အချစ်ဘာသာစကားများ

etoneJuly 27, 20101min550

အချစ်ဘာသာစကားများ

______________________________
__

အချစ်ကြောင့် ကမာ္ဘကြီးဟာ လည်ပတ်နေတယ်လို့ အဆိုရှိပါတယ် ၊ နေရာတိုင်းမှာ
ကြည့်ပါ ၊ အချစ်နဲ့ ဆက်နွယ်နေတဲ့ အရာ တစ်ခုမဟုတ်တစ်ခုတော့ တွေ့ရမယ်တဲ့ ၊
အချစ်ဆိုတာ ကျနော်တို့ ရင်ထဲမှာ ရှိနေတဲ့ နက်ရှိုင်းတဲ့ ခံစားမှု
တစ်ခုပေါ့ ၊ ဒါပေမယ့် တခါတရံမှာ ဘယ်လိုဘယ်ပုံ ဆိုတာ ဖေါ်ပြရ ခက်နေတတ်ပါတယ်
၊ အဲဒီလိုပါပဲ တချို့သူတွေမှာ တော့ ကိုယ်က ချစ်နေပေမယ့် သိအောင်ပြဖို့ ၊
တစ်နည်းပြောရရင် အချစ်ကို ကောင်းမွန်စွာ ပေးဖို့ ဘာတွေလိုမယ်ဆိုတာ မသိပဲ
ဖြစ်နေတတ်ပြန်ပါသေးတယ် ၊ ကျနော့် သူငယ်ချင်း တစ်ယောက် ရှိတယ် သူကတော့
ချစ်တယ် ပြောနေတာပဲ ၊ ဒါပေမယ့် သူချစ်တဲ့ သူက ဘာကို ကြည့်ပြီး
သူချစ်တယ်ဆိုတာကိုု နားလည်ရမလဲ မသိဘူး ၊ သူချစ်တာကို လည်း မခံစား ရဘူး ၊
အဲဒီလိုတော့ မဖြစ်စေချင်ပါဘူး ။

ကိုယ့်စိတ်ထဲမှာပဲကိုယ် ကြိတ်ပြီး ချစ်နေရင်တော့ ကိုယ့်ရဲ့ ခံစားမှု
သီးသန့် အတွက်ပါပဲ ၊ ကိုယ့်ချစ်သူကို ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့သူကို
အချစ်တွေ ပေးချင်လာပြီဆိုရင်တော့ အချစ်ရဲ့ ဘာသာစကားတွေကို လေ့လာ
ထားသင့်ပါတယ် ၊ ကိုယ့်ရဲ့ ချစ်သူကလည်း အချစ်ကို ရရှိနားလည် နိုင်စေမယ့်
နည်းလေးတွေပေါ့ ၊ ဆန်းစစ်ကြည့်တဲ့ အခါမှာတော့ တကယ်ပဲ ချစ်သူ
နှစ်သက်စေမယ့် အချက်တွေဆိုတာ တွေ့ရတဲ့ အတွက် ချစ်လိုသူ
သူငယ်ချင်းများအတွက် ပြန်လည် ဝေငှပေးလိုက်ပါတယ် ။

အချစ်ရဲ့ဘာသာစကားတွေကတော့

၁. Give time .. အချိန်ပေးပါ

ကိုယ်ချစ်တဲ့သူကို ကိုယ့်ရဲ့ အချိန်တွေထဲက မျှပေးဖို့ပါပဲ ၊ အတူ
ရှိနေနိုင်ရင်လဲ ရှိနေပေါ့ ၊ ရှိမနေနိုင်ရင်လည်း ဘယ်အချိန်မှာ လိုအပ်မလဲ
၊ သူလိုအပ်တဲ့ အချိန်မှာ ကိုယ်က အချိန်လေးပေးနိုင်ဖို့ ကြိုးစား
သင့်ပါတယ် ။ ချစ်သူတွေရဲ့ ကြားမှာ အချိန်မပေး နိုင်ခြင်းဟာလဲ ပြဿနာ
တစ်ခုပါ ၊ ဒါကြောင့် အချစ်ကို ပေးဖို့ ဆိုရင် အချိန်ကိုလဲ ပေးသင့်တယ်
ဆိုတဲ့ အချက်ကို သိထားသင့်ပါတယ် ။

၂. Give caring … ဂရုစိုက်မှုပေးပါ

ကိုယ့်ချစ်သူကို ဂရုတစိုက် ရှိရမှာ ဖြစ်ပါတယ် ၊ ကိုယ်ချစ်တဲ့သူက
ဂရုတစိုက် ရှိနေစေချင်တာ သဘာဝပါပဲ ၊ ဒါပေမယ့် လက်တွေ့မှာတော့ အမှတ်တမဲ့
ဖာသိဖာသာ ဖြစ်နေတတ်ပါတယ် ၊ အထူးသဖြင့် သူရဲ့ ခံစားချက်တွေကို
ဂရုစိုက်ပြီး နားလည်ပေးဖို့ပါပဲ ။

၃. Give help … အကူအညီပေးပါ

ကိုယ့်ချစ်သူကို ကိုယ်ပေးနိုင်တဲ့ အကူအညီလေးတွေ ပေးဖို့ပါ ၊
အသေးအမွှားလေးတွေပဲ ဖြစ်ဖြစ်ပေါ့ ၊ စိတ်ခံစားမှု ပိုင်းဆိုင်ရာမှာတော့
ထိရောက်ပါတယ် ၊ ကြင်နာမှု ကို ပြရာရောက်သလိုပဲ သူ့အတွက် ကြည်နူးပီတိ
ဖြစ်ရပါတယ် ။

၄. Give understanding and be happy နားလည်မှု ပေးပြီး ပျော်ရွှင်ပါစေ

ကိုယ်ချစ်သူကို နားလည်မှု ပေးပြီး ချစ်ပါ ၊ ချစ်တဲ့ နေရာမှာ
ကိုယ့်ချစ်သူဟာ လွပ်လပ်မှု ရှိစေဖို့ ဘောင်တွေ ကန့်သတ်ချက်တွေကို
ကျယ်ကျယ်လေးထားပေးပါ ၊ စည်းမျဉ်း ကန့်သတ်ချက်တွေက သိပ်ပြီး
ကျဉ်းကျပ်နေရင် အချစ်ခံရတဲ့ သူဟာ လွပ်လပ်မှု မရှိတဲ့ အတွက် အပြည့်အဝ
ပျော်ရွှင်နိုင်မှာ မဟုတ်သလို တခါတရံ မှာ စိတ်တောင် ညစ်သွားစေပါလိမ့်မယ် ။

၅. Give respect လေးစားမှု ပေးပါ

ကိုယ့်ချစ်သူဟာ ဘယ်လိုအခြေအနေ အဆင့်အတန်း မှာ ဖြစ်စေ ကိုယ်က ချစ်ပြီ
ဆိုရင်တော့ လေးစားမှုလေး ပေးပါ ၊ ကိုယ်က အရမ်း လွှမ်းမိုးနေတာမျိုး
မလုပ်ပဲ နဲ့ သူတည်ရှိနေမှုနဲ့ သူ့ရဲ့ အနေအထားလေးကို လည်း အသိအမှတ် ပြု
ပေးပါ ၊

၆. Give attention ( Pay attention to details ) … အာရုံစူးစိုက်မှုပေးပါ

ကိုယ်ချစ်သူဟာ ဘာကို နှစ်သက်တယ် ဘာကို မနှစ်သက်ဘူး စတဲ့ အသေးစိတ်
အချက်အလက် လေးတွေက စပြီး သိထားပါ ၊ အာရုံစူးစိုက်ပြီး မှတ်သားပါ ၊
သူကြိုက်တာကို လုပ်ပြီး မကြိုက်တာကို မလုပ်ပါနဲ့

၇. Give gifts …. လက်ဆောင်လေးတွေ ပေးပါ

တခါတရံ မှာတော့ လက်ဆောင်လေးတွေ ပေးတာဟာလဲ အချစ်ကို ပြသရာ ရောက်ပါတယ် ၊
သတိရ ခြင်းရဲ့ အထိန်းအမှတ် အဖြစ်ပေါ့ ၊ လက်ဆောင်သေးသေးလေးတွေပဲ ဖြစ်ပါစေ
တန်ဘိုးထား တတ်ကြပါတယ် ။

အရာဝတ္ထု တိုင်းမှာ တန်ဘိုး နှစ်မျိုး ရှိကြပါတယ် ၊ အဲဒါတွေကတော့ material
value နဲ့ sentimental value တို့ပါပဲ ၊ material value က ပစ္စည်းရဲ့ မူလ
တန်ဘိုး ဖြစ်ပြီးတော့ sentimental value ကတော့ အဲဒီပစ္စည်း အပေါ်မှာ
ခံစားတဲ့ သူ့ကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားချက်ရဲ့ တန်ဘိုးပါ ။
ချစ်သူက ထီးလေး တစ်လက်ကို လက်ဆောင်းပေးတယ် ဆိုပါစို့၊ နေပူထဲသွားလို့
အဲဒီ ထီးလေးကို ဆောင်းတဲ့ အခါမှ ပိုပြီး အေးတယ်လို့ ခံစားရကောင်း
ရနိုင်ပါတယ် ၊ ချစ်သူရဲ့ အမှတ်တရ ဖြစ်မှု ၊ ချစ်သူရဲ့ အမှတ်သင်္ကေတ ၊
ချစ်သူရဲ့ စေတနာ စတဲ့.. စတဲ့ ခံစားရခြင်းတွေ ပူးပေါင်းပါဝင်နေတာမို့
အဲဒီထီးလေးကို … ရောင်းတဲ့ ဆိုင်ပေါ်ကအလားတူ ထီးတစ်လက် ထက်တော့ ပို
တန်ဘိုးထား ပါလိမ့်မယ် ၊ အဲဒီသဘောပါပဲ ။

ဒါကြောင့်မို့ ကိုယ့်အတွက် မပင်ပန်းစေမယ့် လက်ဆောင်လေးတွေ ပေးသင့်ပါတယ် ။

၈. Communication ဆက်သွယ်ပြောဆိုပါ

လူအချင်းချင်း ဆက်ဆံတဲ့ နေရာ မှာတောင် ပြောဆို ဆက်ဆံရေးဟာ အရေးကြီးပါတယ်
၊ ကိုယ့်ချစ်သူကို ကျတော့ ကိုယ်က ချစ်တဲ့ အကြောင်း ၊ သူဟာ ကိုယ့် အတွက်
လိုအပ်တယ် ဆိုတဲ့ အကြောင်း စတာတွေကို ပြောပေးရမှာ ဖြစ်ပါတယ် ၊
တချို့သူများဟာ ချစ်တယ်ဆိုတဲ့ စကားကို ထပ်ခါ ထပ်ခါ ကြားချင်သလို သေချာ
စေချင်တဲ့ အတွက် မေးလဲ မေးလေ့ ရှိပါတယ် ၊ တစ်ယောက်နဲ့ တစ်ယောက်ကတော့
ပုံစံချင်းမတူဘူးပေါ့ ၊ ကိုယ့်ချစ်သူရဲ့ ဆန္ဒကို လိုက်ပြီး
ကိုယ်ခံစားချက်ကို သိအောင် ပြောပေးရမှာ ဖြစ်ပါတယ် ၊ အပိုတွေကို ညာဖြီး
အာရွှီးဖို့ ပြောတာ မဟုတ်ပါဘူး ၊ ချစ်တဲ့ အကြောင်းကို ပြောဖို့လဲ
လိုအပ်တယ် ဆိုတဲ့ အချက်ကလေးကို စားရင်းတို့ ပေးလိုက်တာပါပဲ ။

၉. Touching ထိတွေ့မှုတဲ့

ဒီအချက်က မြန်မာတော့ မဆန်ဘူး ၊ ဒါပေမယ့် ချန်ခဲ့ဖို့လဲ မကောင်းဘူး ၊
ဒါကြောင့် အောက်ဆုံးနားမှာ ထားပြီး ထည့်ပေးလိုက်ပါတယ် ။

တခါတရံ အားငယ်နေတဲ့ အခါမျိုးမှာ တစုံတယောက်က လက်ကို
ဖျစ်ညှစ်ဆုပ်ကိုင်ပြီး အားပေးစကား ပြောလာတဲ့ အခါ အားရှိသွားသလိုမျိုး
ခံစားရဖူးပါသလား ၊ ပုခုံးဖက်ပြီး ပေါင်းလာကြတဲ့ သူငယ်ချင်းတွေ ပါလို့
ပြောကြတာ ကြားဖူးပါသလား ၊ နွေးထွေးမှု ရင်းနှီးမှု စတဲ့
စိတ်ခံစားချက်တွေကို ခန္ဓာကိုယ်ရဲ့ ထိတွေ့ မှုတွေကနေ တစ်ဆင့်
ရရှိနိုင်ပါတယ် ။ နှလုံးကနေ ထုတ်လွှတ်တဲ့ စွမ်းအင်တွေကို ထိတွေ့မှုတွေကနေ
တစ်ဆင့် ကူးပြောင်း ရရှိနိုင်တဲ့ အကြောင်းတွေကို ကျနော် ဖတ်ရှုဖူးပါတယ် ။

ဒါကြောင့်မို့ လက်ကလေးကို ဆုပ်ကိုင်တာ ၊ ပုခုံးကိုဖက်တာ ၊ လက်မောင်းကို
ကိုင်တာ ၊ အကြင်နာပေးတာလေးတွေက အစပေါ့ ဒါလေးတွေကလဲ လိုအပ်ပါတယ် ။ အဓိက
ကတော့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာ ကြင်နာမှု
နွေးထွေးမှု စတဲ့ ခံစားရတာတွေကို ပြောချင်တာပါ ။
( ဒါကိုတော့ ကျနော်လည်းအားလုံး မသိဘူးဗျ ၊ သိတဲ့သူတွေက ဆက်ရေးပေးပါ )

ကဲ အချစ်ကို အဲဒီ ဘာသားစကားတွေနဲ့ ပြောဆိုမယ ်ဆိုရင် ချစ်သူက
ကောင်းကောင်း နားလည်ပါလိမ့်မယ် ။ ကျနော်ပြောရဲပါတယ် ခင်ဗျားတို့
အကောင်းဆုံး အချစ်သမားတွေ ဖြစ်လာမယ် ..