ဟေ့ကောင်… ပြောစမ်း။ မင်း မိန်းမလား ယောက်ျားလား။ ပြောစမ်း ဟိတ်ကောင်။ ပါးစပ်ကလည်းပြော လက်ကလည်း ထားဝယ်ကြိမ်လုံးသေးသေးလေးတွေနဲ့ တဖြန်းဖြန်းမြည်အောင် ရိုက်နှက်ခံနေရသော ကလေးငယ်လေးဟာ အလွန်ဆုံးရှိလှမှ ၆ နှစ် ၇ နှစ် သာသာရှိဦးမယ်လို့ ကျမ ခန့်မှန်းနေမိပါတယ်။

ကလေးငယ်လေးဟာ ယောက်ျား၊ မိန်းမ ခွဲခြားလို့ရလောက်အောင် ရုပ်ရည်ပင် မပေါ်ပေါက်သေး။ ကျမ မြင်နေရတာကတော့ ဘိုမရုပ်ကလေးတွေမှာ ၀တ်ပေးနေကြ ဂါဝန်လှလှလေးတွေလိုပုံစံ ဂါဝန်ကို ၀တ်ထားပြီးတော့ နှုတ်ခမ်းနီးတွေ မျက်နှာမှာ ပေကျန်နေတာပါပဲ။

ဟေ့ကောင်… မင်း မိန်းမလား ယောက်ျားလား ဆိုပြီးတော့ တခွန်းပြီးတခွန်းမေးရင်းနဲ့ တဖြန်းဖြန်းနဲ့ မရပ်မနား ရိုက်နှက်နေတဲ့ ကြိမ်ချက်တွေရဲ့ အောက်မှာ ဂါဝန်အစတွေ ကွဲပြဲထွက်နေတာကိုလည်း မြင်နေရတယ်။

အဲဒါအပြင် ကျောပြင်နဲ့ လက်ပြင်တချို့နေရာတွေမှာ ကြိမ်ချက်ကြောင့် သွေးစွန်းနေပြီးတော့ ရှိုက်ကြီးတငင်နဲ့ ငိုရှိုက်နေတဲ့ ကလေးငယ်ဟာ တချက်တချက်မှာ ရှိုက်သံတွေ တိမ်တိမ်သွားပြီးတော့ လူ့လွန့်နေတာဟာ ကျမတို့ မြင်ဖူးနေကြ ငရဲခန်းပန်းချီကားတွေထဲက ငရဲသားတွေနှိပ်စက်ခံနေရတဲ့ နှိပ်စက်ခံလူသားနဲ့ပဲ တူလှပါပေတယ်ရှင်။

ကလေးငယ်ဟာ အသက်နဲ့မမျှအောင် ရိုက်နှက်တာတွေကို မခံနိုင်တော့လို့လား၊ နာကျင်မှုတွေက အသိညာဏ်တွေကို ဆွဲနှုတ်ယူသွားလို့ပဲလား၊ ဒါမှမဟုတ် သူ့ရင်ထဲက ခံစားမှုတစ်ခုခုက အဆုံးစွန်ကို ရောက်သွားတော့ အသိမရှိတော့လို့ပဲလား မသိဘူး မလူးမလွန့်နဲ့ ငြိမ်သက်သွားတာကို ကျမ မြင်နေရပြန်ပါတယ်။

အဲဒီမြင်ကွင်းကို ကျမလိုပဲ လူတော်တော်များများက ၀ိုင်းပြီးတော့ အုံကြည့်နေကြတယ်။ တချို့က အနီးကပ်ကြည့်နေကြတယ်။ တချို့ကတော့ ခပ်လှမ်းလှမ်းကနေ ကြည့်နေကြတယ်။ ကြည့်နေတဲ့သူတွေထဲမှာလည်း တချို့က အေး… ဒီလိုလုပ်ပေးမှပဲ။ နာနာသာ ရိုက်ပစ်။ မှတ်လောက်သားလောက်ပြီး နောက်တခါ ထပ်မလုပ်တော့အောင် ရိုက်နှက်ပေးထားမှ တော်ကာကျမယ် စသဖြင့် အမျိုးမျိုးပဲ ပြောဆိုနေကြပြန်တယ်။

ကလေးငယ်လေး ငြိမ်ကျသွားတဲ့အချိန်မှာ မျက်ရည်စက်လက်နဲ့ အမျိုးသမီးတယောက်က ကိုမြထွန်း ရပ်ပါတော့ရှင်… ကျမ သားလေး သေသွားတော့မယ်။ ရပ်ပါတော့… ရပ်ပါတော့နဲ့ ကလေးငယ်ကို အတင်းဝင်ရောက် ပွေ့ဖက်ရင်းကနေ သား… သား… သား နဲ့ ခေါ်နေတာကိုလည်း ကျမ မြင်ရ ကြားနေရပြန်တယ်။

ဒီမြင်ကွင်းလေးကတော့ ကျမနဲ့ ကျမ သိပ်ချစ်ရတဲ့ ခင်ပွန်းတို့ အားလပ်ရက် ခရီးထွက်ရင်းကနေ မြန်မာနိုင်ငံတောင်ပိုင်းက မြို့နဲ့တော်တော်လေးကို အလှမ်းဝေးလွန်းတဲ့ ရွာလေးတစ်ရွာမှာ ဖြစ်ပျက်နေတာကို တွေ့မြင်ခဲ့ရတာပါ။ အဲဒီမြင်ကွင်းလေးကို ကျမ ဒီကနေအထိ ပြန်မြင်ယောင်မိရင်း စိတ်ထဲမှာ လုံးဝကို မကောင်းနိုင်သလို ကျမ စိတ်ထဲမှာ အခုထိ စိတ္တဇတစ်ခုလို ဖြစ်နေလို့ စာဖတ်တဲ့သူတွေကို ဒီကနေ မျှဝေရင်းနဲ့ ရင်ဖွင့်တဲ့ သဘောပဲ ဆိုပါတော့ရှင်။

ကျမလည်း ကလေးငယ်တယောက်ကို ဒီလောက်အထိ ရိုက်နှက်တာကို လက်မခံနိုင်တာရော၊ ပြီးတော့ မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့ နိုင်ငံတကာ ကလေးအခွင့်အရေးဆိုင်ရာစာချုပ် တွေနဲ့ပတ်သက်ပြီးတော့ နည်းနည်းပါးပါး လေ့လာထားဖူးတာနဲ့ ဒါဟာ  ကလေးအခွင့်အရေးကို ချိုးဖောက်တယ်လို့ ယူဆတာကတကြောင်းကြောင့် စပ်စုကြည့်တယ် ဆိုပါတော့။

ပြီးတော့ ဒီကလေးငယ်တယောက်ကို မညှာမတာ ရိုက်နှက်မှုမြင်ကွင်းမှာ ကျမအတွက် အထူးကို စိတ်ဝင်စားစေတဲ့ ခိုင်မာလွန်းလှတဲ့ အကြောင်းအရာတစ်ရပ်ကတော့ ဂါဝန်ဝတ်ထားပြီး မျက်နှာမှာ နှုတ်ခမ်းနီတွေ ပေကျံရင်းနဲ့ ရိုက်နှက်ခံနေရတဲ့ ကလေးငယ်ကို နင်… ယောက်ျားလား၊ မိန်းမလား ဆိုပြီးတော့ မေးတာရယ်၊ ဂါဝန်ဝတ်ထားတဲ့ ကလေးကို သား… သား… သား ဆိုပြီးတော့ ၀င်ချီတဲ့ အမျိုးသမီးက ခေါ်တဲ့ကိစ္စပါပဲလို့ ဆိုပါတော့ရှင်။

ကျမလည်း အဲဒီမှာဝိုင်းအုံရပ်ကြည့်နေတဲ့ လူတွေထဲက နည်းနည်းသဘောကောင်းပုံရပြီး ဖော်ရွေမယ်ထင်တဲ့ အမျိုးသမီးကြီး တယောက်ကို ဘာဖြစ်လို့ ကလေးကို အဲဒီလောက် ရိုက်ရတာလဲဟင် အစ်မကြီးလို့ စကားအစ်ကြည့်မိပါတယ်။

အောင်မယ်လေးရှင်။ ကျမတောင် စကားအစ်တာ မဆုံးသေး ဘယ်တုန်းကတည်းက ပြောချင်နေလဲ မသိပါဘူး။ ကျမကို မီးသတ်ရေပိုက်နဲ့ ထိုးနေသလား မှတ်ရတယ် တရစပ်ကို မနားတမ်း အဲဒီမှာ ခွန်းဆင့်ချွေတော့တာပါပဲ။

ဘာဖြစ်ရမှာလဲတဲ့။ ယောက်ျားလေးဖြစ်ပြီးတော့ ယောက်ျားလို မနေဘူးတဲ့။ သူ့ညီမလေးရဲ့ ဂါဝန်တွေကို လစ်ရင်လစ်သလို ခိုးခိုးဝတ်ရတာနဲ့၊ နှုတ်ခမ်းနီဘူးတွေဆိုရင်လည်း ခိုးခိုးဆိုးပြီးတော့ ကရတာနဲ့တဲ့။ ယောက်ျားလေးအ၀တ်အစား ၀ယ်ပေးပြီး ၀တ်ခိုင်းရင် ဘယ်တော့မှ မ၀တ်ချင်ဘူးတဲ့။ နာမည်မေးရင်တောင်မှ သူ့နာမည်ကို ဘယ်တော့မှ မပြောတတ်ဘူးပါ ဆိုလိုက်သေးတယ်တော့။

အဲဒါကို သူ့အဖေဖြစ်တဲ့သူက ယောက်ျားဖြစ်ပြီးတော့ ယောက်ျားမဟုတ်ပဲ အခြောက်ဖြစ်ချင်နေတဲ့ သားဖြစ်တဲ့သူကို လုံးဝကို ကြည့်လို့ရတာမဟုတ်ဘူးတဲ့။ အားရင် အားသလို မာန်နေတာနဲ့၊ ရိုက်နှက်နေတာနဲ့၊ ဆဲဆိုကြိမ်းမောင်းနေတာပဲတဲ့။ သူ့အဖေတင်မဟုတ်ပါဘူးတဲ့။ သူ့ အစ်ကိုကြီးတွေဆိုလည်း လစ်ရင်လစ်သလို ၀ိုင်ဆော်ပေးကြတာပဲတဲ့။

အရင်လက သူတို့အိမ်က ရွာဓလေ့ထုံးစံအတိုင်း ရဟန်းခံ၊ ရှင်ပြုပွဲ လုပ်တယ်တဲ့။ ရွာဓလေ့မှာက အခြောက်ဖြစ်ချင်ရင် ကိုရင်လေးဝတ်ပေးလိုက်ရင် ပြန်လည်ပြီးတော့ ယောက်ျားစိတ်တွေဝင်လာမယ်။ ယောက်ျားပြန်ဖြစ်သွားနိုင်တယ်။ အဲဒီလိုမျိုး အယူအဆတွေက မိဘတွေဆီမှာ ရှိတယ်တဲ့လေ။

အဲဒီတော့ သူ့ကို ကိုရင်လေး ၀တ်ခိုင်းပြီးရင် ကိုရင်ဝတ်နဲ့ပဲ ဘုန်းကြီးကျောင်းမှာ စာသင်သားအဖြစ် အပ်ထားမယ်ဆိုတာကို ဒီကလေးက လက်မခံပဲနဲ့ ငြင်းဆန်တယ်ဆိုပဲ။ အိမ်သားတွေက အတင်းချုပ်ပြီးတော့ လုပ်ပေးမယ် လုပ်တာနဲ့ ပျောက်သွားလိုက်တာ တော်တော်လိုက်ရှာခဲ့ကြရသေးတယ်ဆိုပဲ။

အဲဒီနောက်မှ အခု မိန်းကလေးလို ခိုးဝတ်ရင်းနဲ့ ကနေတာကို အဖေဖြစ်တဲ့သူက မြင်သွားပြီးတော့ ဒေါသအိုးပေါက်ကွဲ အိမ်ရှေ့ထုတ်ပြီး ရိုက်နှက်ဆုံးမတော့တာလို့ ပြောပြတာပါပဲရှင်။ ပြီးတော့ သူက ဆက်ပြောသေးတယ်။ ဟုတ်တာပဲတဲ့။ မြင့်မြတ်တဲ့ ယောက်ျားလေးဖြစ် မွေးလာတာတောင်မှ မိန်းမဖြစ်ချင်သေးတယ်။ မြင့်ရာကနေ နိမ့်ရာကို ခုန်ဆင်းချင်နေသေးတယ်၊ တော်တော်လေးကို ဆိုးတဲ့ ကလေးတွေပါရှင် ဆိုပြီးတော့ ဆက်ပြောနေသေးတာတော့။

ကျမလည်း ပြုံးရင်းသာ အင်း မလုပ် အဲ မလုပ်နဲ့ နားထောက်ဖြစ်ရရင်းက ကျမ ဘေးမှာပါလာတဲ့ ကျမခင်ပွန်းသည်ကို တချက်ဝေ့ကြည့်လိုက်တယ်။ ကျမတို့ ဆက်သွားကြစို့ ဆိုတဲ့သဘောပေါ့။ ကျမတို့နှစ်ယောက်ရဲ့ ဦးတည်ချက်က အဲဒီရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းကို သွားပြီးတော့ ဆရာတော်ကို ဦးခိုက်ဖို့ သွားတာလေ။ ဘုန်းကြီးကျောင်းကို သွားတဲ့လမ်းပေါ်မှာ မြင်ခဲ့ရတဲ့ ဒီမြင်ကွင်းလေးကတော့ ကျမတို့ရဲ့ ကြည်နူးစရာ နံနက်ခင်းလေးကို ဆိတ်သုန်းစေခဲ့တယ်လို့ပဲ ပြောပါရစေတော့ရှင်။

လူမျိုးပေါင်းစုံ၊ စရိုက်ပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အဆင့်အတန်းပေါင်းစုံနဲ့ တည်ရှိနေတဲ့ ရန်ကုန်မြို့တော်ကြီးကတော့ နေ့စဉ်နဲ့အမျှ အမျိုးစုံလှတဲ့ သွင်ပြင်လက္ခဏာတွေနဲ့ အသက်ဝင်လို့ နေလေရဲ့။ အဲဒီထဲမှာ ၀တီ ကလေ၊ ၀တီ ကလေနဲ့ သူ့ကိုယ်သူ ၀တီလို့ ထည့်ထည့်ပြီးတော့ ပြောတတ်တဲ့ ၁၃ နှစ်အရွယ် ကလေးတယောက်ကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ ဆိုပါတော့။

ဝတီတို့ မိသားစုက အရပ်စကားနဲ့ပြောရရင် ပညာတတ်၊ အလယ်လတ်တန်းစားအဆင့်ရှိတဲ့ အသိုင်းအ၀ိုင်းလို့ ပြောလို့ရပါတယ်။ ၀တီတို့မိသားစုနဲ့ ကျမ စတင်တွေ့ဆုံပုံလေးကတော့ အရမ်းကို ရိုးရှင်းလွန်းလှတယ် ဆိုပါတော့ရှင်။ ကျမ ဈေးဝယ်ထွက်ရင်းနဲ့ အ၀တ်အထည်ဆိုင်မှာ အမှတ်မထင် တွေ့ဆုံကြရင်းနဲ့ ကျမက စိတ်ဝင်စားပြီးတော့ ထုံးစံအတိုင်း စပ်စုတယ် ဆိုပါတော့။

ဝတီရဲ့ ကျောင်းသားကဒ်မှာ နာမည်ကတော့ ကျော်သီဟတဲ့။ ၀တီကလေ ကိုယ့်ကိုကိုယ် အမျိုးသမီး တယောက်လိုပဲ ထင်တယ်။ အမျိုးသမီးတယောက်လိုပဲ ကိုယ့်ဘ၀သက်ရှင်နေသမျှ နေထိုင်သွားချင်တယ်။ ပြီးရင်လေ ၀တီနေတိုင်း ရေချိုးရတဲ့အချိန်တို့ အိမ်သာတက်ရတဲ့အချိန်တို့တွေဆိုရင် ကိုယ့်ကိုကိုယ် သိပ်မုန်းတာပဲသိလား။ ၀တီကလေ မွေးလာတုန်းက ယောက်ျားလေးနဲ့ မိန်းကလေး မှားပြီးတော့ မွေးခဲ့တာပဲ ဖြစ်မယ် ဆိုပြီးတော့ တတွတ်တွတ် ပြောရှာလေရဲ့။

ဝတီရဲ့အဖေနဲ့အမေကလည်း သူ့သမီးလေးကိုကြည့်ရင်းနဲ့ ပြုံးလို့ ရွှင်လို့။ ဆိုတော့ အင်မတန်မှကို စပ်စုချင်တဲ့ ကျမအတွက် အရမ်းကို စိတ်ဝင်စားစရာ ဖြစ်လာရတာပေါ့။ ယောက်ျားလေးအဖြစ် မွေးဖွားလာပေမယ့် မိန်းကလေးတယောက်လိုပဲ နေထိုင်ချင်တဲ့ ကလေးတယောက်ကို သူ့မိဘတွေကလည်း ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပြုပြီးတော့ ထောက်ပံ့မှုတွေ လုပ်ပေးထားတယ်လေ။

ကျမ သူ့မိဘတွေကို မေးကြည့်တယ်။ ဒီလိုမျိုး ယောက်ျားလေးကနေ မိန်းကလေးဖြစ်ချင်နေတဲ့ ကလေးတယောက်၊ အရပ်စကားနဲ့ခေါ်ရရင် အခြောက်မလေးတယောက်ကို ဘယ်လိုမျိုး နားလည်မှုတွေနဲ့ လက်ခံအသိအမှတ်ပြုပေးခဲ့တာလဲ ဆိုပြီးတော့ပေါ့။

အဲဒီမှာ ၀တီရဲ့ အမေဖြစ်တဲ့သူက အိုး… ကျမတို့လည်း ကျမတို့ မွေးထားတာ သားယောက်ျားလေးဆိုတော့ ယောက်ျားလေးပဲ ဖြစ်စေချင်တာပေါ့။ သူ့အဖေကဆိုရင် သားယောက်ျားလေး မွေးလာတယ်ဆိုပြီးတော့ အရမ်းပျော်ခဲ့ရတာလေ။ ဒါပေမယ့် ကျမတို့ မွေးလာတုန်းကတော့ သားယောက်ျားလေးဆိုပေမယ့် ကြီးလာတော့ သူ့ကိုယ်သူ မိန်းကလေးဆိုပြီးတော့ ပြောလာတယ်၊ မိန်းကလေးလိုပဲ ၀တ်ချင်စားချင်တယ်၊ ဆော့ချင်တယ်ဖြစ်လာတော့ ကျမတို့လည်း နည်းလမ်းအမျိုးမျိုးနဲ့ ပြင်ကြည့်တာပေါ့ရှင်။

ကျမထင်တယ်။ ဘယ်မိဘမဆို ကိုယ်မွေးလာတဲ့ သားယောက်ျားလေးကို အခြောက်မဖြစ်သွားတာမျိုး မလိုချင်လောက်ပါဘူးလို့။ ကျမတို့လည်း အဲဒီလိုအတွေးစိတ်နဲ့ သူ့အဖေနဲ့ ကျမ ဆရာဝန်လည်း ပြကြည့်တယ်။ စိတ်ရောဂါများလားဆိုပြီးတော့လည်း စိတ်ဆရာဝန်တွေဆီမှာ သွားပြကြည့်တာ။ ပရောဂကြောင့်များလား ဆိုပြီးတော့လည်း ဗေဒင်တွေမေးလိုက်၊ ယတြာတွေချေလိုက်နဲ့ လုပ်လိုက်ရတာ အမျိုးကို စုံနေတာပါပဲ ညီမရယ်။

အဲဒီလို ကျမတို့ လုပ်နေတဲ့ အချိန်တွေမှာဆိုရင် ကိုယ်က မိဘတွေဆိုတော့ ကိုယ့်သားသမီးကိုလည်း အရမ်းကို သနားလာမိတယ်လေ။ ကျမ သားလေးဆိုရင် အရမ်းကို စိတ်ရော၊ လူရော ပင်ပန်းခဲ့ရတာရှင့်။

ကံကောင်းချင်လို့လားတော့ မသိဘူး ညီမရယ်။ ကျမရဲ့ အသိမိတ်ဆွေထဲမှာ ဒီလိုမျိုး လိင်စိတ်ခံယူမှုနဲ့ ပတ်သက်ပြီးတော့ သိနားလည်တဲ့သူတယောက် ရှိနေခဲ့တယ်လေ။ ကျမလည်း ကျမ သားအကြောင်းကို ရင်ဖွင့်ပြောပြတော့ သူနဲ့ စကားလက်ဆုံ ကျမိတာပေါ့။ အဲဒီမှာ သူက ကျမကို စကားရှည်ရှည်ဝေးဝေး မပြောနေဘူး။ သူ့ဆီမှာရှိတဲ့ Sexual Orientation (လိင်စိတ်ခံယူမှု) ဆိုတဲ့ စာအုပ်ကို ပေးဖတ်ခဲ့တယ်။

စာအုပ်ဖတ်ချင်းတော့ ကျမ တော်တော်နဲ့ နားမလည်ခဲ့ဘူး ညီမ။ ကျမတို့ တစ်ခါမှ မဖတ်ဖူး၊ မကြားခဲ့ဖူး၊ မတွေးတော့တတ်တဲ့ မစဉ်းစားတတ်ခဲ့ဖူးတဲ့ အကြောင်းအရာတွေကို အစိမ်းသက်သက်ကြီး ဖတ်နေရတာကိုး။ ဒါပေမယ့် ကျမကို သူက နောက်ထပ် လိင်စိတ်ခံယူမှုနဲ့ လိင်စိတ်ခံယူမှုအပေါ်မှာ အခြေခံပြီးတော့ ၀ိသေသလက္ခဏာတွေ ကွဲပြားကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ပေးဖတ်လာတဲ့အချိန်မှာတော့ ကျမရော ကျမ ခင်ပွန်းသည်ပါ တဖြည်းဖြည်းနဲ့ သဘောပေါက်လာခဲ့တယ်။

ပြောလို့သာ လွယ်တာပါ ညီမရယ်။ အဲဒီလို သဘောပေါက်လာအောင် ကျမတို့ လင်မယား တော်တော်လေးကို ညှိုနှိုင်းရင်းနဲ့ ကြိုးစားလာခဲ့ကြတာပါ။ အဓိက ကတော့ ညီမလေးရယ်။ ကျမတို့ဆီမှာက ဒီလိုမျိုး လိင်စိတ်ခံယူမှု ကွဲပြားတဲ့ အကြောင်းအရာတွေကြောင့် လိင်တူချစ်သူတွေ၊ လိင်တူလိင်ကွဲကြိုက်တာတွေ ဖြစ်ပေါ်လာရတယ်ဆိုတာကို ထုတ်ဝေထား၊ ရေးသားထားတဲ့ စာအုပ်စာပေတွေလည်းမရှိ၊ အရေးတယူ ပြောဆိုနေကြတာလည်းမရှိ၊ ရုပ်ရှင်ဇာတ်လမ်းတွေလည်း မရှိကြဘူးဆိုတော့ လူထုတွေဆီမှာလည်း ဒီဟာနဲ့ ပတ်သက်ပြီးတော့ မစဉ်းစားတတ်တော့ လက်မခံနိုင်တာတွေ ဖြစ်နေရတယ် ဆိုပါတော့။

ဆိုတော့ များသောအားဖြင့်ထင်တာက အခြောက်မတယောက်ဖြစ်လာရင် ဒါဟာ ပြုပြင်ပြောင်းလဲလို့ရတယ် ဆိုတာမျိုးတွေ၊ ဘာသာတရား သဘောလိုလိုနဲ့ပဲ ရှေးဘ၀က သူများသားမယားကို ဖျက်ဆီးခဲ့လို့ ဒီဘ၀မှာ ခံနေရတယ် ဆိုတာမျိုးတွေကို ပြောဆိုကြတယ်၊ ကုသမှုတွေ လုပ်ယူနေကြတယ်၊ အတင်းအကျပ် ပြောင်းလဲပေးမှုတွေ လုပ်နေကြတာလေ။

ကျမတို့ကိုယ်တိုင်လည်း ကျမသားလေးကို လုပ်ယူခဲ့တယ်။ ဒါပေမယ့် ဒါတွေဟာ ပြောင်းလဲလို့ မရဘူးဆိုတာကို ကျမတို့ စာအုပ်စာပေတွေ၊ စကားဝိုင်းတွေ၊ ရုပ်ရှင်ဇာတ်လမ်း ပညာပေးမှုတွေကနေတဆင့် သိမြင်ခဲ့ရပြီးတဲ့နောက်မှာတော့ ကျမတို့ စဉ်းစားလာတယ်၊ တွေးခေါ်လာတယ်၊ အဲဒီကနေမှတဆင့် ကျမတို့ လက်ခံအသိအမှတ်ပြုနိုင်လာခဲ့တယ် ဆိုပါတော့ရှင်။

ဆိုတော့ ပြောင်းလဲလို့ မရတဲ့ အရာတစ်ခုကို ကျမတို့က အတင်းအကျပ် ပြောင်းလဲစေမယ်၊ ဖိနှိပ်ထားမယ်ဆိုရင် လုပ်ခံရတဲ့သူတွေရဲ့ ဘ၀တွေပဲ ပိုပိုပြီးနစ်မွန်းသွားမယ်၊ လှောင်ပိတ်သွားမယ်၊ တချို့ဆို ကျမ ကြားဖူးသိဖူးတာ ကိုယ့်ကိုကိုယ် သတ်သေသွားကြတဲ့ ဒီလိုမျိုး ကလေးတွေတောင် အများကြီးဆိုပဲ ညီမရယ်။

အဲဒါတွေကို ကျမတို့က သင်ခန်းစာယူပြီးတော့ ကိုယ့်သားလေးကို သူက မိန်းကလေးဖြစ်ချင်နေတဲ့ဟာ မိန်းကလေးအဖြစ် အသိအမှတ်ပြုပေးပြီးတော့ သူ့ဘ၀ရဲ့ တိုးတက်မှုတွေကို သူ့အတွက် လိုအပ်မယ်ထင်တဲ့ အရာတွေနဲ့ ထောက်ပံ့မှုတွေ ပေးလာကြတော့ အခုချိန်မှာဆိုရင် ကျမတို့ သားလေးတဖြစ်လဲ သမီးလေးရဲ့ ဘ၀လေး ပျော်ရွှင်နေတာ၊ ကျောင်းမှာဆိုလည်း စာတော်လိုက်တာမှပဲရှင်။ အဲဒါတွေကိုပဲကြည့်ရင်း ကျမတို့ လင်မယားနှစ်ယောက်လည်း ကျေနပ်နေရတာပေါ့ ညီမလေးရယ်။

အိုး… ပြောသွားလိုက်တာများ တရှည်တဝေးနဲ့ကို ဒီလိုရှင်းပြသွားခဲ့တာပါရှင်။ ကျမလည်း လွန်ခဲ့တဲ့ ခရီးထွက်တုန်းက မြင်တွေခဲ့ရတဲ့ ယောက်ျားလား… မိန်းမလား လို့မေးပြီးတော့ ရိုက်နေတဲ့ ကလေးရိုက်ကွင်းကို မျက်စိထဲကနေမြင်ယောင်မိရင်းကနေ ကျမစိတ်ထဲမှာ နှိုင်းယှဉ်နေမိတော့တာပါပဲ။

ကျမတို့ မြန်မာနိုင်ငံမှာ ယောက်ျားလား… မိန်းမလား ဆိုပြီးတော့ ရိုက်နှက်ခံနေရတဲ့ ကလေးတွေ ဘယ်လောက်အထိများ ရှိနေလဲ။ မိသားစုက လက်ခံအသိအမှတ်ပြုပေးပြီးတော့ ထောက်ပံ့မြှင့်တင်မှုလုပ်ပေးခံရတဲ့ ကလေးတွေကရော ဘယ်လောက်အတိုင်းအတာထိများ ရှိနေမလဲဆိုတာကို တွေးတောနေမိခဲ့ပါတယ်။ ဒီလိုမျိုး အဖြစ်အပျက်တွေကရော ကလေးတွေအပေါ်မှာ ဘယ်လိုမျိုး အကြိုးသက်ရောက်မှုတွေကို ဖြစ်စေမှာလဲဟင်။

ဖြိုးသစ်လူ

About Phyo Thit Luu

Phyo Thit Luu has written 2 post in this Website..