“ဘယ်လဲအစ်ကို…”
“လှည်းတန်းကို…”
“၂၅၀၀ ပါအစ်ကို…”

ကားနောက်ခန်းတံခါးဖွင့်ပြီး… ခရီးသည်အသာလေးဝင်ထိုင်လိုက်သည်… ထို့နောက် စီးကရက်ကို ဟန်ပါပါဖြင့်မီးညှိလိုက်၏…

ကျွန်တော်လဲ ကားကိုစက်အသာလေးနှိုးပြီး… ကားပိတ်သော… လမ်းကျပ်သော လှည်းတန်းကိုရင်ဆိုင်ရန် အားသစ်တစ်စုံတစ်ရာဖြင့် အပြင်းနှင်ခဲ့တော့သည်…
ကျွန်တော့် စိတ်ထဲတွင်တော့ အခွင့်အလန်းများပိတ်သော… စီးပွားရေးကျပ်တည်းသော ဤလောကကြီးပေါ်တွင် ဖြတ်သန်းရခြင်းကား လှည်းတန်းမီးပွိုင့်ထက် အသက်ရှုကျပ်ပေတော့သည်…

FM Radio မှ တစ်ဝက်တစ်ပျက်လာနေသော ဖတ်ကြားသူ သူရဿဝါ၏ ဆိုဖာခုံလေးအကြောင်းကြားမိသည်…
လုပ်ငန်းခွင်မှဖိအားများ… မိသားစုအရေးဖိအားများကြောင့် ကျွန်ုပ်တို့သည်လဲ ဆိုဖာခုံလေးကဲ့သို့ တန်ပြန်တွင်းကန်နိုင်အား တဖြည်းဖြည်းကျဆင်းလာပြီး၊
ဆိုဖာခုံလေး၏ အနီရောင်များလဲအရောင်လွင့်သလို……..
ကားသံများ… ပတ်ဝန်းကျင်မှ အပူရှိန်များကြားတွင် သူရဿဝါအသံမှာ တစ်ခါတစ်လေ… မသဲမကွဲ… တစ်ခါတစ်လေ… ကျိုးတိုးကျဲတဲ…

ခေါင်းပေါ်ကနေမင်းကို အပြစ်တင်ရမလား… လောကကြီးက ဒီရက်ပိုင်းမှာပိုပူလာသလား…
အငွေ့ပြန်လွယ်တဲ့ တိုင်ကီထဲကလောင်စာဆီက ရင်ထဲကအပူမီးကို တောက်လောင်စေသတဲ့…

တကယ်တော့ ဘ၀ဆိုတာ ရယ်စရာကြီးပါ…
နောက်ဘ၀ဆိုတာရှိသေးရင်… လောဘကြီးသော… မိမိကိုယ်ကိုယုံကြည်မှုလွန်ကဲသော… အရဲစွန့်တတ်သောသူတစ်ယောက်မဖြစ်ချင်တော့ဘူး…
ဘ၀ဆိုတာကြီးကို သုညကနေပြန်စဖို့ဆိုတာထက် အနှုတ်လက္ခဏာကနေ ပြန်စဖို့ကပိုခက်ပါသတဲ့…

အပူရှိန်တွေကြားထဲ အမှတ်တမဲ့… သီချင်းဖွင့်လိုက်မိတယ်… သီချင်းက “လူ”တဲ့…
ကိုညီထွဋ်ရဲ့အသံအက်အက်က ကျွန်တော့်ကိုရည်ရွယ်နေသလိုပါပဲလား…

” အမှောင်ထဲငါရောက်သွားရော… တစ်ယောက်မှသတိမရဘူး… ဘယ်သူမှမရှိကြဘူး…အော်… လူတွေ… လူတွေ…
ကျဆုံးတော့… ၀မ်းနည်းရတယ်… အနိုင်ရတော့ နှစ်သက်ကြတယ်… လွန်ကဲတဲ့အတ္တစိတ်နဲ့
ခဏတာ… ဘ၀ခရီးကို ပြိုင်ဆိုင်တိုးဝှေ့ရင်းနဲ့ပဲ… နေ၀င်မိုးချုပ်သွားကြတယ်… လူတွေ… လူတွေ…
အမှားတွေလုပ်ရင်း… အမှားကြီးမှားကြတယ်… ရက်စက်တတ်ကြတယ်…”

ကျွန်တော်ရော ဘယ်သူတွေကို ရက်စက်မိခဲ့သလဲ… အမှားကြီးတွေမှားခဲ့ပြီလား…

ခရီးဆုံးရောက်တော့ ခရီးသည်ပေးတဲ့ ကားခ ၂၅၀၀ ကိုလက်ခံပြီး… နေပူလွတ်ရာ အရိပ်ကလေးအောက်ခိုနားရင်း ဆေးလိပ်တစ်လိပ်မီးညှိလိုက်တယ်…
စိတ်ဓာတ်ကျချင်တယ်… ကျွန်တော်စိတ်ဓာတ်ကျချင်ပေမယ့်… နောက်လှည့်ကြည့်လိုက်တိုင်း စိုးရိမ်တဲ့မျက်ဝန်း (၃)စုံကို ဂရုပြုရမယ်…
ကျွန်တော်ကျဆုံးသွားရင်ရော… ငိုကျွေးပေးကြမှာလား… ဒါမှမဟုတ်… ကဲ့ရဲ့ကြမှာလား…

အင်အားကိုမရှိတော့ဘူးလို့ ပြောရအောင် ကျွန်တော့်ရဲ့ဖျော့တော့နေတဲ့ ကြံခိုင်နေတဲ့ပုံစံက… ယုတ္တိရှိပါ့မလား…
ဓာတ်ဆီဖိုးလေးတော့ကျေသွားပြီ… အုံနာကြေးနဲ့ အသုံးစရိတ် ၅၀၀၀ လောက်ထွက်ဖို့ ခရီးသည်ရှာရဦးမယ်…
နေ၀င်တော့မယ်… မကြာခင်မိုးချုပ်တော့မယ်… လမ်းဆုံတွေမှာ ပြိုင်ဆိုင်တိုးဝှေ့ရဦးမယ်… အပြေးအလွှားအန္တရာယ်ကို ဂရုမပြုဘဲ ခရီးသည်လုကြရဦးမယ်…

ကျွန်တော်ကားမောင်းရင် ဘေးမှာတစ်ယောက်မှမရှိဘဲ နောက်ကထိုင်စီးရင် စိတ်ဆိုးတတ်တဲ့သူ…
အခုတော့ ခရီးသည်တွေက ကျွန်တော့နောက်က ထိုင်စီးကြတော့မယ်… သူတို့ဝင်ငွေထဲက ကျွန်တော့်ထွက်ပေါက်လေးတွေရလာဖို့…
ခံစားချက်ကို ခ၀ါချထားရမယ်…
ကျွန်တော့်နှလုံးသားမှာ ဒဏ်ရာတွေရှိပေမယ့် ကျွန်တော့်မိသားစုကို ဒဏ်ရာတွေမရှိစေချင်ဘူး…
သူတို့ အနည်ကျအေးချမ်းတဲ့ဘ၀လေးအတွက် ကျွန်တော်ပူလောင်ပါစေ… ခံနိုင်ရည်ရှိဖို့ကြိုးစားရမယ်…

တကယ်တော့ ကျွန်တော့်ဘ၀ကို အနှုတ်ကနေ သုညအထိပြန်ရောက်ဖို့ အရင်ပြန်ကြိုးစားရပါဦးမယ်…
နေ၀င်မိုးချုပ် ပြိုင်ဆိုင်တိုးဝှေ့ကြရဦးမယ်…
ကျွန်တော့မှာ ဘာမှမရှိပေမယ့် ကိုယ်ချစ်တဲ့သူတွေကို ပြည့်စုံစေချင်တယ်…
ခဏတာဘ၀ခရီးဖြစ်ပေမယ့် ကိုယ်ချစ်တဲ့သူတွေကို အေးချမ်းစေချင်တယ်…

သူရဿဝါဖတ်သွားတဲ့စာထဲက ဆိုဖာလေးလို…
ရဲရင့်ခြင်းဆိုတဲ့ ကျွန်တော့်အနီရောင်တွေအရောင်လွင့်နေပါပြီ…
ဖိအားကို ပြန်လည်တွန်းကန်နိုင်တဲ့ အင်အားတွေ ကျဆုံးနေပါပြီ…
တစ်ချိန်ချိန်မှာ ဆိုဖာအဟောင်းလေးအဖြစ် စတိုခန်းထဲမှာ ဂျောင်ထိုးခံရမှာသေချာပေမယ့်…
ကျွန်တော်ချစ်သော… ကျွန်တော့်ကို မျှော်လင့်ကြသော… ကျွန်တော့ကိုစိုးရိမ်ကြသော… မိသားစုအတွက်…
ဖျော့တော့သော ရဲရင့်ခြင်းကို နေ၀င်မိုးချုပ်ပေးရဦးမှာပါပဲ…
ဒဏ်ရာအဟောင်းတွေကို မေ့ထားပြီး… ဒဏ်ရာအသစ်တွေကိုကျေကျေနပ်နပ် လက်ခံရဦးမှာပါပဲ…

“ကားအားလား…”
” ဘယ်သွားချင်လဲအစ်မ…”
” မြေနီကုန်း…”
“…………………..”
“…………………..”

ကြောင်ဝတုတ်
၂၀၁၃၊ ဖေဖော်ဝါရီ

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...