၁၉၈၈ လှုပ်ရှားမှုကြီးမှာ အမေကော ကျနော်ပါ လိုက်ပါစီးမျောရင်း ကိုယ်ယုံကြည်ရာတွေအတွက် ခရီးဆက်ခဲ့ကြပါတယ် ၊
တက္ကသိုလ်ရိပ်သာလမ်းရုံးချုပ်ကို အမေကော ကျနော်ပါရောက်ခဲ့ကြပြီး ကျရာတာဝန်အသီးသီးနဲ့အတူ နေ့ရက်တွေကိုကျော်ဖြတ်ခဲ့ပါတယ် ၊
အတွေ့အကြုံအသစ်အဆန်းတွေကြားမှာ နိုင်ငံရေးလုပ်သူနဲ့ လုပ်စားသူတွေအကြောင်းလည်း အများကြီးနားလည်ခဲ့ရပါတယ် ၊
( တရားရမိတာလေးတွေကိုတော့ ဒီပို့စ်ခေါင်းစည်းနဲ့ သိပ်မလိုက်ဖက်ပေမယ့် နည်းနည်းပြောပါရစေ )
အဲဒီရုံးချုပ်လုပ်တဲ့ ၂ ထပ်တိုက်ကလေးက ငှားထားတာပါ ၊ ပထမဆုံး အကျယ်ချုပ်ချပြီးတဲ့အခါ ဒီရုံးချုပ်လုပ်ထားတဲ့ အိမ်ပိုင်ရှင်ကိုလည်း ဖိအားအကြီးအကျယ်ပေးတာမို့ ပြောင်းဖို့ဖြစ်လာပါတယ် ၊ အဖွဲ့ဝင်လက်ခံဌာနကို တာဝန်ယူထားရတဲ့ ကျနော့်အတွက် တစ်ပြည်လုံးက အဖွဲ့ဝင်တွေရဲ့ သိန်းချီတဲ့အဖွဲ့ဝင်ပုံစံတွေကိုသယ်ဖို့ ခေါင်းခဲခဲ့ရပါတယ် ၊ ဘယ်ကားမှ ငှားမရလို့ပါ ၊ အငှားလိုက်ရင်ပဲ ကားသိမ်းမလိုလို ထောင်ပဲချမလိုလို သတင်းတွေကြောင့်ပါ ၊ လူပေါင်းများစွာနဲ့ စည်ကားခဲ့တဲ့ ရုံးမှာလည်း ရုံးအဖွဲ့ရယ် အနည်းငယ်သော အဝင်အထွက်လုပ်သူတွေလောက်ပဲ ရှိပါတော့တယ် ၊ ကျနော့်မှာလည်း အင်းစိန် ကြည့်မြင့်တိုင် တာမွေ စတဲ့ဘက်တွေက ကုန်ကားဂိတ်တွေမှာ လိုက်ရှာနေရပါတယ် ၊ ဒီနေရာက ဒီပစ္စည်းတွေကို ဘယ်ကို ရွှေ့မယ်ဆိုတာနဲ့ အားလုံးက ဟင့်အင်းပါပဲ ၊ နောက်ဆုံးတော့ ပုဇွန်တောင် ညောင်တန်းဘက်က ဒေါ့ဂျစ်တစ်စီးက ဖမ်း ဖမ်းကွာ လိုက်မယ်ဆိုလို့ အဆင်ပြေခဲ့ရပါတယ် ၊ ဆာလာအိတ်တွေနဲ့ ထည့်ထားတဲ့ အဖွဲ့ဝင်ပုံစံများစွာကို ၃ ခေါက်သယ်ရပါတယ် ၊ လက်ရှိရုံးချုပ် ရွှေဂုံတိုင်မှာ ထားဖို့ နေရာအဆင်မပြေတာမို့ တော်ဝင်နှင်းဆီ ဦးစိုးညွန့်ခြံထဲမှာ သွားထားရပါတယ် ၊ အခုအခြေအနေနဲ့တခြားစီပဲပေါ့လေ ၊ ကျနော့်ဘဝအတွက် နောက်ထပ်ထူးခြားမှုကတော့ ၁၉၉၀ကိုယ်စားလှယ်ဖြစ်ခဲ့တဲ့ အမေ ၁၉၉၁ မှာ အဖမ်းခံရတာပါ ၊ ဘာ ရှေ့နေမှလည်း မကယ်နိုင်ပါဘူး ၊ ထောင်ချချင်လို့ကို ဖမ်းပါတယ်ဆိုမှတော့ ဘာတတ်နိုင်မှာလဲ ၊ အင်းစိန်မြို့နယ်တရားရုံးမှာ ရုံးထုတ် ပြီးရင် အင်းစိန်ထောင်အချုပ်ထဲပြန်ပို့ ၊ ကားပြာကြီးပေါ် ပါ ပါသွားတဲ့ အမေ့ကို ကြည့်ရတဲ့ သားတစ်ယောက်ရဲ့ ခံစားချက်ဟာ ဘယ်လိုရှိမလဲ စဉ်းစားကြည့်ပေါ့ဗျာ ၊ ဒါပေမယ့်အမေက သား ဘယ်ဟာကိုမှ စိတ်လိုက်မာန်ပါမလုပ်ရဘူး ၊ သား မရှိရင် အမေ့ကို ဘယ်သူထောင်ဝင်စာ ပို့မလဲ ဆိုတဲ့စကားကြောင့် ရင်ထဲက ဒေါသတွေ အကုန်ရမ်းပစ်ချင်တဲ့စိတ်တွေကို ထိန်းခဲ့ရပါတယ် ၊ရုံးချိန်း ၄ ခါအပြီးမှာ အမေ ထောင် ၃ နှစ်ကျခဲ့ရပါတယ် ၊ ကျနော်လည်း အဖွဲ့ချုပ်ဆီ ဦးမလှည့်နိုင်တော့ပဲ ရရာလုပ် စနေ ၂ ပါတ် တစ်ခါထောင်ဝင်စာအတွက်ကြိုးစားရပါတယ် ၊အမေကြိုက်တတ်တာ အမေမှာတာ အားလုံးပါစေခဲ့ပါတယ် ၊ အချစ်ဆိုတာကြီးကို ယောင်လို့တောင် သတိမရအားပါဘူးဗျာ ၊

တစ်ရက်မှာတော့ အိမ်ကို ထောက်လှမ်းရေးတွေရောက်လာပြီး ကျနော့်ကို လာခေါ်ပါတယ် ၊ အမေ လွတ်ပြီ အမေ့ကို ကြိုဖို့တဲ့ ၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး လွှတ်ရာမှာ မိသားစုတွေက သွားကြိုကြတယ်ပေါ့ ၊ တီဗီကတောင်ပြလိုက်သေး ၊ အမေ ၁၀ လ နေခဲ့ရပြီး အပြင်လောက ပြန်ရောက်လာပါတယ် ၊ ဒါပေမယ့် စာရေးခွင့်ပိတ်ထားပါတယ် ၊ ဇာတ်သမား ဇာတ်မကရ စာရေးဆရာ စာမရေးရဆိုတော့ မခက်ဘူးလားဗျာ ၊ ဒါပေမယ့် အမေက ကျနော်နဲ့မတူ အတော်စိတ်မာသူပါ ၊
သားရယ် ဒို့သားအမိ လဘက်တစ်ကျပ်ဖိုးနဲ့တောင် ထမင်းစားခဲ့သေးတာပဲ တဲ့ ၊ သားအမိနှစ်ယောက် ရုန်း၍ ကန်၍ ရင်ဆိုင်၍ ရက်တွေ လတွေကို ဖြတ်သန်းနေခဲ့ရင်း ကျနော် အချစ်ကိုတွေ့ပြီး အိမ်ထောင်ကျခဲ့ပါတယ် ၊ ကဗျာဆန်မှုတွေလည်း မရှိလှပါဘူး ၊ သူက ကျနော့်ထက် ၇ နှစ် ငယ်သူပါ ၊ အစကတော့ အဆင်ပြေပါတယ် ၊ မောင်ရေ လှိုင်ရေ နဲ့ စည်ဝေနေတဲ့ စကားလုံးတွေကြားမှာ ဘဝဟာ ဒီလိုပျော်စရာတွေလည်း ရှိသေးသားပဲလို့ ထင်မှတ်ခဲ့ပါတယ် ၊ နောက်တော့ အဆင်မပြေမှုတွေ စ လာခဲ့ပါပြီ ၊ အဓိက ကတော့ သူက သိပ်ချမ်းသာလိုသူ ကျနော်က မချမ်းသာချင်နေ ဘဝကို ခပ်အေးအေးနဲ့ လျှောက်လှမ်းလိုသူ ၊ သူ့မောင်လေးက ဂျမေကာမှာ သူ့ယောက္ခမတွေနဲ့  ၊ ဖြစ်ချင်တော့ ကျနော့်ကို ခေါ်ပါလေရော ၊ ကျနော်က နိုးပဲ ၊ စကားတတ်လှတဲ့ ချစ်စရာသားလေးရယ် ကျနော့်အမေရယ်ကို ကျနော်မခွဲနိုင် ၊ မပြောကောင်း မဆိုကောင်း သားတစ်ခုခု အမေတစ်ခုခုဆိုရင်တောင် ချက်ချင်းပြန်ပြေးလာလို့ လွယ်တဲ့ခရီးလည်း မဟုတ် ၊ အဲဒီမှာ ကျနော်တို့ အိမ်ထောင်ရေး အက်ကြောင်းကြီး ပေါ်ခဲ့ပါတယ် ၊ နောက်တော့ ငွေသိပ်ရှာချင်တဲ့ သူဟာ သူ့သူငယ်ချင်းတချို့နဲ့ ဒူဘိုင်းကို ထွက်ပါတယ် ၊ ကျနော်က လက်ရှိဒီအလုပ်မှာ ဝင်လုပ်နေတဲ့အချိန်ပါ ၊ ပထမ ၁ ခါပြန်လာတော့ သိပ်မဆိုးသေးပေမယ့် ဒုတိယအကြိမ် ပြန်လာချိန်မှာတော့ ယောင်္ကျားမာနကို ထိပါးတာတွေ များလာပါပြီ ၊ သည်းမခံနိုင်တော့တဲ့ ကျနော် ကွာရှင်းဖို့ စကား စ ခဲ့ပါတယ် ၊ သူကလည်း ရတယ် ဒါပေမယ့် သားကိုခေါ်သွားမယ် သူ့အမေအိမ်မှာ ထားမယ်ပေါ့ ၊ ကျနော်နဲ့ အမေက လက်မခံ သားကလည်း  လုံးဝ မရ၊ အဖေနဲ့ အဖွားနဲ့ပဲနေမယ်ဆိုတာပဲ ၊ နောက်ဆုံး သူ ပြန်လာရင် သားကို တွေ့ခွင့်ပေးရမယ်ဆိုတဲ့ တောင်းဆိုချက်ကို ကျနော် သဘောတူလိုက်ပြီး တရားဝင် ကွာရှင်းလိုက်တယ် ၊ ၁၀ နှစ်ကြာခဲ့တဲ့ အိမ်ထောင်ရေး နာကျည်းချက် များစွာနဲ့ ဇာတ်သိမ်းခဲ့ပြီ ၊

၂၀၁၀ ဇန်နဝါရီမှာ မရောက်တာကြာတဲ့ ဇာတိကချင်မြေဆီ ခရီးထွက်ဖြစ်တယ် ၊ သားကတော့ သူ့အဖွားနဲ့ ပုဂံညောင်ဦးကို သွားကြတယ် ၊ ကျနော်က မနောပွဲ နွဲချင်တာလည်း ပါသပေါ့လေ ၊ ဝိုင်းမော်စည်ပင်မှာ အင်ဂျင်နီယာလုပ်နေတဲ့ ညီဝမ်းကွဲက မြစ်ကြီးနားဘူတာမှာ လာကြိုပြီး သူ့အမေ ( ကျနော့်အဒေါ် ) နေတဲ့ ယုဇနက အိမ်ကို လိုက်ပို့တယ် ၊ ဒီကောင်က ၁၀တန်းမှာ ကျနော့်အိမ်မှာလာနေပြီး အောင်ခဲ့သူပါ ၊ နောက်တစ်နေ့မနက် အစောကြီး သူ ဝိုင်းမော်အိမ်ကနေ ပြန်ရောက်လာပြီး အိမ်ရှေ့ ဝရန်တာမှာ လဘက်ရည်သောက်ရင်း စကားတွေပြောပေါ့ ၊ အဲဒီအချိန် အိမ်ရှေ့ကဖြတ်သွားတဲ့ စူပါကပ်ဆိုင်ကယ်တစ်စီးကို အမှတ်တမဲ့ လှမ်းအကြည့် ၊ ဟင်   မမှားနိုင် မလွဲနိုင်ဘူး ၊ စိုး မှ စိုးပါလား ၊
မျက်စောင်းထိုးက အိမ်ထဲကိုချိုးဝင်သွားခဲ့တယ် ၊ ဆိုင်ကယ်နောက်မှာက ဈေးခြင်း တစ်ခြင်း  ၊ သြော်

ခဏအကြာမှာ ညီဖြစ်သူက ရုံးတက်ဖို့ထွက်သွားပါတယ် ၊ ကျနော်က အိမ်ရှေ့မှာ မယောင်မလည် ၊ အကြည့်ကတော့ ဟိုအိမ်ကိုပေါ့ ၊ အတော်လေးကြာတော့ ဆိုင်ကယ်လေး ပြန်ထွက်လာပါပြီ ၊ ဆရာမဝတ်စုံဝတ်ထားတဲ့ သူ့အနောက်မှာတော့ အရွယ်အတော်ရောက်နေတဲ့ ကလေး ၂ ယောက်က ဆိုင်ကယ် ၁ စီးနဲ့ ၊ ရှင်းနေတဲ့ ရပ်ကွက်လမ်းလေးပေါ်မှာ ကျနော့်ဘက်လာနေတဲ့သူဟာ ကျနော့်ကို မမြင်စရာအကြောင်းမှ မရှိတာ ၊ သေသေချာချာကြည့်သွားရင်း နည်းနည်းလေးကျော်သွားပြီးမှ ရပ်သွားပါတယ် ၊
ကိုမျိုးသန့် ဟုတ်ပါတယ်နော် ဆိုတာ အနှစ် ၂၀ ကျော်အတွင်းမှာ ပထမဆုံး ပြန်ကြားရတဲ့ သူ့စကားသံပါပဲ ၊ ကျောင်းချိန်ရှိနေတာမို့ ညနေကျမှ တွေ့ဖို့ချိန်းလိုက်ပါတယ် ၊ ဘယ်လိုမှ မထင်ထားပဲ ပြန်တွေ့ရလို့ သူလည်း အတော်စိတ်လှုပ်ရှားနေပုံပါပဲ ၊ အဲဒီညနေမှာ သူ ညစာကျွေးပါတယ် ၊ သူ့အိမ်မှာ သူ့ကလေး ၂ ယောက်ရယ် သူ့အဒေါ်ရယ်ပဲ ရှိပါတယ် ၊ ထမင်းစားပြီးမှ ရေနွေးတစ်အိုးနဲ့ ဆက်ထိုင်ရင်း စကားဆက်ကြပါတယ် ၊ သူ့ဘဝကလည်း အတော်ဆိုးတာပါပဲလား ၊ ဂျီတီအိုင်ကျောင်းသားကိုပစ်ပြီး အာအိုင်တီကျောင်းသားနောက် လိုက်ခဲ့သူဟာ မထင်မှတ်တဲ့ အဖြစ်တွေ ကြုံခဲ့ပြန်သူပါ ၊ မိုးကောင်းသား ဘရန်ရှောင်ဟာ ချမ်းသာလှတဲ့ ကျောက်စိမ်းသူဋ္ဌေးမိသားစုရဲ့ သဘောကျမှုတွေကြားမှာ မျောပါပြီး ၁၀ တန်းမအောင်ပေမယ့် ရုပ်ရည်ချောမောလှပသူ သူဋ္ဌေးသမီးနဲ့ ဇာတ်လမ်းစခဲ့ပြီး မကြာခင်မှာပဲ လက်ထပ်သွားခဲ့ပါတယ် ၊ ဥပဒေကျောင်းသူလေးကတော့ ဝေဒနာတွေ အပြည့်နဲ့ ကျန်ရစ်ခဲ့သူပေါ့ ၊ ၁၉၈၈ အပြီး ကျောင်းသားတွေ တောခိုရာမှာ သူ့ မောင်လေး ပါသွားခဲ့ပြီး အလင်းပြန်ဝင်ရာမှာ သူဟာ သူ့မောင်လေးကိစ္စအတွက် ရဲစခန်းကို အဝင်အထွက်လုပ်ရာကနေ ရဲအုပ်တစ်ယောက်နဲ့ ငြိခဲ့ပါတယ် ၊ ဘရန်ရှောင်ပေးခဲ့တဲ့ နာကျည်းစရာတွေအတွက် ထွက်ပေါက်တစ်ခုလို့ သတ်မှတ်လိုက်ပြီး နောက်ဆုံးမှာ အိမ်ထောင်ပြုဖြစ်သွားပါတယ် ၊ နောက် အတော်လေးကြာတော့ ဘွဲ့ရပြီးတဲ့ သူဟာလည်း ဆရာမဖြစ်လာခဲ့ပါပြီ ၊ အိမ်ထောင်သက် အတော်လေးရလာပြီးတဲ့တစ်နေ့မှာ ခွန်းကြီးခွန်းငယ် စကားများရာကနေ အဆင်မပြေမှုတွေ စလာခဲ့ကြပါသတဲ့ ၊ မေတ္ထာကို အရင်းခံခြင်းမဟုတ်ခဲ့တဲ့ အဲဒီအိမ်ထောင်ရေးဟာ ဖြန်ဖြေသူ မဲ့ခဲ့တာမို့ ဇာတ်လမ်းအဆုံးမှာ လမ်းခွဲကြတာပဲပေါ့ ၊ ကလေး ၂ ယောက်နဲ့ ကျန်ခဲ့တဲ့ သူဟာ အဲဒီမြို့မှာ မနေချင်တော့တာမို့   မြစ်ကြီးနား ပြောင်းလာခဲ့ပါတော့တယ် ၊ သူ့ကလေးတွေက ၁၀ တန်းနဲ့ ၈ တန်းရောက်နေကြပါပြီ ၊ အဲဒီညက အတော်မိုးချုပ်မှ ကျနော် အိမ်ပြန်ဖြစ်ပါတယ် ၊ နောက် တစ်နေ့ ဇန်နဝါရီ ၉ ရက်နေ့မှာ မနောပွဲသွားဖြစ်ပါသေးတယ် ၊ ဇန်နဝါရီ ၁၀ ရက် ကချင်ပြည်နဃ်နေ့ မနက်မှာ ထမင်းထပ်ကျွေးချင်သေးတဲ့သူနဲ့ ဈေးဝယ်ထွက်ဖြစ်ပါတယ် ၊ မြို့မဈေးမှာ မျှစ်ချဉ်ခေါက်ဆွဲစား လဘက်ရည်သောက်ပြီးမှ အိမ်ဘက်ပြန်ပြီး သူ့အိမ်မှာပဲ သူ ဟင်းချက်တာကို ဟိုကူ ဒီကူပေါ့ ၊ ပြန်စဉ်းစားလိုက်ရင် အတော်ကြည်နူးချင်စရာပါ ၊ အဲဒီညနေမှာ မိုးညှင်းက သူ့အမေ နေမကောင်းဘူးလို့ ဖုန်းလာတာမို့ နောက်နေ့မနက်ရထားနဲ့ သူလိုက်သွားပါတယ် ၊ ကျနော်က ၁၃ ရက်နေ့ နေ့လည်ရထားနဲ့ ပြန်မှာကိုလည်း သူမေးသွားပါတယ် ၊ ကျနော်က အိမ်နဲ့ဘူတာက အတော်လှမ်းတာမို့ လိုက်ပို့ရမယ့် အခက်အခဲကြောင့် ဈေးပိုများပေမယ့် နေ့လည် ၁၂ နာရီရထားကိုပဲရွေးလိုက်တာပါ ၊  ( ဒါပေမယ့် ဈေးကပို ဂျားသလို တရုတ်မ လို့ နာမည်ပေးထားတဲ့ အဲဒီရထားရဲ့ အသုံးမကျပုံကို တွဲပေါ်ရောက်မှ သိရပါတော့တယ် ၊ ရထားတွဲတွေက တရုတ်က ပေးထားတဲ့တွဲ ၊ ထိုင်ခုံက အနံကော အလျားပါ ခပ်တိုတို ၊ နောက်မှီက သုံးထပ်ပြား ကပ်ရိုက်ထားသလိုမို့ နာရီ ၂၀ ကျော်စီးရတဲ့ခရီးနဲ့ ဘယ်လိုမှ မအပ်စပ် ၊ မြို့ပါတ်ရထားလုပ်ဖို့သာ ကောင်းတဲ့တွဲမျိုးတွေပါ ) ၊ မြစ်ကြီးနားက ထွက်လာပြီး မိုးကောင်း ၊ ဟိုပင်တို့ကိုကျော်လို့ မိုးညှင်းရောက်တော့ ၅ နာရီခွဲလောက်ရှိပါပြီ ၊
ပြတင်းပေါက်ကနေ သူ့ကိုရှာမိပါတယ် ၊ အတော်လေးကြာမှ အမောတကောပြေးလာရှာတဲ့သူနဲ့ ဆုံဖြစ်ပါတယ် ၊ သူ့ လက်ထဲမှာတော့ ပလပ်စတစ်ခြင်းတစ်ခု ၊ ရထားက ဥသြဆွဲနေပါပြီ ၊ကိုမျိုးသန့်အတွက် လက်ဆောင်ပါ သြော် စာလည်းပါတယ်နော် တဲ့ ၊ တရွေ့ရွေ့ထွက်လာတဲ့ ရထားရဲ့ အနောက်မှာ သူ့မျက်နှာလေးဟာ ဝေး ဝေးပြီးကျန်ခဲ့ပါတယ် ၊ ခြင်းတောင်းထဲမှာတော့ ပန်းသီး လိမ္မော်သီး ငါးပေါက်သီး မုန်ညှင်းပေါင်း နဲ့ ထိုးထိုးထောင်ထောင် ပုလင်းတစ်လုံး ( ကချင်အရက်ပေါ့ ) ၊ ပထမဆုံး သူ့စာကို ဖေါက်ဖတ်မိပါတယ် ၊

( ကိုမျိုးသန့် အဲသလောက် နှစ်တွေအကြာကြီးကြာပြီးမှ တိုက်တိုက်ဆိုင်ဆိုင်ဆုံခဲ့ကြတာ စိုးအတွက် အခုထိ အိပ်မက်လိုပါပဲ ၊ မှန်တာပြောရရင် စိုး အရမ်းပျော်တယ် ၊ ဘာလို့လည်းသိလား ၊ စိုးရဲ့ အချစ်ဦးကို ပြန်တွေ့ရလို့ပေါ့ ၊ တကယ်ပြောတာပါ ၊ စိုးဘဝမှာ ပထမဆုံး စိတ်လှုပ်ရှားပြီး ရင်ခုန်ရသူဟာ ကိုမျိုးသန့်ပါ ၊ ဒါပေမယ့် ကိုမျိုးသန့်က စိုးကို တော်တော်နဲ့ဖွင့်မပြောခဲ့ဘူးလေ ၊ နောက် ကိုမျိုးသန့် ကျောင်းထွက်ရတော့ တော်တော် စိတ်မကောင်းသလို စိတ်လည်းဆိုးသွားတယ် ၊ စိုးချစ်သူဟာ ပညာတတ်ကြီး သိပ်ဖြစ်စေချင်ခဲ့တယ် ၊ ရာထူးကြီးရနိုင်တဲ့သူ ဖြစ်စေချင်ခဲ့တယ် ၊အမှန်တော့ စိုး နားလည်ထားတာက မှားသလိုဖြစ်နေတာပဲလေ ၊ အခု ကိုမျိုးသန့်လည်း ထိုက်သင့်တဲ့ ရာထူးမျိုးနဲ့ ရှင်သန်နေတာပဲ မဟုတ်လား ၊ ကိုမျိုးသန့်နဲ့ စိုးတို့ အကျိုးပေးချင်းကတော့ တူနေသလိုပဲနော် ၊ အိမ်ထောင်ရေး ကုသိုလ်ကံကိုပြောတာပါ ၊ နောက်အိမ်ထောင်ပြုဖို့ကို အတော်ကြောက်သွားပြီ ဆိုတဲ့ သားကိုသိပ်ချစ်သော ကိုမျိုးသန့်ရေ ၊ စိုးလည်း ကလေး ၂ ယောက်ကို ပြုစုပျိုးထောင်ရင်း နေသွားတော့မှာပါ ၊ ဘာတဲ့ မိန်းမ နှစ်ယောက်ကြောင့် အချစ်ဆိုတာကို မယုံတော့ဘူး ဟုတ်လား ၊ ကိုမျိုးသန့်ပြောတဲ့ အဲဒီမိန်းမ နှစ်ယောက်ထဲက တစ်ယောက်ဟာ စိုးကိုပြောတာမဟုတ်လား ၊ စိုး နားလည်ပေးနိုင်ပါတယ် ၊ ဒါပေမယ့် တစ်ခုတွေးမိတယ် ၊ တကယ်လို့သာ စိုးနဲ့တွေ့ပြီး တစ်နှစ်အတွင်းသာ စိုးကို ဖွင့်ပြောခဲ့ရင် ဘာတွေဆက်ဖြစ်မယ် ထင်သလဲ ဟင် ? )

စာက ဆုံးသွားပါပြီ ၊ စိတ်ပေါက်ပေါက်နဲ့ ကောက်မော့လိုက်တဲ့ ကချင်အရက်က လည်ချောင်းထဲ မီးစဝင်သွားသလိုပါပဲ ၊ အပြင်ကို လှမ်းကြည့်တော့ မြူနှင်းတွေက ဝေ လို့ ၊ ရထားက တောတောင်တွေထဲမှာ ခုတ်မောင်းနေဆဲပါ ၊ သိပ်မကြာခင်မှာ မော်ဟန်ဘူတာကို ရောက်လာပါတယ်  ၊မော်ဟန်ကျော်ရင် ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းနယ်စပ်ဖြစ်တဲ့ နန့်စီးအောင် ၊ ပြီးရင် မော်လူး ပင်ဝယ် နဘား အင်းတော် စတဲ့ဘူတာတွေကို ဖြတ်ကျော်ဖြစ်ဦးမှာပါ ၊ ဒါပေမယ့်
မျိုးသန့် ဆိုတဲ့ ဘဝရထားအတွက်တော့ ဘယ်ဘူတာတွေကို ဖြတ်သန်းပြီး ဘယ်ဘူတာမှာများ ရပ်နားရမယ်ဆိုတာကိုတော့ဖြင့် မသိနိုင်စွမ်းပါဘူးလေ . . . . . . . .

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..