“ဘွပုတ်…………..ရေ”

 

 

 

အေးမြတဲ့ တောင်ပေါ်မြို့လေးရဲ့အရှေ့မြောက်ဘက် မြို့အစွန်က

လူသူမရှိသလောက်နည်းပါးတဲ့တောင်ကုန်းလေးပေါ်မှာရှိနေတဲ့ လူဘဝရဲ့နောက်ဆုံးခရီးအတွက်

ယာယီနားခိုရာနေရာလေးတစ်ခုကို ကျနော်တို့ မရောက်ချင်ပေမယ့်ရောက်လာခဲ့ရပါတယ်။

ကွင်းပြင်ကျယ်ကိုဖြတ်လာတဲ့ဆောင်းမြောက်ပြန်လေက အရိုးထဲထိစိမ့်ဝင်လို့နေပါတယ်။

ဆောင်းနေ့လည်ခင်းပေမယ့် တောင်ရိပ်တောရိပ်တွေကြောင့် ထင်ပါရဲ့

အနွေးထည်အထပ်ထပ်ဝတ်ထားတောင်မှတစ်ကိုယ်လုံးအေးစက်နေသလို

စိတ်တွေက လည်း အလိုလို ထိုင်းမှိုင်းလေလံ။

ပါတ်ဝန်းကျင်တောင်ကုန်းတစ်ခုလုံးအပြည့် နီးပါးလောက် တောထနေတဲ့ နေကြာရိုင်း ပန်းဝါဝါတွေကတော့

လူသားတွေရဲ့အပူတွေနဲ့သူတို့ ပါတ်သက်ဆက်နွယ်ခြင်းမရှိသလိုအေးဆေးငြိမ်သက်။

အစကတော့ ငိုပွက်ဆူညံနေတဲ့ နေရာလေးက “ဂျိန်း”ဆိုတဲ့အသံကြီးရဲ့အဆုံးမှာ

ခဏလေး တိတ်ဆိတ်သွားပေမယ့် တအိအိ ရှိုက်ငိုသံလေးတွေကတော့ သဲ့သဲ့ကလေး ထွက်ပေါ်နေဆဲ။

သိပ်မကြာခင်အချိန်လေးမှာ လူတစ်ယောက်လောကထဲက ထွက်ခွာပြီဆိုတာကို  အတည်ပြုပေးနေတဲ့

မီးခိုးမျှင်လေး တွေ မီးသင်္ဂြိုဟ်စက်ခေါင်းတိုင်က စတင်ထွက်ပေါ်လို့လာပါတယ်။

“သွားပေတော့ ဘွပုတ် ရေ”လို့ စိတ်ထဲက တီးတိုးရေရွှတ်နေဆဲမှာဘဲ

ကိုကြီးရေ”ဘွပုတ်”တော့သွားပြီနော် လို့ နုတ်ဆက်တာကို

သက်သေပြနေတဲ့ မီးခိုးလေး မှိုင်းမှုိုင်းလေးတွေက တစထက်တစ်စ ပိုပိုများလို့လာပါတယ်။

မီးခိုးငွေ့လေးများနဲ့ အတူ စိတ်တွေက ကျနော်တို့ရဲ့ အတိတ်ကိုခဏပြန်သွားနေမိပါတယ်။

လေလွင့်တေပေနေခဲ့တဲ့ကာလတွေမှာ ကျနော်တစ်ယောက်ထဲအထီးကျန်နေတယ်လို့ ခံစားမိတိုင်း

လောကကြီးမှာ ဓလေ့ထုံးစံတွေ ယုံကြည်မှု့တွေ မရှိရင်သိပ်ကောင်းမှာဘဲလို့လဲ

နာနာကျင်ကျင် တွေးမိရာတွေ တွေးမိခဲ့ဘူးပါတယ်။

ဒီထုံးစံတွေကြောင့်ဘဲ ကျနော်နဲ့ ညီမလေး “ဘွပုတ်”တို့နှစ်ယောက်ကြားမှာ

ဘဝတွေမခြားဘဲ အဝေးကြီးဝေးခဲ့ကြရတာကိုး။

 

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

 

၁၉၆၆ခုနှစ်ရဲ့ အချိန်မဟုတ်အခါမဟုတ် မိုးတွေသဲသဲမဲမဲရွာနေတဲ့ စနေနေ့ အရုဏ်တက်မှာ

လူ့လောကကြီးထဲကို ကျနော်ရောက်လာပါတယ်။

သို့သော်လည်းကျနော်မွေးခါ အချိန်လေးမှာဘဲ

“နေတက်ရေတက် စိတ်ထက်သဟဲ့ သားဦးစနေမီးလိုမွှေမဟဲ့” ဆိုတဲ့အယူအဆတွေကြောင့်

မွေးကင်းစ ကလေးကျနော်အပေါ် ဓါးထမ်းလို့ကျော်မယ်အလုပ်မှာ ကျနော်အဖိုးက အပြင်းအထန်ကန့်ကွက်ခဲ့ပါသတဲ့။

အဖိုးကိုမလွန်ဆန်နိုင်တော့ အားလုံးက မလုပ်ရဲ့ကြပေမယ့် စိတ်ထဲမှာတော့မချင့်မရဲ။

အိမ်ထောင်စုအကြီးကြီးတစ်ခုရဲ့သားအကြီးက မွေးဖွားပေးလိုက်တဲ့ ပထမဦးဆုံး မြေးအကြီးဆုံးကျနော်၊

ပိန်သေးသေးကျစ်ကျစ် နီတာရဲလေးကျနော်ကိုအချစ်ပိုခဲ့ကြပါသတဲ့။

ဘာဘဲပြောပြော အထိုက်အလျောက် စီးပွားရေးအဆင်ပြေတောင့် တင်းတဲ့

မိသားစုကြောင့် ကျနော့်ဘဝလေးက အစကောင်းခဲ့တယ်ဆိုလဲ မမှားပါဘူး။

 

အဲဒီအချိန်တုံးက အဖေက မန်းလေးမြို့ အရှေ့ဘက်မှာရှိတဲ့ ပုသိမ်ကြီးမြို့မှာတာဝန်ကျနေပါတယ်။

ကျနော်တို့အားလုံးက နန်းရှေ့က အဖေ့ရဲ့ အိမ်မှာ အကုန်စုပြီးနေခဲ့ကြတာပေါ့။

ကျနော်တို့နေတဲ့ခြံကြီးထဲမှပန်းပင် သီးပင်စားပင်အစုံရှိပါတယ်။

အိမ်အဝင်ဝမှာ စွယ်တော်ပင်ညီနောင်ရှိပါတယ်။

အခုလိုဆောင်းမှာ အပွင့်တွေဝေနေပုံက ချစ်စရာ။

အိမ်ရှေ့မှာစံပယ်ခင်း ဇွန်ပန်းခင်း နဲ့ နှင်းဆီခင်း။

ဇွန်ပွင့်ချိန် စံပယ်ပွင့်ချိန် လသာညများဆို တစ်ခြံလုံးကို မွှေးမြ။

အိမ်ဘေးမှာတော့ စားလဲစား အရိပ်လဲရတဲ့ သရက်ပင်နဲ့ မာကလာပင် မန်ကျီးပင်တွေ၊

အိမ်အနောက်ဘက်ခြမ်းမှာတော့ ချဉ်ပေါင် ခရမ်း နဲ့ ဘူးစင်လေးတစ်စင်ရှိပါတယ်။

အိမ်ရဲ့ အနောက်မြောက်ဘက်မှတော့ ဧကရာဇ်ပင် အခုလိုဆောင်းတွင်းဆိုတစ်ခြံလုံးမွှေးနေအောင်ပွင့်တာပေါ့။

နောက်ဖေးရေချုးိတဲ့နားက ကန်လေးထဲက ကန်စွန်းခင်းလေးက လဲစိမ်းနုမြမြ။

လပြည့်ညများဆိုရင် ကန်စွန်းညွှန့်လေးတွေက မိုးကိုမျှော်နေပုံက အင်မတန်လှပ။

 

ခြံတစ်ခြံလုံးကို ရေမြောင်းတွေယှက်သွယ်လို့ထားပါတယ်။

ကျနာ်တို့ခြံရဲ့ မြောက်ဘက် သုံးအိမ်ကျော်လောက်မှာ မန်းလေးကျုံးထဲကိုရေသွင်းတဲ့မြောင်းလေးရှိပါတယ်။

ကျနော်တို့အိမ်အပါအဝင် အဲဒီနားက အိမ်တွေအားလုံးက ဒီမြောင်းရေလေးကိုသွယ်ပြီးယူကြပါတယ်။

ခြံထဲမှာ စိုက်ထားတဲ့ အပင်တွေအတွက် ဒီမြောင်းရေကိုဘဲ သုံးကြတာပေါ့။

ပူပြင်းလောင်မြိုက်တဲ့မန်းလေးမြို့ကြီးဆိုတဲ့ အသုံးအနူန်းက ကျနော်တို့နေတဲ့နန်းရှေ့ခြံလေးနဲ့မသက်ဆိုင်သလို

သစ်ပင်ပန်းမာလ်တွေနဲ့ ရာသီမရွေးစိမ်းစိုအေးမြ။

ကျနော်ရဲ့ငယ်ဘဝလေးကလဲအတော်လေးအေးချမ်းခဲ့ပါတယ်။

ဆေးတံခဲရင်း စာဖတ်နေတတ်တဲ့အငြိမ်းစားကျောင်းဆရာကြီးဖြစ်တဲ့အဖိုးရယ်

အိမ်မူ့ကိစ္စတွေနဲ့အမြဲအလုပ်ရှုပ်နေတတ်တဲ့အဖွားရယ်၊

အလုပ်ပိတ်ရက်တွေမှသာ ဒီအိမ်ကို ပြန်လာတတ်တဲ့ ကျနော့်အဖေနဲ့အမေရယ်၊

တယ်လီဖုန်းရုံးမှာ အော်ပရေတာလုပ်တဲ့ လူပျိုသားအလတ် “ဆွေဆွေ”ရယ်၊

အိမ်မကွာ အိမ်မကွာ ဈေးထည်တွေကိုလက်ခစားနဲ့ ချုပ်တဲ့ သမီးအပျိုကြီး “တင်တင်”ရယ်

မန်းလေးတက္ကသိုလ်တက်နေတဲ့ကျောင်းသား” မော်မော်”ရယ်၊

အားလုံးရဲ့ အချစ်တွေစုနေတဲ့ကျနော်ရယ် ရှိနေပြီး

ရေဒီယိုသံလေးအမြဲလွင့်ပျံ့နေတတ်တဲ့ပျော်စရာကောင်းတဲ့အိမ်ကလေးပါဘဲ။

 

စနေတနင်္ဂနွေကျောင်းပိတ်ရက်တွေမှာဆိုတာနဲ့ မြို့ထဲမှာနေကြတဲ့ အဖိုးအဖွားတို့ရဲ့

နှစ်ဖက်ဆွေမျုးိတွေကအိမ်ကိုလာကြရင်သူတို့သားသမီးတွေ မြေးတွေပါ ခေါ်လာကြတော့

အိမ်မှာလူတွေစည်ကားလို့ နေပါတယ်။

ဒီလိုရက်မျုးိဆိုရင် လူကြီးတွေက မုန့်တီတို့ မြီးရှည်တို့ ခေါက်ဆွဲကြော်စတာတွေကို

ထမင်းလွတ်စားဘို့ စကားတပြောပြောနဲ့ချက်ကြ ပြုတ်ကျ။

ကျနော်တို့ ညီအကိုမောင်နှမ ဝမ်းကွဲ အုပ်စုကြီးကလဲ ခြံထဲမှာနည်းမျုးိစုံနဲ့ဆော့ကြ။

မောရင်အိမ်ထဲပြေးဝင် တွေ့ရာမုန့်ကို ဆွဲလာပြီး အလုအယက်စားကြ၊

ဘာမှမရှိရင် သစ်ပင်ပေါ်က မာကလာပင်က အူနီသီးတွေကို ဆွတ်ပြီးစားကြ။

အဲလိုများ တဟေးဟေး တဟားဟားနဲ့ ဆော့နေကြရင် သစ်ပင်အောက်က

ပက်လက်ကုလားထိုင်တစ်လုံးပေါ်မှာ

ပုံ့ပုံကြီးထိုင်ရင်း စာဖတ်နေတဲ့အဖိုးက ပြုံးပြုံးကြီး ကြည့်လို့နေတတ်ပါတယ်။

တစ်ခါတစ်လေ ကစားရင် မောင်နှမတစ်တွေ သူတစ်ခွန်းငါတစ်ခွန်း ငြင်းကြခုန်ကြရင်

အဖွားထွက်လာပြီး “ဟင်းးးးးးးးးးးးးနော်”လို့အော်လိုက်ရင် အားလုံးငြိ်မ်ပါဘဲ။

တော်ကြာ “လူစုခွဲ မကစားနဲ့တော့ ခြေလက်ဆေး  အားလုံးအိမ်ပေါ်တက်”လို့

တစ်ချက်လွတ်အမိန့်တွေ ထုတ်လာမယ့်အဖွားကိုကြောက်လို့ပါ။

အလုပ်ဖွင့်ရက်သူတို့တစ်တွေ ကိုယ့်အိမ်ကိုပြန်ကြပြီဆိုရင် ကျနော်မှာယောင်ချာချာနဲ့

တစ်ယောက်ထဲပျင်းပြီးကျန်ခဲ့ရပါတယ်။

အဲတော့လဲ အရုပ်တွေနဲ့တစ်ယောက်ထဲဆော့၊

ပျင်းလာရင် “တင်တင် “စက်ချုပ်တဲ့နားမှာအဝတ်ဖြတ်စတွေနဲ့တော့ချင်ဆော့။

ညနေဆိုရင်အဘိုးနဲ့ကျုံးနံဘေးကိုလမ်းလျောက်ထွက်။

တစ်ခါတစ်ခါတော့ အဖွားနဲ့နန်းရှေ့ဈေးကိုလိုက်တဲ့အခါလိုက်ပေါ့။

တစ်ခါတစ်လေ “မော်မော်”သွားလေရာလိုက်ပေါ့။

အဖေအမေနဲ့က တစ်ပါတ်မှတစ်ခါတွေ့ရတော့ ကျနော်က သိပ်မခင်တွယ်ပါဘူး။

သူတို့လာပြန်ရင်လဲ အလတ်ကောင်ကိုဘဲ ဂရုစိုက်တတ်တော့ ကျနော်က သူတို့နဲ့သိပ်မသက်ဆိုင်သလိုပါဘဲ။

“ဆွေဆွေ”ကတော့ သူရုပ်ရှင်သွားတိုင်း၊ဗထူးကွင်းကိုဘောလုံးပွဲသွားကြည့်တိုင်းခေါ်ပါတယ်။

ကလေးဘဝကတော့ စားမယ်ဆော့မယ်ပျော်မယ် အပူအပင်ကင်းပါတယ်။

***************************************************

 

နောက်မှသိလာရတာကတော့ အဲဒီအချိန်က အိမ်မှာ မုန်တိုင်းထန်စပြုတဲ့အချိန်ပါဘဲ။

ကျနော်မမွေးခင်သုံးနှစ်လောက် မှာ မြန်မာပြည်နိုင်ငံရေးအကွေ့အချိုးဖြစ်သွားခဲ့တာပါဘဲ။

ရွေးကောက်ပွဲနဲ့တက်လာခဲ့တဲ့ အစိုးရကိုဖြုတ်ချပြီး ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့စစ်တပ်က

နိုင်ငံအာဏာကိုသိမ်းပိုက်လိုက်ပါတယ်။

အရင်းရှင်စနစ်ကို ချုပ်ငြိမ်းစေပြီး မြန်မာဆိုရှယ်လစ်လမ်းစဉ်နဲ့တိုင်းပြည်ကိုစတင်မောင်းနှင်ခဲ့တဲ့

အချိန်တွေပေါ့။

နောက်တော့ အရင်ရှင် အရင်ရှင်းဆိုတဲ့ဆောင်ပုဒ်နဲ့အညီ မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့

စီးပွားရေးလုပ်ငန်းတွေကိုပြည်သူပိုင်သိမ်းပါတော့တယ်။

နောက်ပြီး လယ်လုပ်သူသာလယ်လုပ်ပိုင်ခွင့်ရှိရမယ်ဆိုတဲ့ မူသစ်အရ လယ်မလုပ်ဘဲ လယ်ပိုင်ထားတဲ့သူတွေ

ဆီကနေ လယ်မြေတွေကို သိမ်းပိုက်ပါတော့တယ်။

အဲဒီမှာ ရေနံချောင်းနယ်သားအဘိုးရဲ့ ဇာတိရွာက လယ်တွေလဲ အသိမ်းခံလိုက်ရတော့

ခါတိုင်းလို သီးစားခ မရတော့ပါဘူး။

သူ့မြေတွေကိုလဲ ရွာမှာရှိတဲ့ ဆွေမျိုးတွေကိုလွှဲပေးလိုက်ရပါတယ်။

အဲဒီရက်ကစပြီး အဖိုးတစ်ယောက် စိတ်ထိခိုက်ပြီး ငေးတေးငိုင်တိုင်ဖြစ်သွားပါတယ်။

နောက်အဖွားမှာလဲ စိတ်ထိခို်က်စရာတွေပေါ်လာပြန်ပါတယ်။

အဖွားတို့က အနွယ်တော်တွေလို့ပြောပါတယ်။

အရင်ကတော့ အဖွားတို့အတွက် အစိုးရဆီက လစာတော်ရတယ်ပြောပါတယ်။

အခုနောက်တက်လာတဲ့အစိုးရလက်ထက်မှာ မပေးတော့ပါဘူးတဲ့။

အဖွားတို့ မှာ လစာတော် ရတာ မရတာထက် အပစ်ပယ်ခံရတဲ့အတွက်စိတ်ထိခို်က်ရပါတယ်။

ဟိုအရင်ရှေးရှေးက ရာဇာဆီ့ရာဇာသွေးတွေ အခုခေတ်မှာအဖိုးမတန်ဖြစ်ရလေခြင်းဆိုပြီး

ဝမ်းနည်းပါသတဲ့။

နောက်အဖိုးကလဲ ပင်စင်ယူ။

တက္ကသိုလ်ကျောင်းသားကလဲရှိဆိုတော့ အဖွား အထုပ်ကလေးကို ထုခွဲပြီးစားနေရတာကြာခဲ့ပါပြီ။

ကျနော်သူငယ်တန်းကျောင်းသားဖြစ်တဲ့နှစ်မှာဘဲ ကျနော့်အဖိုး ကွယ်လွန်သွားပါတယ်။

အဖိုးဆုံးတော့ အသားတွေတစ်ကိုယ်လုံးဝါထိန်နေပါတယ်။

အခုခေတ်လိုပြောရင်တော့ အသားရောင်အသားဝါရောဂါပေါ့။

အဖိုးမဆုံးခင်လေးမှာတင် “ဆွေဆွေ “တစ်ယောက်အိမ်ထောင်ကျပါတယ်။

သူ့အိမ်ထောင်ဖက်က လဲ အစိုးရဝန်ထမ်းပါဘဲ။

အိမ်ထောင်ကျပြီးမကြာခင်မှာ “ဆွေဆွေ”ကလဲ မြေလတ်ပိုင်းကိုနယ်ပြောင်းသွားရပါတယ်။

နယ်ပြောင်းရတော့ သူအမျိုးသမီးက အလုပ်ထွက်ပြီး ဆွေဆွေ နောက်လိုက်သွားပါတယ်။

အဲဒီနှစ်မှာဘဲ အဖေက လဲ ပုသိမ်ကြီးကနေ မြစ်ငယ်ဘက်ကိုပြောင်းသွားပါတယ်။

ကျနော်ကတော့ အဖွားတို့နဲ့ဘဲနေခဲ့ပါတယ်။

 

 

တဖြည်းဖြည်းနဲ့ ဆိုရှယ်လစ်စနစ်ကြီးအားကောင်းလာတော့ အဖွားတို့လို့

ဆွေတော်မျုးိတော်တွေ အနွယ်တော်တွေကလဲ တဖြည်းဖြည်းနဲ့ မှိန်ဖျော့လို့သွားပါတယ်။

သူတို့လို တူရာလူတွေစုမိရင်သာ လက်ထက်တော်ကြီး(မင်းတုန်းမင်းခေတ်)
လက်ထက်တော်ကလေး(သီပေါမင်းခေတ်) တွေကအကြောင်းတွေကို သူတို့မယ်တော်တွေတော် ခမည်းတော်တွေပြောခဲ့တာတွေ ကို တသသ နဲ့ပြောမကုန်နိုင်အောင်ပါဘဲ။

တစ်ခါတစ်လေ နန်းတွင်းကို သွားလည်ကြတဲ့အခါ အုဌ်ခုံကြီးသာ ကျန်တော့တဲ့ နန်းတော်နေရာကိုမြင်ရင်

အဖွားတို့မှာ ပုဝါလေးတတို့တို့နဲ့မျက်ရည်စို့ကြပါတယ်။

ကျနော်မွေးတဲ့နှစ်က မြန်မာပြည်မှအကြွေစေ့အပေါ့ စေ့တွေစထုတ်ပါတယ်။

 

ဟိုအရင်ကဆိုရင်ငါးပြားစေ့၊ဆယ်ပြားစေ့ ၊မတ်စေ့၊ငါးမူးစေ့၊ကျပ်စေ့အားလုံး အလေးစေ့တွေပါ။

၁၉၆၆ခုနှစ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တစ်ပိုင်းပုံနဲ့ အပေ့ါစေ့လေးတွေစထုတ်တာ

အမှတ်တရပါဘဲ။

အဲဒီနှစ်ကစလို့ ရာသီဥတုမမှန်တော့ ကောက်ပဲသီးနှံတွေပျက်၊လူမျိုးရေးအဓိကရုန်းတွေဖြစ်နဲ့

တိုင်းပြည်မှာအတော်လေးဒုက္ခရောက်လို့ငတ်မွတ်ခေါင်းပါးတဲ့ဒဏ်ကိုခံကြရပါတယ်။

အဲဒီနှစ်တွေမှာ လူအများစုက ထမင်းတောင်မစားနိုင်ဘဲ ဂျုံကိုပြောင်းစားကြရပါတယ်။

ပြည်သူ့ဆိုင် တွေက ပေးတဲ့ဆန်တွေမှာလဲ ဆန်နဲ့ဇကွဲရောထားတာကို ဆန်ပုလဲဆိုပြီး

ရောင်းပါတယ်။

အားလုံးဒုက္ခရောက်ကြတော့ ကျနော်တို့ လဲ အများနည်းတူပေါ့။

အရင်လိုအလုပ်မရှိထောက်ပန့်ကြေးမရဆိုတော့ အထုပ်ဖြည်စားနေရတဲ့ အဖွားတို့ ဆွေမျိုးတစ်သိုက်လဲ ဒုက္ခရောက်ကြတာပေါ့။

အဖိုးဆုံးပြီး မကြာခင်မှာဘဲ ဆွေဆွေနဲ့ မမစော တို့က

မန်းလေးကိုပြန်ပြောင်းလာပြီး ကျနော်တို့နဲ့အတူလာနေပါတယ်။

သူတို့နဲ့အတူချစ်စရာကောင်းလှတဲ့ ညီမလေးတစ်ယောက်ပါလာပါတယ်။

သူတို့ပြောင်းလာတော့ ပါလာတဲ့ညီမလေးကို ကျနော်အရမ်းချစ်ပါတယ်။

ဖြူဖွေး ဝတုတ်လေးမို့ ချစ်စနိုး” ဘုတ်ပွ” လို့ခေါ်ကြပါတယ်။

ဒါပေမယ့်ကျနော် က “ဘွပုတ်” လို့ပြောင်းပြန်မှားခေါ်မိတာကနေ က အတည်ဖြစ်သွားပါတယ်။

ကျနော်အောက်မှာက ညီလေးတစ်ယောက်ဘဲရှိတော့

“ဘွပုတ်” ကလေးကသာ ကျနော်အတွက်ချစ်စရာ့ညီမလေးဖြစ်လို့နေပါတယ်။

လူလစ်တာနဲ့ “ဘွပုတ်”ကလေးအနားကပ်ပြီး ပါးလေးနမ်းလိုက် လက်ကလေးဖျစ်လိုက်

ဆိုတော့ လူကြီးတွေက တဟဲ့ဟဲ့ နဲ့နေရပါတယ်။

ကျောင်းကပြန်လာရင်လဲ “ဘွပုတ်”လေးနားကမခွာ။

မိန်းကလေးဖြစ်ပေမယ့်သွားလေသူအဖိုးနဲ့မျက်နှာပေါက်ဆင်တူနေပါတယ်။

ပိုကြီးလာလေ တူလေလေပါဘဲ။

နောက်တော့ အသားဖြူရုံတင်မကဘူး ဝဖိုင့်ဖိုင့်ပုံ့စံပေါက်ပြီးအရပ်ကြီးကလဲရှည်လာပါတယ်။

အိမ်လာတဲ့လူတိုင်းကလဲ အဖိုးနဲ့တူလိုက်တာလို့ ပြောကြတော့

တဖြည ်းဖြည်းနဲ့ “ဘွပုတ်” ကအဖွားအချစ်တော်ဖြစ်မှန်းမသိဖြစ်လာပါတယ်။

ပိုပြီးဇာတ်ရှိန်မြင့်လာတာကတော့ “ဘွပုတ်” လေးစကားစပြောချိန်ပါဘဲ။

သူ ပထမဆုံးစတတ် စကားလုံးလေးကတော့ “အမ”ပါတဲ့။

မပီမသနဲ့ အဲဒီစကားလုံးလေး “ဘွပုတ်”ဆီကထွက်လာတော့ အဖွားမျက်ရည်ကျပါတယ်။

အဲဒီနေ့ကစပြီး အဖွားရဲ့ အချစ်တွေက “ဘွပုတ်”ဆီကိုပုံကျသွားပါတော့တယ်။

အဖွားထက်အသက် သုံးနှစ်ငယ်တဲ့အဖိုးက အဖွား ကို “ အမ“လို့သေတပန်သက်တစ်ဆုံးခေါ်ခဲ့လို့ပါဘဲ။

အဲတော့ ဘယ်သူမှ အထူးတလည်မသင်ရဘဲ သူစတတ်တဲ့ “အမ”ဆိုတဲ့

စကားလုံးကလေးက အဖွားစိတ်ထဲမှာ “ဘွပုတ်”လေးက အဖိုးဝင်စားတယ်လို့ တစ်ထစ်ချ ယုံကြည်သွားစေခဲ့ပါတယ်။

“ဘွပုတ်”ကိုလိုလေသေးမရှိထား၊

မျက်နှာအညိုမခံ အငိုမခံနဲ့ အိမ်ရဲ့ခေါင်ချုပ်ဖြစ်သွားပါတယ်။

“ဘွပုတ်”လေးရဲ့နာမယ်ကို လဲ “ထိပ်ထားခင်”လိုအမည်မှည့်ပေးလိုက်ပါတယ်။

တစ်မျိုးလုံးတစ်ဆွေလုံးကလဲ အဖွားချစ်တယ်ဆိုမှတော့ “ဘွပုတ်”လေးကို သဲသဲလှူပ်ပြကြပါတယ်။

ဆွေမျုုးိတွေစုံတဲ့နေ့များမှာဆိုရင် “ ထားထား “ ဆိုတဲ့အသံတွေက တစ်အိမ်လုံးဝေစည်။

ကျနော်က ဘေးရောက်မှန်းမသိရောက်သွားပါတယ်။

ဒီလောက် ဖူးဖူးမူတ်ပြီး အလိုလိုက်နေတော့ “ဘွပုတ်”ကလဲ အခွင့်အရေးတွေယူတတ်လာပါတော့တယ်။

ကျနော်နဲ့ကျန်တဲ့ညီအကိုမောင်နှမတွေ ပျော်ပျော်ရွှင်ရွှင်ကစားနေပြီဆိုရင် သူက ပွဲမပျက်ပျက် ပျက်အောင်

ပြဿနာရှာတတ်ပါတယ်။

ကလေးချင်း ဆော့ကြ ကစား ကြလို့များ သူအနိုင်မရရင် သူ့စိတ်နဲ့မတွေ့လို့အချင်းချင်း စကားများကြရင်

“ငါ့တို့အိမ်……………နောက်မလာခဲ့နဲ့” တို့

“ကိုကြီးလဲ ကိုယ့်အိမ်ကို အိမ်ပြန်နေတော့”တို့

“ငါ့ ဟာတွေ ……………..မကိုင်ရဘူး”တို့ဆိုပြီးအရွယ်နဲ့ မမျှတဲ့စကားတွေကိုပြောတတ်လာပါတယ်။

ကျန်တဲ့ညီအကိုမောင်နှမတွေက သူ့အလိုကို မလိုက်ဘူးဆိုရင် ငိုယိုပြီးအဖွားကိုသွားတိုင်တော့

ကျနော်တို့ဘဲအဆူခံရပါတယ်။

အဲတော့ ကစားရတာ သူပါရင်မပျော်တော့ပါဘူး။

ခေါ်ပြီး မကစားတော့ပြန်ဘူးဆိုရင်လဲ အဖွားက ဆူပါတယ်။

ပြောရရင်တော့ အရင်လောက်ပျော်စရာမကောင်းတော့ပါဘူး။

တစ်ခုခုဖြစ်လိုက်ရင် အဖွားက “ဘွပုတ်” ဘက်ကဘဲလိုက်ပြီးတစ်ဖက်သတ်ဆုံးဖြတ်တော့တာကိုး။

“ဘွပုတ်” ကျောင်းစနေရ တဲ့အချိန်မှာသူ့အဖေ “ဆွေဆွေ”ကလည်း ရာထူးတက်ပါတယ်။

အဖေကတော့  ဟိုးဝေးလဲခေါင်းပါးတဲ့ ကချင်ပြည်နယ်ဘက်ကို ပြောင်းရပြန်ပါတယ်။

အစက ဒီနှစ်ကုန်ရင် အဖေတို့နဲ့ဘဲ ပြန်နေမယ်လို့ စိတ်ကူးထားခဲ့ပါတယ်။

အဖေတို့ဆီလိုက်နေဘို့လဲအဆင်မပြေ၊

အဘွားကလဲ အရင်လို ကျနော့်ကို မျက်နှာသာမပေးဆိုတော့ မနေချင်ပေမယ့်လည်းရွေးစရာလမ်းမရှိ။

ကျနော်တို့ဆွေမျိုးများကလဲ အဖွား မျက်နှာသာပေးတဲ့  “ဘွပုတ်” ကိုဘဲဝိုင်းပြီး  “မ”ကြတာကတော့

အမြင်ကပ်စရာ။

ကျနော်မှာဖြေသာတာတစ်ခုက “တင်တင်” ကကျနော်ဘက်မှာရှိနေသေးတာပါဘဲ။

ကျန်တဲ့သူတွေဘယ်လိုဆက်ဆံဆက်ဆံ ကျနော်ပေါ်အချိုးမပြောင်းတာကတော့ “တင်တင်”ပါဘဲ။

ကျနော်လည်း ကျောင်းပိတ်ရက်ဆိုရင် စစ်ကိုင်း နန္ဒဝန်ရပ်ကွက် မှာနေတဲ့အမေ့ဘက်က အဖွားအိမ်ပြန်နေလိုက်

ကျောင်းဖွင့်ရင် နန်းရှေ့အိမ်ပြန်နေလိုက်နဲ့ပေါ့။

နန်းရှေ့အိမ်မှာ အရင်ကလို မပျော်ပေမယ့် စစ်ကိုင်းအိမ်ရောက်ပြန်တော့လဲ မန်းလေးအိမ်ကိုပြန်ချင်မိပါတယ်။

ဒီအိမ်မှာက လူနည်းပြီးကစားဖော်ကလေးကနည်းတာကိုး။

အိမ်နီးနားခြင်းအိမ်မှာကလဲ မိန်းကလေးတွေချည်းဘဲဆိုတော့ ကစားဖော်မရှိပါဘူး။

နောက်ကိုယ့်ဝင်းကိုယ့်ခြံနဲ့ကိုယ် သီးသန့်စီနေကြတော့ ပျင်းစရာကောင်းလှပါတယ်။

မန်းလေးနေပြန်ရင် လဲ “ဘွပုတ်”နဲ့တကျက်ကျက်ဆိုတော့ အဆူခံထိပါတယ်။

စစ်ကိုင်းပြန်နေတော့ပျင်းပါတယ်။

အဖေတို့ရောက်နေတဲ့တောထဲကိုလဲ လိုက်မနေနိုင်ပါဘူး။

အဲတော့ ကျနော်ရဲ့အဖော်တွေက ကာတွန်းစာအုပ်တွေနဲ့မဂ္ဂဇင်းတွေဘဲဖြစ်လာပါတော့တယ်။

ဒီလိုနဲ့ဘဲအပြောင်းအလဲနည်းပါးလှတဲ့ဘဝကြီးကိုဖြတ်သန်းနေရင်းက စစ်ကိုင်းတစ်လှည့် မန်းလေးတစ်

လှည့်နေလိုက်နဲ့ဘဲ အချိန်တွေကုန်လာခဲ့ပါတယ်။

တစ်အိမ်ထဲနေပေမယ့် ကျနော်က “ဘွပုတ်”ကို ခပ်တန်းတန်းဘဲနေပါတယ်။

မတော်လို့များ သူနဲ့ ငြိရင် အဖွားနဲ့ဆက် စကားပြောနေရမှာစိုးတော့  မေးတစ်ခွန်းခေါ်တစ်ခွန်းဘဲနေပါတယ်။

ကျနော်ကလဲ ကျောင်းစာထက်စာရင်အပြင်စာဘက်ကို အားသန်လို့လာပါတယ်။

အဲတော့ ဆယ်တန်းနှစ်ခါကျပါတယ်။

အရင်က အတန်းထဲမှာ အဆင့် နှစ် သုံးကနေမဆင်းခဲ့တဲ့ကျနော် စာမေးပွဲခဏခဏကျတော့ အဘွားက ငြိုငြင်ပါတယ်။

“ဘွပုတ်” ကတော့တစ်နှစ် တစ်တန်းမှန်မှန်အောင်တဲ့အပြင် နံပါတ် တစ်နှစ်က မဆင်းပါဘူး။

သူက အဲလိုတော်လေလေ အဖွားက ကျနော်ကိုနှိပ်ကွပ်လေလေပါဘဲ။

အဲတော့ ကျနော်ကလဲ “ဘွပုတ်”ကို မျက်မုန်းကျိုးလေလေပါဘဲ။

ထူးခြားတာတစ်ခုကတော့ တစ်နှစ်ထက် တစ်နှစ် “ဘွပုတ်” ကပိုလှလှ လို့လာတာပါဘဲ။

သူ့အမေက ရှမ်းသွေးနွယ်တော့ သူ့အသားလေးက ဝင်းဖန့်ဖန့် နဲ့  စိုစိုပြေပြေ။

သူဆယ်တန်းနှစ် ကျနော် တက္ကသိုလ်တတိယနှစ်အရောက်မှာ ပြဿနာတက်ပါတယ်။

ပထမ တစ်ခုက ကျနော်သူငယ်ချင်းတစ်ယောက်က သူ့ကို သွားပြီး ရီးစားစာပေးမိတာပါဘဲ။

အဲလိုပေးတော့ “ဘွပုတ်”က ကျနော်မြှောက်ပေးတယ်ဆိုတဲ့ပုံစံနဲ့ အဖွားကိုတိုင်ရော။

အဖွားကကျနော်လာပြောတော့ သူဖာသာသူကြိုက်လို့ပေးတာ မကြိုက်ရင်ငြင်းလို့ရတာဘဲလို့

ကျနော်ကလဲပြန်ပြောမိလိုက်တော့

ကိုယ့်ညီမကိုယ် မစောင့်ရှောက်ဘူး လို့ ကျနော်ကို အဖွားက စွဲချက်တင်ပါတယ်။

 

နောက်အဖွားက အားလုံးကိုအမိန့်တစ်ခုထုတ်ထားပါတယ်။

ဘယ်သူမှ “ဘွပုတ်”လို့မခေါ်ရဘူး။

“ထိပ်ထား” ဒါမှမဟုတ် “ ထားထား“လို့ဘဲခေါ်ရမယ်လို့ အမိန့်ထုတ်ထားပါတယ်။

ဖြစ်ချင်တော့ တစ်ရက် ကျနော်ကလဲ သူငယ်ချင်းတွေနဲ့ရုပ်ရှင်သွားကြည့်ပါတယ်။

“ဘွပုတ်”ကလဲ သူ့သူငယ်ချင်းတွေနဲ့ ရုပ်ရှင်လာကြည့်ပါတယ်။

သူနဲ့ရုပ်ရှင်ရုံမှာတွေ့တော့ ကျနော် ပါလာတဲ့ပိုက်ဆံကုန်သွားရော။

“ဘွပုတ်” ရေ လို့ခေါ်ပြီး ပိုက်ဆံချေးမိပါတယ်။

သူက အဖွားကို်တိုင်ပြောတယ်နဲ့တူပါဘယ်။

အိမ်လဲရောက်ရောအဖွားက ကျနော် ကို ပက်ပက်စက်စက် ဆူပါတယ်။

“ဘွပုတ်”လို့ခေါ်တာကတစ်ပြစ် သူ့သူငယ်ချင်းတွေရှေ့မှာ  ပိုက်ဆံချေးတာက တစ်ပြစ်။

ကျနော်လဲ ဘာမဟုတ်တာလေး နဲ့အဆူခံရတော့ စိတ်လေပါတယ်။

“ဘွပုတ်”ကလဲ ကျနော်တွေ့တာနဲ့ မျက်နှာထားတင်းတင်းနဲ့ဆက်ဆံတော့

ပိုအခံရခက်ပါတယ်။

အဲဒီနှစ်က ကျနော် ကျောင်းတက်ချိန်မပြည့်လို့ စာမေးပွဲကျပါတယ်။

နောက်နှစ်ဆက်တက်တော့ “၈၈၈၈  “အရေးအခင်းနဲ့ဆုံပါတော့တယ်။

ဒီအရေးအခင်းမစခင်ကတည်းက သူငယ်ချင်းတွေက အိမ်ကိုလာလာခေါ်ပါတယ်။

အဖွားက ဒီလိုမျိုး နိုင်ငံရေးတွေဘာတွေလုပ်တာ မကြိုက်ပါဘူး။

ကျနော်ကလည်း

သူငယ်ချင်းတွေလာခေါ်ရင် ပါသွား၊

ညမိုးချုပ်သန်းခေါင်မှအိမ်ပြန်ဆိုတော့ ညည တံခါးဖွင့်ပေးရတဲ့ “ဘုတ်ပွ”ကလည်းငြူစူ။

အဖွားကမနက်မိုးလင်းရင်ပွစိပွစိ။

ဒါပေမယ့်လဲသာမန်အဆင့်လောက်သာရှိတဲ့ ကျနော်တို့ကတန်းစီလှည့်ဘို့လာခေါ်

ရင်လိုက်တာလောက်ဘဲရှိတော့ အရေးအခင်းပြီးသွားတော့အေးဆေးပါဘဲ။

 

နောက်ဆုံးတစ်ခေါက်ပြဿနာတက်တာကတော့ ကျနော်နဲ့မပါတ်သက်တဲ့ကိစ္စပါဘဲ။

သူငယ်ချင်း ကိုမြတ်အောင် နဲ့ ကျနော် လက်ဖက်ရည်ဆိုင်အတူထိုင်ဖြစ်ကြပါတယ်။

သူက ကျနော်ဆီက ပိုက်ဆံချေးတော့ ပေးလိုက်ပါတယ်။

နောက်သူနဲ့လမ်းခွဲပြီးနောက်သူငယ်ချင်းတစ်ယောက်နဲ့ လိုက်သွားပါတယ်။

ညနေတော်တော်မှောင်တော့ ကျနော်အိမ်ပြန်လာတဲ့အခါ အိမ်မှာကျနော်မသိဘူးတဲ့သူတွေရော

ရပ်ကွက်က လူကြီးတွေပါရောက်နေပါတယ်။

ကိုမြတ်အောင် မိန်းမခိုးပြေးသွားလို့ လိုက်လာကြပါတဲ့။

ဖြစ်ချင်တော့ ကိုမြတ်အောင်က အိမ်ထောင်သည်ဖြစ်နေပါသတဲ့။

ကျနော်ကလည်း သူနဲ့အမြဲပေါင်းတဲ့သူမဟုတ်တော့ မသိပါဘူး။

ကျနော်နဲ့နေ့လည်က အတူထိုင်တာမြင်တဲ့လူက သတင်းပေးလို့လာရှာကြတာပါတဲ့။

သူတို့လဲပြန်သွားရော အားလုံးက ကျနော်ကို ဝိုင်းအပြစ်တင်ကြပါတယ်။

ကျနော်ကလဲ ကိုယ်နဲ့မပါတ်သက်တာကိုလာအပြစ်တင်တော့ ပြန်ပြော။

အဲတော့ တစ်အိမ်လုံးဆူပွက်ပေါ့။

အဖွားတို့က ဒီလို လာအမေးခံရတာ ရှက်တယ်ပေါ့။

အဲဒီမှာ အဖွားရော ကပါ

“ ဒီစနေကောင် ဂြိုဟ်ကို မွှေတယ် “လို့ပြောလိုက်တာကို ကျနော်အနာကျည်းဆုံးပါဘဲ။

နောက်နေ့မနက်ကျနော်ဘယ်သူမှနုတ်မဆက်ဘဲ စစ်ကိုင်းကိုထွက်လာခဲ့ပါတယ်။

တကယ်လို့များညမထွက်ရအမိန့်ထုတ်မထားရင် အဲဒီညကတည်းက အိမ်ကဆင်းလာမှာ

အသေအချာပါဘဲ။

အဲလိုပြန်လာပြိးတဲ့အချိန်ကစလို့မန်းလေးအိမ်ကို လုံးဝခြေဦးမလှည့်တော့ တာပါ။

ဆက်လဲမဆက်သွယ်တော့ပါဘူး။စိတ်ထဲမှာ နာကျဉ်းချက်အပြည့်နဲ့ပေါ့။

မတွေ့တာမှ အဖေ့ဘက်က ဆွေမျုးိသားချင်းတွေနဲ့လုံးဝကို မတွေ့တော့ပါ။

ကျောင်းတက်နေရင်းတန်းလန်းက အရေးအခင်းကြောင့် ကျောင်းတွေပိတ်ချိန်

စာတွေနဲ့အဆက်ပြတ်လို့အသွား။

ကိုယ်ပိုင်သံစဉ်ကို အရူးအမူးဖက်တွယ်နေကြတဲ့ ဂီတသူငယ်ချင်းတွေနဲ့အတူရေစုန်မျောရင်း

ဘဝကြီးကြီးထဲမှာအလိုက်သင့်။

ကျောင်းလဲဆက်မတက်ချင်တော့။

စစ်ကိုင်းနေလိုက် ဗောဓိကုန်းက သူငယ်ချင်းတွေအဆောင်မှာနေလိုက်နဲ့

နေချင်သလိုနေပေါ့။

အဲလိုနေရင်းက   ဂီတလောကထဲကိုရောက်သွားပါတယ်။

ဒါပေမယ့်လဲဖြစ်ဖြစ်မြောက်မြောက်မဟုတ်။

သီချင်းလေးတပုဒ်ရေးလိုက် သူများကိုဆိုပြလိုက် ကြိုတယ်ဆိုကျေနပ်လိုက်။

ကိုယ်သီချင်းလေးတွေကိုရောင်းလိုက်ရတယ်ဆိုရင် ဘဝတူသူငယ်ချင်းတွေနဲ့

ဝိုင်းဖွဲ့လို့ စားလိုက်သောက်လိုက်။

စိတ်တူတဲ့သူငယ်ချင်းတွေနဲ့ မရှိအတူ ရှိအတူ ငတ်တလှဲ့ပြတ်တလှဲ့နဲ့

အနုပညာတောထဲမှာပျော်မွေ့လို့နေခဲ့တာနှစ်ပေါင်းများစွာ။

တကယ်ဖြစ်မြောက်အောင် အားစိုက်ပြီးမလုပ်ခဲ့တော့ ရှေ့မရောက်ဘူးပေါ့။

စားစရာရှိရှိ မရှိရှိ ဂစ်တာလေး တဒေါင်ဒေါင်ခေါက်ရင်း ရင်ထဲက ခံစားချက်များကို ကဗျာအဖြစ်

သီချင်းအဖြစ်ပြောင်းလဲနေရင်းကျေနပ်လို့နေခဲ့ပါတယ်။

တစ်ခါတစ်ခါ သတိရမှ စစ်ကိုင်းအိမ်ကိုပြန်ပါတယ်။

အိမ်ရောက်ပြန်ရင်လဲနွေးထွေးစွာကြိုဆိုမယ့်သူမရှိ။

အသက်အရွယ်နှစ်ဆယ်ကျော်ပေမယ့် ကျောင်းလဲမတက် စီးပွားမရေးလဲမလုပ်တဲ့

ပြောမရဆိုမရ သားမိုက်တစ်ယောက်ကို အားလုံးက ဘေးမဲ့ပေးထားသလို။

စားစရာသောက်စရာ ပူပင်စရာမလိုပေမယ့်  အထီးကျန်ဆန်ဆန်နေရတဲ့ စစ်ကိုင်းအိမ်မှာလဲ

မပျော်ပိုက်တော့ ခဏဘဲနေပြီး သူငယ်ချင်းတွေရဲ့အဆောင်ကိုပြန် နေတာများပါတယ်။

 

ဆံပင်ရှည်ရှည် မုတ်ဆိတ်မွေးထိုးထိုးထောင်ထောင် လူက ညှင်းသိုးသိုး၊

ဂျင်းဘောင်းဘီအပြာလွင့်လွင့် တီရှပ်နွမ်းနွမ်း ပုခုံးမှာလွယ်အိတ်ခပ်နနတစ်လုံးကိုလွယ်

လက်ထဲမှာဆေးပေ့ါလိပ်တို နဲ့လမ်းပေါ်မှာလွင့်နေတဲ့ကျနော်နဲ့ တက္ကသိုလ်ကျောင်းသူပေါက်စ

လက်ဝတ်လက်စားတွေ ခေတ်ပေါ်အဝတ်အစားတွေနဲ့တောက်ပနေတဲ့

“ဘွပုတ်”တို့လမ်းမှာဆုံကြရင် သူ့မျက်နှာမှာ စိတ်မသက်သာတဲ့အရောင်တွေပြောင်းသွားသလိုပါဘဲ။

တေပေလေလွင့်ပြီး ယောင်နေတဲ့လူကို အကိုတော်ရမှာရှက်နေသလိုပါဘဲ။

နောက်တော့ ကျနော်က ဘဲ သူနဲ့တွေ့နိုင်တဲ့နေရာကို ရှောင်ပါတယ်။

တစ်ခါတစ်လေတော့ လဲ ငယ်က ချီပွေ့ပြီး ချစ်ခဲ့ရတဲ့ ညီမလေး နဲ့ အခုလို တစိမ်းပြင်ပြင် ဘဝမျိုး

ဖြစ်နေတာကိုတွေးမိရင် ဝမ်းနည်းသလိုလို ဖြစ်ပေမယ့် ဆုံလိုက်တိုင်း အထင်သေးသလိုလို

စက်ဆုပ်တာလိုလို ရှက်တာလိုလို နဲ့ကြည့်တတ်တဲ့ သူ့မျက်ဝန်းတွေကိုတွေ့မိရင်

စိတ်ထဲမှာ မကျေနပ်မူ့တွေ့ပြည့်လျံလာသလို မုန်းတီးစိတ်တွေဘဲ  တင်ကျန်ရစ်ခဲ့ပါတယ်။

 

တစ်ရက်စစ်ကိုင်းအိမ်ကိုပြန်တဲ့အချိန် အဖေရောက်နေတာနဲ့ဆုံပါတယ်။

အဖေ က အဖွား သိပ်နေမကောင်းတဲ့အကြောင်းပြောပြပါတယ်။

ကျနော်ကိုလည်း တစ်ခေါက်လောက်သွားကြည့်ဘို့ ပြောပေမယ့် စိတ်ထဲမှာ

ဘယ်လိုမှ သွားချင်စိတ်ပေါ်မလာတော့ မသွားဖြစ်ခဲ့ပါဘူး။

တစ်ရက် ကျောင်းဘက်က “ယူနီစန်” လက်ဖက်ရည်ဆိုင်မှာ

ကျနော်တို့အဖွဲ့ထိုင်နေတုန်း  ဒီတ ီဆိုင်ကယ်တစ်စီးဝေါကနဲအသံတွေပေးပြီးထိုးရပ်တာနဲ့

လှမ်းကြည့်လိုက်တော့  “ဘွပုတ်”နဲ့ ကောင်လေးတစ်ယောက်။

ကျနော်လဲ တစ်ချက်ဘဲလှည့်ကြည့်ပြီး သူငယ်ချင်းတွေနဲ့ဆက်စကားပြောနေပါတယ်။

ခဏနေတော့ “ကိုကြီး” လို့ခေါ်သံကြားလို့မော့အကြည့် ထူးထူးဆန်းဆန်း ကျနော့်ဘေးနားကို

လာရပ်နေတဲ့ “ဘွပုတ်”ကိုတွေ့ရပါတယ်။

“အမ က ကိုကြီးကိုတွေ့ချင်လို့တဲ့ အိမ်ကိုလာအုံး” လို့ဆိုပြီး သူ့ကောင်လေးထိုင်နေတဲ့ခုံကိုပြန်သွားပါတယ်။

အဲဒီကပြန်လာတော့ ကျနော့်စိတ်တွေအလုပ်တွေရှုပ်ကုန်ပါတယ်။

သွားတွေ့ရင်ကောင်းမလား မကောင်းဘူးလားပေါ့။

အကြောင်းသိနေတဲ့ ဇော်မင်း ကတော့ သွားတွေ့သင့်တယ်လို့ပြောပါတယ်။

အဲဒါနဲ့ဘဲနောက်နေ့မနက် စက်ဘီးလေးနင်းပြီးနှစ်ပေါင်းများစွာဝေးကွာခဲ့တဲ့

အဖွားရှိနေတဲ့အိမ်ကို သွားဖြစ်ခဲ့ပါတယ်။

အဖွားမှာထူးထူးထွေထွေရောဂါမရှိပေမယ့် အသက်ကြီးလာပြန်တော့လဲ

ဟိုနားက နာ ဒီနားက နာနဲ့တရှောင်ရှောင်ပေါ့။

ကျနော်ရောက်လာမယ်မထင်မိတော့ အဖွားမှာ တအံ့တဩ။

“တင်တင်”ကတော့ ကပျစ်ကညစ်နဲ့ ဖြစ်ချင်သလိုဖြစ်နေတဲ့ ကျနော့်ကိုကြည့်ရင်း

မျက်ရည်တွေလည်လို့နေပါတယ်။

သူတို့ကိုမြင်တော့ ကျနော်ရင်ထဲမှာလဲဆို့နင့်လို့လာပါတယ်။

နောက်တော့ မာကြောင်းသာကြောင်းစကားတွေပြော.။

‘နေနိုင်လိုက်တာ “နိုင်နိုင်”ရယ် ‘လို့ ကျနော့်ကိုကြည့်ရင်း “တင်တင်”ကပြောတော့

စိတ်ထဲမှာ မကောင်းလှပါဘူး။

အဲဒီအချိန်အပြင်ကပြန်လာတဲ့ “ဘွပုတ်” က ကျနော်ကိုတစ်ချက်ဘဲလှည့်ကြည့်ပြီး

အိမ်ပေါ်တက်သွားတာ ပြန်ဆင်းမလာတော့ပါဘူူး။

ငယ်ငယ်က အတူနေခဲ့တဲ့ အကိုဝမ်းကွဲ တစ်ယောက် အိမ်ကိုခဏလာတဲ့အခိုက်နုတ်ဆက်သင့်တယ်လို့ထင်ပါတယ်။

“တင်တင် “က ထမင်းစားပြီးမှ ပြန်လို့ပြောပေမယ့် ကျနော်စိတ်ထဲမှာနေချင်စိတ်မရှိတော့ပါဘူး။

ဒါနဲ့ဘဲ အဘွားနဲ့ “ တင်တင်” ကိုကန်တော့ပြီး ပြန်မယ်အလုပ် အခန်းထဲက ထွက်လာတဲ့

“ဘွပုတ်” တို့အမေက

“နိုင်နိုင် နင်လဲ လိမ်လိမ်မာမာနေရမယ့်အရွယ်ရောက်ပြီ”လို့ပြောလိုက်တဲ့အချိန်

စိတ်ထဲမှာထောင်းကနဲ့ ဒေါသတွေထွက်သွားပါတယ်။

“ဒေါ်လေးရေ ကျနော် ဝင်ငွေကောင်းတဲ့အလုပ်တစ်ခု မရှိတာကလွဲရင် ခုချိန်ထိ ဘယ်သူ့ကိုမှ

ဒုက္ခမပေးပါဘူး”လို့ပြောပြီးလှည့်ထွက်လာပါတယ်။

အဲဒီအချိန်အိမ်ပေါ်ကဆင်းလာတဲ့ “ဘွပုတ်” က

“သူ့မိဘတောင် မနိုင်လို့ လွှတ်ထားတာ မေမေက အလကားနေရင်း သွားပြောနေတယ်”လို့

သူ့အမေကိုပြောသံကြားတဲ့အချိန် စိတ်ထဲမှာဖျဥ်းကနဲဖြစ်သွားပေမယ့် ပြန်လှည့်မကြည့်ဘဲ စက်ဘီး

ကိုတွန်းထွက်လာခဲ့ပါတယ်။

နောက်ဘယ်တော့မှ ဒီအိမ်ကိုမသွားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။

သွားရင်းလာရင်းက  “ဘွပုတ်”နဲ့သူ့ကောင်လေးကို မကြာခဏတွေ့နေပေမယ့် မမြင်သလို

မသိသလိုဘဲ ဥပေက္ခာပြုထားလိုက်ပါတယ်။

အကြောင်းသိတဲ့သူငယ်ချင်းတစ်ချို့ကတော့ “ဘွပုတ်”နဲ့တွဲနေတဲ့

ကောင်လေးက ပိုက်ဆံချမ်းသာတဲ့ကျောက်သူဌေးသားလို့ပြောပါတယ်။

ဒါပေမယ့်  မိန်းကလေးနဲ့ပါတ်သက်ရင် သိပ်စည်းမရှိဘူးလို့သိရပေမယ့်

ကျနော်ကတော့ သူတို့ကိစ္စထဲ ဝင်မပါချင်တော့ ဘာမှသိပ်မပြောဖြစ်ပါဘူး။

ကျနော့်သူငယ်ချင်းတွေကလဲ “ဘွပုတ်” ကောင်လေးက ဒီပြင်ကောင်မလေးတွေနဲ့

တွဲနေတာကို မြင်တော့ ကျနော်ကိုပြန်ပြောပြပါတယ်။

ကျနော်ကလဲ မနေနို်င်မထိုင်နိုင်နဲ့ “ဘွပုတ်” သူငယ်ချင်းတစ်ယောက်ကတစ်ဆင့်

ဒီအကြောင်းလေးကိုပြောပြလိုက်မိပါတယ်။

အဲတစ်ရက်တော့ “ဘွပုတ်” ကျနော်ဆီကိုလိုက်လာပါတယ်။

“ ကိုကြီးး              ကျနော်တို့ကိစ္စထဲ ဝင်ပါစရာအကြောင်းမရှိဘူး”

လို့ လေသံခပ်မာမာနဲ့ပြောပြီးထွက်သွားပါတယ်။

သိပ်မကြာခင်မှာဘဲ  ကျနော်သီချင်းတွေကို ဝယ်ချင်တယ်လို့ ဆက်သွယ်လာတဲ့

သူနဲ့တွေ့ဘို့ ရန်ကုန်ကို ဆင်းသွားခဲ့ပါတယ်။

ကံကောင်းချင်တော့ ကျနော်သီချင်းတော်တော်များများရောင်းလိုက်ရပါတယ်။

အဲတော့ ရန်ကုန်မှာဘဲသောင်တင်လို့နေပါတယ်။

တကယ်တော့လဲ ရန်ကုန်မှာနေမှသာ ဘယ်နေရာမဆိုရှေ့ရောက်တဲ့ခေတ်ကာလဆိုတော့

အနုပညာလုပ်ချင်တယ်ဆိုရင်လဲ ရန်ကုန်မှာရှိမနေရင်အောင်မြင်မူ့လမ်းပေါ်ကို မရောက်နိုင်ပါဘူး။

ကိုယ်ဝါသနာပါတာလေးနဲ့ထမင်းရှာစားရတော့ဘယ်လိုဘဲပြောပြော ပျော်ပါတယ်။

အဲလို့နေရင်းက တစ်ရက်တော့ မန်းလေးကိုပြန်လာဘို့ စစ်ကိုင်းအိမ်က လှမ်းခေါ်ပါတယ်။

အရေးကြီးတယ်လို့လဲပြောတော့ မပြန်မဖြစ်ပြန်ခဲ့ရပါတယ်။

စစ်ကိုင်းအိမ်ရောက်တော့ အဖွားလေဖြတ်ပြီးအိပ်ယာထဲလဲနေတာရယ်

“ဘွပုတ်” ပြဿနာတက်နေတယ်ဆိုတာရယ်သိလိုက်ရပါတယ်။

နောက်နေ့မနက်စောစော ကျနော် နန်းရှေ့ကို သွားလိုက်တော့

အိ်ပ်ယာထဲမှာဘဲနေရတဲ့ အဖွားဆီကို အရင်သွားတွေ့ရပါတယ်။

အဖွားကကျနော်ကိုစကားတွေပြောချင်နေပေမယ့် မပီမသဘဲပြောနိုင်ပါတယ်။

ကျနော်အဖွားနားကို သွားတော့

“နိုင်နိုင်ရေ အဖွားတော့ ဘုတ်ပွ ကိုစိတ်ချလက်ချဖြစ်အောင်စီစဉ်ချင်ပြီ”လို့ကျနာ့်ကို

မပီမသဲနဲ့တိုးတိုးလေးပြောပါတယ်။

အဖွားနားမှာအတော်ကြာကြာနေပေးနေတုန်း အကူခေါ်ထားတဲ့စပယ်ရှယ်နပ်စ်မလေးက

အဖွားကိုသန့်ရှင်းရေးလုပ်ပေးတော့မယ်ပြောလာတာနဲ့ အခန်းထဲကထွက်ပြီး

“တင်တင် “နဲ့သွားစကားပြောနေလိုက်ပါတယ်။

“ဘွပုတ်”အရိပ်အယောင်မမြင်လို့မေးကြည့်မှအခန်းအောင်းနေတယ်ဆိုတာကို သိရပါတယ်။

“နိုင်နိုင်ရေ မပြောမဖြစ်တော့ ပြောရအုံးမယ် ထားထား ကောင်လေးက သူ့ကိုပစ်သွား

တာနဲ့ အမိုက်မ ကအိပ်ဆေးတွေသောက်တယ်လေ။

သိတာနည်းနည်းလေးစောလို့မသေတယ် ။

ကုန်လိုက်တဲ့ပိုက်ဆံက လဲ သောက်သောက်လဲပါဘဲ။

သူ့ကို ကုရတာရော အမူ့အခင်းမဖြစ်အောင်လိုက်လုပ်ရတာကြောင့်ကုန်တာပါတဲ့။

အခုအိမ်ထဲက အိမ်ပြင်မထွက်ဘဲ အခန်းအောင်းနေလေရဲ့”လို့ပြောပါတယ်။

ကျနော်လဲ နေ့လည်ပိုင်းရောက်တော့ စစ်ကိုင်းကိုပြန်လာခဲ့ပါတယ်။

ကျနော်ရန်ကုန်ကိုနောက်တစ်ခေါက်ပြန်ရောက်သွားတဲ့အချိန်မှာ အဖွားဆုံးသွားပါတယ်။

ကျနော်က ခရီးလွန်နေတော့ မပြန်ဖြစ်လိုက်ပါဘူး။

အဖွားမရှိတော့တဲ့အချိန်မှ  “ဘွပုတ်” အဖေက ရာထူးတက်ပြီး ပြင်ဦးလွင် ကိုပြောင်းသွားရပြန်ပါတယ်။

အဲတော့အိမ်မှာ  “ဘွပုတ်”နဲ့ “တင်တင် “နှစ်ယောက်ထဲပြန်ကျန်နေခဲ့ပါတယ်။

“ဘွပုတ်”မှာ နှုလုံးရောဂါ ရှိနေတယ်လို့ လဲသတင်းကြားရပြန်ပါတယ်။

 

ကျနော်လဲ ရန်ကုန်မပြန်ချင်တော့စစ်ကိုင်းနေလိုက် မန်းလေးက သူငယ်ချင်းတွေနဲ့သွားနေလိုက်ပါဘဲ။

အဖေအမေတို့က ကျနော်ကို အိမ်ထောင်ပြုစေချင်ပါတယ်။

တစ်ရက်တော့ အဖေနဲ့အမေက ကျနော်အိမ်ထောင်ပြုဘို့အကြောင်းပြောကြပါတယ်။

အဲဒီမှာ ကိုယ့်နားကိုယ်မယုံနိုင်အောင် ကြားလိုက်ရတာက အဖွား မဆုံးခင်က

ကျနော်နဲ့  “ဘွပုတ်”ကိုလက်ဆက်ပေးချင်ခဲ့ပါသတဲ့ဆိုတာလဲကြားရော

ကမ္ဘာကြီးပြောင်းပြန်လန်သွားသလားတောင်ထင်မိပါတယ်။

အဲလိုအဖွားက ပြောတာကို “ဘွပုတ်”ကလဲ လက်ခံပါသတဲ့။

ကျနော်သာ လက်ခံမယ်ဆိုရင် လက်ထပ်ပါမယ့်လို့လဲပြောပါသတဲ့။

အဖေတို့က အဖွားမရှိတော့ပေမယ့် အဖွားဆန္ဒတွေကိုဖြည့်ပေးချင်တယ်လို့ပြောတော့

ကျနော်က အဖေရာ မောင်နှမဝမ်းကွဲတွေ ဘယ်လိုလုပ်ဖြစ်နို်င်မှာလဲလို့ပြောတော့

အနွယ်တော်တွေဆိုတာ ဒီလိုဘဲ လက်ဆက်ခဲ့ကြတာဘာဆန်းလို့လဲလို့ပြန်ဖြေပါတယ်။

ကျနော်ကတော့ လုံးဝမဖြစ်နိုင်ဘူး အဲဒီခေတ်တွေကုန်ပြီလို့ဘဲပြောခဲ့ပါတယ်။

အရင်ကတော့  “ဘွပုတ်”ကို ညီမအရင်းတစ်ယောက်လိုချစ်ခဲ့ပါတယ်။

ဒါပေမယ့် အဖွားရဲ့အချစ်တွေကို ကျနော့်ဆီက လုယူသွားတယ်လို့ ခံစားရတာရယ်

ကျနော်အပေါ်ကို သူ တစ်ဖက်စောင်းနင်း ဆက်ဆံတာတွေကြောင့် စိတ်ထဲမှာမုန်းတီးမိခဲ့တာအမှန်ပါဘဲ။

တစ်သက်လုံးမောက်မောက်မာမာဆက်ဆံခဲ့သူက အဖွားကလက်ထပ်ပေးမယ်ဆိုတာကို လက်ခံတယ်

ဆိုတာကြားရတော့ အံ့ဖွယ်သူရဲပါဘဲ။

ကျနော်ဘက်ကတော့ဘယ်လိုမှလက်မခံနို်င်တာအမှန်ပါဘဲ။

အဲလိုနေရင်းက ကျနော်ရန်ကုန်ကို သီချင်းကိစ္စနဲ့ပြန်ဆင်းသွားပါတယ်။

ကျနော့်ကိစ္စပြီးပေမယ့် မန်းလေးသားအဆိုတော်အသစ်တစ်ယောက်သီချင်းခွေ

သွင်းတာကို ကူညီလုပ်ကိုင်ပေးနေရင်းကရန်ကုန်မှာအတော်လေးကြာသွားပါတယ်။

ကျနော်အိမ်ပြန်ရောက်တော့ အမေက စာလေးတစ်စောင်ထုတ်ပေးပါတယ်။

“ဘွပုတ်”ပေးထားတာလေးပါ။

အမေက “လူကြုံနဲ့ပါးလိုက်တာ ရောက်နေတာအတော်ကြာပြီ အခု “ထားထား”နဲ့ “တင်တင် “က

မေမြို့လိုက်နေကြတယ်………….

ထားထားကလဲ သိပ်ကျန်းမာရေးမကောင်းဘူး။

နှစ်ယောက်ထဲထားခဲ့ရတာကို  “ အစော “စိတ်မချလို့တဲ့…………………….

နောက်နေမယ့်သူမရှိတဲ့အတူတူ ခြံကြီးကိုလဲရောင်းဘို့ဆိုင်ထားပြီးပြီ”လို့ပြောပါတယ်။

အမေပြောတာကိုနားထောင်ပေးပေမယ့်  “ဘွပုတ်”ရဲ့စာကိုတော့ဖွင့်မဖတ်ဘဲ ခုံပေါ်ပစ်တင်ထားလိုက်ပါတယ်။

ဖတ်ဘို့ မလိုဘူးလို့ထင်တာရယ် စာဖတ်ပြီး စိတ်မတိုချင်တာရယ်ကြောင့်ပါ။

သူကကျနော်အပေါ်အမြဲတမ်း အထက်စီးကဘဲဆက်ဆံလာတာကိုး။

 

နောက်နှစ်လလောက်နေတော့  “ဆွေဆွေ”ဆီက ဖုန်းလာပါတယ်။

“ထားထား” အတော်လေးနေမကောင်းဖြစ်နေတာ အိပ်ယာထဲလဲနေတယ်

နိုင်နိုင်ကို တွေ့ချင်တယ်လို့ပြောနေတယ်ဟာ” လို့ပြောသွားတယ်လို့

အမေကပြန်ပြောပါတယ်။

နောက်ရက်တော့ အဖေနဲ့ အမေတို့ မေမြို့ကိုကားငှားပြီးလိုက်သွားကြပါတယ်။

မသွားခင် အမေက”နိုင်နို်င်”လိုက်မှာလားလို့ မေးတော့ ကျနော်ခေါင်းခါပြလိုက်တဲ့အခါ

အဖေက “မင်းအသဲက တော်တော်လေးကို မာ နေပြီနော်”လို့ပြောသွားပါတယ်။

ကျနော် “ဘွပုတ်”ကို မတွေ့ချင်တာက အရင်ကတော့ စိတ်ထဲမှာမကျေနပ်ချက်အခံတွေကြောင့်

အခု ပိုပြီးမတွေ့ချင်တာက မျက်နှာပူလို့။

ငယ်ကတည ်းက နေခဲ့တဲ့ ညီမလေးနဲ့ လက်ထပ်ရမယ်ဆိုတာကြီးက တွေးကြည့်ရင်စိတ်ထဲမှာ

ဘယ်လိုမှခံစားလို့မရလို့ပါ။

နောက်ရက်တော့ အမေတို့ပြန်လာကြပါတယ်။

“စိတ်မကောင်းဘူး နိုင်နိုင်ရယ်။

အရင်က ပြည့်ပြည့်ဖြိုးဖြိုးလေးရှိနေတဲ့ သူက အခုအရိုးပေါ်အရေတင်။

အိပ်ယာပေါ်မှာပက်လက်။

အမေတို့ကိုမြင်တော့ “ကိုကြီးရော ကိုကြီးရော” နဲ့ တဖွဖွမေးနေတယ်။

ရန်ကုန်သွားနေတယ်လို့ ညှာပြောရတော့ တာပေါ့၊။

မင်းမပါဘူးလဲဆိုရော မျက်နှာလေးညီုးပြီး ဟိုဘက်လှည့်ပြီး တသိမ့်သိမ့်နဲ့ငိုနေရှာတာ။

သွားတွေ့လိုက်ပါကွယ်”လို့အမေပြောပေမယ့် ကျနော်စိတ်ထဲမှာတော့ ဘယ်လိုမှမနေပါဘူး။

အဖေပြောသလို ကျနော့်အသည်းတွေက တကယ်များမာကျောနေပြီး လားမသိပေမယ့်။

ခွင့်မလွှတ်နိုင်တာလာ းဥပေက္ခာပြုထားနိုင်တာလားတောင် ကိုယ့်ကိုကိုယ်မခွဲခြားနိုင်တော့ပါဘူူး။

 

နောက်ဆယ်ရက်လောက်နေတော့ ညနေစောင်းလေးမှာ “ဘွပုတ်” ဆုံးသွားပြီဆိုပြီးဖုန်းလာပါတယ်။

အဖေကတော့ မျက်နှာမကောင်းပါဘူး။

အမေကတော့ ဒီသတင်းလဲကြားရောရှိုက်ကြီးတစ်ငင်ငိုပါတယ်။

နောက်တော့ အဖေက ကားစီစဉ်ပြီး ချက်ခြင်းဘဲမေမြို့တက်ဘို့စီစဉ်ပါတယ်။

ကျနော်ကိုတော့ လိုက်မလား မလိုက်ဘူးလားတောင်မမေးတော့ပါဘူး။

စိတ်ကုန်သွားတယ်နဲ့တူပါတယ်။

အဲတော့အိမ်မှာတစ်ယောက်ထည်းကျန်ခဲ့ပါတယ်။

ညမိုးချုပ်လာတော့ ငယ်က အကြောင်းတွေကို ပြန်တွေးမိရင်း “ဘွပုတ်”ကို သတိရလို့လာပါတယ်။

အဲတော့မှ သူပေးခဲ့တဲ့စာလေးကို သတိရမိပါတယ်။

စာလေးကတော့ ကျနော်စားပွဲပေါ်မှာ ဖုန်တွေတက်လို့ နေပါတယ်။

ကျနော်လဲဒီစာကို ဖွင့်ဖတ်ဘို့ မဖတ်ဘို့ ချီတုံချတုံ။

နောက်ဆုံးတော့ ဖတ်ဘို့ ဆုံးဖြတ်လိုက်ပြီး စာအိတ်လေးကိုဖောက်လိုက်ပါတယ်။

ညီညာဝိုင်းစက်လှပတဲ့ “ဘွပုတ်”ရဲ့လက်ရေးလှလှလေးက ကျနော်နှစ်သက်လွန်းတဲ့အပြာနုရောင်

စာရွက်လေးပေါ်မှာအစီအရီ။

 

ချစ်တဲ့ကိုကြီးရေ

 

ပထမဆုံးပြောချင်တာကတော့  “ဘွပုတ်” ကိုကြီးကိုအရမ်းချစ်တယ်ဆိုတာပါဘဲ။

ကိုကြီးကတော့ “ဘွပုတ်”ကို နာကျည်းမုန်းတီးနေတာကို သိပါတယ်။

“ဘွပုတ်”ဘက်က မှားခဲ့တာတွေအများကြီးထဲက အမှားဆုံးတစ်ခုကတော့

ကိုကြီးကို “ဘွပုတ်”ချစ်တယ်ဆိုတာကို သိအောင်မပြခဲ့ဘဲ အရွှဲ့တိုက်ခဲ့မိတာပါဘဲ။

အပွင့်လင်းဆုံးပြောရရင် ကိုကြီးနဲ့ “ဘွပုတ်”လက်ထပ်ပေးမယ်လို့သတင်းကြားတော့

အရမ်းကိုပျော်ခဲ့မိတာပါ။

ဒါကြောင့်လဲ “ဘွပုတ်”ကိုယ်တိုင် ကိုကြီးကို အဖွားနဲ့လာတွေ့ဘို့ပြောခဲ့မိတာပေါ့။

အဲဒီနေ့တုံးက အိမ်ပေါ်က ဆင်းမလာတာ “ဘွပုတ်” ရှက်လို့ပါ။

တင်တင် တို့က ကိုကြီးလာရင် လက်ထပ်ဘို့ကိစ္စကိုပြောမယ်လို့ သတင်းပေးထားတာကိုး။

ဒါပေမယ့် ကိုကြီးမျက်နှာ ရှစ်ခေါက်ချုးိကိုကြည့်ပြီး မပြောရဲကြဘူးလေ။

နောက်ပြီး အဲဒီနေ့ကလှေခါးပေါ်တက်ခါနီး “ဘွပုတ်”လှည့်ကြည့်တဲ့အခါ

ကိုကြီးကသာ ညီမလေး လို့တစ်ခွန်းခေါ်ကြည့် ကိုကြီး ကို ခြေသလုံးဖက်တောင်းပန်ဘို့

ဆုံးဖြတ်ပြီးသား။

ဒါပေမယ့် ကိုကြီး က တစ်ချက်လေးတောင်လှည့်မကြည့်တော့  အိပ်ပေါ်ရောက်တာနဲ့

ဒေါသတွေတလိပ်လိပ်တက်လာပါတယ်။

အဲတော့လဲ မရည်ရွယ်တဲ့စကားကြမ်းကြမ်းတွေထွက်ခဲ့မိတာပေါ့။

ဟုတ်ပါတယ် ကျနော်လဲမှားပါတယ်။

ကျနော်က သာ ကိုကြီးရေ လို့ တစ်ခွန်းစခေါ်လိုက်ရင် အခြေအနေတစ်မျုးိပြောင်းသွားခဲ့မယ်ထင်တယ်နော်။

 

ငယ်ငယ်လေးကထဲက ကိုကြီး ကို ချစ်ခဲ့ရတာပါ။

ကလေးကတည်းက ကျနော်ထက် ကျန်တဲ့ ညီကိုမောင်နှမတွေကို ပိုခင်မှာစုးိလွန်းလို့

သူတို့နဲ့ကိုကြီး ပျော်ရွှင်နေတာမြင်ရင် မကြိုက်လို့ ပွဲဖျက်ခဲ့တဲ့သူပါ။

အဲလိုလုပ်လေ ကိုကြီးနဲ့ဝေးလေလေ ဖြစ်တာကို နောင်မှ နောင်တများစွာနဲ့

သဘောပေါက်မိပါတယ်၊

နောက်ပြီး ကိုကြီးက ကျနော်ကို ဂရုမစိုက်ဘဲထားလေ ကျနော်က

ကိုကြီးကျနော်ကိုဂရုစိုက်အောင် လုပ်လေနဲ့လမ်းလွဲခဲ့ကြတာပါ။

နောက်ကျနော်ကျောင်းမှာတွဲခဲ့တဲ့ကောင်လေးကိုလဲကျနော်မချစ်ပါဘူး။

ဒီကောင်ပွေမှန်းသိပါတယ်။

ကိုကြီးကျနော်ကို ဂရုစို်က်လာအောင်လုပ်တာပါ။

အဲဒီတုန်းကလဲ ကိုကြီးက သာ ကျနော်ကိုတိုက်ရိုက်လာပြောရင်

ကျနော်ကိုကြီးစကားကိုနားထောင်ခဲ့မှာပါ။

ကိုကြီးက သူများက တစ်ဆင့်ပြောတာကိုး။

နောက်ကျနော်အိပ်ဆေးတွေသောက်တာက အဲဒီကောင်ကြောင့်မဟုတ်ပါဘူး။

ကိုကြီးမသိသေးတဲ့လျှို့ဝှက်ချက်တစ်ခုပြောရရင် ကျနော်က ကိုကြီးတို့အိမ်နဲ့

သွေးမတော်သားမစပ်တဲ့ သူတစ်ယောက်ဆိုတာ သိသွားခဲ့လို့ပါဘဲ။

ဒါကို တင်တင် နဲ့အဖွားဘဲသိကြပါတယ်။

ကျနော်က မွေးစားသမီးပါ ကိုကြီးရေ။

အဲဒီတော့မှ ကိုကြီးကို ကျနော်ဘာလို့ချစ်နေတယ်ဆိုတာရယ်

အဖွားက လက်ထပ်ပေးမယ်ဆိုတဲ့အချိန်မှာ ကျနော်စိတ်ထဲပျော်နေခဲ့တယ်ဆိုတာကို

သဘောပေါက်မိခဲ့ပါတယ်။

ကိုကြီးနဲ့ကျနော်ဘာမှ မတော်ဘူးလေ။

ဒါပေမယ်. အခုချိန်မှာ အားလုံ့းက ပြီးဆုံ့သွားပြီဆိုတာသေချာသလောက်။

ကိုကြီး ကျနော်အပေါ်မှာ ချစ်စိတ်ဖြစ်လာဘို့နေနေသာသာ မုန်းတီးစိတ်တွေ

လျော့သွားတယ်ဆိုရင်ဘဲ ကျနော်အတော်လေးပျော်မိမှာပါ။

ပြောသာ ပြောရတာပါကိုကြိးရာ ကျနော်အကြောင်းကျနော်အသိဆုးံပါ။

ကျနော်လောကကြီးထဲမှာ သိပ်ကြာကြာနေရတော့မယ်မထင်ပါဘူး။

တစ်ခါတစ်ခါ ရင်ဘတ်ထဲက ထုးိအောင့်လာရင် အသက်ရှူတွေကျပ်လာပါတယ်။

အဲလိုအခါမျိုးဆို သေတော့မလားတောင်ထင်မိပါတယ်၊

ကိုကြီးရေ့ ဒီစာလေးကိုဖတ်မိလို့ ယုံကြည်လာတယ်ဆိုရင်

ပြန်မချစ်တောင်မှ မမုန်းတော့ဘူးလို့ ဆိုတဲ့အနေနဲ့ ပြုံးပြရင်တောင်သေပျော်ပါပြီ၊

ပြောသာပြောရတယ် ဒီစာကို ကိုကြီးဖွင့်ဖတ်တယ်ဆိုရင်

အတော်ကံကောင်းတယ်လို့သတ်မှတ်ရမှာပါနော်

မဖတ်ဘို့ကတော့ %ပြည့်လို့ထင်ပါ၏။

 

                             ကိုကြီးကို ချစ်တဲ့

“ဘွပုတ်”

ဒီစာကိုဖတ်ပြီးတဲ့အချိန် ကျနော်ရင်ထဲမှာ ဘာတစ်ခုမှမကျန်အောင် ဆွဲအထုတ်ခံလိုက်ရသလို

လစ်ဟာလို့သွားပါတယ်။

စိတ်ထဲမှာအတော်လဲဝမ်းနည်းလု့ိလာပါတယ်။

ကျနော် “ဘွပုတ်”ဆီကိုသွားချင်လှပါပြီ။

သူ့မကြားနိုင်တော့ပေမယ့် သူ့လက်ကလေးကို ကိုင်ပြီး

ကျနော်တောင်းပန်ချင်ပါသေးတယ်။

အဲဒီညက ကျနော်တစ်ညလုံးအိပ်မပျော်တော့ပါ။

မနက်လင်းတာနဲ့ မန်းလေးဘက်သွားတဲ့ ကားနဲ့လိုက်။

ပြီးမှ မေမြို့ကားကို တစ်ဆင့်ပြောင်းစီးရပါတယ်။

ကျနော်စီးလာတဲ့ကားက လမ်းမှာဘီးပေါက်တော့ အချိန်တွေနောက်ကျ။

ကျနော်“ဘွပုတ်”တို့အိ်မ်ရောက်တော့ နာရေးကားက တန်းစီလို့ထွက်နေပါပြီ။

ဒါနဲ့ဘဲ ကျနော်နီးရာကားပေါ်ကိုခုန်တက်လိုက်ရပါတယ်။

သချိုင်းရောက်တဲ့အခါ ကျနော်အားလုံးကိုတိုးဝှေ့ပြီး “ဘွပုတ်”ကိုတင်ထားတဲ့တွန်းလှည်းလေးနားကို

အပြေးအလွှားသွား.

ကျနော်ကိုမြင်တော့အားလုံးက မှင်သက်မိလို့ တအံ့တဩနဲ့ငေးမော။

ကျနော်ဘယ်သူကိုမှလဲ မမြင် ရှက်လဲမရှက်နိုင်ပါ။

“ဘွပုတ်”လက်ကလေးကို ကိုင်ရင်း ကျနော်ငိုချမိလိုက်ပါတယ်။

အသံမထွက်ပေမယ့် “ကိုကြီးကိုခွင့်လွှတ်ပါ ချစ်တဲ့ညီမလေးရယ်”ဆိုတဲ့စကားလေးက

ရင်ထဲမှာ ပဲ့တင်ထပ်။

ခဏနေတော့ ကျနော်ကိုဆွဲဖယ်လို့ “ဘွပုတ်”ကို မီးသဂြို်ဟ်စက်ထဲကို တွန်းသွင်းသွားပါတော့တယ်။

*************************************************************

 

 

 

သိပ်မကြာခင်အချိန်လေးမှာ လူတစ်ယောက်လောကထဲက ထွက်ခွာပြီဆိုတာကို  အတည်ပြုပေးနေတဲ့

မီးခိုးမျှင်လေး တွေ မီးသင်္ဂြိုဟ်စက်ခေါင်းတိုင်က စတင်ထွက်ပေါ်လို့လာပါတယ်။

 

မီးခိုးငွေ့လေးများနဲ့ အတူ စိတ်တွေက ကျနော်တို့ရဲ့ အတိတ်ကိုခဏပြန်သွားနေမိပါတယ်။

 

“သွားပေတော့ ဘွပုတ် ရေ”လို့ စိတ်ထဲက တီးတိုးရေရွှတ်နေဆဲမှာဘဲ

ကိုကြီးရေ”ဘွပုတ်”တော့သွားပြီနော် လို့ နုတ်ဆက်နေသလို

မီးခိုးလေး မှိုင်းမှုိုင်းလေးတွေက ကောင်းကင်မှာဝေ့တက်။

 

ပါတ်ဝန်းကျင်တောင်ကုန်းတစ်ခုလုံးအပြည့် နီးပါးလောက် တောထနေတဲ့ နေကြာရိုင်း ပန်းဝါဝါတွေကတော့

လူသားတွေရဲ့အပူတွေနဲ့သူတို့ ပါတ်သက်ဆက်နွယ်ခြင်းမရှိသလို အေးဆေးငြိမ်သက်။

အေးဆေးငြိမ်သက်။

အေးဆေးငြိမ်သက်။

အေးဆေးငြိမ်သက်။

အေးဆေးငြိမ်သက်။

အေးဆေးငြိမ်သက်။

 

ကိုပေါက်လက်ဆောင်အဆွေးပါးပါးလေး

(27-12-2012)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။