“တူ တူ တော့ ကြာကြာမပုန်းနိုင်ဘူးပေါ့´´
“တူ တူ တော့ ကြာကြာမပုန်းနိုင်ဘူးပေါ့´´
https://myanmargazette.net/181421 (တူ တူ ပုန်းတန်း ကစားတာတော့မဟုတ်ပါ ဒါပေမယ့်ပုန်းခဲ့မိပါတယ် အဲဒီပိုစ့်- အဆက်ပါ )
( “ဂျိမ်း´´ ဆိုပြီး တံခါးပိတ်ပေမယ့် ပြန်လှည့်များလာရင် အတွေးနဲ့ ကုတင်အောက်က မထွက်သေးဘဲ အမိနှစ်ယောက် ရဲ့ ဟိုဟို ဒီဒီ လှုပ်ရှားနေတဲ့ ခြေထောက်လေးတွေကိုဘဲ ကြည့်နေရုံမှတပါးအခြားမရှိပြီလေ။ )
စိတ်တွေကောမော ရင်တွေလည်းမောနဲ့ မှောက်ခုံအနေအထားမှာ လက်ပေါ်ကိုခဏလေးခေါင်းတင်မိလိုက် တယ်ဆိုရင်ဘဲ ဘယ်အချိန်ကမှေးကထဲအိပ်ပျော်နေလိုက်လဲမသိ လူကိုလှုပ်ပြီးနိုးတော့မှ လန့်နိုးလာတဲ့တယ်။
“ဒီမှာရှင် ဒီမှာ အရမ်းအိပ်ချင်နေလဲ ကုတင်ပေါ်အိပ်လေ ´´
“ဆောရီးပါဗျာ ကျွန်တော်အိပ်ပျော်သွားမိတယ်´´ ဆိုပြီး ကုတင်အောက်က ထွက်ကာ နံရံလေးမှီပြီးကြမ်းပြင် မှာထိုင်လိုက်မိတယ်။
“ရှင် စားပါအုံး ဆာနေမှာစိုးလို့ လဘက်သုတ်ထားတယ်´´ ဆိုပီး မိနွယ်ပေးတဲ့ လဘက်သုတ် ကိုယူစား မိတယ်ပေါ့
“အမိတို့လည်း အတူတူလာစားပါ´´
“ရှင် မှေးနေတုန်းကျမ လိုက်စနည်းနာကြည့်တော့ ဒီနေ့အဖို့တော့ ရှင် အပြင်ရောက်အောင်ပြေးဖို့တော့ မလွယ်လောက်ဘူး အဲဒီတော့ ဒီည မာလာဆောင်မှာဘဲ အိပ်ရလိမ့်မယ်၊ ဒါပေမယ့် ရှင်အောက်ထပ်အခန်းကို ရွှေ့မှရမယ် အပေါ်ထပ်ကဆို အခွင့်သာလို့ အပြင်ထွက်ပြေးဖို့ဆိုတာ ခက်ခဲမယ်´´
“ကျွန်တော်လည်းစဉ်းစားပါတယ် အောက်ထပ်တစ်နေရာရာကို ပြန်သွားပြီး ပုန်းရမယ်ဆိုတာကို´´
“အောက်ထပ်အခန်းရွှေ့ဖို့ကိုလည်း ကျမ တို့ကူညီမှာပါ ကိုယ့်ကျောင်းသားချင်းဘဲ ပြီးတော့ မနက်ဖြန် ဒါမှမဟုတ် တဘက်ခါတော့ စားဖိုကို ထင်းကားဝင်စရာရှိတယ်လို့ သိရတယ် အဆင်ပြေခဲ့ရင် အဲဒီကားနဲ့ ရှင် လိုက်သွားနိုင်ရင်တော့ လွတ်လောက်မယ်´´
“ကျေးဇူးတင်လိုက်တာဗျာ´´
“မိမော် ဖြစ်ပါ့မလား အဆောင်ဝင်းဂိတ်မှာက လုံထိန်းတွေစောင့်နေတဲ့ဉ္စာ´´
“ဒါကတော့ ကြိုးစားကြည့်ရမှာပေါ့ အမိရယ် လွတ်တော့လည်း ကိုယ့်ကံပေါ့၊ ဖမ်းမိသွားတော့လည်း စစ်ကြောရေးပေါ့ဗျာ´´
“အကို ရှပ်အကျင်္ ီအဖြူက ဟိုတိုးဝင်ဒီတိုးဝင်နဲ့မဲနေပြီ လဲဖို့ကလည်း ကျမတို့မှာက အမျိုးသားအကျင်္ ီမရှိတော့ ဒီလိုလုပ်ပါလား အကို ရှပ်အကျင်္ ီချွတ်ပြီး ကျမ ဂျင်းအနွေးထည်အကျင်္ ီ ခဏဝတ်ထားလိုက်လေ အနွေးထည်ကပွတော့ အကို အဆင်ပြေမယ်ထင်တယ်´´
“ဟုတ်တယ် ရှင် လဲထားလိုက်ပါလား ´´
ဒီလိုနဲ့ဘဲ အပေါ်က ရှပ်အကျင်္ ီကိုချွတ်ပြီး လက်စကစွတ်ကျယ်ပေါ်က မိနွယ် ပေးတဲ့ ဂျင်းအကျင်္ ီဝတ်ထား လိုက်ကာ၊ ချွတ်လိုက်တဲ့ ရှပ်အကျင်္ ီကို လွယ်အိတ်ထဲထဲ့ကာ ၃ ယောက်သား တီးတိုးစကားဆိုနေကြတာပေါ့။ (အသံကျယ်ကျယ် မပြောရဲတဲ့ အခြေအနေမှာမို့ပါ။) အဲလိုနဲ့ ညနေစောင်းလို့ မှောင်ရီပျိုးချိန်ကို ဝင်လာတယ် ဆိုရင်ဘဲ မာလာဆောင်က အဆောင်သူတွေ ညနေစာ ထမင်းစားချိန်ကျပြီမို့ လှုပ်လှုပ်ရှားရှား ဆူညံသံတွေ ညံနေပြီလေ။ အခန်းတံခါးတွေကလည်း ဖွင့်လိုက်ပိတ်လိုက် ဆူညံနေတဲ့ အခွင့်အခါကို အခြေပြုပြီး ဒေါက် ဒေါက် ဒေါက် “မိမော်ရေ သွားရအောင်လေ´´ ဆိုပြီး အပြင်က တံခါးခေါက် အသံပြုတော့
“ရှင် ကျမတို့နဲ့အတူ အောက်ထပ်ကို ရောဆင်းပြီး အောက်ထပ်က အခန်းတစ်ခုမှာ ဝင်ပုန်းနေခဲ့ ထမင်းနဲ့ ဟင်းတော့ ကျမတို့ စားပြီးအပြန်ယူခဲ့ပေးမယ်၊ အောက်ထပ်ကိုရောဆင်းဆိုတာအတွက်တော့ မစိုးရိမ်နဲ့ အခု ကျမတို့အထပ်က သူတွေကို ကျောင်းသားတစ်ယောက်ပိတ်မိနေတယ် အပြင်ရောက်ဖို့ကူညီဖို့ ကျမ လိုက် စည်းရုံးပြီးသား ဒါကြောင့်သူတို့တွေ လာခေါ်နေတာ´´
“ဒါဆိုလွယ်အိတ်တော့ ထားခဲ့မယ် အမိတို့ယူထားပေးပေါ့၊ နောက်မှ အဆောင်ကို ကျွန်တော်လာယူ ပါ့မယ်၊ ဒီအချိန်ကြီး လွယ်အိတ်နဲ့ဆင်းရင် အဆင်မပြေလောက်ဖူးဗျ ထမင်းဟင်းကတော့ မယူလာပါနဲ့ဗျာ အခြားသူ တွေ ရိပ်မိပါအုံးမယ်´´
“အင်း အဲဒါဆိုလည်း မိနွယ်တို့မှာရှိတဲ့ ပေါင်မုန့်တို့ ကိတ်ခြောက်တို့စားပေါ့´´
“ဟုတ်တယ် ထားခဲ့ရတယ် အမျိုးသမီးဂျင်းအကျင်္ ီနဲ့ဆိုတော့ အဆင်ပြေမှာပါ အောက်ဆင်းတဲ့လှေကား ဘဲဖြတ်ရမှာ အဆောင်ထဲမှာတော့ လုံထိန်းတွေမရှိဘူး သူတို့က ဝင်းခြံ ဝမှာဘဲ´´
ဒီလိုနဲ့ မချောအယောက်များစွာထဲ ကျွန်တော်ရောကာအောက်ထပ်ဆင်းပြီး အောက်ထပ်က သူတို့ညွှန်တဲ့ အခန်းတစ်ခုထဲဝင်ကာ အပြင်ကသော့ခတ်ပြီးထားခဲ့လို့ ကြမ်းပြင်မှာငုတ်တုတ်လေး ထိုင်မိ တာလား ပုန်းနေ တာလား မပြောတတ်ပါဘူးလေ။ သူတို့ထမင်းစားပြီး ပြန်ရောက်လာတော့
“ဒါ ကျမတို့ အီကိုကဘဲ မတင်ဇာတဲ့ သူ့အခန်းဖော်က ပြီးခဲ့ရက်ကဘဲ လှည်းကူး ပြန်သွားလို့´´
“အမိ ဒါဆို ကျွန်တော်တို့ နှစ်ယောက်ထဲလား ဒီအခန်းမှာက´´
“မဟုတ်ပါဘူး ကျမ လာဆင်းအိပ်မှာပါ ရှင်က အဲဒီဖက်ကုတင်မှာအိပ် ကျမတို့နှစ်ယောက်က ဒီဘက်ကုတင် မှာ အိပ်လိုက်မယ်´´
“အိပ်တာတော့ အမိ တို့နှစ်ယောက်ကုတင်မှာဘဲ အိပ်ကြပါ ကျွန်တော်က အောက်မှာဘဲထိုင်ရင်း ကျောမှီကာ မှိန်းပါ့မယ်´´
“ဟာ ဘယ်ကောင်းမလဲ ကျမတို့က အပေါ်ကြီးမှာ အိပ်နေတော့´´
“မဟုတ်ဘူးအမိ ရုတ်တရက်အခန်းတွေ ညဖက်ဝင်စစ်ရင် ပုန်းရလွယ်အောင်ရယ် ကုတင်ပေါ်မှာ အိပ်ရင် အိပ်မောအရမ်းကျတော့ အရေးအကြောင်းဆို နိုးရခက်မှာစိုးလို့ ´´
“ဒါလဲ ဟုတ်တာဘဲလေ´´
အဲဒီနေ့ည သတင်းမှာလဲ ရန်ကုန်စက်မှုတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်(ပင်မ)နှင့် လှိုင်နယ်မြေ၊ ကြည်မြင်တိုင် နယ်မြေ၊ ဗိုလ်တထောင်နယ်မြေ၊ စီးပွားရေးတက္ကသိုလ် တို့ကို ကျောင်းခေတ္တပိတ်ထားကြောင်း မဆလ အစိုးရ ကကြေငြာခဲ့တယ်လေ။ နောက်နေ့တွေမှာ ပြည်လမ်းက ဆေးတက္ကသိုလ် နဲ့ လမ်းမတော်က သွားဘက်ဆိုင်ရာ ဆေးတက္ကတွေမှာလဲ တရားဟော ဆန္ဒပြမှုတွေဆက်ဖြစ်ခဲ့ကာ ကျောင်းတွေအားလုံး ပိတ်ခဲ့ပါတယ်။
ဒီလိုနဲ့ ထိုနေ့ညကာလကို ဖြတ်ကျော်ခဲ့ရင် မနက်ဝေလီဝေလင်းလောက်မှာတော့ မာလာဆောင်ဝင်းထဲကို ကားဝင်လာသံကြားရလို့ မှေးကာအိပ်နေရာကမျက်လုံးဖွင့်အကြည့်မှာဘဲ မိမော်ဆိုတဲ့ ကျောင်းသူကလည်း အိပ်နေရာကထကာ
“ထင်းကားဝင်တာလားမသိဘူး ကျမ သွားစပ်စုလိုက်အုံးမယ် ရှင် အဆင်သင့်တော့လုပ်ထားပေါ့ အကယ်လို့ အဆင်ပြေရင် ကျမလာခေါ်တဲ့အခါ ရှင် စဖိုဆောင်ဘက်ကို အပြေးသွားပြီး ဟိုရောက်မှ မိနွယ် ဂျင်းအကျင်္ ီကို ချွတ်ပြီး စဖိုဆောင်က အမကြီးကိုပေးထားလိုက် ရှင်ကတော့ ထင်းကားပေါ်တက်ပေါ့´´
ဆိုပြီး သူထွက်သွားလေပြီး ခဏအကြာမှာတော့
“ရှင် ထွက်လို့ရတယ် ကျောင်းပိတ်ထားတော့ အေးဆေးအိပ်နေကြပုံဘဲ´´
ဒါနဲ့ဘဲ အခန်းကနေ စဖိုဆောင်ကို အပြေးသွား ဂျင်းအကျင်္ ီကိုပေးပြီး စွတ်ကျယ်လက်စကနဲ့ ပုဆိုးကိုအတိုပြင် ဝတ်ကာ ထင်းကားပေါ်တက်ပြီး ထင်းတွေကို ကူချပေးနေစဉ်မှာဘဲ
“ကားဆရာ ခါတိုင်း ညနေလာတတ်တာ အခုတော့ စောစီးပါလား´´
“ဆရာမကြီး မှော်ဘီက မနေ့ထဲကလာတာပါ ဒီရောက်တော့ ဝင်ချင်ရင် မနက်စောပိုင်းမှလာ ဒီနေ့တော့ ဝင်ခွင့် မပေးဘူးလို့ ရဲတွေကပြောတာနဲ့ အေဒီလမ်း ထောင့်ကစပြီး ပေးမဝင်လို့၊ ၁ဝ မိုင်ကုန်းပြန်အိပ်ပြီး အခုလို အစောပိုင်းဝင်ခဲ့ရတာပါ´´
“အခုတစ်ခေါက်ရော အစည်းအပြည့်ပါရဲ့လား´´
“ပြည့်ပါတယ် ဆရာမကြီး စစ်ကြည့်နိုင်ပါတယ်´´
အသံကြားလို့ လှမ်းကြည့်တော့ အဆောင်မှုး ဆရာမကြီး ဖြစ်နေပြီး စကားပြောရင်းတစ်ခါတစ်ခါ ကျွန်တော်ကို လှမ်းကြည့်သလိုက သိနေလို့များကြည့်တာလားလို့တော့ စိတ်ထင့်မိခဲ့ပါတယ်။ ထင်းတွေချပြီး ကားမောင်း ထွက်တော့ ကားနောက်ခန်းမှာ အလုပ်သမားတွေနဲ့ ရောကာထိုင်ရင်း တစ်ညတာနေခဲ့တဲ့ အခန်းကိုလှမ်းကြည့် တော့ အခန်းတံခါးလေးက မပွင့်တပွင့်လေးတွေ့ခဲ့ရတယ်လေ။ လွယ်အိတ်လေးရယ် ကျောင်းစာအုပ်တစ်ချို့ နဲ့ ရှပ်အကျင်္ ီလေးကတော့ မိနွယ်ဆိုတဲ့ ကျောင်းသူလေးအခန်းမှာ အိပ်ကာနားနေခဲ့လေရဲ့။
ထင်းတင်တဲ့ကား ပြည်လမ်းမပေါ်အပြေးလေးသွားနေစဉ်မှာဘဲ အတူထိုင်နေတဲ့ ခပ်ရွယ်ရွယ်လူကြီးက
“ကောင်လေး ဘယ်ပို့ပေးရမလဲ စီးကရက်သောက်မလား´´ ဆိုပြီး ဒူယားဆေးလိပ်ကမ်းပေးတာ ယူရင်း
“၈ မိုင်လမ်းဆုံမှ ချပေးရင်ရပါတယ်ဗျ´´ ဆိုကာ စီးကရက်လေးဖွာကာလိုက်လာမိတယ်ပေါ့။
ဂ မိုင်လမ်းဆုံ ရောက်တော့ ကားပေါ်ကဆင်း အားလုံးကိုကျေးဇူးတင်တဲ့အကြောင်းပြောပြီး သမိုင်းဘက်ကို ဘတ်စ်ကားစီးပြီး ဇော်ကြီး တို့အိမ်ကိုသွားခဲ့တယ်။ သူ့အမေနဲ့တွေ့တော့ မနေ့က ဇော်ကြီး အိမ်ပြန်မလာဘူး ဆိုတာသိရတယ် လာရင်ကျွန်တော်လာသွားတယ်လို့ပြောခဲ့ပြီး စိတ်မကောင်းစွာနှင့် လေးသွဲ့တဲ့ခြေလှမ်းနဲ့ လျှောက်နေရင်း ဇော်ကြီးသာ ကျွန်တော်နဲ့အတူပြေးခဲ့ပါရင်ဖြင့် …………ဆိုပြီးတွေးမိတော့ မျက်ရည်လေးက ဝဲချင်မိတယ်လေ။
ကျောင်းတွေကလည်းပိတ်လိုက်ပြီ မာလာဆောင်ကို ပြန်သွားပြီး ကျွန်တော်လွယ်အိတ်သွားယူဖို့ကလည်း အခုချိန်မှာ ဘယ်လိုမှ မဖြစ်နိုင်သေးတော့ အခွင့်အခါကြုံမှဘဲ သွားကာယူရတော့မှာပေါ့လေ၊ လွယ်အိတ်ကို တော့ လွမ်းမိသလိုလိုပေါ့။ အဲဒီတုန်းကဖြစ်ခဲ့တဲ့ အရေးတော်ပုံအကြောင်းအရာလေးကို အတိုချုံးပြောရရင်တော့
မတ်လ ကိုဖုန်းမော် ကျဆုံးပြီးနောက် တံတားနီ အရေးအခင်း ဖြစ်တယ်။ နောက်ကျောင်းသားတွေကို ဖမ်းဆီးပြီး အချုပ်ကားထဲမှာ ပိတ်လှောင် တင်ထားရာကနေ အသက်ရှူကြပ်ပြီး ကျောင်းသား တော်တော်များများ သေဆုံးခဲ့ ရတဲ့အဖြစ်တွေ ရှိခဲ့တယ်။ ကျောင်းတွေ ပိတ်လိုက်တယ်။ ကျောင်းတွေကို ဇွန်မှာ ပြန်ဖွင့်လိုက်ပါတယ်။ ဖမ်းစီး ပြီးပြန်လွှတ်လိုက်တဲ့ ကျောင်းသားတွေ ကျောင်းနေခွင့်ရပ်ခဲ့လို့ မကျေမနပ်မှုတွေ ကျောင်းသားတွေကြားထဲမှ ဖြစ်တည်နေတယ်။ ဇွန် ကျောင်းသား လှုပ်ရှားမှု ဖြစ်ခဲ့ပါတယ်။ ဇွန်လှုပ်ရှားမှုကိုလည်း ပြည်တည်ခဲ့တာက မတ်လ ဖုန်းမော် အရေး အခင်း၊ အင်းလျားကန်ပေါင် (တံတားနီ) အရေးအခင်းတွေ။ အဲဒီအထိက ကျောင်းသား ထုရဲ့ တိုက်ပွဲပဲ။ လုံထိန်းတွေနဲ့ စစ်တပ်ရဲ့ ဖိနှိပ်မှုကို ကျောင်းသားထုက နည်းမျိုးစုံနဲ့ ခံနေရပြီး တိုက်ပွဲကို ဆက်သယ်နေရတဲ့ အနေအထား။ လူထုက စာနာစိတ် ဝင်စားပေမယ့် ပူပေါင်းပါဝင်လာမှု့ မရှိသေးချိန် မြေနီကုန်း အရေးအခင်း ကျမှ လူထု မခံနိုင်တော့ဘဲနဲ့ ပါဝင်လာပြီး တိုက်ပွဲဟာ ၈၈၈၈ အရေးအခင်းကြီး ဖြစ်ရေးအတွက် အချိုးအကွေ့ တခုကို ရောက်သွားတာ။
ဇွန်ကျောင်းသား လှုပ်ရှားမှု ဖြစ်နေချိန်မှာ ပြည်သူ့လွှတ်တော် အစည်းအဝေးကိုလည်း ပြည်လမ်းမှာ ခေါ်ယူ နေတဲ့အချိန် ဖြစ်ပါတယ်။ ကျောင်းတွေ ပြန်ပိတ်ပြီး ဒီကျောင်းသား လှုပ်ရှားမှုကို ဖြိုခွင်းဖို့ အစိုးရက ပြင်ဆင်မှု တွေ လုပ်နေပါတယ်။ ဒီအချိန်မှာ ကျောင်းသားတွေက ပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့ ကျောင်းသား အခွင့် အရေး တွေကို ပြည်သူ့လွှတ်တော်ရှေ့မှာ တောင်းဆိုဖို့အတွက် ကျောင်းထဲကနေ ကျောင်းပြင်ကို ထွက်လိုက် ကြပါတယ်။
ရန်ကုန်တက္ကသိုလ် (ပင်မ) ကနေ ပြည်လမ်းတလျှောက် ချီတက်လာချိန်မှာ စမ်းချောင်း တလျှောက်က (အထက) ကျောင်းသား တွေကလည်း ကျောင်းဆင်းချိန်မို့ ပူးပေါင်းပြီး ဟံသာဝတီ အဝိုင်းကနေ ချီတက်လာ ကြပါတယ်။ ဒါဟာ ရန်ကုန် တက္ကသိုလ် (ပင်မ) က ကျောင်းသားတွေနဲ့ အခြေခံပညာကျောင်းသားလေးတွေနဲ့ ပေါင်းဆုံမိသွားတဲ့ ပွဲလည်းဖြစ်ပါတယ်။ မြေနီကုန်းဘက်ကနေ လုံထိန်းတွေက ကားတွေကို အိတ်ဇောတွေ ဖြုတ်ပြီး တော့ ချီတက်လာတဲ့ အုပ်စုကြားထဲကို မောင်းသွင်းဝင်ပြီး ရိုက်နှက်ဖို့ ကြိုးစားပါတယ်။ ဒီပုံစံဟာ တံတားနီမှာတုန်းက လုပ်ခဲ့တဲ့ပုံစံပါပဲ ဖြစ်ပါတယ်။ ဒီမှာ ကျောင်းသားလေးတွေ အများကြီး အရိုက်ခံခဲ့ရပါတယ်။ ဒီတချိန်မှာတော့ မြေနီကုန်း ကြက်တန်းတလျှောက်က ပြည်သူလူထုက ဝိုင်းအုံပြီး ဒီလူ (လုံထိန်း)တွေကို ခဲတွေ၊ တုတ်တွေနဲ့ ပစ်ခတ်ပါတယ်၊ အဲဒီ မြေနီကုန်းကြက်တန်းဆိုတာ အဟောင်းပစ္စည်းတွေရောင်းဝယ်တဲ ဆိုင်တန်းပေါ့။ မွတ်စလင်ကုလားများပါတယ်၊ ဒါပေမယ့် သူတို့လည်း အရေးတော်ပုံမှာ ပါခဲ့ကြပါတယ်၊ ဒီကနေ လူထုနဲ့ ကျောင်းသားနဲ့ ပေါင်းစည်းမိလိုက်တဲ့နေ့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ဟာ မြန်မာ့သမိုင်းမှာ အရေးကြီး တဲ့နေ့ တရက် ဖြစ်သလို မြန်မာဒီမိုကရေစီ အရေး လှုပ်ရှားမှုမှာလည်း အရေးကြီးတဲ့ သမိုင်း မှတ်တိုင်တရပ် ဖြစ်ပါတယ်။ ပြည်သူလူထုနဲ့ ကျောင်းသားနဲ့ပေါင်းစည်း နိုင်ခဲ့တယ်။ ဒီကနေ ၈၈၈၈ အရေးတော်ပုံကြီးဆီကို၊ ကျောင်းသား အရေးမှသည် လူထုအရေးဆီကို၊ ကျောင်းသား တိုက်ပွဲမှသည် အထွေထွေ သပိတ်ဆီသို့ ရှေးရှုဆောင်ရွက်နိုင်ခဲ့တယ်။
မြေနီကုန်း အရေးအခင်းမှာ အဲဒီတုန်းက ကြက်တန်းနေရာ သူတွေက လောက်လေးခွတွေ၊ သံတုတ်တွေ၊ ခဲတွေနဲ့ လုံထိန်းတွေကို ပစ်တာပါ။ အဲဒီမှာ ဒေါ်လာ လက်ဘက်ရည်ဆိုင်ရှေ့မှာ အုတ်ခဲတွေ ပုံထားပါတယ်။ အဲဒီမှာ ပြည်သူနဲ့ ကျောင်းသားပေါင်းပြီး လုံထိန်းတွေနဲ့ အဓိကရုဏ်းဖြစ်တာပါ။ လုံထိန်းတွေလည်း တော်တော် များများ ထိခိုက်ဒဏ်ရာရတယ်။ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဆောင် ရှေ့မှာလည်း ဆေးတက္ကသိုလ်ကနေ ချီတက် လာတဲ့ ကျောင်းသားတွေနဲ့ လုံထိန်းတွေနဲ့ တိုးမိပါတယ်။ အဲဒီမှာ ဆေးကျောင်းသားတွေနဲ့ ဆေးရုံကြီးနဲ့ ပေါင်းပြီး လုံထိန်းကားတွေကို မီးရှို့ပစ်နိုင်ခဲ့ပါတယ်။ အဲဒီမြေနီကုန်းအရေးအခင်းကစပြီး ကျောင်းသား တွေနဲ့ အတူ ပြည်သူတွေပါ ပါလာကြခြင်းဟာ မဆလ အစိုးရပြုတ်ကျဖို့အတွက် ကြမ္မာငင်မှု့ပင်ဖြစ်ပေတယ်ပေါ့။
မဆလ အစိုးရပြုတ်လို့ စစ်အာဏာရှင်အစိုးရတက်ခဲ့ပြီး မြေနီကုန်းအရေးအခင်း တစ်နှစ်ကာလပြည့်တဲ့ ၁၉၈၉ မှာတော့ ဟံသာဝတီ အဝိုင်းဘက်က ကားလေးတစ်စီးဆင်းလာချိန်မှာတော့ ပဒုမ္မာကွင်းဘက်အခြမ်းက ကျောင်းသား တွေကနေ ခွပ်ဒေါင်းအလံကို တင်လိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည် က မီးပွိုင့်အလယ်မှာ ကား ကိုရပ်ပြီး မီးပွိုင့်တိုင်မှာ ပန်းစည်းလေးကို ဖဲပြားလေးနဲ့ ချည်နေတဲ့အချိန်မှာ ကျောင်းသားတွေက ခွပ်ဒေါင်း အလံ ထောင်ပြီး ဆန္ဒပြတယ်။ အဲဒီကို သေနတ်နဲ့ လှမ်းပစ်တာပါတယ်။ မြေနီကုန်းမီးပွိုင်မှာ ဒေါ်အောင်ဆန်း စုကြည် က ပန်းစည်းလေး ချတဲ့အချိန်မှာပဲ စမ်းချောင်း မဝတ ဥက္ကဋ္ဌကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းသားတွေ အားလုံးကို ဖမ်းတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပြန်လွှတ် လိုက်ပါတယ်။ ကျောင်းသား တချို့ကတော့ ဒီနှစ်ပတ်လည် လှုပ်ရှားမှုနဲ့ ထောင်ကျသွားပါတယ်။
လှုပ်ရှားမှုဟာ ပြည်သူလူထုကြီးနဲ့ ပေါင်းစပ်နိုင်ရင် အပြောင်းအလဲ တရပ်ကို သယ်ဆောင်နိုင်တယ်။ ပြည်သူ လူထု မပါဘဲနဲ့ မြန်မာ့နိုင်ငံရေးဟာ အပြောင်းအလဲ တစ်ရပ်ကို လုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့ သင်္ခန်းစာကို သမိုင်းက သက်သေပြုပြခဲ့ပါတယ်။ ၈၈၈၈ အရေးတော်ပုံကြီးဖြစ်ဖို့ ကျောင်းသားနဲ့ ပြည်သူ ပေါင်းရတာပါ။ ဒီလို လူထုပါတဲ့ နိုင်ငံရေးက အဆုံးအဖြတ် ဖြစ်လာတာပါဘဲဗျာ။
ဒီအကြောင်းတွေ ရေးမိရင်းနဲ့ ကိုဖိုးချိုရဲ့ သီချင်းတစ်ပိုင်း တစလေးကို သတိရမိလိုက်တယ်
“မာလာဆောင်နဲ့ ပက်သက်လို့
ပုံပြင်လေးတစ်ပုဒ် ကြားဖူးတယ်
ပုံပြင်ထဲကဇာတ်လိုက်ကြီး
ဘယ်သူလဲလို့ မမေးပါနဲ့……´´
စာဖတ်ပရိတ်သတ်ကြီးကျေးဇူးပါနော်။
ခင်ခ
( ရှေးရှေးတုန်းကပုံပြင်လေး …………………)
44 comments
ဦးကျောက်ခဲ
July 26, 2013 at 1:03 pm
ဆြာခ လျှိုပြီဗျာ…
ကျောင်းတွေပြန်ဖွင့်တော့ မာလာသူလေးကို သွားမရှာဘူးလား…
အင်း… အပြေးကောင်းလို့ မသေခဲ့တာ၊ အခုဆို ငွေရတုပြည့်ပြီ…
ကျနော်တို့ အရွယ်တန်းတွေမှာ၊ ၈၈၈၈ အကြောင်း ရာဇဝင်ကိုယ်စီနဲ့ဗျို့…
ခင် ခ
July 26, 2013 at 1:27 pm
ဆရာကျောက်ကလည်း
ဒါက အချစ်ပုံပြင်ဟုတ်ဘူးလေ၊ Politics Story ဗျ။
အဲဒီခေတ်တုန်းက မာလာဆောင်သူတွေကတော့ နံမည်ကြီး အပျိုချော စာရင်းဝင်တွေပေါ့ဗျာ။
အကယ်လို့သာ အချစ်ပုံပြင်ဆိုရင်တော့ တစ်ပင်ထဲရင်ထဲကနွယ်ဇာတ်လမ်းတွဲတွေ လာပေမပေါ့။
မဟာရာဇာ အံစာတုံး
July 26, 2013 at 1:31 pm
အဆောင်မှာ ကျန်ရစ်ခဲ့တဲ့
လွယ်အိတ်ကလေး ..
အခုအချိန်မှာ ဘယ်ရောက်နေပါလိမ့်နော် … 🙄
အဲ့ဒီ လွယ်အိတ်ကို ပြန်ရှာပြီး
လေလံတင် ရောင်းစားအုံးမှဘဲ … ဗျဲ ..
Shwe Ei
July 26, 2013 at 1:39 pm
ဖတ်ရင်းနဲ့ ကြက်သီးထတယ်..ကြားရုံဘဲကြားဖူးပေမဲ့
ဘယ်အချိန်ဘဲ ပြန်နားထောင်မိပါစေ မရိုးနိုင်တဲ့ အဖြစ်အပျက်တွေပါဘဲ
Wow
July 26, 2013 at 1:47 pm
ကြက်သီးမွေးညင်းထပြီး အဲဒီတုံးက ပါဝင်ခဲ့သူတွေကို လေးစားမိပါတယ်…
manawphyulay
July 26, 2013 at 1:51 pm
အဆောင်မှာကျန်ခဲ့တဲ့ လွယ်အိတ်လေး ဘယ်သူများ
အမှတ်တရ သိမ်းထားလေသလား မသိဘူးနော်…
TNA
July 26, 2013 at 2:02 pm
အဲတုန်းက ကျွန်မကငယ်သေးတော့ ဘာမှသိပ်နားမလည်ခဲ့ဘူး။ အခုလိုရှေ့မှီနောက်မှီတွေပြန်ရေးပြ မှပဲအားလုံးသေ ချာသိတော့တယ်။ အဲတုန်းကတော့ ဘာမှန်းလဲမသိဘူး အမတွေနဲ့လိုက်ဆိုလိုက်အော် ဆိုအော်နဲ့ ကိုယ်က တော့ပျော်နေတာ။ အဲဒါပဲသိခဲ့တာ။ တကယ့်ကို အသက်နဲ့ရင်းခဲ့ရတယ်ဆိုတာနောက် ပိုင်းမှ သဘောပေါက်လာတာ။ ကိုခင်ခ မကြောက်တတ်တဲ့ကျောင်းသူတွေနဲ့တွေ့ခဲ့တာ တော်တော် ကံကောင်းတာ ပဲနော်။ တချို့ဆိုကြောက်တယ်ဆိုပီးနှင်ထုပ်လိုက်မှာ။
ခင် ခ
July 26, 2013 at 2:08 pm
အဲဒီအချိန် အဲဒီခေတ်အရတော့ ကျောင်းသားကျောင်းသူတွေ အချင်းချင်းတော့ စည်းလုံးကြတယ် ကူညီကြတယ်၊ သူတို့အမြင်မှ ကြောက်စိတ်ထက် ကျောင်းသား နဲ့ လုံထိန်း၊ ကျောင်းသား နဲ့ စစ်သား အဲလို တန်းခွဲမှုစိတ်ဓာတ်တွေက ပိုပြင်းပြကြပါတယ်။ အရေးကြီးရင် သွေးနီကြတယ်ဆိုတာနေမှာပေါ့ TNA ရေ။
Wow
July 26, 2013 at 2:21 pm
ထင်တာကတော့ အဲ့ဒီ့ ၈၈ အရေးအခင်းနောက်ပိုင်းမှ အကြောက်တရားကို ပြည်သူတွေရင်ထဲ တစိမ့်စိမ့်ဝင်အောင် လုပ်ခဲ့ကြတာလားလို့… လူတွေရဲ့စိတ်ကို ဟိုးအောက်ဆုံးအထိ ဆွဲချပစ်လိုက်တာ …
ခင် ခ
July 26, 2013 at 2:51 pm
အမှန်ပေါ့ Wow ရေ
၈၈ မှာ မဆလ အစိုးရ ဆင်းပေးရတဲ့အထိ ဖြစ်ခဲ့တော့၊ နောက်တစ်ဖန်တက်လာတဲ့ စစ်အစိုးရက ဆရာထက် လက်စောင်းထက်ဆိုသလို တက္ကသိုလ်ကျောင်းတွေကို ဟိုအဝေး မြို့စွန်တွေထုတ် လူစုခွဲ၊ ပညာရေးစနစ်ကို တတ်တာသိတာတွေထက် ပညာမတတ်ကာ သူတို့ကို မတွန်းလှန်နိုင်အောင် မအောင်မနေရ ပညာရေးစနစ်ဆိုပြီး ပျက်အောင်ဖျက် ပြည်သူတွေကိုလည်း နည်းမျိုးစုံနဲ့ကြောက်အောင်လုပ် အဲလို စိတ်ဓာတ်တွေကို ပျက်စီးသွားအောင် စနစ်တကျလုပ်သွားခဲ့တာပါဘဲလေ။
အဲဒါတွေကို သိလို့ လူထုဘက်က ရပ်ကာပြောမယ့် အစွမ်းအစရှိတဲ့သူကိုကျတော့ စစ်အစိုးရ အုပ်ချုပ်တဲ့တစ်သက် နေအိမ်ထဲက အပြင်မထွက်နဲ့တဲ့လေ။
TNA
July 27, 2013 at 7:08 pm
ပညာရေးစနစ်ကို ရိုက်ချိုးပစ်တဲ့ နှစ်နှစ်ဆယ်။ မျိုးဆက်တခုကို လုံးဝသတ်ပစ်လိုက်တာ စိတ်နာလို့မဆုံးပါဘူး။
ဦးကျောက်ခဲ
July 26, 2013 at 2:59 pm
လွန်ကြူးတဲ့ ကျောင်းသားမှကျောင်းသားဆိုတဲ့ အစွန်းရောက်စိတ်ဓာတ်ရှိသူတွေလည်းပါပေမည့်၊ အဲဒီခေတ်က မဆလရဲ့ ဖိနှိပ်မှုကို ကျောချင်းကပ်ရင်ဆိုင်ကြရတာမို့ ကျောင်းသားတွေ အတော်ညီကြတယ်ခင်ဗျ။ အဲဒါကြောင့် စစ်တပ်က အငြိုးထားပြီး ကျောင်းသားဆိုအသေနှိပ်ကွပ်၊ စစ်သားမို့ အထက်အမိန့်အရလုပ်ပါတယ်ဆိုတဲ့ ကော်ဖီဆိုင်ရှင် မင်းသားဟောင်းကြီးက အကွက်ကျကျ စိတ်ဓာတ်တွေကို ရိုက်ချိုး ပညာရေးကိုမြောင်းထဲရောက်အောင် လုပ်သွားတာပဲ။ အရေးအခင်းပြီးစ ရန်ကုန်မြို့ထဲမှာ အရပ်သားဆို ဂျပန်ခေတ်ကလို ပါးရိုက်၊ နဘန်ကျင်း၊ ဖားခုန်ခိုင်း၊ နှိပ်စက်နည်းမျိုးစုံနဲ့ ဦးကျိုးအောင် လက်နက်ပြပြီး ချိုးသွားတာ၊ နောက်ဆုံး သူတို့ကို လက်အုပ်ချီအောင်အထိ ဇာတ်သွင်းသွားတယ်။ ထောက်လှမ်းရေးနဲ့စစ်တပ်၊ ပြည်သူတွေဘဝကို တစ်စစီဖျက်ဆီးသွားတာ ပြန်တွေးရင်စိတ်နာလွန်းလို့ အဲသည့် ဉာဏ်ကြီးရှင်နဲ့ စာဖတ်နေတဲ့ ဘဘကြီးကို ရှားရှားပါးပါး မေတ္တာပို့ဖြစ်ရင်တောင်မပါ…
(စာရိုက်ရင်း ဒေါသအလိပ်လိုက်တက်လာတယ်)
ခင် ခ
July 26, 2013 at 3:11 pm
မဆလ ဦးနေဝင်းက စစ်အစိုးရကို အာဏာသိမ်းခိုင်းပြီး လွဲအပ်တော့ သူ့ရဲ့လက်ရင်း တပည့် ဦးခင်ညွှန်ကို အဓိကလုပ်ဆောင်နိုင်စွမ်းရှိတဲ့နေရာမှာ ထားခဲ့တာလေ။ အဲဒီတော့ သူ့ဆရာသမားအတွက် ဂလဲ့စားကို သူကလုပ်ပြီပေါ့။ အဲလိုပါဘဲ စာဖတ်နေတဲ့ ဘဘကြီးက မှာတမ်းချွေကာ အခု သမ္မတကို ထားခဲ့တာပါ။
kai
July 26, 2013 at 3:20 pm
သိသလောက်တော့.. ဦးခင်ညွှန့်ဟာ.. ဆဲဗင်းဂျူလိုင်မတိုင်ခင်.. ဒါမှမဟုတ်.. အဲဒီအချိန်လောက်မှာ.. ရန်ကုန်တက္ကသိုလ်စစ်ကိုင်းဆောင်မှာနေခဲ့ဖူးတယ်ဗျ…
အဲဒီတုံးကကျောင်းသားပေါ့…။
တက္ကသိုလ်ကျောင်းသားဖြစ်ဖူးသူ(ဘေဘီဘုန်ဘာ)တွေဟာ.. အစိမ်းလဲဝတ်ရရော.. ဘဝမေ့ပြီး.. (အိပ်စ်နဲ့ဝိုင်ဂျင်နရေးရှင်းကို).ဆော်တော့တာပဲ..။
တက္ကသိုလ်နဲ့.. အဆင့်မြင့်ပညာရေးကိုလည်း.. စနစ်တကျနဲ့ကို.. ဖျက်ဆီးခဲ့ကြတယ်..။
အကျိုးဆက်အဖြစ်.. အခုကနေ..နောင်၁ဝစုနှစ်၂ခုမှာဖြစ်မယ့် မြန်မာပြည်ကိုမြင်ရမှာပေါ့…
အခုဖြစ်တဲ့.. ဘာသာရေးအဓိကရုန်းတွေမှာ.. သူ့လွှမ်းမိုးမှုပါကိုပါတယ်လို့… ထင်မိတယ်..
လက်ရာခြေရာတူလှသကိုး..
ဆိုတော့…
သူ့အိမ်ဝင်ထွက်နေသူတွေကို.. ကြည့်လိုက်.. ရှင်းလှတာကိုနော…
သတင်းစာတွေဘာလုပ်နေသလည်း… မသိ…။ :hee:
Min Zarni
July 26, 2013 at 3:25 pm
သူများသဒင်းစာ မီးဒုတ်သွားရှို့နေတယ်..
သူတောင် စကားအပီပဲနဲ့များ
ဒေါက်တာ ကိုဘေနွား ဆိုပီး ရေးဘာဒေါ့လားဂျာ….
ငိငိ
ဒချိ. .ဒချိ..
:kwi:
ခင် ခ
July 26, 2013 at 3:35 pm
သဂျီးပြောလို့ပြောရအုံးမယ်
သီးသန့်ဆန်တဲ့ ဂိတ်လုံခြုံရေးနဲ့ရှိတဲ့ နဝဒေးလမ်းလိုနေရာမှာ ဖွင့်တဲ့ကော်ဖီရှော့ လိုမျိုးဟာ စီးပွားရေးလုပ်တာလား? သူလွတ်လာတဲ့အချိန်မှာ သူပြောပါ တယ် နိုင်ငံရေး လုံးဝ မလုပ်ဘူး အမျိုးသားနိုင်ငံရေး နဲ့ ဘာသာရေးတွေဘဲလုပ်မယ်တဲ့လေ။ အမျိုး/သား/ နိုင်ငံရေး / နဲ့ / ဘာသာ/ ရေး / အဲဒီစာလုံးတွေကို သဂျီးအပျင်းပြေ ငယ်ငယ်တုန်းက အင်္ဂလိပ် စာလုံးလေးတွေ ရှေ့နောက်စီတမ်းကစားသလို စီပြီးကစားကြည့်ပါလားလို့။
အရီးခင်လတ်
July 26, 2013 at 3:06 pm
TNA ရေ
တကယ်တော့ အစိုးရ ကို မကြောက်တတ် တာ ကျောင်းသားဘဝ စစ်စစ် မှာဘဲ ရှိတတ်တဲ့ စိတ်ဓာတ် ထင်ရဲ့။
ကျောင်းသားဘဝ ပြီးချိန် အလုပ်ထဲ ရောက်ရင် သွေး အရောင် ပြောင်း ကုန်ကြပြီ။
ဒါကြောင့်လဲ အစိုးရ က ကျောင်းသားစိတ် မရှိတော့ အောင် ကို ကျောင်းသားဘဝ တွေ ကို ဦးချိုး ပစ်ခဲ့တာ။
ဒီမှာတင် ပညာရေး ပျက်ရောဘဲ။
ခင် ခ
July 26, 2013 at 3:22 pm
အရီးရေ
စစ်အစိုးရလက်ထက်ရောက်တော့ ကျောင်းသားဘဝစစ်စစ်တွေ လျော့နည်းအောင် ပုပ္ပလိက အလုပ်အကိုင်အခွင့်လန်းတွေ ဖွင့်ပေးပြီး တက္ကသိုလ်ကိုလည်း ပြက္ခဒိန်နှစ်တစ်နှစ်ကို ပညာသင်နှစ်နှစ်စနစ်တဲ့ စာပေးစာယူ စနစ်ကို ပိုပြီးတွင်ကျယ်အောင်လုပ်ခဲ့တယ်၊ အဲဒီတော့ တစ်ခုခု ရုတ်ရုတ်ဖြစ်ရင် အလုပ်ဝင်ငွေလေးလျော့ရချည်ရဲ့ ဆိုပြီးစိတ်ဝင်အောင်လုပ်ခဲ့တယ်။ အဲဒါမှ နေ့တက္ကသိုလ်တက်ချင်ရင် မြို့စွန်တွေထိသွား ဆူမယ်ဆိုလဲ မြို့နဲ့ခပ်ဝေးဝေး ဆန္ဒပြမယ် ဆိုလည်း ပြည်သူနဲ့ မနီး အဲလိုလုပ်ခဲ့တာပေါ့လေ။
ဒါပေမယ့် နယ်ချဲ့အင်္ဂလိပ်ခေတ်ကထဲက ခေတ်အဆက်မြန်မာပြည်မှာ လက်နက်ကိုင်အဖွဲ့ အစည်းက လက်ထဲ လက်နက်မရှိ လက်ကမ်းစာစောင်လောက်ကိုင် တတ်တဲ့ ကျောင်းသား ကို ကြောက်ခဲ့တာလဲ အစဉ်အလာပါဘဲလေ။
TNA
July 27, 2013 at 7:11 pm
ကျွန်မတို့ခေတ်ရောက်တော့ ဦးခင်ညွန့်ခေတ်ဖြစ်နေပြီ။ သူ့ကိုထောက်ခံတဲ့သူငယ်ချင်းနဲ့ မထောက်ခံတဲ့ကျွန်မ တချိန်လုံးရန်ဖြစ်ခဲ့ပေမဲ့ လူရှေ့သူရှေ့မှာ ကျယ်ကျယ်လောင်လောင် မဖြစ်ရဲလောက်အောင်ကြောက်ခဲ့ရပါတယ်။ တကယ့်ကိုရိုက်ချိုးခံခဲ့ရတဲ့ စိတ်ဓါတ်တွေအ တွက်စိတ်နာခဲ့ရပါတယ်အရီးရေ။
အရီးခင်လတ်
July 26, 2013 at 3:00 pm
ကိုခ ရေ
အဲဒီတုန်း ၈၈ တုန်း က ကျောင်းသား တွေထဲက တစ်ချို့ ဟာ ဒီနေ့ ခေတ် မှာ
စကားသံတွေ အရမ်းဝဲ နေတဲ့ ထိပ်ပိုင်း လူကြီး တွေ နားက အင်မတန် အရေးပါတဲ့လူကြီး တွေ ဆိုတာကတော့ …..
ဒီနေ့ ပုံပြင်ပေါ့။
စပစ်တဲ့ နေ့ က ဆေးရုံကြီး ရှေ့မှာ ရှိခဲ့တယ်။
ဆရာကြီး/ဆရာမကြီး တွေ ရဲ့ သမီးတို့ အိမ်ပြန်ပါတော့ ဆိုတဲ့ စကားကို ဘဲ နားထောင် ခဲ့ တဲ့
ကျွန်မ လဲ စကားဝဲ ခဲ့/စကားဝဲ နေဆဲ ပါဘဲ။
ဒါကြောင့် လဲ ကျွန်မတို့လို စကားဝဲ သူ တွေ ကြားမှာ မြန်မာပြည် ဟိုမရောက် ဒီမရောက် နဲ့
ဝဲဂယက် ထဲ မှာ လည် နေတာလား အမြဲတွေး မိပါရဲ့။
ဒါထက် မာလာဆောင်ဇာတ်လမ်း ကပြတ်သွားရောလား??? 😉
kyeemite
July 26, 2013 at 3:16 pm
♪ ♫ ♮ ♯ ♪ ♬ ♭ ♮ ♯အဆောင်မှာပုန်းတဲ့ ကိုခကြီးရဲ့
ဂန္ဒဝင်မြောက်တဲ့ ပုံပြင်ပါ
ဒါကိုခင်ဗျားတို့ လေ့လာပါ
ဒီလိုဖြစ်အောင်စွမ်းဆောင်ပါ♪ ♫ ♮ ♯ ♪ ♬ ♭ ♮ ♯
ဘာရယ်မဟုတ်ပါလူး…ကိုခကြီးရဲ့ သီချင်းလေးအဆုံးသတ်ပေးတာပါ။
ကျုပ်ကတော့ အဲဒီအချိန်က ကျောင်းပီးလို့ အလုပ်ထဲရောက်နေပြီဗျ..
ခင် ခ
July 26, 2013 at 3:42 pm
ဟေ့လူကြီး ကျုပ်ဟုတ်ပါဘူးဗျ ဒါ ရှေးရှေးတုန်းကပုံပြင်ကို ပြန်ပြောပြတာပါနော်။
ကထူးဆန်း
July 26, 2013 at 3:31 pm
ပြောရရင် ကံကောင်းတယ်ဘဲ ဆိုရမလား မသိ .အဲ့ဒီ့ အချိန် အဲ့ဒီကာက အနိဌာရုံတွေ ကြုံခွင့် မရခဲ့ပါဘူး ..ပြန်ရောက်တဲ့ အချိန် ..အားလုံးငြိမ်နေပါပြီ.. ဟိုလူပြော ဒီလူပြောတွေဘဲ နားထောင်ခွင့် ရခဲ့ပါတယ် ..
အဲ့ဒီ့တုန်းကလည်း သုံးသပ်မိတာတော့ ခုခေတ်နဲ့ မခြား … ငါတစ်ကော ကောကြပြီး စည်းလုံးမှုမရှိ ..တက်မထောင် .. ငါနိုင်ပြီ လုပ်ခဲ့ ရာကနေ ပြန်စားခံလိုက်ရတယ်လို့ဘဲ သုံးသပ်မိပါတယ် ..
ပြောချင်တာတော့ ခေါင်းဆောင်မှု့ တစ်ဦးနောက် ကို မလိုက် ကိုယ်ထင်ရာကိုယ်လုပ်ခဲ့ကြတာ …. ခု ခေတ် ကုလားဗမာ ကိစ္စလိုဘဲ ..
ပြောစကား နားမထောင်
မစဉ်းစား နားယောင် လုပ်ချင်တာ လုပ်ခဲ့ကြလို့ စစ်ဘိနပ်အောက်ရောက်ခဲ့ရတာ ..
ဦးမောင်မောင် စကား နားထောင်ခဲ့ ရင် သမိုင်း အချိုး မပြောင်းနိုင်ဘူး ဘယ်သူပြောနိုင်မလဲ ……
အခုလဲ ဒေါ် အောင်ဆန်းစုကြည် စကား နားမထောင် ကြတာ .. သမိုင်း အချိုး ထပ်ချိုး ဦးမလား ..ဘယ်သူ သ်ိမလဲ …
သူကြီးရဲ့ ကျိန်စာဘဲ လွှဲချရမယ် ထင်ပါ့ .. 🙄
ခင် ခ
July 26, 2013 at 3:40 pm
ကထူးဆန်းရေ ပျော်ပျော်ပါးပါး အုတ်မြစ်ချချင်တယ်ပေါ့ ဟုတ်လား?
kyeemite
July 26, 2013 at 3:54 pm
koyinmaung
July 26, 2013 at 5:29 pm
ကိုဇော်ကြီးတယောက် နောက်ပိုင်း
ဘယ်လိုဖြစ်သွားလဲဆိုတာ လုပ်ပါအုံး..
ပြန်မတွေ့တော့ဘူးလား…..
ကိုခင်ခရေ 88တုန်းက စစ်အစိုးရရဲ့ နိုင်ငံရေးလှည့်ကွက်ကတော့
အံမခန်းပါဘဲဗျာ….
တကယ်တော့ စစ်အစိုးရက မှော် သုံးပြီးလက်နက်အားကိုးနဲ့
ပြည်သူကိုအနိုင်ကျင့်ခဲ့တာပါ………
အလင်း ဆက်
July 26, 2013 at 7:10 pm
ပုံပြင်ထဲက ဇာတ်လိုက်ကြီး
ဘယ်သူလဲ လို ့
မေးစရာ လိုတော့ပါဘူး
🙂
•*¨နန်းတော်ရာသူ •*¨
July 26, 2013 at 8:02 pm
၈၈အကြောင်းတွေကတော့ ဘယ်သူရေးရေးဖတ်လို့စိတ်ဝင်စားနေတုန်းပဲ။
ကျွန်မတို့သူငယ်တန်းတစ်နှစ်နားရတဲ့ကာလပေါ့ (ဘာမှသိပ်မမှတ်မိတော့ပါဘူး)
ဆရာမင်းဒင်ရဲ့သက်ခိုင် ထဲမှာတော့ တော်တော်လေး သိရတာတွေများတယ်။
မာလာဆောင်မှာ ပုန်းတဲ့ဦးခကြီးရဲ့Zလမ်းကလည်း တစ်မျိုးစိတ်ဝင်စားစရာပါလား ☺☺☺
Mr. MarGa
July 26, 2013 at 8:24 pm
ဖတ်နေရင်း
ကြက်သီးမွေးညင်း ထမိတယ် (တကယ်ပြောတာ)
မန့်ဖို့ ကွန်မန့်တွေ ဖတ်ရင်း
ဘယ်လိုအစီအစဉ်တွေ ချခဲ့တယ် ဆိုတာ သိခဲ့တယ်
ဒါဟာလဲ
လိမ်လို့ မရတဲ့ သမိုင်း တစ်ပိုင်း တစ်စ ပေါ့လေ….။
ရှေ့လူတွေကတော့ သမိုင်းကို မရိုင်းအောင် ရေးခဲ့ကြတယ်
နောက်လူတွေ သမိုင်း မရိုင်းအောင် ဘယ်လိုရေးရပ
padonmar
July 26, 2013 at 10:13 pm
ဒီအကြောင်းတွေ ဖတ်ရရင် ကြယ်တွေကြွေတဲ့တိုင်းပြည်ဆိုတဲ့ ပို့စ်လေးထဲက ဒေါက်တာမင်းသိမ်းနဲ့ ဒေါက်တာစောလွင်ကို သတိရတယ်။
ဒီနေ့ပဲ သူ့နဲ့ခင်တဲ့ သူငယ်ချင်းနဲ့ အဲဒီတုံးက အကြောင်းပြောဖြစ်ခဲ့သေးတယ်။
….
အဲဒီကာလတွေတုံးက ကျမတို့ ပြည်သူတွေ သိပ်ညီညွတ်ခဲ့ကြပါတယ်။
အသားရောင်လည်း မခွဲခြားခဲ့ကြပါဘူး။
မတရားတဲ့ အာဏာရှင်စနစ်အောက်က ရုန်းထွက်နိုင်ဖို့ပဲ ရည်ရွယ်ခဲ့ကြတယ်။
အခုတော့ အရင်ကထက် မာယာတွေများတဲ့ လောကကြီးထဲမှာ ဖြူစင်တဲ့ ညီညွတ်မှုတွေ ပျောက်ဆုံးသွားသလိုပဲ။
ခင် ခ
July 27, 2013 at 9:43 am
အမပဒုမ္မာရေ အဲဒီအချိန်တုန်းက တစ်ပါတီမို့ အာဏာရှင် စနစ်ကိုချုပ်ငြိမ်းဖို့ကိုဘဲ ဦးတည်ခဲ့ကြတာလေ။
အခုကတော့ ပါတီစုံဆိုတော့ အာဏာရဖို့ကို ဦးတည်နေကြတော့ သူ့ပါတီ ကိုယ့်ပါတီ ဂိုဏ်းဂဏအစွဲတွေ နဲ့ အမျိုးမျိုးအဖုံဖုံ ဖြစ်နေကြပြီဆိုတော့ မာယာထောင်ဂျောက်တွေကလည်း ခပ်များများပေါ့ဗျာ။
ဒါပေမယ့် လူထုအတွက် တကယ်ဦးဆောင်နိုင်သူ လူထုကိုအကျိုး တကယ်လုပ်ပေးမယ့်သူမျိုးကို လူထုအနေနဲ့ ယုံကြည်ကာရွှေးချယ်နိုင်တတ်ဖို့တော့လိုတဲ့ အချိန်ရောက်နေပြီလေ။ အဲလိုမှ မရွှေးချယ်နိုင်ခဲ့ရင်တော့ တစ်ပါတီအာဏာရှင်စနစ်မဟုတ်ဘဲ ပါတီစုံအာဏာရှင် စနစ်ကြား ထဲ မြေဇာပင်အဖြစ် လူထုကတော့ နှစ်ရှည်ကြာ လိမ့်ကာခံရပေလိမ့်မပေါ့ဗျာ။
KZ
July 27, 2013 at 12:54 pm
ကိုကြီးခ
ဒါပဲလားးးးးးးးးးးးးးး
ဇာတ်လမ်းတွေ တစ်ခန်းမရပ်ပါနဲ့ဗျို့။
ဒါမျိုးလေးတွေ များများဆက်ရေးပါ။
ဖြစ်ရပ်မှန် နောက်ခံ ကိုယ့်တွေ့ ချစ်ဇာတ်လမ်းတွေ မျှော်နေပါတယ်။
နိုင်ငံရေးတော့ မပြောတော့ပါဘူးနော့။
မှီတဲ့သူတွေက သိတာတွေ အမှန်အတိုင်း လက်ဆင့်ကမ်းသွားဖို့ပဲ မျှော်လင့်ကောင်းပါတယ်။ 🙂
ခင် ခ
July 27, 2013 at 1:23 pm
ဖြစ်ရပ်မှန်နောက်ခံ ကိုယ်တွေ့ ချစ်ဇာတ်လမ်းတွေ ရေးရင် အခန်းဆက်အတော်များမှာ မို့ ရေးဖို့စဉ်းစားမိရင်ကို မောပါ့ကွယ်။ ဆုံခဲ့ဘူးတဲ့သူတွေရဲ့ အမည်တစ်လုံးစီကို ရေးရင်တောင်
စန်း မေ သီ နွယ် အေး ခင် နှင်း သက် မာ နီလာ စန္ဒာ ဝင်း ………. ။ သူတို့လေးတွေနဲ့ ဇာတ်လမ်းလေးတွေ ရှိခဲ့ဖူးပါရဲ့ဗျာ KZ ရေ။
KZ
July 27, 2013 at 1:30 pm
ဟယ်။
များဂျီးပဲ။
ရေးသာရေးးးးးးး
ပညာရရင် ပညာယူမယ်။
ဇာတ်လမ်းဇာတ်ကွက်ရရင် ဇာတ်လမ်းဇာတ်ကွက်ကိုယူမယ်။
သင်ခန်းစာရရင် သင်ခန်းစာယူမယ်။
ရေးပါ။ ရေးပါ။ အားပေးတယ်။
😀
Myo Thant
July 27, 2013 at 1:47 pm
ကိုခရေ
ကျနော်က အဲဒီအချိန်မှာ ဆင်မလိုက်သင်္ဘောကျင်းက ထွက်ခါစပါ ၊
၈၂ မှာ အင်းစိန်ဂျီတီအိုင်တက်ခဲ့ပြီး ၈၅ မှာ သင်္ဘောကျင်းရောက်သူပါ ၊
တက္ကသိုလ်ဆိုတာ လက်တစ်ကမ်းမှာမို့ လှည်းတန်းသားကျနော်နဲ့ နီးလှသပေါ့ ၊
ဦးသန့်အရေးအခင်းမှာကတည်းက လှည်းတန်းရောက်နေခဲ့တော့ အားလုံးဟာ မျက်စိရှေ့ ပေါ့လေ ၊
၈၈ မှာတော့ ကျနော် ဝဂ္ဂီ ( အခုပြည်ရိပ်မွန် ) ရောက်နေပါပြီ ၊
အားလုံးဟာ ဖျက်မရတဲ့ သမိုင်းပါ ၊
ခင် ခ
July 27, 2013 at 2:35 pm
“သမိုင်းကို ဘယ်သူတွေရေးသလဲဟေ့´´
“ပြည်သူတွေ ရေးပါတယ်ခင်ဗျ´´
“အေး သမိုင်းဆိုတာ ဖျောက်ဖျက်လို့ရတာလားကွ´´
“ရပါတယ် ခင်ဗျ´´
“ဟေ ဒါဆို ဘယ်သူဖျောက်ဖျက်တာလဲ ပြောစမ်း´´
“မပြောဝံကြောင်းပါ ခင်ဗျ´´
“ဘာလို့မပြောရမှာလဲ အမေးရှိရင်´´
“အဖြေရှိရမှာပါခင်ဗျ´´
“အေး ဒါဆို သမိုင်းကို ဘယ်သူဖျောက်ဖျက်တာလဲလို့ ဖြေလေ´´
“ဆရာ´´
“အေး ဖြေပါဆို´´
“ဆရာ´´
“ဟေ့ ကောင် ငါမေးနေတယ် သမိုင်းကို ဘယ်သူဖျောက်ဖျက်ချင်တာလဲလို့´´
“ဆရာ´´
“ငါ ဒေါသထွက်လာပြီနော် ငါမေးနေတယ်လေ´´
“ဟုတ် ဆရာ´´
“သွားတော့ကွာ ကြာရင်မင်းကိုလုပ်မိတော့မယ် သမိုင်းကို ဘယ်သူဖျောက်ဖျက်တာလဲလို့ မေးတာ ဒါလေးတောင် မဖြေနိုင်ဘူး တစ် ဆရာ ထဲ ဆရာ နေတယ်´´
surmi
July 28, 2013 at 11:07 am
ဒိုင်းးးး ကနဲ ေ သနပ်သံအကြား
ဘာဘာညညာ မစဉ်းစားတော့ဘူး မောင်ဆာမိလည်း
လမ်းဘေးကမြောင်းထဲ ဒိုင်ဗင်ထိုးဆင်းလိုက်တာ …..
အိုး ဟိုး းးးး ဘာပြောကောင်းမလဲဗျာ …
….
.
.
.
.
ကဲ ကဲ ကျန်တာနောက်မှဆက်ပြောတော့မယ် 🙂
ဆက်ရေးပါဦးခ ခင်ဗျ
Ma Ma
July 28, 2013 at 10:09 pm
ကဆာမိကတော့လေ….
စာဖတ်သူကို ဆန့်ငင်ဆန့်ငင်ဖြစ်အောင် တပိုင်းတစတွေနဲ့ အင်မတန်နှိပ်စက်တတ်ပါပေတယ်။ 👿
nature
July 28, 2013 at 8:54 pm
မှတ်မိသေးတယ်။ ဒီအရေးအခင်းကြီးမဖြစ်ခင် တစ်နှစ်လောက်ကထင်တယ် ။ ၃ ရက်လောက်
မိုးသဲသဲမဲမဲရွာပြီး နေ့ခင်းဘက်ကြီးအေးစိမ့်နေတာပဲ။ အဲဒါကို လူကြီးတွေက တိုင်းပြည်မညိမ်မသက်ဖြစ်မဲ့နိမိတ်ပဲလို့ ပြောကြတယ်။ တကယ်ပဲ ရှစ်လေးလုံး အရေးအခင်းကြီး ဖြစ်လာတာပဲ။
ဦးကြောင်ကြီး
July 29, 2013 at 8:48 am
၁၉၆၂ ဦးနေဝင်း စစ်အာဏာသိမ်းတော့ လယ်သမား အလုပ်သမား အခြေပြုပါတယ် စည်းရုံးလိုက်တာ ဗိုလ်ချုပ်ကြီးအစိုးရနဲ့ အားကိုးတဂျီး ဖြစ်ကုန်တယ်။ ၁၉၈၈ကြတော့ ဗိုလ်ခင်ညွန့်ကို လက်အုပ်လေးတချီချီ လုပ်ကြသေးသဗျ.. ၂၀၀၅မှာ ဗိုလ်ရွှေမန်းက ဥပဒေအထက် ဘယ်သူမှ မရှိရဖောပြန်တော့ အဘရွှေမန်း ဖြစ်ကုန်ဗျံရော.. အခုကြတော့ ရိုးသားတဲ့ သမဒဂျီး ဦးသိန်းစိန်ဆိုဗဲ…. ဒီမိုး ဒီရေ ဒီလေနဲ့ ဒီလူတွေ…ပေါဗကွာ.. 😆
ခင် ခ
July 29, 2013 at 1:15 pm
ကိုကြောင်ကြီးရေ မြန်မာပြည်သူတွေလည်း ပြောင်းလဲကာတိုးတက်ချင်တော့ ဟိုလိုကောင်းနိုး ဒီလိုကောင်းနိုး နဲ့ ခေတ်ရေစီကြောင်းမှာ … နိုး …. နိုး တွေဖြစ်နေကြရင်းနဲ့ အခုထိ ဘာမှမဖြစ်လာ တဲ့ နိုး(No) ဖြစ်နေကြရှာတာနေမှာပေါ့ဗျာ။
အရီးခင်
July 29, 2013 at 1:19 pm
တွေ့လား ကိုခ။
ဝေဖန်တဲ့ သူ ကိုယ်တိုင် က စကား အပီဘူး ဆိုတာ။ 😉
ခင် ခ
July 29, 2013 at 2:30 pm
အရီးရေ အဲဒါပေါ့ လည်သူ စကားဝဲ၏ ဆိုသလိုပေါ့။
ဘယ်လိုဘဲ အဖျားစွတ်ကာ ခင် လို့သုံးလည်း ကျွန်တော်တို့ အရီးကတော့ အရီးပါဘဲနော်။
ကိုပေါက်(မန္တလေး)
July 29, 2013 at 10:27 pm
၈၈ အရေးအခင်းဖြစ်တော့ ကျနော်တစ်ချိန်လုံး 26ဘီလမ်းနဲ့လမ်း80မီးပွိုင့်ဒေါင့်မှာ ပွဲကြည့်သူအဖြစ်နဲ့
ရှိနေခဲ့တယ်.။
ဖျက်ဆီးနေလိုက်ကြတာများဗျာ။