည်းလောက်ပြောချင်ပါတယ်။

 

တံခါးဖွင့်ဝါဒကို ကျင့်သုံးနေတဲ့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဌာန်းလိုက်တဲ့၊ ကမ္ဘာ့နိုင်ငံအတော်များများက စိတ်ဝင်စားနေတဲ့ ဒီလိုအချိန်မျိုးမှာ ကျွန်မတို့နိုင်ငံကို နိုင်ငံခြားသားတွေများစွာ ၀င်ရောက်လာပါတယ်။ ဒီလိုအချိန်မှာ ကျွန်မတို့လူမျိုးတွေ လူမျိုးအမြိုမခံရဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ နိုင်ငံခြားသားဆိုတာကို အထင်ကြီးပြီး ကိုယ့်လူမျိုးသိက္ခာကျစေမယ့် အပြုအမူတွေမလုပ်မိဖို့၊ “မြန်မာဆိုတာ အလကားပါကွာ…မြန်မာမတွေက လွယ်ပါတယ်” ဆိုတာမျိုး အပြောမခံရဖို့ အစစအရာရာ သတိထားသင့်ပါတယ်။ ကိုယ့်ရဲ့ဘ၀ပေးအခြေအနေအရ ပြည့်တန်ဆာအလုပ်ကို လုပ်နေရသည့်တိုင်အောင် ကိုယ်တစ်ဦးတည်းကြောင့် ကိုယ့်နိုင်ငံ၊ အထူးသဖြင့် မြန်မာအမျိုးသမီးတွေ အထင်သေးမခံရဖို့ ဆင်ခြင်ဖို့လိုပါတယ်။

 

ဆိုတော့ ထိုင်းနိုင်ငံလို တရားဝင်လုပ်ကိုင်ခွင့်ပေးရင်ရော ဘာဖြစ်လာနိုင်ပါသလဲ။ ပထမဆုံးအနေနဲ့ တရားဝင်ဖြစ်သွားတဲ့အတွက် ဘယ်သူ့ကိုမှ ကြောက်နေစရာမလိုတော့ပါဘူး။ လိုင်စင်နဲ့ဖြစ်တဲ့အတွက် ဘယ်သူအနိုင်ကျင့်တာကိုမှလည်း မခံရတော့ပါဘူး။ သူတို့ရဲ့ဝင်ငွေလည်း ပုံမှန်ဖြစ်သွားနိုင်ပါတယ်။ ခိုးကြောင်ခိုးဝှက်နဲ့ ကျီးလန့်စာစားနေရတဲ့ဘ၀ကလည်း လွတ်သွားနိုင်ပါတယ်။ ဒါပေမယ့် သူတို့တွေကိုတော့ ကျန်းမာရေးဗဟုသုတပြည့်စုံဖို့၊ စည်းကမ်းလိုက်နာတတ်ဖို့၊ အသိဥာဏ်ရှိဖို့၊ နိုင်ငံနဲ့လူမျိုးရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေဖို့၊ သင်တင့်တဲ့ပညာရေးအခြေခံနဲ့အတူ ရင်ပေါင်တန်းပြောဆိုဆက်ဆံနိုင်ဖို့ စသဖြင့် လေ့ကျင့်မှုကောင်းကောင်းပေးဖို့လိုမယ် ထင်ပါတယ်။

 

ထပ်ပြီးတွေးမိသွားတာက အဲ့ဒီလိုပေးလိုက်ပြန်ရင်လည်း ဧည့်လမ်းညွှန်တွေရဲ့ကဏ္ဍ ပျောက်ကွယ်သွားနိုင်လားပေါ့။ တော်ကြာ လာသမျှနိုင်ငံခြားသားတွေကလည်း ဒါမျိုးတွေကိုပဲ သဘောကျ၊ မြန်မာမိန်းကလေးတွေကလည်း တရားဝင်ဆိုတာနဲ့ ဒီအလုပ်ကိုပဲလုပ်ကြ၊ အဲလိုမျိုးများ ဖြစ်လာရင်လည်း မလွယ်ဘူးဆိုပြီးပေါ့။ ကျွန်မရဲ့ မမီမကမ်းဥာဏ်နဲ့ လျှောက်တွေးကြည့်နေတာပါ။ ရွာထဲကသူတွေရဲ့ အမြင်တွေကို သိချင်လို့ ရေးလိုက်မိပါတယ်။ လောလောဆယ် ကျွန်မကတော့ နိုင်ငံခြားသားဆို အထင်ကြီးပြီး ပစားပေးတတ်တဲ့သူတွေနဲ့ နိုင်ငံခြားသားနဲ့တွဲရတာကို ဂုဏ်ယူတတ်ကြတဲ့ တစ်ချို့သော အမျိုးသမီးတွေကိုကြည့်ပြီး စိတ်မသက်မသာခံစားနေရပါတယ်လို့…

 

ခင်တဲ့

လုံမလေး

လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 162 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010