မြန်မာ့ဂဇက် အယ်ဒီတာသင်ပုန်း – မေ ၂၀၂၄

kaiMay 23, 20243min2160

Seeing is believingဟု ပရက်စလေသီချင်းလုပ်ဆိုခဲ့သည်။
မြန်မာတို့ကမူ ရူပါရုံ၊သဒ္ဒါရုံ၊ဂန္ဓာရုံ၊ရသာရုံ၊ဖောဋ္ဌဗ္ဗာရုံ ဟူသော အာရုံငါးပါးကို စိတ်ဟုခေါ်သော ဓမ္မာရုံဖြင့် ဆုံးဖြတ်သိတတ်စေသည်ဟူ၏။ နားလည်လွယ်အောင်ဆိုရလျှင် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်တို့မှ အာရုံခံအနေဖြင့် သတင်းပေးပို့ခြင်းကို ဦးနှောက်မှ ဘာ/ဘယ်ဟုဆုံးဖြတ်ချက်ချခြင်းဖြစ်သည်။
လူ့ခန္ဓာ၏ သတင်းပို့/အမိန့်ပေးလမ်းကြောင်းများသည် နှူရွန်ခေါ်လျှပ်စီးဓာတ်နှင့် ဓာတုအချက်ပြချက်တို့ဖြစ်သည်။ လူ့ဦးနှောက်သည် ၁၂-၂၅ဝပ်မျှ LEDမီးလုံးတလုံးမီးထွန်းစာမျှသော စွမ်းအင်ကိုထုတ်သုံးကာ အမိန့်ပေးမောင်းနှင် လူရှင်သန်နေခြင်းဖြစ်ပါသည်။ အစိုးရတို့၏ ဥပဒေတို့အလိုအရ ဦးနှောက်သေပါလျှင် လူသေသည်ဟု တရားဝင်ဆုံးဖြတ်ကြလေ၏။ တနည်းအားဖြင့် ဦးနှောက်(ဝါ) ဓမ္မာရုံသည် လူ့အသက်ဖြစ်သည်။

“ခေတ်ယောင်၏ အစ”

Apple Vision Pro (ဓာတ်မျက်မှန်)ကိုအမေရိကားအတွက်သာဟူ၍ ဖေဖော်ဝါရီ ၂ ၂၀၂၄ မှစထုတ်ဝေဖြန့်ချိခဲ့သည်။ကင်မရာ ၁၂လုံး၊ မိုက်ခရိုဖုံး ၆လုံးပါ ပထမမျိုးဆက် Gen 1 ဖြစ်ပါသည်။ အာရုံခံ ၅ခုမှ အသုံးပြုနေသူလူသား၏ ဓလေ့စရိုက်လှုပ်ရှားမှုများကိုတွက်ဆ၍ AI ခေါ်နတ်ဉာဏ်ဖြင့်မောင်းနှင်နေခြင်းဖြစ်သည်။

သိသာလွယ်စွာပြောရလျှင် မျက်စိ/မျက်မှန်ရှေ့ရှိသည်များကို ကင်မရာဖြင့်ရိုက်၍ စက္ခုအာရုံတွင်မြင်စေသော ဓာတ်မျက်မှန်သာဖြစ်သည်။ ကင်မရာများမှ ရိုက်ကူးထားသော ဒစ်ဂျစ်တယ်ပုံရိပ်ကို မျက်စိရှေ့ကပ်လျှက်မှန်သားပြင်ပေါ်တွင် ထုတ်ပြခြင်းဖြစ်ပြီး မျက်စိမှ ထိုဒစ်ဂျစ်တယ်ပုံရိပ်ကိုတဆင့်ပြန်ကြည့်နေခြင်းသာ။ မျက်စိ/ကိုယ်ခန္ဓာကိုလည်း ဓာတ်မျက်မှန်မှ အာရုံခံကရိယာများဖြင့်ထောက်လှမ်းနေပြီး AIဖြင့်သုံးစွဲသူ၏စိတ်ကိုပုံဖေါ်တည်းဖြတ်နေလေသည်။
ဤသို့ဖြင့် မျက်စိဖြင့်ကြည့်နေသော မှန်သားပြင်တွင် သုံးစွဲသူအလိုရှိရာကိုပြသထပ်ဖြည့်နိုင်သလို အသင်သူသည်လကမ္ဘာ၏မျက်နှာပြင်တွင်ထိုင်နေသည့်သူဖြစ်အောင်လည်း လှည့်စားနိုင်သည်။ အစဉ်အဆက်သုံးလာခဲ့ကြသော ပါဝါမှန်ဘီလူးမျက်မှန်/မျက်ကပ်မှန်တို့ မလိုအပ်တော့သော ခေတ်ကာလလည်းမဝေးတော့ပေ။ ထို့အတူ Desktopကွန်ပြူတာများ မော်နီတာများ တီဗီ ဆောင်းဘောက်များလည်း ရှေးရှေ့ကွန်ပြူတာပေါ်ကာစခေတ်ကကဲ့သို့ အမှိုက်ပုံးရောက်ကြရန်သာဖြစ်၏။ ခေတ်ကာလ၏လူ့အသုံးအဆောင်ပစ္စည်းများ များစွာပျောက်ကွယ်သွားရပေလိမ့်။

ပုံရိပ်ယောင်လောကတွင် လူသားကျား/မ တို့ကို မိုဒယ်/မယ် အလှပဂေး/မင်းသားလေးစသဖြင့်စိတ်ကြိုက်ဖန်တီးစေခိုင်းမှုပြုနိုင်မည်ဖြစ်ရာ ပုံမှန်စိတ်ခံစားမှုတို့ဖြင့် ထိတွေ့ဆက်ဆံရင်း ချစ်ခင်သိကျွမ်းရင်းနှီးကြရသော လူနေမှုဘဝတို့ကွယ်ပျောက်ရကိန်းလည်းရှိသည်။ အသစ်သော “ခေတ်ယောင်”ဆက်ဆံရေးတို့ ဖြစ်လာစရာရှိသည်။
ယခုဂျပန်အပါအဝင် တိုးတက်နေသော တိုင်းပြည်များတွင် ကျား/မ အိမ်ထောင်ပြု သားသမီးယူခြင်းမျိုးကိုလည်း တဖန်ပြန်စဉ်းစား ပျက်ပြယ်နေကြပေရာ လူဦးရေတိုးတက်မှုနှုန်းအကျဖက်ရောက်လာကြပါသည်။ လူတချို့မှာ ဂိမ်းအရုပ်နှင့်ပင် အိမ်ထောင်ပြုကြသည်တမုံ့။
အမေရိကားသည် ပြောင်းခိုလာသူများ အင်မီးဂရန့် လူသစ်များကို နေခွင့်ပေးလက်ခံနေသဖြင့် လူဦးရေတိုးတက်နှုန်းနှင့် အလုပ်လုပ်အသက်ပိုင်း လူသားစွမ်းအား ရရှိမှုတွင် မထောင်းသာသော်လည်း အိမ်ထောင်ပြု/သားသမီးယူခြင်းနည်း၍ သက်ကြီးများလာသော ချိုင်းနား။ဂျပန်။ကိုရီးယားတို့မှာမူ တိုင်းပြည်၏အနာဂတ်ပင်အထူးထိခိုက်နေကြပါပြီ။

“အဘိညာဉ်ရမည့်သူ”

မဝေးတော့သည့်ကာလဝယ် ဦးနှောက်၏အမိန့်ပေးလမ်းကြောင်းနှူရွန်များအထိ နည်းပညာဖြင့်ထိမ်းချုပ်အမိန့်ပေးသည့်စနစ်ကိုပြုမည်ဖြစ်သည်။ အီလွန်မတ်စ်၏အောင်မြင်နေသော Neuralink မှာ လူ့ဦးနှောက်အတွင်းသို့ ချစ်ပ်စိုက်ထည့်၍ အမိန့်ပေးလျှပ်စီးကြောင်းများကို နိုးစွခိုင်းစေသည့်နည်းပညာတည်း။ အဆိုပါနည်းပညာဖြင့် ခန္ဓာကိုယ်လှုပ်၍မရ အကြောသေနေသောသူသည် သူနှင့်ထိတွေ့ဆက်စပ်နေခြင်းမရှိသည့် အခြားကွန်ပြူတာတလုံး(ဝါ) နတ်ဉာဏ်တခုကို စိတ်ဖြင့်အမိန့်ပေးစေခိုင်းနိုင်သည်။ ကနဦးလူသားဖြင့်စမ်းသပ်ချက်အောင်မြင်သဖြင့် ဒုတိယတဦးစမ်းသပ်ခွင့်ကို US FDA မှခွင့်ပြုလိုက်ပြီဖြစ်ပြီး ယခုဇွန်လတွင်စစမ်းသပ်မည်ဖြစ်ကာ ယခုနှစ်အတွင်း လူ၁၀ဦးနှင့်စမ်းသပ်မည်ဟု Neuralink မှဆိုသည်။

လောကတွင်တကယ်ထင်ရှားမရှိပါပဲ အာရုံငါးပါး(မြင်/ကြား/အနံ့ရ/အရသာသိ/အထိအတွေ့ရှိ)ခံစားနိုင်သည့်သဘောဖြစ်အောင် ဦးနှောက်သို့ အကြောင်းကြားပေးပို့သော/ပြန်လည်ဆုံးဖြတ်အမိန့်ပေးသော နှူရွန်လျှပ်စီးကြောင်းများအထိ နည်းပညာဖြင့်ဝင်ရောက်စွက်ဖက်ရန်မဝေးသောကာလပါ။
ခါးရိုးနပ်ဗ်ကြောထိခိုက်မှုကြောင့် အောက်ပိုင်းသေနေသူများ အမြင်အကြားအသိအာရုံချို့ယွင်းနေသူများအတွက် ကြီးမားသော ကယ်ဆယ်ရေး အပြောင်းအလဲပါပေ။ ဒိဗ္ဗစက္ခုနှင့်သောတကျော်၍ “အဘိညာဉ်၆ပါး”ဆီသွားနေသော နည်းပညာဖြစ်သည်။

“သုစိပုဘာ ဝိလိသိဓာ မှ စုတုပြု”

စင်စစ်လူသားသည် ဝေဖန်စိစစ်မှုတို့ကို သင်ကြားထားရသော ပညာရေး/အတွေ့အကြုံတို့ဖြင့် ချိန်ညှိကာဆုံးဖြတ်ကြရသည်။ “သုစိပုဘာ ဝိလိသိဓာ” ဖြင့် မွေးမှသေသည်အထိလုပ်နေကြရ၏။
နတ်ဉာဏ်မှာမူ အင်တာနက်ဟူသော ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်ပူးပေါင်းထားမှုဖြင့် ကမ္ဘာ့လူသားတို့၏ဘဝနှင့် မြို့ပြယဉ်ကျေးမှုကြီးတခုလုံးကို ထုံးလိုချေရေလိုမှောက်သိနားလည်ပြီးဖြစ်လေရာ သာမန်လူသားတဦးနှင့် ဉာဏ်အားဖြင့်မည်မျှပြတ်ထွက်သွားမည်ကို ခန့်မှန်းနိုင်ပါလိမ့်။ လူသားတို့နှစ်ထောင်ချီ တကုတ်ကုတ်ကြိုးစားအားထုတ် စုဆောင်းဖန်တီးထားသည်တို့ကို မျက်စိတမှိတ်-လျှပ်တပြက်အတွင်၌ ဆွဲချယူသုံးသွားနိုင်သည်။ နတ်ဉာဏ်သည် “စုတုပြု”ကျွမ်းကျင်အဆင့်သို့ရောက်လာလျှင် လူတို့ ဒွန္ဒယာဤကမ္ဘာပျက်နိုင်ချေလည်းရှိသည်။သူ့ကျွန်ဘဝရောက်ရချေလည်းရှိသည်။

ထုံးတမ်းအစဉ်အလာအရမူ အိုင်တီ/ကွန်ပြူတာဟူသည် အသုံးပြုသူ၏အဆင့်ရာထူးအတိုင်း ထိုးဖေါက်ဝင်ရောက်သုံးစွဲခွင့်ပေးထားကြပေရာ အဆင့်မြင့်သူ ပိုစွမ်းသည့်သဘောပါ။ တနည်းအားဖြင့် အသိဉာဏ်/ပညာသည်ငွေ ဆိုသည့်ခေတ်ဖြစ်လာပေမည်။ သာမန်လူတန်းစားနှင့် ချမ်းသာသူလူတန်းစားတို့မယှဉ်နိုင်လောက်အောင် ပြတ်သွားမည့်သဘောရှိသည်။ လူတန်းစားကွဲပြားမှု၏အခြေခံမှာ ရာထူး/ဂုဏ်/ဘာသာရေး/ဓလေ့နှင့်မဟုတ်တော့မူပဲ နတ်ဉာဏ်တွင်းသို့ ထိုးထွင်းဝင်ရောက်သိခွင့်နှင့်ဖြစ်သွားမည်ဖြစ်ပေရာ အဘိညာဉ်ခေါ် တန်ခိုးရထားသောလူတန်းစားသစ်တရပ်ဖြစ်လာလတ္တံ့တည်း။

“စတ္တုတ္ထကမ္ဘာစစ် လောကအဆုံး”

အိုဘားမားလက်ထက်က ဂက်စ်ဆီဖြင့်မောင်းနှင်ကားများကို လျှော့ချဖြုတ်ပစ်၍ လျှပ်စစ်စွမ်းအင်ဖြင့်မောင်းနှင်ကားများ နေစွမ်းအင်ဖြစ်များကို တွန်းတင်ပေးခဲ့သည်။ ဤသို့ဖြင့် Teslaသည် EVကားလောကကိုဦးဆောင်နိုင်ခဲ့သော်ငြား လုပ်အားခစျေးများသော အမေရိကမြေတွင် ပြည့်ဖြိုးမြဲစွမ်းအင်သုံး ပစ္စည်းများထုတ်လုပ်ရန် ကုန်ကျစရိပ်များနေသေးရကား သက်သာသည့်ချိုင်းနားဆီသို့ ပြောင်းကြရသည်။ ဤသို့ဖြင့် ပြည့်ဖြိုးမြဲစွမ်းအင်သုံးပစ္စည်းစျေးကွက်တွင် ချိုင်းနားဦးသွားခဲ့သည်။

ယခု AIတွင်မည်သို့နည်း။ အမေရိကား၏ဤထီထွင်မှုသည် အင်တာနက်တွေ့ရှိသကဲ့သို့ဖြစ်လာမည့် ခေတ်ယောင်ကြီးဆီ ဦးတည်နေပါသည်။
အေအိုင်၏ အဓိကဦးနှောက်ဖြစ်သော စွမ်းအားမြင့်ချစ်ပ်ထုတ်လုပ်မှုမှာ ထိုင်ဝမ်တွင် အဓိကဖြစ်နေသဖြင့် ထိုင်ဝမ်ကို နိုင်ငံရေး/စစ်ရေးတို့ဖြင့် မဟာဗျူဟာချ အာရုံစိုက် စျေးကွက်လုကြပေရာ အမေရိကားနှင့်ချိုင်းနားတို့ ဆက်ဆံရေးတင်းမာလျှက် ယခုအခြေအနေဆိုက်ခဲ့သည်။ ချစ်ပ်ထုတ်လုပ်မှုကိုလည်း အမေရိကားမြေတွင်ရရန် သမ္မတဘိုင်ဒန်မှကြိုးစားနေပြန်သည်။ မည်သူဦးမည်လော။ မသေချာသေး။ နတ်ဉာဏ်AIစျေးကွက်ပါ ချိုင်းနားလက်ထိုးအပ်ရလျှင် အမေရိကားမှ စစ်ကိုခေါ်လေမည်လားမသိ။ ဤသို့လျှင် လောကအဆုံး ဆိုက်မည်လော။

“သူယောင်မယ်/မောင်”

မြန်မာတို့သည် ပျံတော်မူသော ဆရာတော်ကြီး(တို့)၏ရုပ်ကလပ်ကို ကိုးကွယ်ပူဇော်ကန်တော့လျှက်ရှိကြကုန်၏။
ဤခေတ်ဝယ် အေအိုင်နတ်ဉာဏ်ထည့်ထားသော လူ့သဏ္ဌာန်ရုပ်ထုမှ အသံတို့ထုတ်၍ တရားဓမ္မတို့လည်းဟောနိုင်ပြောနိုင်ကြပါပြီ။ ပုံရိပ်ယောင်ဖြင့် လူ့စက္ခုအာရုံတွင်းသာ ထင်မြင်သာအောင်လည်း အသိတုကို ဖန်ဆင်းပေးပို့နိုင်ပါ၏။ ထေရဝါဒ၏ပိဋကတ်သုံးပုံ၊ ဓမ္မက္ခန္ဓာ၈၄၀၀၀ကို ဖင်ပြန်ခေါင်းပြန်အာဂုံဆောင်ထားနိုင်ယုံမက မဟာယာန ဝဇီရယာနကျမ်းများပါ မွှေနှောက်သုံးသပ်ဟောပြောနိုင်သူ သူယောင်မယ်/မောင် ဖြစ်ပါလျှင် မည်သို့လုပ်ကြမည်နည်း။
အကြင်နတ်ဉာဏ်အရုပ်/ပုံရိပ်ယောင်သည် အို၊နာ၊သေခြင်းမရှိ၊ ကိလေသာ ၁၀ပါးကင်းကာ လောကဓံတရားတို့ကြောင့် တုန်လှုပ်ခြင်းမရှိ၊ တဏှာပတ်ပြတ်ပြီးဖြစ်သည်။ လှုပ်/လုပ်သမျှကြိယာစိတ်သာဖြစ်သည် ဆိုငြားအံ့။ ပူဇော်အထူးခံယူတော်မူထိုက်သည်ဟူ၍ ထေရဝါဒတို့၏ ရဟန္တာပေလော၊ ကျမ်းလပြဋ္ဌာန်းထားချက်တို့ကို ပြန်လည်ဆန်းစစ်ကြပေကုန်။

ဂေါတမဗုဒ္ဓသည် ကိုယ်တော်ရှင်နား ဖူးမြော်ချဉ်းကပ်နေသော အသျှင်ဝက္ကလိအားဤသို့ ငေါက်ဖူးသည်။ “ဝက္ကလိ မသင့်လျော်၊ ဤအပုပ်ကောင်ကို သင် ဖူးမြင်ခြင်းဖြင့် အဘယ်အကျိုးရှိမည်နည်း၊ တရားကို မြင်လျှင် ငါ့ကို မြင်၏၊ ငါ့ကို မြင်လျှင် တရားကို မြင်၏။” ဤခေတ်ဝယ် အာရုံငါးပါးမျှလောက်ဖြင့် တရားဓမ္မကိုမသိနိုင်တော့ချေ၊ ၆ပါးမြောက် စိတ်/ဓမ္မာရုံအထိပင် နည်းပညာအားဖြင့် ထွင်းဖေါက်ဝင်ရောက်ပြုပြင်အံ့မူးမူးတည်း။