“မည်သူစောင့်၏ မစောင့်၏ တားသူရှိ၏ မရှိ၏”

 

 

ဒီနေ့မနက်အလုပ်သွားဘို့ အိမ်ကထွက်ခါနီးမှာ အဝေးက မိတ်ဆွေ တစ်ယောက်ဆီက

ဖုန်းဝင်လာပါတယ်။

“ ကိုပေါက် ကျုပ်မန်းလေးရောက်နေတယ်ဗျ။

ခင်ဗျားပြောပြောနေတဲ့ ‘တိုရှည်’ ဆိုတဲ့မုန့်စားချင်တယ်ဗျာ၊

နောက်ချပါတီနဲ့ ဘာဂျီကြော်ရောဗျာ။”

“ရတယ်လေ ကျနော်လာခေါ်မယ် ဘယ်နားမှာတည်းတာလဲ”

“၃၅လမ်းကုန်းကျော်နားမှာဗျ ကျုပ်မိန်းမနဲ့ကလေးတွေလဲပါတယ်”

 

အဲလိုပြောတော့ ကျနော်မှာအုံးစားသွားပါတယ်။

မန်းလေးမှာ ဆိုးတာတစ်ခုက ကိုယ့်မှာ ကိုယ်ပိုင်ကားမရှိရင်  ဧည့်ဝတ်ကျေဘို့ အတော်ခက်ပါတယ်။

ဧည့်သည်ကတစ်ယောက်ထဲဆိုရင် ပြဿနာမရှိပေမယ့် တစ်ယောက်ထက်ပိုရင် ထမင်းလိုက်ကျွေးဘို့

တို့ ဟိုနားဒီနားလိုက်ပို့ ဘို့က အဆင်မပြေတတ်ပါဘူး။

မန်းလေးမှာ သင့်တင့်တဲ့နူန်းထားနဲ့ပြေးတဲ့ တက္ကစီ မရှိတာကြောင့်ပါ။

တက္ကစီ ရှိတယ်ဆိုပေမယ့်လဲ ဈေးကြီးသလို ကားအရေအတွက်ကလဲမများ။

ကျနော်မှာကလဲ ကားမရှိ ဆိုင်ကယ်ဘဲရှိတာကိုး။

အဲဒါနဲ့ အမြန်ဆုံးစဉ်းစားလိုက်တော့ သူစားချင်တဲ့ ‘တိုရှည်’လဲရ သူတည်းတဲ့နေရာနဲ့လဲနီး

သူလဲလာလို့လွယ်မယ့် လက်ဖက်ရည်ဆိုင်ကိုဘဲ လာခဲ့ဘို့ ချိန်းလိုက်ရပါတယ်။

ကျနော်မိတ်ဆွေစားချင်တဲ့မုန့်ကလဲ မြန်မာမုန့်မဟုတ်တော့ ဘာရယ်ညာရယ်ရွေးလို့မရနိုင်ပြန်ပါဘူး

 

ဒီမုန့်ရတဲ့ဆိုင်ဘဲသွားစားရတော့တာပေါ့။

သူကိုဘယ်လိုလာရမယ်ဆိုတာပြောပြတော့သူကလဲ လမ်းလျောက်ပြီးလာခဲ့မယ်လို့ဆိုတော့

အဆင်ပြေသွားပါတယ်။

*********************************************************

 

ကျနော်လက်ဖက်ရည်ဆိုင်ရှေ့အရောက်သူတို့မိသားစုလဲ ရောက်လို့လာပါတယ်။

ဆိုင်ထဲရောက်တော့ ကိုယ်စားချင်တာကိုယ်မှာကြပေါ့။

ကလေးတစ်ယောက်က ဒန်ပေါက်။

တစ်ယောက်က ဆိတ်စွတ်ပြုတ်နဲ့နံပြား။

သူ့မိန်းမကတော့ အာလူးပူရီ။

သူကတော့ တိုရှည်တစ်ပွဲ ချပါတီတစ်ပွဲနဲ့ ဗာဂျီကြော်။

သူတို့နေတဲ့မြို့မှာအလွယ်တကူဝယ်စားလို့မရနိုင်တဲ့မုန့်တွေပေါ့။

ကျနော်ကတော့ မလိုင်နဲ့နံပြား။

 

မှာထားတဲ့မုန့်မရောက်သေးခင်မှာတစ်ယောက်နဲ့တစ်ယောက်မာကြောင်းသာကြောင်းတို့

လုပ်ငန်းကိုင်ငန်းတွေ ဟိုရောက်ဒီရောက်တွေ့တုန်းလေးအပြေးလွှား

ပြောကြရတာပေါ့။

အဲလိုပြောနေတုန်း သပိတ်ကလေးနဲ့ကိုရင်လေးတစ်ပါး

လက်ဖက်ရည်ဆိုင်ထဲမှာဝင်ပြီးဆွမ်းခံပါတယ်။

ကျနော်တို့ဝိုင်းနားကို အဲဒီကိုရင်လေး ဆွမ်းရပ်တော့ ကျနော့် မိတ်ဆွေရဲ့မိန်းမက

ရာတန်လေးတစ်ရွက်ထုတ်ပြီး လှူလိုက်ပါတယ်။

ကိုရင်လေးလာရပ်လိုက်တော့ ပြောလက်စ စကားလဲပြတ်သွားပါတယ်။

သိပ်မကြာခင်မှာထားတဲ့မုန့်တွေရောက်လာတော့ စားလိုက်စကားပြောလိုက်ပေါ့။

ကျနော်တို့ မုန့်စားနေတုံး ဘေးနားမှာ နောက်ထပ်ကိုရင်လေးတစ်ယောက်

ရောက်လာပြန်တော့ကျနော်မိတ်ဆွေက ၂၀ဝကျပ်တန်တစ်ရွက်

ထည့်လိုက်မှ ကိုရင်လေး လဲဒီပြင့်ဝိုင်းဘက်ကိုဆက်ကူးသွားပါတယ်။

အဲဒီကိုရင်လေးထွက်သွားတော့ နောက်ထပ်ကိုရင်တစ်ပါးထပ်ဝင်ပြီး

အစောကလိုဘဲဆွမ်းခံပြန်ပါတယ်။

မိတ်ဆွေ ကလဲ သူ့ပိုက်ဆံအိတ်ထဲက နေထုတ်လှူလိုက်ပြန်ပါတယ်။

ဟော      ခဏနေတော့ နောက်ထပ်ကိုရင်လေးတစ်ပါး။

ပြီးတော့ နောက်ထပ်ကိုရင်လေးတစ်ပါး။

နောက်ထပ်ရောက်လာတဲ့ကိုရင်လေး အလှည့်ရောက်တော့

ကျနော့် မိတ်ဆွေလဲ သူ့ပိုက်ဆံအိတ်ထဲ မှာ အရွက်သေးမကျန်တော့ ။

အဲတော့  ကန့်တော့ဆွမ်း လိုက်ရပါတော့တယ်။

အဲဒါနဲ့ ကျနော်လဲ ကိုရင်လေးတွေ ဆွမ်းခံနေတာကို လိုက်ကြည့်မိပါတယ်။

ကိုရင်လေးတွေဆွမ်းဝင်ခံကြတာကို အလှူငွေထည့်လိုက်သူလဲရှိ။

ကန့်တော့ဆွမ်းလို့ပြောသူလဲရှိ။

ခေါင်းယမ်းပြသူလဲရှိ။

ဘာမှမပြောဘဲ အစားမပျက် စကားပြောမပျက် ဟန်မပျက်နေသူလဲရှိ။

စိတ်အနှောင့်အယှက်ဖြစ်သွားပုံရတဲ့သူလဲရှိ။

 

ကိုရင်လေးတွေကတော့ ဒါတွေကို ဘာမှသိပ်ဂရုစိုက်နေပုံမပေါ်။

စားပွဲနားမှာ ဝင်ပြီး ရပ်နေ။

အလှူငွေထည့် လိုက်တယ်ဆိုရင်တော့ မြန်မြန် နောက်တစ်ဝိုင်းကူး။

မထည့်ဘူးဆိုရင်  အတော်ကြာအောင် ရပ်နေတတ်ပါတယ်။

ဟိုကနေ့ ကန့်တော့ဆွမ်းပြောလိုက်မှ ဒါမှမဟုတ်

မလှူတာသေချာလောက်ပြီဆိုမှ နောက်တစ်ဝိုင်းကူး။

ကြည်ရင်းကျနော်ခေါင်းတွေတောင် မူးလာသလိုပါဘဲ။

 

????????????????????????????????????????????????????????????

 

 

ဟိုအရင်နှစ်ပေါင်းများစွာကနေ့ လက်ရှိအချိန်အထိ ကျနော်တို့

” ဗုဒ္ဓဘာသာအနွယ်ဝင်” များဟာမိရိုးဖလာ ကိုးကွယ်မှု့

သက်သက်နဲ့ဘဲနေလာခဲ့ကြပါတယ်။

အဖိုးအဖွား အဖေအမေကိုးကွယ်လို့ ဆက်ကိုးကွယ်တယ် ဒီထက်မပို။

ကိုယ့်ယုံကြည်တဲ့ဘာသာတရားကို စည်ပင်ဝေဆာအောင်လုပ်တာက

ဘုရားသားတော်ဖြစ်တဲ့သံဃာတော်များရဲ့တာဝန်ဆိုတဲ့ အတွေးနဲ့ဘဲ နေသာသလိုနေခဲ့ကြပါတယ်။

သာသနာတော်ကို ပျံ့ပွားအောင်လုပ်ခဲ့ကြတဲ့ လူဝတ်ကြောင်တွေရှိခဲ့ပေမယ့် အရေအတွက်မများပါဘူး။

ကျနော်အပါအဝင်အများစုကလဲ အလှူအတန်းလို ရှိတဲ့အခါမျုးိမှာသာအများနဲ့ရောပြီး

“နမောတဿ” လုပ်တာ၊ ဘုရားရောက်ရင် ပေါက်ဆိန်ပေါက် ဦးချကန့်တော့ တာ

ကလွဲရင်ကျန်တဲ့အချိန်မှာတော့ ဘာသာရေးဆိုတာ ကိုယ်နဲ့မဆိုင်သလိုနေခဲ့ကြ။

ဘာသာတရားဆိုတာ အလုပ်မလုပ်နိုင်တဲ့သက်ကြီးရွယ်အိုအချိန်ရောက်မှ

ကိုယ့်နဲ့ထိတွေ့ရမယ့် ကိစ္စတစ်ခုလိုသဘောထားကြပါတယ်။

ဥပုဒ်ရက်မှာ ဥပုဒ်သီတင်းဆောက်တည်တာ။

ကိုယ့်ရဲ့ညီအကိုမောင်နှမတွေ တူတူမတွေ သားသမီးတွေကို ” ဗုဒ္ဓဘာသာ”နဲ့ပါတ်သက်

တဲ့သိသင့်သိထိုက်တာတွေကို ပြောပြဘို့ဝေလာဝေးကိုယ်တိုင်တောင်သေချာမသိ။

ပါဠိဘာသာနဲ့ရေးထားတဲ့ ဘုရားစာကို အနက်သိဘို့မပြောနဲ့ အသံထွက်တောင်

ဌာန်ကရိုင်းကျအောင် မဆိုတတ်ကြပါဘူး။

 

ကိုယ့်ကလေးတွေကိုလဲ ” ဗုဒ္ဓဘာသာသင်တန်း”တွေပို့ဘို့လဲ အသိတရားထဲမှာမရှိ။

အဲတော့ ” ဗုဒ္ဓဘာသာအနွယ်ဝင်”အားလုံးဟာ အမည်ခံသက်သက်လောက်

အဆင့်နဲ့ဘဲ ရပ်တည်ခဲ့ကြပါတယ်။

ကလေးတွေကို ဘုန်းကြီးကျောင်းပို့ပေးရကောင်းမှန်းမသိ။

ဒီတော့လဲ ကလေးတွေက ရဟန်းသံဃာများနဲ့စကားမပြောတတ်တော့။

အချို့ကတော့ ဒါကိုဘဲဂုဏ်ယူစရာတစ်ရပ်လိုရှိနေခဲ့ကြ။

 

“လူနည်းစုမို့လုပ်နိုင်တာပါကွာ”လို့ဆိုချင်ဆိုနိုင်ပေမယ့် ကျန်သောဘာသာဝင်များက

သူတို့ဘုရားဝတ်ပြုရမယ့်ရက်တွေ ဘုရားဝတ်ပြုချိန်တွေမှာ လူကြီးလူငယ်မကျန်

ဘုရားကျောင်းတက်တာ ဘုရားဝတ်ပြုကြတာကတော့ အတုယူစရာလို့ပြောရင်မမှားနိုင်ပါ။

ကြုံလို့သွားတာ မဟုတ်ဘဲ တကယ့်ကို လုပ်ရမယ့် ဝတ္တရားတစ်ခုလိုသဘောထားလို့

မှန်မှန်ကြီးသွားကြတာပါ။

နောက်သူတို့ရဲ့သားသမီးတွေကို ငယ်စဉ်ကလေးဘဝက စပြီး သူတို့

ကိုယ်ယုံကြည်ကိုးကွယ်တဲ့ဘာသာတရားနဲ့ပါတ်သက်တဲ့ စာတွေကိုမူရင်းအတိုင်း

ဖတ်နို်င်အောင် စာသင်ကျောင်းလေးတွေဆီကို မိဘကိုယ်တိုင်က လိုက်လံပို့ပေးတာ

စံနစ်တကျသင်စေတာကလဲ အတုယူစရာတစ်ခုပါဘဲ။

ကျနော်နေထိုင်ရာအိမ်အနားက အစ္စလမ်ဘာသာကိုယုံကြည်ကိုးကွယ်တဲ့မိသားစုက

ကလေးတွေကို မနက်ခြောက်နာရီလောက်ဆိုရင် အာရဗီစာသင်ကျောင်းကို မိဘ

ကိုယ်တိုင် လိုက်ပို့တာကိုတွေ့မြင်နေရပါတယ်။

ဟိုအရင်က “ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း”တွေဖွင့်ကြတဲ့အခါ

ကျနော်တို့မိဘတွေကိုယ်တိုင်က စိတ်ပါလက်ပါလိုက်ပို့တာ မတွေ့ရသလောက်။

ညီလေးညီမလေးကို လိုက်ပို့ဘို့ အိမ်က ခိုင်းရင်တောင်မှ အလုပ်ရှုပ်တယ်ထင်တဲ့

သူတွေအများကြီးရှိခဲ့ကြပါတယ်။

(ပြီးခဲ့တဲ့လကတော့ ဘုရားကြီးစာတိုက်ကွေ့နားက သာသနာ၂၅၀ဝဗိမ္မာန်မှာ

ယဉ်ကျေးလိမ္မာသင်တန်းဖွင့်တော့ မနက်မနက်ဆိုရင် သင်တန်းတက်မယ့် ကလေး လေးတွေကို

ကားတွေဆိုင်ကယ်တွေနဲ့ လာ လာပြီးပို့ကြတာမြင်ရတော့ စိတ်ထဲမှာ

တကယ်ကိုကြည်နူးမိတာအမှန်ပါဘဲ။)

 

ကိုယ့်ယုံကြည်ရာဘာသာနဲ့ပါတ်သက်ရင် ကိုယ်တို်င်အသေအချာသိနေဘို့လိုအပ်ပါတယ်။

ဘာမသိ ညာမသိ အလွတ်အော်ဆိုနေတာထက်စာရင် စိတ်ထဲမှာစိမ့်ဝင်နေအောင်

သိနေတာက ပိုကောင်းပါတယ်။

ဒါကလဲ ဘာမှ မစွမ်းဆောင်နိုင်တော့တဲ့အိုမင်းမစွမ်းတဲ့ အရွယ်မှလုပ်ရမှာမဟုတ်ဘဲ

ငယ်စဉ်ကလေးဘဝကတည်းက သင်ယူခဲ့ကြရမှာဖြစ်ပါတယ်။

ကျနော်တို့ကိုယ်တိုင်လဲ ငယ်စဉ်ကတည်းက မသင်ယူခဲ့ရတော့ အခုအသက်အရွယ်

ရလာချိန်မှာတောင် ဝေတေဝါးတားဖြစ်နေတုံးဆိုတာကလဲ ငြင်းမရပါဘူး။

 

နှလုံးသားအတွင်းထဲထိ သဘောပေါက်လာလို့ ယုံကြည်ခဲ့ရင် အခြားဘာသာတစ်ခုကို

ကူးပြောင်းဘို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။

ကိုယ့်အတွင်းစိတ်ကသာ ခိုင်ခို်င်မာမာ စွဲမြဲယုံကြည်နေခဲ့ရင် ဘာနဲ့ဘဲဆွဲဆောင်

ဆွဲဆောင် လုံးဝယိမ်းယိုင်မသွားနို်င်ဘူးလို့ခံယူပါတယ်။

 

နောက်တစ်ချက်က လူတိုင်းလူတိုင်းဟာ ကိုယ့်ရဲ့စားဝတ်နေရေးအတွက်မအားရအောင်

နေ့စဉ် ရုန်းကန်လုပ်ကိုင်နေကြတာမှန်ပေမယ့် အရွယ်ရှိသူ ကျားမ မရွေး

ကိုယ်နဲ့နီးစပ်တဲ့ ဘုရားကျောင်းကန်မှာ ဥပုဒ်ဇရပ်မှာ ရပ်ကွက်ဓမ္မာရုံမှာ

ကိုယ့်ရဲ့အားလပ်ချိန်ထဲကနေနည်းနည်းလောက်ဖဲ့ပြီးမှန်မှန်လေးတွေ့ဆုံကြပြီး

ကိုယ့် ဘာသာတရားနဲ့ပါတ်သက်တာတွေ၊ကိုယ့်အမျိုးသားရေး တွေ၊

ကိုယ်နိုင့်ငံအရေးနဲ့ပါတ်သက်တာတွေကို ပြောဆိုဖြစ်ကြ တိုင်ပင်ဖြစ်ကြမယ်ဆိုရင်

အတော်လေးကို ကောင်းမယ်လို့လဲတွေးမိပါတယ်။

အဲလိုမှန်မှန်တွေ့ဆုံပြီး စုစည်းမိကြမယ်ဆိုရင် မသိလိုက်မသိဖာသာနေသူတောင်

စိတ်ပါလာအောင် ဆွဲဆောင်နိုင်မယ်လို့လဲယုံကြည်မိပါတယ်။

ဒီလိုအစုအဖွဲ့လေးတွေက တစ်နိုင်တစ်ပိုင်လုပ်ဆောင်တာတွေကနေအစုအဖွဲ့

ကြီးအသွင် ကူးပြောင်းလာရင် ကျနော်တို့ယုံကြည်ကိုးကွယ်တဲ့

” ဗုဒ္ဓဘာသာ” ကို မိရိုးဖလာအရ ” အဖြစ်ကိုးကွယ်”နေရာကနေပြီး

မှန်ကန်စွာယုံကြည့်လို့ ကိုးကွယ်တဲ့ “ အစစ်ကိုးကွယ်”တဲ့ အနေအထားကို

သေချာပေါက်ရောက်သွားနိုင်ပါတယ်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ဒီနှစ်ပိုင်းတွေမှာ ဝမ်းသာစရာကောင်းတဲ့ကိစ္စတစ်ခုကတော့ ကျနော်တို့

” ဗုဒ္ဓဘာသာအနွယ်ဝင်” တွေ ရဲ့ ဆောင်ရွက်မှု့လေးတွေပါဘဲ။

အရင်က ဘာသာတရားဆို တာ သက်ကြီးရွယ်အိုတွေသာဆောင်ရွက်ရမယ့်

အလုပ်လိုသတ်မှတ်ရာက နေ လူငယ်ပိုင်းကပါ အင်တို်က်အားတိုက်ပါဝင်ဆောင်

ရွက်လာကြတာပါဘဲ။

အရင်က မန်းလေးမှာဆိုရင် နာရေးမှာ ကူညီဆောင်ရွက်တဲ့ကားက ၂ရလမ်း-၈၂လမ်းက

အစ္စလမ်ဘာသာဝင်များထူထောင်ထားတဲ့ နိဗ္ဗာန်ဆော် ကားအစိမ်းလေးတစ်စင်းဘဲရှိပါတယ်။

“ဘယ်နားမှာဘာတဲ့”ဆိုရင် အဲဒီကားလေးကဘဲ လာပြီးသယ်တာပို့တာလုပ်ရပါတယ်။

လမ်းမှာယာဉ်တို်က်မူ့ဖြစ်ရင်လဲ ဒီကားလေးပါဘဲ။

ကျုံးထဲမှာရေနစ်သေတယ်ဆိုရင်လဲ ဒီကားလေးပါဘဲ။

လူတွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးခဲ့ ကောင်းသောအမူ့ကိုပြုခဲ့ကြတာပါ။

 

လက်ရှိအနေအထားမှာတော့ ကျနော်တို့ ” ဗုဒ္ဓဘာသာအနွယ်ဝင်”တွေထူထောင်ထားတဲ့

သာရေးနာရေး လူမူ့ရေး အသင်းအဖွဲ့တွေလဲအများကြီးရှိနေပါပြီ။

အရင်က ဆိုရင် “လွဲမှားသောအယူများ”အရ အသုဘတင်တဲ့ကားကို  ရပ်ကွက်ထဲမှာ

ထားဘို့မပြောနဲ့ ကားပျက်လို့ရပ် ရင်တောင် မှာ အရပ်နာတယ်ဆိုပြီး အရပ်မခံခဲ့ကြ။

လမ်းမှာ မတော်တဆမူ့ဖြစ်နေတာတွေ့ရင်တောင် ဆေးရုံပို့ရင်းကိုယ့်ကားပေါ်လူသေ

မှာစိုးတော့ ကူညီပြီးလိုက်ပို့လေ့မရှိ။

အဲတော့ဆေးရုံကိုအချိန်မှီမရောက်လို့ သေခဲ့ကြသူတွေလဲ အများကြီး။

အခုအချိန်မှာတော့ ရပ်ကွက်ထဲမှာ နာမူ့ကူညီရေးအတွက် ကားတွေအဆင်သင့်ရှိနေတော့

အရေးအကြောင်းဆိုရင် ဆေးရုံပို့ဘို့ ကူညီဘို့က မန်းလေးမြို့နေရာအနှံ့အပြားမှာ

အသင်းအဖွဲ့တွေအများကြီးရှိနေတာ ဝမ်းသာစရာပါဘဲ။

ဒါတင်မကသေးပါဘူူး အရင်က ဆိုရင် ခွဲစိတ်လူနာများ အမြဲအခက်ကြုံရတာကတော့

မရှိမဖြစ်သွေးပါဘဲ။

သွေးလှူဘဏ်ဆိုတာ ရှိနေပေမယ့်လဲ အရေးအကြောင်းဆို အားကိုးမရ။

အဲတော့ ပွဲစားများကတစ်ဆင့် ဈေးကြီးပေးဝယ်ရပါတယ်။

အခုအချိန်မှာတော့ သွေးလိုတယ်ဆိုရင် ဖုန်းလေးဆက်ပြီးချိတ်လိုက်တာနဲ့အဆင်သင့်။

လာရောက်ကူညီပေးကြတဲ့ သွေးလှူရှင်က လူနာရှိတဲ့နေရာကိုအရောက်လာပေးပါတယ်။

ဒီလိုလာရောက်လှူဒါန်းကြတဲ့အခါ ဘယ်ရွေ့ဘယ်မျှ ထည့်ရမယ်လို့မသတ်မှတ်။

စေတနာပေါက်သလောက် ကိုယ်နိုင်သလောက်အလှူငွေထည့်လိုက်တာနဲ့ရပါတယ်။

ဒါကတော့ အင်မတန်ကိုမွန်မြတ်သော လုပ်ငန်းစဉ်တစ်ရပ် ဆိုတာအမှန်ပါဘဲ။

 

အရင်ကဆိုရင် သင်္ကြန်ပိတ်ရက်ဆိုရင်ပျော်ဘို့ အော်ဘို့ ကဲဘို့လောက်သာခေါင်းထဲရှိခဲ့ကြပါတယ်။

အခုဒီဘက်နှစ်တွေမှာတော့ သင်္ကြန်ပိတ်ရက်ရှည်မှာ တရားစခန်းဝင်ကြတဲ့လူငယ်တွေ

အများကြီးရှိသလို ဒီပိတ်ရက်လေးမှာ ဘဲ သာသနာဘောင်ကို ဝင်ကြတဲ့ မိန်းကလေး

ယောကျာ်းလေးတွေ ပိုုပိုများတာကို တွေ့ရပါတယ်။

သင်္ကြန်အပြိးမှာ ကတုံးဆံပင်ပေါက်ခါစ ကလေးများကို မြင်ရင်

“ သူတို့ သာသာနာဘောင်မှာ ခေတ္တခိုလှုံခဲ့ကြတာဘဲ”လို့တွေးမိပါတယ်။

(ဆံပင်ဆေးဆိုးထားပြီး အနက်ပြန်ပေါက်အောင် ကတုံးတုံးထားသူများလဲရှိနိုင်ပါတယ်)

နောက်နိုင်ငံနေရာအနှံ့အပြားမှာလဲ တရားစခန်းတွေဖွင့်၊

ကလေးများအတွက် ” ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ”သင်တန်းတွေဖွင့်၊

ဆရာတော်တွေဦးစီးလို့ ကလေးများကို ” ဗုဒ္ဓဘာသာ”အခြေခံတွေသင်ပေးတာမြင်တော့

စိတ်ထဲမှာ ကျေနပ်အားရမိပါတယ်။

 

အခုလောလောလတ်လတ် ခေတ်အစားဆုံးကတော့ “၉၆၉”ပါဘဲ။

” ဗုဒ္ဓဘာသာ”ဆိုတာကို မိရိုးဖလာကိုးကွယ်မူ့ လိုအလိုက်သင့်ဖြစ်ချင်သလိုဖြစ်

နေလာခဲ့ကြ တာကနေ အမျိုးသားရေးအသွင်နဲ့ ရေရှည်အကျိုးကြည့်ပြီးဆောင်

ရွက်နေကြတယ်ဆိုရင်လဲမမှားပါဘူး။

ကျနော်တို့ယုံကြည်ကိုးကွယ်တဲ့ ” ဗုဒ္ဓဘာသာ”ကို ရေရှည့်တည်တန့်အောင်၊
ခိုင်မြဲအောင် တစ်ဖက်တစ်လမ်းကနေကြိုးပမ်းနေကြပါတယ်။

ဒီလိုကြိုးပမ်းကြသူတွေထဲမှာ သံဃာတော်တွေက ဦးဆောင်နေသလို

နောက်ကနေ တက်ကြွစွာ ဝိုင်းဝန်းကြိုးပမ်းကြတဲ့ လူကြီးလူငယ် ဘာသာဝင်တွေကလဲအများကြီးပါဝင်ဆောင်ရွက်နေကြပါတယ်။

 

အကျိုးမရှိတဲ့ မကောင်းမူ့ကိုလုပ်ဆောင်တာထက်စာရင် ကောင်းမူ့ကိုဦးတည်လို့

လုပ်ဆောင်တာကိုတော့ အားလုံးက ဝိုင်းဝန်းလို့ အားပေးကြရမှာအမှန်ပါတယ်။

ကျနော့်အမြင်ကတော့ ကို်ယ်ယုံကြည်ကိုးကွယ်ရာဘာသာ တည်တန့်ခိုင်မြဲဘို့

အများအမြင်မှာတင့်တယ်အောင်လုပ်ဆောင် ကြဘို့ကတော့ ဘာသာ ဝင်တိုင်းမှာတာဝန်ရှိပါတယ်။

သူများ ဘာလုပ်တယ် ဆိုတာကို ငဲ့စောင်းကြည့်နေမယ့်အစား ၊

ကိုယ်လုပ်စရာရှိတာကို ကိုယ်လုပ်ကြဘို့က ပိုအရေးကြီးပါတယ်။

အမှတ်အသားတွေ ကိန်းဂဏန်းတွေ ဆိုတဲ့ သတ်မှတ်ချက်တွေထက် ကိုယ်ကိုးကွယ်တဲ့

” ဗုဒ္ဓဘာသာ”တရားတော်များကို ကိုယ်တို်င်လဲလိုက်နာ ဘို့၊

မလိုက်နာသူကိုလဲ လိုက်နာချင်လာအောင် စည်းရုံးဖျောင့်ဖြဘို့၊

နေထိုင်ပြုမူ တာတွေက အများအမြင်မှာ အမြဲတင့်တယ်နေဘို့ သူများဝေဖန်စရာ

မဖြစ်အောင် သူများအပြစ်တင်တာ လက်ညှိုးထိုးတာမခံရအောင်   နေတတ်ဘို့ကတကယ်လိုအပ်ပါတယ်။

အဲလိုနေဘို့ကတော့ ကျနော်တို့” ဗုဒ္ဓဘာသာအနွယ်ဝင်”အားလုံးမှာတာဝန်ရှိပါတယ်။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

 

မြတ်စွာဘုရားရဲ့ တရားဒေသနာတော်များကို ဟိုးနှစ်ပေါင်းများစွာကနေစလို့ အခုအချိန်ထိ လက်ဆင့်ကမ်း

သယ်ဆောင်ခဲ့ကြ ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသူများကတော့ ဘုရားသားတော်များလို့ သတ်မှတ်ထားတဲ့ သံဃာတော်များသာဖြစ်ပါတယ်။

များပြားလှစွာသော တရားတော်များကို အာဂုံဆောင်အလွတ်ကျက်လို့ထိန်းသိမ်းခဲ့ကြ၊

စာပေမှတ်တမ်းများနဲ့တကွ မလွဲအောင်ထိန်းသိမ်းခဲ့ကြလို့လဲ အခုချိန်ထိ ” ဗုဒ္ဓသာသနာတော်”

တည့်တန့်နေခဲ့ရခြင်းဖြစ်ပြန်ပါတယ်။

ဒါကြောင့်လဲ သံဃာတော်များ သာသနာတော်အကျိုးကို စိတ်ဖြောင့်လက်ဖြောင့် ဆောင်ရွက်နိုင်ဘို့အတွက်

စီးပွားရှာတဲ့အမူ့ကိုမပြုစေဘဲ လူတွေက သံဃာတော်များရဲ့ နေမူ့စားမူ့ကို တာဝန်ယူခဲ့ကြပါတယ်။

ကျနော်တို့ ” ဗုဒ္ဓဘာသာ အနွယ်ဝင်” များက လည်း သံဃာတော်များကို

ရိုသေဆည်းကပ်ကြ အထွဋ်အမြတ်ထားကြပါတယ်။

ကိုယ်မှာမရှိချင်နေ သာသနာအတွက် သံဃာတော်များအတွက်ဆိုရင် လှူဒါန်းဘို့ဝန်မလေးကြပါဘူး။

 

မြတ်စွာဘုရားကလဲ ် သာသနာဖြန့်ကြမယ့်သံဃာတော်များကို ဆွမ်းတစ်နပ်သာ အလှူခံစေပြီး

လူတွေဝန်ထုပ်ဝန်ပိုးမဖြစ်စေဘို့အတွက် ညနေစာ စားခြင်းကို ခွင့်မပြုခဲ့ပါဘူး။

(ခြိုးခြံချွေတာခြင်း  ရောင့်ရဲတင်းတိမ်စေခြင်းဆိုတဲ့ ရည်ရွယ်ချက်လဲ ပါမယ်ထင်ပါတယ်)

 

သာသာနာပြုရမယ့် သံဃာတော်များ ဝတ်ဆင်ရမယ့် အဝတ်အထည်ကိုလဲ

တပ်မက်မူ့များကို ကန့်သတ်တဲ့အနေနဲ့“ဖန်ရည်စွန်းသောသင်္ကန်း”လို့ သတ်မှတ်ပေးထားခဲ့ပါတယ်။

ပံ့သကူလို့ခေါ်တဲ့ စွန့်ပစ်ထားတဲ့အဝတ်အထည်အပိုင်းအစတွေကို လိုက်လံကောက်ယူပြီး

သတ်မှတ်ထားတဲ့ ဝိနည်းတော်များ အညီဆက်စပ်လို့ချုပ်၊

ပြီးတဲ့အခါ အရောင်ကိုလဲ   တစ်ရောင်ထည်း (မြန်မာပြည်မှာတော့ပိန္နဲရောင် ခပ်မိူင်းမိူင်း)

ကိုသစ်ခေါက်ကနေ ဆိုးယူရပါတယ်။

အခုလိုတိုးတက်ပြောင်းလဲနေတဲ့ခေတ်မှာတော့ သင်္ကန်းအတွက်ပစ္စည်းများရယူပုံကွာခြား

သွားတာမှန်ပေမယ့်  “ဝိနည်းတော်နှင့်အညီ” ဆိုတဲ့အချက်အလက်ကိုတော့ကျော်လွန်လို့မရပါ။

 

နောက်လူအများလှူဒါန်းထားတဲ့ဆွမ်း၊ဝတ္တု များကို သုံးဆောင်တဲ့ သံဃာတော်များကိုလည်း

လွယ်လွယ်ကူကူ နဲ့စားခွင့်ပြုမထားပါဘူး။

ဆရာကြိီး ဦးသုခရိုက်ပြခဲ့တဲ့ “ရဟန်းစားရသောဆွမ်းတစ်နပ်”မှာ အတိအကျ ပါ ပါတယ်။

သံဃာတော်များမှာစောင့်ထိန်းလိုက်နာရတဲ့ စည်းကမ်းပေါင်းမြောက်များစွာချထားပြီးဖြစ်ပါတယ်။

တစ်ကယ်စစ်မှန်တဲ့သံဃာတစ်ပါးဖြစ်ဘို့ဆိုတာလွယ်ကူသောအလုပ်မဟုတ်ပါဘူး။

&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&

ကျနော်တို့မြန်မာနိုင်ငံရဲ့ သမိုင်းမှာ သံဃာတော်များရဲ့အခန်းကဏ္ဍကလဲတကယ့်ကိုအရေးပါသော

နေရာများ မှာ ပါဝင်ခဲ့ကြပါတယ်။

သူတစ်ပါးလက်အောက် ကျရောက်ခဲ့စဉ် အမျိုးဘာသာ သာသနာ မကွယ်ပအောင်

အသက်ပေး ကာကွယ်ခဲ့ကြတဲ့ ကြည်ညိုလေးစားဖွယ်ရာ ဂုဏ်ပုဒ်များနဲ့ပြည့်စုံသော

သာသနာ့အာဇာနည် သံဃာတော်များမြောက်များစွာရှိခဲ့ပါတယ်။

နောက်ကျေးရွာတွေမှာဆိုပြန်ရင်လဲ ရပ်ရွာတိုးတက်ရေး သာမက ကလေးများပညာတတ်

မြောက်ရေးအတွက်ပါ ဦးဆောင်ဦးရွက်ပြုသူတွေကလဲသံဃာတော်တွေပါဘဲ။

သဘာဝဘေးအန ္တရာယ်ကြုံတဲ့အချိန်  မီးလောင်တဲ့အချိန် တွေမှာ ကူညီခဲ့သူတွေမှာ

သံဃာတော်တွေအများအပြား ပါဝင်ခဲ့ကြပါတယ်။

မန်းလေးမြို့မှာ လောင်ခဲ့တဲ့ မီးကြီးတွေမှာ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြတဲ့

ရဟန်းသံဃာတွေရဲ့ကျေးဇူးတရားတွေအများကြီးရှိခဲ့ပါတယ်။

အခုလက်ရှိဖြစ်ပေါ်နေတဲ့ အရေးအခင်းပေါင်း ဆန္ဒပြပွဲပေါင်းများစွာမှာလည်း လူထုနဲ့အတူ

ဒီသံဃာတော်တွေက ဘဲ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြတာ မျက်မြင်ကိုယ်တွေ့ပါဘဲ။

ဒါကြောင့်လဲ ကျနော်တို့ ” ဗုဒ္ဓဘာသာ အနွယ်ဝင်”အများစုက သံဃာတော်ကို

တန်ဘိုးထားလို့ကိုးကွယ်ဆည်းကပ်ခဲ့ကြပါတယ်။

ဘုရားသတ်မှတ်ပေး ထားတဲ့ သင်္ကန်းကို ခြုံထားသူတိုင်းကို သင်္ကန်းဂုဏ်ရည်ကို

ထောက်ထားပြီး ရိုသေလေးစားခဲ့ကြပါတယ်။

ဘုရားရှင်ရဲ့ကိုယ်စားလှယ်တော်အနေနဲ့ စိတ်ထဲမှာ သတ်မှတ်ထားကြလို့ပါ။

ဟိုအရင်အချိန် များကဆိုရင် သံဃာတော်များ နဲ့စားပွဲတစ်ဝိုင်းတည်းအတူထိုင်စားဘို့ဆိုတာဝေးလာဝေး

ကြမ်းတစ်ပြေးထဲတောင်မထိုင်ဘဲ ဦးစားပေးခဲ့ကြပါတယ်။

ဒီလို ဦးစားပေး တယ်ဆိုတာကလဲ ရိုသေထိုက်သူကိုရိုသေရမယ်ဆိုတဲ့   ဘုရားစကားကို

နားထောင်ကြလို့ပါဘဲ၊

 

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ဒီလိုလူအများရဲ့ သံဃာအပေါ်မှာကြည်ညိုတဲ့စိတ်ကို ခုတုံးလုပ်တဲ့လူတန်းစားတစ်ရပ်ပေါ်လာပါတယ်။

ရဟန်းတု ရဟန်းယောင် သင်္ကန်းအရေခြုံတွေပါဘဲ။

ကျနော်တို့တစ်တွေ က မသိလို့ မဟုတ်ပေမယ့် သင်္ကန်းဝတ် ဆိုတာကိုထောက်ထားပြီး မသိချင်ယောင်

ဆောင်နေခဲ့ကြတာကို အခွင့်ကောင်းယူခဲ့ကြသူတွေဆိုလဲမမှား။

အရင်ကတော့ မန်းလေးမှာ “ရဟန်းပျို”အဖွဲ့ဆိုတာ ရှိခဲ့ပါတယ်။

မန်းလေးမြို့အနှံ့အပြားမှာရှိတဲ့ ရဟန်းတု ရဟန်းယောင်တွေကိုဖော်ထုတ်ပြီး

လူဝတ်လဲပြီး အပြစ်ပေးခဲ့ကြတဲ့ တကယ့်ကိုလေးစားစရာကောင်းသောအဖွဲ့ပါ။

အခုအချိန်မှာ ဒီအဖွဲ့ကြီးရှိမရှိ ကျနော်လဲသေချာမသိတော့ပါ။

 

မြန်မာပြည်အနှံ့အပြားမှာ သာသနာတော်ပျံ့ပွားအောင် ကြိုးပမ်းဆောင်ရွက်နေသော
တိုင်းသူပြည်သားများရဲ့ ဘဝလိုအပ်ချက်များကို တတ်နိုင်သမျှ ဆောင်ရွက်ပေးနေသော

အများအတွက် အနယ်နယ်အရပ်ရပ်သို့ အပင်ပန်းခံကာအလှူခံပေးနေသော

ကြည်ညိုလေးစားစရာကောင်းလှသော သံဃာတော်များ မြောက်များစွာရှိနေပါတယ်။

သင်္ကန်းအရေခြုံပြီး လိမ်ညာအလှူခံနေသော ရဟန်းတုများကို မြင်ရတဲ့အခါမှာ

စိတ်ထဲမှာဒေါသက်ထွက်မိသလို  သံဃာတော်အစစ်များအတွက်လဲ ယူကြုံးမရဖြစ်မိပါတယ်။

အကြောင်းမသိသူများက ကောင်းသူနဲ့ဆိုးသူကို တစ်တန်တစ်စားထဲထားပြီး အမြင်မှားကြမှာ

အထင်အမြင်သေးသွားမှာ ကိုတွေးမိလိုက်လို့ပါဘဲ။

 

ဘောလုံးပွဲလောင်းသော၊ချဲဒိုင်လုပ်သော၊အရက်သောက်သောအစရှိတဲ့ သံဃာတော်နဲ့မသက်ဆိုင်တဲ့ မကောင်းမူ့တွေကို

ကျူးလွန်နေကြတဲ့ ရဟန်းအတုများကလဲ အများအပြား။

လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်များမှာ မာတုဂါမ များနှင့်တစ်စားပွဲထဲထိုင်ကာ

စားသောက်နေတာတွေ မြင်ရပြန်တော့ ကြည့်ရတာ အမြင်မတော် စိတ်မချမ်းသာစရာ။

ကားဂိတ်တွေ စားသောက်ဆိုင်မှာ  ကိုရင်တွေ မယ်သီလရင်တွေ ဝင်ပြီးအလှူခံခြင်းမှာလည်း

စိတ်ပျက်စဘွယ်။

အထူးသဖြင့် ဘာသာခြားများရဲ့ စားသောက်ဆိုင်များမှာ ဝင်ပြီးအလှူခံခြင်းက ပိုပြီးမဖြစ်သင့်

လို့လဲ ခံစားမိပါတယ်။

ရပ်ကွက်ထဲက အိမ်တွေမှာ စာရွက်စာတမ်းတွေနဲ့ဇွတ်ဝင်ပြီး အလှူခံတတ်သော

ရဟန်းအတုများကို ပြဿနာတက်မှာကြောက်လို့ အလှူငွေထည့်လိုက်ရတာမျိုးကလဲ

မကြာခဏ။

မဖွယ်မရာ အမှားတွေကျူးလွန်နေသူကသင်္ကန်းကို ခုတုံးလုပ်ထားတဲ့ ရဟန်ုးအတုမှန်းသိနေ ကိုယ့်မျက်စေ့ရှေ့မှာမြင်နေပေမယ့် ကျနော်တို့လိုသာမန်လူများအဖို့ စိတ်မချမ်းသာစွာနဲ့
ကြည့်နေရုံကလွဲပြီး ဘာမှမတတ်နိုင်ပါ။

သင်္ကန်းဝတ်ထားသူက အတုဖြစ်စေ အစစ်ဖြစ်စေ သူတို့နဲ့ ပြဿနာမတက်ချင်တာလဲ ပါ ပါတယ်။

 

လျော့ရဲအားနည်းနေတဲ့ ” ဗုဒ္ဓဘာသာ”ကို ပြန်လည်ခို်င်မာလာအောင်၊

ကျစ်ကျစ်လစ်လစ်နဲ့ အင်အားတိုးပွားလာအောင် အင်တိုက်အားတိုက်နဲ့ ကြိုးစားဆောင်ရွက်နေချိန်မှာ

ဒီလိုရဟန်းတု ရဟန်းယောင်တွေက သာသနာညိုးနွမ်းအောင်လုပ်နေတယ်လို့ယုံကြည်ပါတယ်။

” ဗုဒ္ဓသာသနာတော်” ရေရှည်တည်တန့်နိုင်ဘို့ အတွက် ” ဗုဒ္ဓဘာသာ”မဟုတ်သူများရဲ့အမြင်မှာ

ကိုယ့်ဘာသာကို အထင်မသေးစေဘို့အတွက် တော့ ဒီအတုအယောင်တွေကိုရှင်းလင်းဘို့လိုအပ်ပါတယ်။

အရင်ကလဲ နိုင်ငံတော်အစိုးရက နေ သာသာနာသန့်ရှင်းရေးတွေဆောင်ရွက်ခဲ့ဘူးပါတယ်။

အခုအချိန်မှာ ပိုလိုအပ်လို့လာပြီ။

ကြည်ညိုလေးစားရတဲ့ ဆရာတော်ကြီးများက ဦးစီးလို့ အတုအယောင်များကို ဖယ်ရှားတဲ့

အဖွဲ့အစည်းတစ်ခုပေါ်ပေါက်လာသင့်ပါပြီ။

ဆွမ်းခံချိန်မှာဖြစ်စေ အခြားအချိန်မှာဘဲဖြစ်စေ ကားဂိတ်တွေ စားသောက်ဆိုင်တွေမှာ

ဝင်ရောက်အလှူခံတာကိုတော့ တားမြစ်စေချင်ပါတယ်။

သံဃာတော်တို့ရဲ နေထိုင်မူ့နဲ့ ညီညွတ်စွာမနေသော သင်္ကန်းဝတ်များကိုလည်း စောင့်ကြည့်

ပြီး သံဃာဝိနည်းနဲ့အညီနေအောင် ပဲ့ပြင်ပေးမယ့် ဆရာတော်ဘုရားများ ရှိနေသင့်ပါပြီ။

ဒီလိုအတုအယောင်တွေ ကို တွေ့ရှိတဲ့အခါ နောင်မလုပ်ရဲအောင် နောင်ကျဉ်သွားအောင်

ကြီးလေးသောအပြစ်ဒဏ်ပေးသင့်တယ်လို့ လဲ အကြံပေးချင်ပါတယ်။

အတုအယောင်တွေသာ ကင်းစင်သွားခဲ့ရင် သူတို့အတွက်အလဟဿကုန်သွားတဲ့ငွေ

ကြေးတွေကို အခြားလိုအပ်တဲ့သာသနာရေးကိစ္စများအတွက် ထို်က်တန်စွာအသုံးချ

နိုင်မှာအမှန်ဘဲဖြစ်ပါတယ်။

ကျနော်တို့ယုံကြည်တဲ့ ” ဗုဒ္ဓဘာသာ” ရေရှည်တည်တန့်ဘို့ ဘာသာဝင်တွေတိုးပွားလာဘို့ဆိုတာကတော့

သာသနာကိုစောင့်ရှောက်ဘို့ တာဝန်ယူထားကြရသော သံဃာတော်များက ကြီးမားသော

အခန်းကဏ္ဍ အဓိကကျသောကဏ္ဍမှာရှိနေတယ်လို့ဆိုချင်ပါတယ်။

အဲတော့ သာသနာကို ဖျက်ဆီးနေသော အတုအယောင်များကို တားဆီးဘို့အတွက်ကတော့

“မည်သူစောင့်၏ မစောင့်၏ တား သူရှိ၏ မရှိ၏”

လို့ဘဲစိတ်ထဲမှာတွေးနေမိပါတယ်။

………………………………………………………………………………………။

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

27-4-2013

 

 

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။