ကိုနေဝန်းနီရဲ့ ပွဲကြိုက်သူများဖတ်ပြီး ပွဲဈေးကို လွမ်းသွားလို့ ရေးလိုက်ရတဲ့ စာပါ။

ကိုယ့် ဆရာမြင်ရင်တော့ ဒီ “အစား” ပဲ ပြောနေတယ် ပြောတော့မယ်။  :mrgreen:

တတ်နိုင်ဘူး။ ဆက်စပ်တွေးမိတာလည်း ဒါပဲရှိတယ်။   :)

မန်းလေးမှာ က ဆောင်းဝင်ပြီဆိုရင်ကို ပွဲဈေးတွေ စပြီလေ။

ရှိသမျှပွဲတွေလည်း က ကြပြီ။

ကိုယ်ကတော့ ရုပ်ရှင်ခေတ်မှာ လူဖြစ်လားမသိ ပွဲကို ကြည့်ချင်လွန်းလှ၊ ကြိုက်လှချည်ရဲ့ မရှိပေါင်။

ပွဲဈေးလည်ရတာပဲပျော်တယ်။ လည်ရင်လည်း တခြားနေရာမသွားဘူး။ မုန့်ဆိုင်တွေပဲရယ်။

မြန်မာမုန့် တွေ ကို အဓိက စားလို့ရတာလည်း ပွဲဈေးမှာပဲကိုး။

ဘာပဲဖြစ်ဖြစ် ပွဲကြိုက်ခင် ပဲပေါ့လေ။ ပြီးမှသာ ပွဲခင်းမရောက်ပဲ မုန့်တန်းရောက်နေတတ်တာ။  :mrgreen:

 

ပြောပြဦးမယ်။ ငယ်တုန်းက အဘိုးအိမ်သွားလည်ပြီး နေနေတုန်း အဒေါ်တွေဆီ စာလာမေးတဲ့ ကျောင်းသူလေးတွေက ကိုယ်တို့မောင်နှမတွေကို ချစ်တော့ ပွဲဈေးခေါ်ပြီး မုန့်လိုက်ကျွေးတာ။

လူကြီးတွေမသိပဲ လိုက်သွားရပါ့မလားဆိုပြီ: အဖိုးက တော်တော် ဆူ တာ ခံရတယ်။ ဒါပေမဲ့ ပွဲဈေးတန်းဆိုတာ ဒါပါလားလို့ သိသွားတာ။

အဖိုးက ကိုယ်တိုင်လည်း မသွားဘူး။ သမီးတွေ မြေးတွေ သွားတာလည်းမကြိုက်ဘူး။ သူတို့ခေတ်က ပွဲဈေးလည်တယ်ဆိုတာ ဖင်ဆိတ်ခံချင်လို့ တဲ့။ အဲလိုပြောတော့ သူ့သမီးတွေက မလှုပ်ရဲဘူး။

အရွယ်ကြီးကောင်ကြီးမားနဲ့ ကြောက်ကြတာ တဲ့ ။ သူတို့ အဖေကိုပါ။  :mrgreen:

ကိုယ်တွေ လက်ထက် ဒီလောက်ကြီးလည်း မဆိုးတော့ပါကြောင်း၊ အမျိုးကောင်းသမီးကို ဖင်လိုက်ဆိတ်ရအောင်လည်း ရှားရှားပါးပါးခေတ် မဟုတ်တော့ပါကြောင်း အဖိုးကို နားခံသာမဲ့ စကားလုံးလေးတွေ သွင်းပြီးသကာလ မောင်နှမတွေ အပြင်လည်ခွင့်ရပါတယ်။

(နောက်ဆို သူတို့ဖြစ်ချင်တာမှန်သမျှ အဖိုးကို ပြောပေးရတဲ့ စကားပြန်ကြီးကိုဖြစ်လို့။)

ဒါတောင် ယောင်္ကျားလေးလို ဝတ်သွားဆိုလို့ ဆောင်းတွင်းရော ဆောင်းတွင်းမို့ ရုပ်မပေါ်အောင် သွားရတာပါ။ မောင် ၆ ယောက်နဲ့သွားတာဗျာ။ ဘယ်သူမှ မိန်းမလို့ မမြင်ဘူး။ ကိုယ့်ကို။

:kwi:

နယ်မှာ လိုက်နေတော့လည်း နယ်စုံမှာ ၁၂ ပွဲ ဈေးတိုင်း မလွတ်ခဲ့။

ပွဲမိန့်လက်မှတ်ထိုးတဲ့ ထဲ ကျန်းမာရေး မှာ ကိုယ့်ဖေဖေလက်မှတ်ပါမှဆိုတော့ ဒီမျက်နှာနဲ့ နယ်ပွဲဈေးသည်တိုင်းဆီမှာ ကြိုက်ရာ နှိုက်မြည်းပေါ့လေ။

အဲဂလို ကောင်းစားခဲ့တာကလား။ 

:harr:

သွားတိုင်းလည်း ဆေးရုံက ဝန်ထမ်းတွေနဲ့ပဲသွားတယ်။ ကိုယ့်ဖေဖေနဲ့ ဆို ဟိုအစားအသောက်က ဘာဖြစ်၊ ဒီ အစားစာက ဘာမကောင်း စသည်ဖြင့် အပြန် လက်ဘလာ၊ ဗိုက်ဟောင်းလောင်းနဲ့ပဲ ပြန်ပြန်လာရတာကိုးဗျ။

မေမေကတော့ ဖုန်ထူ၊ လူရှုပ်ကို မကြိုက်လို့ မလိုက်ဘူး။

ကိုယ်ရွေးချယ် ဝယ်လာတဲ့ အစားအသောက်တွေတော့ ၂ ယောက်လုံးစားတယ်ရယ်။ သူတို့နဲ့ ဘယ်နယ် ဘယ်လောက်ခေါင်ခေါင်လိုက်ပြီး ဒေါင်ကျကျ ပြားကျကျနေတတ်တော့ အားကိုးတာလဲ အဲဒီက စ တာပါ။  ကိုယ်ကတော့ ဒေသစာ ကောင်းကောင်းစားရ ကြိုက်တာပဲရယ်။ ပျော်နေတာပဲရယ်။ နောက်မှ ဒေသစာတွေ အကြောင်းရေးဦးမယ်။

ထားပါတော့။ မုန့် စာရင်း တန်းစီရေးမလို့ ဟိုမှာ ဒီ မှာ မမြင်ဖူးဘူး ပြောမှာစိုးလို့ နယ်စုံက အချိန်စုံရောင်းတဲ့ ပွဲဈေးမုန့်တွေဖြစ်ပါကြောင်း စကားကြောရှည်ရခြင်းဖြစ်ပါတယ်။

ကဲ စပါပြီ။

 

စစချင်း ပွဲဈေးမှာ တွေ့တတ်တာက ဗန်းတွေနဲ့ ထည့်ပြီးရောင်းတဲ့ မုန့်တွေပေါ့။ ဘာတွေတုန်းဆို………

အုန်းနို့ကျောက်ကျော

သာကူပြင်

ငှက်ပျောသီး ဆနွင်းမကင်း/ ငှက်ပျောပူတင်း

ရွှေကြည် ဆနွင်းမကင်း

ပုသိမ်ဟာလဝါ ပျော့

ထိုးမုန့်

ရွှေထမင်း

ကရေကရာ

မုန့်ဆန်း စတာတွေ ကို ကိုယ်ကြိုက်သလောက်ဝယ်ရင် မုန့်သည်က ဗန်းလေးထဲကနေ ကတ်ကြေးလေးနဲ့ ညှပ်ညှပ်ပြီး ရောင်းတာပါ။ အမြည်းလည်း ကျွေးတတ်ပါတယ်။

 

နောက် ဆက်သွားရင် တွေ့တတ်တဲ့ အသည်တွေက……..

ဘူးသီးကြော်၊ ဘယာကြော်၊ ပဲကပ်ကြော်၊ ပုစွန်ခွက်ကြော်၊ ပြောင်းဖူးကြော် စတဲ့ အကြော်စုံသည်နဲ့ ဘေးမှာ ရှိတတ်တဲ့ အသည်က တော့

ခဲလန်ချောင်းလို့ ခေါ်တဲ့ ကောက်ညှင်းကျည်တောက် သည်နဲ့

ကောက်ညှင်းပေါင်း သည် တို့ပါ။

အိမ်အတွက် အဝယ်များတတ်တဲ့အစားအသောက်ပေါ့၊ အိမ်ကြမှ ကိုယ်လည်း လူကြီးတွေကပ်ပြီး ကောက်ညှင်းပေါင်း အကြော်စုံလေးကို ရေနွေးကြမ်းလေးနဲ့ စားရတာ အဲဒီ ဆောင်းတစ်ညပေါ့လေ။  :mrgreen:

 

နောက်ပြီးတော့ ဆန်နဲ့ လုပ်တဲ့ မုန့် တွေ ရောင်းတဲ့ အတန်း……..

မုန့်ပြားသလက် ဖြူ/နီ

မုန့်ရေပါး/ရေမုန့်/လမ်းသရဲမုန့်/ချွေတာရေးမုန့်/ခေါက်မုန့် (မောလိုက်တာ)  :mrgreen:

ဘိန်းမုန့်

မုန့်စိမ်းပေါင်း ဖြူ/နီ

မုန့်ဆပ်သဖူး

မုန့်ဗိုင်းတောင့်

မုန့်ကျွဲသည်း

မုန့်လင်မယား  စတာတွေပေါ့။

ပြောဖူးပါတယ်။ မုန့်လင်မယားကို ငုံးဥလေးဖောက်ထည့်ပြီး စားရတာ အရမ်းကောင်းပါဆို။ ကျန်တာတွေကတော့ အထူးပြောတော့ပါဘူးနော့။

:harr:

 

နောက်တစ်တန်းကတော့ ကောက်ညှင်းနဲ့ လုပ်တဲ့ မုန့်တန်းပါဗျား။ ရောက်ပြီးရင် ပြန်မထွက်ချင်တဲ့ နေရာပေါ့။  :mrgreen:

မုန့်လုံးရေပေါ်

မုန့်ကြာစေ့

မုန့်လုံးကြီးကြော်

မုန့်ဆီကြော်

မုန့်ချိုသွင်း

မုန့်လက်ကောက် စတဲ့ မုန့်လေးတွေကို ကောင်းနိုးရာရာ တစ်ခုခြင်းရွေးဝယ် စားရတာလည်း အနုပညာပါပဲလေ။ မစားတတ်ရင် တစ်မျိုးတည်းနဲ့ ဗိုက်ပြည့်ပြီးပြန်ရရင် မတန်ဘူးကိုး။   :mrgreen:

 

ပြီးတော့ ဆောင်းတွင်းမုန့်ဈေးတန်းလည်ရင် စားလို့ကောင်းတဲ့ တစ်နေရာရှိသေးတယ်။

အရမ်းအေးတဲ့ ညတွေဆို ပြောင်းဖူးဖုတ်သည်ရဲ့ မီးဖိုနား မီးလှုံရင်း ပြောင်းဖူးဖုတ်၊ ထန်းမြစ်၊ ပြောင်းဖူးပြုတ်၊ ပဲမြစ်ပြုတ် စတာလေးတွေ စားပြီး ထိုင်ရတာလည်း အရသာပဲ။

 

နောက်တစ်မျိုးက ဈေးတန်းထဲ စားလို့လည်းရ ဝယ်သွားပြီး အထားနည်းနည်း ခံတဲ့ မုန့်မျိုးပေါ့။

ဇီးတော်ဖီ၊ ဇီးကြံသကာ ခေါ်မလားမသိ ဂန့်ဂေါဘက်မှာ ရောင်းတတ်တယ်။

နောက်

မြေပဲယို၊ နှမ်းပြစ်၊

ကြံသကာ၊ ထန်းလျက်

မုန့်ပဲဆုပ်

မန်းမရွေး

ပဲခွေ၊ စာကလေးခွေ

အုန်းမှန်ကူ စတာမျိုးတွေပေါ့။ သူ့ဒေသစားစရာအလိုက် ရောင်းကြတာပဲ။

 

ခု ရှိမရှိမသိတော့တဲ့ မုန့်က မုန့်ကြိုးလိမ်၊ မစားရတာတော့ အတော်ကြာပြီ။

 

နောက်ပြီး ဂျုံမှုန့်နဲ့ ကြက်ဥအစာသွတ်ထားတဲ့မုန့်လေ “မုန့်သိုင်းခြုံ” လို့ခေါ်တယ်။ အိအိလေး အရမ်းစားလို့ကောင်းတယ်ရယ်။

 

သာကူကြို၊ ဂျုံကြိုပူပူ လေးတွေကလည်း စားချင်စရာတစ်မျိုးပါပဲ။

 

နောက်တစ်မျိုးက ထန်းသီးမုန့်၊ အုန်းသီးခြစ်လေတွေ ဖြူးစားရတာ။ ဆိမ့်ဆိမ့်လေးရယ်။ ရှလွတ်။  :kwi:

 

ပေါက်ပေါက်ဆုပ် အကြီးကြီးတွေရော စားဖူးကြသလားဟင်။ ချိုဆိမ့်ဆိမ့်နဲ့။ ကိုယ်ကတော့ တခါသားလား စားဖူးပါတယ်။ နောက်မမြင်ဘူးတော့ဘူး။

 

ဟီး။ နောက်အရမ်း စားတတ်တဲ့ ပွဲဈေးမုန့်ရှိသေးတယ်။

မုန့်လေပွေနဲ့ ချဉ်ပေါင်ဖူးယို။

ဘာကောင်းသလဲမမေးပါနဲ့။ နောက်ရက် ဗိုက် အနာခံပြီး စားတာ။   :mrgreen:

 

ထန်းလျက်ရည် ဆန်းထားတဲ့ ခါကြာမုန့် ဆိုတာလည်း ရှိသေးတယ်။ ကြွတ်ကြွတ် ချိုချိုလေး နဲ့ မြည်းလို့ကောင်းတာပဲရယ်။

ဒီ ဆောင်းတွင်းတော့ မန်းလေး ဘုရားပွဲ တစ်ပွဲပွဲနဲ့ တိုက်ပြီး ပြန်မလားလို့။

 

ကဲပါလေ၊။ ဒီ လောက် ရေးရတော်ပါပြီ။

ခုရေးရင်း ဗိုက်က ဆာလာပြီး စားချင်စိတ်တွေ ပေါက်ပေါက်လာလို့ပါ။

သိတာရှိလည်း လိုတာတွေ ထပ်ဖြည့်ပေးသွားပါနော့။

:528:

About ဇီဇီ

ဇီဇီ has written 357 post in this Website..

CJ # 129120