ဂဇက်ပွဲ ကတော့ ပြီးမြောက်တာ တစ်ပါတ်တိတိ ရှိသွားပါပြီ..

ဒါပေမယ့် ကျုပ်တို့ရဲ့ ရင်ထဲမှာ ခံစားခဲ့ရတဲ့ အပျော်လေးတွေ၊ ကြည်နူးမှုလေးတွေကတော့ အခုထိ ရှိနေကြဆဲပါ..

ပျော်ပျော်ရွှင်ရွှင်နဲ့ ပြီးဆုံးခဲ့တဲ့ အတွက် စီစဉ်သူများကို လာရောက်ကြသူများ အားလုံးက ကျေးဇူး အထူးတင်ရှိနေမှာ ပါ..

ဒီဂဇက်ပွဲ ဟာ ကျုပ်ကို တော်တော် လေး အကျိုးပြုသွားပါတယ်.. ဘာလို့လဲဆိုတော့.. ဂဇက်ပွဲ မတိုင်ခင် တစ်ပါတ်အလိုက စတင်ခဲ့တဲ့ ကျုပ်ရဲ့ ပို့်စ်လေးတွေဟာ ဂဇက်မန်ဘာတွေအတွက် အသုံးဝင်တဲ့ ပို့စ်လေးတွေ ဖြစ်ခဲ့ ပြီးတော့ ကျုပ်ကိုလဲ ဂန္ဓာရီ ဆြာအုပ် အဖြစ် ခိုင်ခိုင်မာမာရပ်တည် ခွင့်ကို ရရှိခဲ့အတွက်ပါပဲ..

ပွဲမှာရေးဖြစ်ခဲ့တဲ့ ပွဲနဲ့ ပါတ်သတ်တဲ့ ပို့စ်လေးတွေကတော့

  1. P-3 စားသောက်ဆိုင် သို့ ဂန္ဓာရီ လမ်းညွှန် 
  2. မိုင်နိမ်းအစ်.ဂန္ဓာရီ ဆြာအုပ် 
  3. ဂဇက်ရွာစုံညီပွဲတော် အတွက် ပေါက်တတ်ကရ အကြံ 
  4. ဒီနေ့လုပ်တဲ့ ဂဇက်အဖွဲ့ဝင်များဆုံစည်းပွဲ 
  5. ရွာသူ/ရွာသား တွေရဲ့ မိတ်ဆက်စကား –
  6. ဂဇက်ပွဲက ဓာတ်သေများ (၁)-update 
  7. ဂဇက်ပွဲက ဓာတ်သေများ (၂ ) 
  8. ဂဇက်ပွဲက ဓာတ်သေများ (၃) 
  9. ဂဇက်ပွဲက ဓာတ်သေများ (၄) 
  10. ဓာတ်သေ/ဓာတ်ရှင်လိုချင်လျှင် 

စုစုပေါင်း ၁၀ ပို့လောက် ရေးဖြစ်ခဲ့ပြီး အဲဒီ ပို့စ်တွေနဲ့ ပွင့် ၁၀၀၀ လောက်တက်သွား အောင် အကြံ အဖန် လုပ်နိုင်ခဲ့တာကိုးဗျ..

ဒီလိုပျော်စရာကောင်းတဲ့ ပွဲလေးအကြောင်းကို စဉ်းစားရင်း ကွန်ပြူတာထဲက မူဗီ တွေကို ပြန်ကြည့်ရင်း

ကျူပ် အတွေးထဲကို ရောက်လာတာက

ဂဇက်ပွဲမတိုင်ခင် ၁၉ နာရီ

……………………………………………………………………………………

19-1-2012 Saturday 2:30 PM

နက်ဖြန်ဂဇက်ပွဲ ရောက်တော့မယ်. ခုချိန်ထိ ပို့စ်တွေထဲမှာ လာမယ်လို့ရေးသာ ထားတာ သွားရ ကောင်းမလား၊ မသွားပဲနေရ ကောင်းမလားကို ဝေခွဲမရသေး၊ သွားတော့ သွားချင်တယ်.. ဒါပေမယ့် ကျုပ်က ရောက်တာ သိပ်မကြာသေးတော့ ရွာသားတွေနဲ့လဲ အွန်လိုင်းပေါ်မှာ ပဲ တွေ့ဖြစ်တာ..

အရင်ကတော့ ကိုမတ်က ဖတ်တီးကတ် တို့ နဲ့ တွေ့ ဖို့ချိန်းကြပါတယ် ဒါပေမယ့် အဲတုန်းက မတွေ့ဖြစ်တော့ သိမှာလဲမဟုတ်။ ကိုယ့်လဲ မသိကြ သူတို့လဲ ကိုယ်မသိနဲ့ လွန်ခဲ့တဲ့ ၈ နှစ်လောက် ချက်တင် တွေ စပြီး ခေတ်စားကာစက ရလာခဲ့တဲ့ သင်ခန်းစာတွေကြောင့် အွန်လိုင်းက လူတွေနဲ့ ချိန်းဖို့ကို စိတ်မကူးမိတာကြာပေါ့.. ကိုယ့်ကို သိကြတယ်ဆိုရင်တော့ တော်သေးတာပေါ့ ..

ဆြာအုပ်တို့ကတော့ ပေါ်တင်ပဲ ဖေ့ဘုတ်လဲ နာမည်အရင်း ကိုယ့်ဓာတ်ပုံ စစ်နဲ့.. ဂဇက်မှာ ကတော့ ကလောင်နာမည်လေး လုပ်ပြီး အာဗာတာ ကလဲ ကိုယ့်ပုံစစ်စစ်..

အဲအဲ အဲဒီမှာ စဉ်းစားမိလိုက်တာကဘာလဲဆိုတော့ ဆြာအုပ်ရဲ့ အာဗာတာ အတိုင်းဝတ်သွားရင် မသိတဲ့သူရှိနိုင်ပါဦးမလား

အဲဒါနဲ့ အာဗာတာထဲမှာ ၀တ်ပြီးရိုက်ထားတဲ့ ခေါင်းပေါင်း ပိုင်ရှင် အကိုဝမ်းကွဲဆီကို ဖုံးလှမ်းဆက် လိုက်တော့ ဖုံးက ဆက်သွယ်မှု ဧရိယာပြင်ပ.. အိုရှုပ်ပါတယ် သူ့ဆီပဲသွားတော့မယ် ဆိုပြီး မြောက်ဥက္ကလာကို ဂိုးလိုက်တယ်

 3:40 PM

မြောက်ဥက္ကာ အ၀ိုင်းရောက်တော့ ဖုံး လိုင်း မိသွားတယ်.. ဒါပေမယ့်ကြားလိုက်ရတဲ့ စကားက “ငါတို့က ရွာက ပြန်လာတာကွ ခု ဒလ ရောက်ပြီ မင်းလိုချင်တဲ့ ဟာက အိမ်မှာ မရှိဘူး.. ရွာမှာ မင်းက စောစော ကမှ မပြောပဲ သိရင်ယူလာတာပေါ့ကွ” ရွာဆိုတာ ဒလ ကနေ သွားရင် ၆ မိုင်ပဲဝေးပါတယ်.. ကျုပ် က မြောက်ဥက္ကလာ ရောက်နေချိန်မှာ မြောက်ဥက္ကလာမှာရှိတဲ့ အကိုက ဒလရောက်နေပါရောလား.. ပြီးတော့ ကျုပ်လိုချင်တာကလဲ ဒီမှာ မဟုတ်.. အဲဒီတော့

3:48 PM

မြောက်ဥက္ကာကနေ ပန်းဆိုးတန်းကို ဒါရိုက်ရှင်ပြန်ပြောင်းလိုက်တယ်.. စောစောက သာဖုံးလေး ဆက်လို့ရလိုက်ရင် ..စောစောက ဆက်တုန်းကလဲ လိုင်းကမမိဖြစ်နေတာကိုး.. ကျုပ်တို့ရွာကလဲ အဲဒါ ပြဿနာဗျ.. ဒလကနေ ၆ မိုင်ပဲဝေးတယ် ဓနုတ်ဘုရား-လက်ခုပ်ကုန်း သွားတဲ့ လမ်းပေါ်မှာ.. ဆိုင်ကယ်နဲ့ သွားရင် ၁၅ မိနစ်.. အိမ်ကနေ ထွက်ရင် ၁ နာရီ တိတိ ဆိုတာနဲ့ ရွာရောက်တယ်.. အဲလောက် နီးတယ်. ဒါပေမယ့် ရွာထဲကိုဝင်လိုက်တာနဲ့ ဖုံးက ဆက်သွယ်မှုပြင်ပ ဒါ့ကြောင့်လဲ ခုန ဆက်လို့မရခဲ့တာကိုး

 4:10 PM

အင်း.. ဒီအတိုင်းသွားရင် ပိုကြာမယ် ပင်လည်း ပင်ပန်းမယ်.. အဲဒီတော့.. ဒလမှာ နေတဲ့ ၀မ်းကွဲ အကိုလတ်ကို ဖုံး လှမ်းခေါ်လိုက်တယ် .. ကံကောင်းစွာနဲ့ပဲ သူနဲ့တမ်းတိုးတာနဲ့ သူ့ကို ဆိုင်ကယ်နဲ့ ရွာမှာ သွားယူပေးပါ ဆိုပြီးပြောလိုက်တယ် ပြီးရင် ဒလမှာ ပြန်တွေ့ကြမယ်ပေါ့

 5:30 PM

မြောက်ဥက္ကလာကနေ တစ်နာရီခွဲကျော်ကြာပြီး မှ ပန်းဆိုးတန်းကိုရောက်ပါတယ်. ဆိပ်ကမ်းရောက်တော့ ၀င်ခါနီးနေလုံကြီးက ပုဇွန်ဆီေ၇ာင်.. ကင်မလာလေးသာပါလာ ရင် ကောင်းမှပဲ ဆိုတဲ့ အတွေးနဲ့ ညနေဆည်းဆာ နဲ့ ၇န်ကုန်ဆိပ်ကမ်းကို ငေးနေရင် ကူးတို့ သဘောင်္ကို စောင့်နေလိုက်တယ်.. သွားယူပေးတဲ့ အကိုကတော့ ဒလဘက်မှာ ရောက်နေတာ ၄၅ မိနစ်လောက်တောင်ရှိသွားပြီ..

6:00 PM

သူ့ဆီက မှာလိုက်တဲ့ပစ္စည်းရပြီး ဘီယာတိုက် ကျေးဇူးဆပ်လိုက်တယ်လေ..

7:10 PM

အိမ်ပြန်ရောက်တော့ ၇ နာရီကျော်သွားပြီပေါ့.. ရောက်တော့မှ မှာလိုက်တဲ့ ပစ္စည်းကို ဖွင့်ပြီး ဆောင်းကြည့်လိုက်တယ်.. ခုမှပဲ ဟုတ်သွားတော့တယ်.. ဒီလိုသာဆို ကျုပ်က ဂန္ဓာရီ ဆြာအုပ် ဆိုတာ ပြောစရာမလိုပဲ သိသွားကြမှာ တော့ အမှန်အကန်ပေါ့ဗျာ.. ဟက် ဟက် ဟက်.. အဲသလိုနဲ့ပဲ .. ပွဲတက်ဝတ်ဆုံ စီစဉ်ပြီးတဲ့ သကာလ ပထမ အစီအစဉ်တုံးက လိုက်ချင်လှချည်ရဲ့ ဆိုပြီး လိုက်ခဲ့ မယ်ဆိုတဲ့ လေဒီအုပ်ဟာ ကျုပ်ရဲ့ ပွဲတက်ဝတ်ဆုံကြောင့် ဘယ်လိုမှကို ခေါ်လို့မရတော့ပါဘူး

10:50 PM

အွန်လိုင်းဝင်တုန်း ကလုလင်နဲ့ စကားပြောဖြစ်တယ်.. ဓာတ်ပုံဘယ်လိုရိုက်ကြမလဲ ဆိုပြီးတော့ အွန်လိုင်းမှာ တိုင်ပင်ကြတယ်.. ကိုဘလက်ကြီးမလာဖြစ်တော့ ကလုလင်လဲ တစ်ယောက်ထဲဖြစ်နေတာကြောင့် ကင်မလာ ယူသွားဖို့ စဉ်းစားလိုက်တယ်.. မနက်ဖြန် တွေ့ရမယ့်လူတွေကို ပုံဖော်ကြည့်ရင်း အိပ်လိုက်တယ်

20-1-2012 Sunday 7:30 AM

မနက် ဖက်ရုံးပိတ်ရက်လေး ပြန်နှပ်မယ်ဆို စဉ်းစားပြီး ပြန်အိပ်မယ်အလုပ်မှာ သတိပြန်ရတာနဲ့ ကမန်းကတန်းထ ရေးမိုးချိုး.. ကင်မလာ ထဲ့.. ဓာတ်ပုံရိုက်ရင် ရုပ် မပြချင်တဲ့ ချင်တဲ့ လူတွေလဲ ရှိနိုင်တယ် လို့ ကလုလင်က ညက ပြောထားတာကြောင့် သိပ်ရိုက်ဖြစ်မှာ မဟုတ် ဘူးဆိုပြီး 32 GB ကိုထုတ် 4GB ကိုပဲထည့်လိုက်တယ်..

8:30 AM

သွားမယ်ဆိုပြီး အမတ်မင်းကို လှမ်းဆက်ကြည့်လိုက်တော့ ရောက်နေကြပြီတဲ့.. အေးငါလဲထွက်လာပြီဆိုပြီး ပြန်စစ်တော့မှ ကင်မလာ ရီမုတ်မှာ ဓာတ်ခဲကမရှိတော့ဘူး..ထွက်ရှာပေမယ့် မတွေ့တာကြောင့် လက်ရှော့လိုက်တယ်

9:10 AM

ကမန်းကတန်း လိုအပ်တာထဲ့ပြီး ..လေဒီအုပ် ကိုနှုတ်ဆက်ပြီးထွက်လာခဲ့တယ်. လမ်းရောက်တော့ taxi ငှားပြီး အားလုံးတွေ့ကြမယ့်နေရာ ကန်တော်ကြီးကို ဦးတည်လိုက်တယ်.. ကားပေါ်ရောက်တော့မှာ အဗာတာ ၀တ်စုံ ကို ၀တ်လိုက်တယ်.. ၀င်ပေါက်မှာ ဂဇက်ပွဲသွားမယ်ပြောတော့ လူ ၂၀ ပြည့်သွားပြီးဆိုလို့ ၀င်ကြေးပေးလိုက်ရတယ်.. ဒီလိုနဲ့တဖြေးဖြေး တဖြေးဖြေးလာရင်း P3 ဆိုင်ကို တွေ့လိုက်ရပါပြီ.. အချိန်က

 9:30 AM

အထဲကိုလှမ်းကြည့်လိုက်တော့ တော်တော်များများရောက်နေကြတာကိုတွေ့ရတယ်.. ကိုယ်သိတဲ့လုတွေဖြစ်တဲ့ ကိုမတ်ရယ် အံစာ ရယ်ကို ရှာကြည့်လိုက်ပေမယ့် မတွေ့ရ.အဲဒါနဲ့ ကားခပေး အိတ်ကိုလွယ် ခေါင်းပေါင်းတွေ တိုက်ပုံတွေကို ပြင်ရင်း ကားပေါ်ကဆင်းပြီး ဆိုင်ထဲကိုဝင်လိုက်တာနဲ့..

ဟေး ဆိုတဲ့ အသံနဲ့အတူကြားလိုက်ရတာက

“ဂန္ဓာရီ ဆြာအုပ်”

 

ဟဲဟဲ … ဒီလိုနဲ့ပဲ ပို့စ်တစ်ခု ဖြစ်သွားတယ်ပေါ့ဗျာ.. ဘာပဲဖြစ်ဖြစ် အဲဒီနေ့က ၀ိုင်းပြီး မှတ်မိပေးကြတဲ့ ဂဇက် အဖွဲ့ သားများ အားလုံးကို ဒီပို့စ်နဲ့ ကျေုးဇူးတင်ကြောင်းပြောချင်ပါတယ်..

နောက်ပြီးတော့ အရင်ဆုံးလာနှုတ်ဆက်ကြတဲ့ ဦးပါ. အဘဖော. ဖတ်တီးကက်.. နောက်ဘယ်သူရှိသေးလဲမသိ..

တွေ့ရင် ပန်ချာပီဆြာအုပ်လို့ ခေါ်မယ်ဆိုပြီး မမေ့မလျော့ ခေါ်သွားတဲ့ ဦးဆာမိ (အရင်ကတော့ ကဆာမိ ဆိုပြီးခေါ်နေတာ ခုမှ ကဆာမိ မဟုတ်ပဲ ဦးဆာမိ လို့ပြောင်းခေါ်ရပြီးဗျို့ .. အရင်က လွန်တာရှိရင် ၀န္ဒာမိပါ ဦးဆာမိရေ)

ဦးကြီးမိုက်၊ ဦးပါ၊ ဦးနေခြား၊ အန်တီဘုမ်မာ၊ လူတိုင်းကို လက်ဆောင်ပေး ခဲ့တဲ့ မနိုဗီ စတဲ့ သူတွေအားလုံး ကျေုးဇူး အထူးတင်ကြောင်း ပြောရင်းနဲ့ နောက်နောင် ဆုံကြရရင်လည်း ဆြာအုပ် တို့ အဆင်သင့်ရှိနေပါမယ် ဆိုတဲ့ အကြောင်း သတင်းပေးရင်းနဲ့ ဂဇက်ပွဲ နဲ့လုပ်စားတဲ့ ၁၁ ခုမြောက် ပို့စ်ကို နိဂုံးချုပ်ပါတယ်ဗျာ

နောက်လာမည့် ကရင်ပြည်နယ် ခရီးစဉ် အဆက် ဂန္ဓာရီခရီးမှာ ဓာတ်သေများ ၁၁ မှာထပ်တွေ့ကြတာပေါ့နော်

About ဂန္ဓာရီ ဆြာအုပ်

has written 78 post in this Website..

ဓာတ်ပုံရိုက်သည်။ မတောက်တခေါက် နှင့် မသိနားမလည်သူများ တွေ့လျှင် ဆရာကြီးလုပ်တတ်သည်.. အကြွားသန်သည်။ အမြှောက်ကြိုက်သည်။ အခြောက်တော့ မကြိုက်။ ဘီယာ ၃ ခွက်လောက်ဆိုလျှင် မူးသည့် အတွက် အကုန်အကျ သက်သာသော သောက်ဖော်သောက်ဖက် ဖြစ်ကြောင်း အာမခံသည်။(အခုနဲနဲတက်သွားပီ)