မနေ့က မမျှော်လင့်ပဲ ငယ်သူငယ်ချင်း တစ်ယောက်ဖြစ်တဲ့ သီဟ နဲ့ဆုံတယ် ၊

သူနဲ့က တီတီစီမှာ ၃ တန်းကနေ ၁၀တန်းအထိ အတူတူ တက်ခဲ့တာပါ ၊

ဆိုင်တစ်ဆိုင်မှာထိုင်ပြီး စကားတွေပြောရင်း သူက တစ်ခွန်းမေးတယ် ၊

မျိုးသန့် မင်းဘဝကြီးကို ဒီလိုပဲ ဖြတ်သန်းနေတော့မှာလား တဲ့ ၊

အမ် ငါက ဘယ်လိုဖြတ်သန်းနေလို့တုန်းဆိုတော့

မင်း နေ့စဉ် ဘယ်လိုနေသလဲ တဲ့ ၊

အင်းးးး  ငါ မနက် ၇ နာရီခွဲ အိပ်ယာထတယ် ၊ ရေမိုးချိုး ယူနီဖေါင်းလဲ အိမ်ကထွက်

မနက် ၈ နာရီ လှည်းတန်းမှတ်တိုင်ရောက်ပြီ ၊ ဘတ်စ်ကားစီး သံလမ်းရောက်ရင် လှိုင်မင်းမှာ လဘက်ရည်သောက် ၊

၁၀နှစ်လောက် ထိုင်လာတဲ့ဆိုင်မို့ အဖျော်ဆရာက ငါ့တွေ့တာနဲ့ ကျဆိမ့်တစ်ခွက်ဖျော်ပြီးသား ၊

ကားတွေ လူတွေကို ခဏငေး ၊ ၈ နာရီ လေးဆယ့်ငါးမှာ ရုံးထဲဝင် ၊

ဖင်းဂါးပရင့်ဆိုတာကြီးကိုနှိပ် ၊ စားပွဲမှာထိုင် ၊ ကွန်ပြူတာဖွင့် အီးမေးလ်စစ် ၊ လာစရာ မေးလ်ကလည်း ခပ်ရှားရှား ၊

နောက် အားကစားသတင်းဆိုက်တွေဝင်ဖတ် ၊ ရေးစရာရှိတာရေး ၊ ဖေ့စ်ဘုတ်ကလေးမှာ တောင်လုပ်မြောက်လုပ်ကလိ ၊

၁၁ ခွဲရင် ထမင်းဆိုင်ဆီဒိုး ၊ ၁၂ နာရီထိုးပြန်လာ ၊ စာဆက်ရေး ၊ ဆေးလိပ်ကလေးဖွာ ၅ နာရီမှာ ပြန် ၊

လှည်းတန်းဈေးမှာ ဈေးဝယ် ၊ ရပ်ကွက်ထဲက ဆိုင်ကလေးမှာ ခဏတာ အပန်းဖြေ ၊

၆ ခွဲမှာ အိမ်ပေါ်တက် ၊ အမေချက်ထားတာမစားခင် ရေချိုး ၊

၈ နာရီလောက်မှာ ဖိုက်စီးရီး ဖိုက်မူဗီ လျှောက်ကြည့် ၊ ၁၀ ခွဲ  ၁၁ လောက်မှာအိပ် ၊

ဒါ တနင်္လာ ကနေ စနေအထိ ဒီပုံစံပဲလေ ၊

တနင်္ဂနွေဆို ၇ နာရီထ ရေချိုးပြီးသွားရင် ဂျန်းရှင်းစကွဲယား အလွန်နားက အခွန်လွတ်ဈေးကိုသွား ကိုယ် စားချင်တာဝယ်

လဘက်ရည်သောက် ၊ အိမ်ပေါ်ရောက်ပြီးရင် ဟိုချက်ဒီချက် ပြီးရင်  တီဗီကြည့် ထမင်းစား တီဗီထပ်ကြည့် ( သွားစရာမှ မရှိရှာသူကိုး )

ညနေ ၅ နာရီ အမှိုက်ပစ်ရင်း ဆိုင်ခဏထိုင် ၊ ၇ နာရီလောက်ပြန်တက် ၊ ထမင်းစား ၊ အိပ် ၊

ဒါပဲလေ ဆိုတော့ သီဟက အေး ငါပြောတာ အဲဒါပဲ ဘယ်မလဲ မင်းမှာ ပျော်ရွှင်စရာ တဲ့ ၊

သားသမီးတွေ ရှိတာပဲကွာ တစ်ခါတစ်လေ ငါ့သားနဲ့ငါ ကေတီဗီ သွားတယ်ကွာ ဆိုတော့ ဟုတ်သေးပါဘူး တဲ့ ၊

မင်း အရွယ်ရှိသေးတာပဲကွာ နောက်အိမ်ထောင်ပြုသင့်တယ်ကွာ တဲ့ ၊

မြတ်စွာဘုရား  လက်စသတ်တော့ မင်း ငါ့ကို အချွန်နဲ့လာမ နေတာပါကလား ၊ ကဲ ငါ ဘယ်သူ့ယူရမတုန်း ဆိုတော့ ရှာပေါ့ တဲ့ ၊

တော်ပါပြီ ဆရာရယ် ရှားရှားပါးပါး သံယောဇဉ်လေး ထားမိပါတယ် ၊

နောက်ဆုံးတော့ ဦးရယ် ဒီဘဝ မဖြစ်နိုင်တော့ပေမယ့် နောင်ဘဝမှာဆုံဖို့ ဆုတောင်းခဲ့ပါတယ် ဆိုတဲ့ စကားနဲ့ပဲ ငါ့မှာ အရှက်ကွဲ ကျန်ခဲ့ရသူပါ ၊

တော်ပါ တန်ပါပြီ ကံကြမ္မာက ပေးလာလို့ ထပ်တွေ့ရင်တော့ မပြောတတ်ဘူး ၊ ကိုယ်ကစ လိုက်ရှာတာမျိုး မလုပ်ပါရစေနဲ့တော့ကွာ ၊

အမေကတော့ ပြောရှာပါတယ် ၊ သားကို တကယ်နားလည်ပေးပြီးချစ်မယ့်သူ ဆို အမေသဘောတူမှာပေါ့တဲ့ ၊

ခက်တာက ငါ့ ကံကို ငါမယုံတော့ဘူး ၊ အချစ်ဆိုတာကို အရူးအမူးဖြစ်နေရမယ့် အရွယ်လည်း မဟုတ်တော့ဘူးလေ ၊

မင်းက အိမ်ပြန်ရင် ဆီးကြိုမယ့် ဇနီးသည် ရှိသလို

ငါ့မှာလည်း ဖုန်းစခရင်ကိုဖွင့်လိုက်တိုင်း ပြုံးပြနေတဲ့ ငါ့ချစ်သူပုံလေးရှိနေတာပဲကွာ ၊

တော်ပြီပေါ့ ၊ ငါ ပျော်ပါတယ်ကွာ အမြဲတမ်း သူက ပြုံးပြနေတာကိုး  ။

 

photo1651_001

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..