ကလေးများနှင့် လက်ဖက်ရည်ဆိုင်…

lu ta loneJuly 24, 20101min612

“ ညီလေးရေ ပေါ့ဆိမ့်တစ်ခွက်လုပ်ကွ´´
“ ဟေ့ကောင်းလေး ဒီမှာရှင်းမယ် ဘယ်လောက်ကျလဲကွယ်´´

လက်ဖက်ရည်ဆိုင်တွေမှာ အမြဲတမ်းကြားနေရတဲ့ စကားတွေပါ။ လက်ဖက်ရည်ဆိုင်ထိုင်ဖူးတဲ့လူတိုင်း ကြားဖူးကြသလို ပြောလည်းပြောဖူး ကြပါလိမ့်မယ်။ ကျနော်တို့မြန်မာနိုင်ငံမှာ လက်ဖက်ရည်သောက်တဲ့အကျင့်က ယဉ်ကျေးမှုတစ်ခုလိုဖြစ်နေတာလေ။ အဲဒီလို မြန်မာလူမျိုး တွေလက်ဖက်ရည်သောက်တတ်တဲ့ အကျင့်တွေရှိတော့ မြို့ရွာဒေသအသီးသီးမှာ လက်ဖက်ရည်ဆိုင်တွေကို ပေါများစွာတွေ့ရှိ နေကြပါတယ်။

များသောအားဖြင့် ဆယ်ကျော်သက်တွေကအစ လူကြီးတွေအထိ လက်ဖက်ရည်ဆိုင်ထိုင်တတ်ကြပါတယ်။ တစ်ချို့က လက်ဖက်ရည်ဆိုင် ထိုင်ရတဲ့အရသာကိုကြိုက်လို့ တစ်ချို့က အလုပ်ကိစ္စအတွက် တစ်ချို့တွေ တစ်ချို့တွေ ဟုတ်ပါတယ် အကြောင်းအမျိုးအမျိုးနဲ့ လူတွေ လက်ဖက်ရည်ဆိုင်ထိုင်ကြပါတယ်။ ဒီနေရာမှာ ကျနော် အထက်က ဖော်ပြခဲ့တဲ့ စကားပြောလေးကို ပြန်စဉ်းစားကြည့်ရအောင်ပါ။

ကျနော်တို့ လက်ဖက်ရည်မှာဖို့၊ ပိုက်ဆံရှင်းဖို့အတွက် စားပွဲထိုးတွေကို ခေါ်တဲ့အခါ သုံးနှုန်းလိုက်တဲ့ အခေါ်အဝေါ်တွေက “ညီလေးရေ´´ “ ကောင်လေးရေ´´ တဲ့။ ဒီလိုအခေါ်အဝေါ်တွေကို ကျနော်တို့ထက် အသက်ကြီးတဲ့သူတွေကို ယဉ်ကျေးမှုအရ ခေါ်လို့မရပါဘူး။ အဲဒီတော့ ကျနော်တို့ထက် အသက်ငယ်တဲ့ သူတွေကို ခေါ်ဝေါ်တဲ့ အသုံးအနှုန်းလေးတွေဖြစ်ပါတယ်။ သေချာပါတယ် ကျနော်တို့ထက်
အသက်ငယ်တဲ့ သူတွေကို ခေါ်ဖို့အမြဲတမ်းလိုလို အသုံးပြုနေတတ်တဲ့ အခေါ်ဝေါ်လေးတွေ ဖြစ်ပါတယ်။

ဆယ်ကျော်သက်တွေကအစ “ညီလေးရေ´´ “ ကောင်လေးရေ´´ လို့ခေါ်နေကြတယ်ဆိုရင် စားပွဲထိုးလေးတွေက ကလေးတွေ ဖြစ်တယ်လို့ ယူဆရမှာဖြစ်ပါတယ်။ လက်ရည်ဆိုင်ဆိုတာ ၁၂ ရာသီဖွင့်တဲ့ဆိုင်မျိုးဖြစ်သလို မနက်မိုးလင်းကနေ ညရောက်တဲ့အထိ ဖွင့်ကြပါတယ်။ စားပွဲထိုးလုပ်တဲ့ကလေးတွေက ၁၂ ရာသီပတ်လုံး၊ တစ်နေ့လုံး အလုပ်လုပ်ကြရမှာပေါ့။ ဒီနေရာမှာ ကျနော်
မေးခွန်းတစ်ခုမေးချင်ပါတယ် “အဲဒီကလေးတွေ ကျောင်းမတက်ကြဘူးလား  ?´´။

သေချာပါတယ် ဒီကလေးတွေ ကျောင်းမတက်ကြပါဘူး။ ဘာဖြစ်လို့ ကျောင်းနေအရွယ်ကလေးတွေက ကျောင်းမတက်ပဲ အလုပ်လုပ်နေ ကြတာလဲ? အကြောင်းအမျိုးမျိုးရှိနေကြမှာပါ။ တစ်ကယ်တော့ ကျောင်းနေရွယ်ကလေးတိုင်း ကျောင်းတက်သင့်ပါတယ်။ ဒါဆိုရင် ဒီကလေး တွေက ပျင်းလို့ ဒါမှမဟုတ် ပညာမလိုချင်လို့ ကျောင်းမတက်ပဲ အလုပ်လုပ်နေကြတာလား?။ အဖြေကတော့ အမျိုးမျိုးရှိကြမှာပါ
ဒါပေမယ့် လူတိုင်းလိုလိုကတော့ ပညာတတ်ဖြစ်ချင်ကြမှာပါ။

အရွယ်ရောက်တဲ့ လူငယ်တစ်ယောက်ကို စားပွဲထိုးအဖြစ်ငှားရမ်းဖို့ ပေးသင့်တဲ့လစာက ကလေးသုံးယောက်လောက်ရဲ့ လစာအဖြစ် သတ်မှတ်ပြီး ငှားရမ်းနိုင်ကြတဲ့အတွက် လက်ဖက်ရည်ဆိုင် အများစုတွေကဝင်ငွေကိုကြည့်ပြီး ကလေးစားပွဲထိုးတွေကို ငှားရမ်းကြရပါတယ်။ အဲဒါတွေကြောင့် လက်ဖက်ရည်ဆိုင်မှာ ကလေးတွေ စားပွဲထိုးအဖြစ် လုပ်ကိုင်နေကြတာကို အတွေ့များနေတယ်လို့
မြင်မိပါတယ်။

စားပွဲထိုးအလုပ်ဆိုတာ ဈေးရောင်းသူနဲ့ ဈေးဝယ်သူကြား အဆင်ပြေအောင် ဝန်ဆောင်မှုလုပ်ပေးရတဲ့အလုပ်မျိုးပါ။ အဆင်မပြေတဲ့အခါမှာ ဆူပူကြိမ်းမောင်းမှုကိုလည်း ခံကြရမှာပါ။ ဘယ်အလုပ်မဆို မပင်ပန်းတဲ့အလုပ်လည်းမရှိသလောက်ပါပဲ။ ကျနော့်ရဲ့အထင်ကတော့ အလုပ်ဆိုတာ ကလေးတွေနဲ့ မသက်ဆိုင်သလိုပါပဲ။

“ပညာရှာတဲ့အရွယ်၊ ဥစ္စာရှာတဲ့အရွယ်၊ တရားရှာတဲ့အရွယ်´´ဆိုပြီး ကျနော်တို့လူကြီးသူမတွေ ပြောဆိုသတ်မှတ်ထားကြတာတွေ ရှိပါတယ်။ ဒါပေမယ့် အဲဒီကလေးတွေက ပညာရှာတဲ့အရွယ်မှာ ဥစ္စာရှာတဲ့အရွယ်တွေရဲ့ အလုပ်တွေကိုလုပ်နေကြရတယ်လေ။ နောက်ပြီး သူတို့ရတဲ့လစာတွေကရော သူတို့ရဲ့ ဘဝရှေးရေးအနာဂတ်အတွက် ဘယ်လောက်အထိအာမခံချက်ပေးနိုင်မလဲ။

နိုင်ငံတကာတွေမှာ ပညာကိုရှေးတန်းတင်ပြီး ကြိုးစားနေကြတဲ့ခေတ်ကြီးထဲမှာ ကျနော်တို့နိုင်ငံက လက်ရည်ဆိုင်တွေမှာ စားပွဲထိုးလုပ် နေကြတဲ့ ကလေးတွေရဲ့ အနာဂတ်ကို တွေးကြည့်ကြရအောင်။ သူတို့လေးတွေရဲ့ အနာဂတ်က ဘာတွေဖြစ်လာနိုင်မလဲ? များသောအားဖြင့်တော့ သေချာရေရာတဲ့ လှပနိုင်မည့်အနာဂတ်တွေကိုတော့ သူတို့မပိုင်ဆိုင်နိုင်ပါဘူးလို့ ကျနော်ယုံကြည်မိပါတယ်။

ကျနော်ကြားဖူးတဲ့ အင်္ဂလိပ်စကားပုံလေးတစ်ခုရှိတယ် ” The Child is The Father of Man”
“ကလေးတစ်ယောက်က လူကြီးတစ်ယောက်၏ ဖခင်´´တဲ့လေ . . .။

မှတ်ချက်။  ။ကျနော်တို့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့အခါ ကလေးစားပွဲထိုးလေးတွေကို တွေ့မိရင် သူတို့လေးတွေရဲ့ ဘဝအနာဂတ်ကို တွေးကြည့်ပေးကြရင်း ဖြစ်ပေါ်လာတဲ့အမြင်လေးတွေနဲ့ ပါဝင်ဆွေးနွေးပေးကြပါလို့ စာဖတ်သူများကို မေတ္တာရပ်ခံပါတယ်။

2 comments

  • onlinezz

    July 24, 2010 at 7:38 am

    ကျွန်မအမြင်ကတော့ ကလေးဆိုတာကျောင်းတက်ပြီး သူငယ်ချင်းတွေနဲ့ တူတူပျော်ပျော်ပါးပါးရှိသင့်ပါတယ်။
    အဲဒီလို ဆိ်ုင်မျိုးစုံမှာ ကလေးလုပ်သားလေးတွေ တွေ ့နေရတာ စိတ်မကောင်းပါဘူး။
    ငယ်ငယ်ရွယ်ရွယ် နဲ ့အလုပ်လုပ်နေတဲ့ သူတို့လေးတွေရဲ့စိတ်ထဲမှာလည်း ဒဏ်ရာအနာတရ ရသွားနိုင်ပါတယ်။
    ခြွင်းချက်အနေနဲ့ တစ်ယောက်တစ်လေကလွှဲလို ့မလှပတဲ့ အနာဂတ်ကိုပဲ ရရှိကြမယ်လို ့ စာရေးသူလိုပဲ ယုံကြည်မိပါတယ်။

  • kai

    July 24, 2010 at 8:01 am

    ယူအက်စ်မှာတော့ ကလေးကို အလုပ်လုပ်ခိုင်းရင် လုပ်ခိုင်းတဲ့လူကြီးကို ဥပဒေနဲ့(ပြင်းပြင်းထန်ထန်)အပြစ်ပေးတယ်။
    သေသေချာချာကို ဥပဒေထုတ်တားမြစ်…ပြဌာန်းထားတာမို ့ဘယ်သူမှ မကျူးရဲဘူး။
    ယူအက်စ်မှ မဟုတ်ပါဘူး။ တိုးတက်နေတဲ့နိုင်ငံတိုင်း.. ဒါမျိုးကို ဥပဒေနဲ့ပိတ်တယ်…။

    ဘာဖြစ်လို့ အဲဒီလိုလုပ်ထားသလဲဆိုတော့…. နိုင်ငံရဲ့ စစ်တမ်းတွေ၊ အတွေ့အကြုံတွေအရလို့ ပြောလို့ရမယ်ထင်ပါတယ်။
    အဲဒါမျိုး အလုပ်လုပ်ခိုင်းခံရတဲ့ကလေးတွေ အားလုံးလိုလို(အားလုံးလိုလို)ဟာ လူကြီးဖြစ်တဲ့အခါမှာ လူဘောင်လောကကို တနည်းနည်းနဲ့ အနှုတ်လက္ခဏာ သက်ရောက်စေလို့ဖြစ်ပါတယ်။
    လွယ်လွယ်ပြောရရင် အဲဒီကလေးတွေကြီးလာတဲ့နှစ် (ဥပမာ -နောင်၁ဝ နှစ်ကစလို့ )အဲဒီကလေး..လူကြီးဖြစ် ကွန်လွန်ချိန်အထိ ..နှစ်ပေါင်းများစွာ..
    လူ့အသိုင်းအဝိုင်းကို ထိခိုက်စေတာတွေဖြစ်လာနိုင်မှာမို ့ပါပဲ။
    ကလေးကို ဈေးပေါပေါနဲ့ ခိုင်းလို့ရလိုက်တဲ့ ၃-၄-၅နှစ်တာလောက်အချိန်လေးအတွက် လူ့ဘောင်လောက ကအနှစ်ငါးဆယ်လောက် ပြန်စားပေးရမှာလေ..။

    စိတ်ဝင်စားသူ တယောက်ယောက်က… အဲဒီလိုကလေးမျိုး အယောက်တရာကို …မေးခွန်း အခု(၂၀) (ဥပမာ။ ။ ကြီးလာရင်ဘာဖြစ်ချင်သလဲ။ ဘယ်သူ့မုန်းလဲ။ ဘယ်သူ့ချစ်လဲ။ လူတွေကိုဘယ်လိုမြင်သလဲ။ ဆိုင်ရှင်ကိုဘယ်လိုမြင်သလဲ။ ဆိုင်ကိုလာတဲ့ ဧည့်သည်တွေဘယ်လိုမြင်သလည်း။ ရွယ်တူကလေးငယ် ကားပေါ်မှာတွေ့ရရင် ဘယ်လိုတွေးသလဲ။ ကျောင်းတက်နေတဲ့ကလေးတွေ့ရင် ဘယ်လိုစဉ်စားလဲ။ ဆန့်ကျင်ဖက်လိင်ကို ဘယ်လိုထင်သလဲ။ စသဖြင့်..မေးပြီး မှတ်တမ်းတင်ထားဖို့ကောင်းတယ်။
    နောင် အနှစ် ၂ဝအကြာမှာ ..အဲဒီလူတွေ..ဘာဖြစ်နေသလဲ…မသိချင်ကြဘူးလား..။

Leave a Reply